သုခကမ္ဘာက ရှီဟောင် - Chapter - 1018 ထူးခြားပါရမီရှင် နတ်ဘုရား
လော့သွမ်သည် အရှေသို့တစ်လှမ်းချင်းလျှောက်လာကာ ရှီဟောင်အား ကြည့်လိုက်ပြီးနောက် “ငါမင်းတို့နှစ်ယောက်ကို အခွင့်အရေးတစ်ခု ပေးမယ် .. မင်းတို့နှစ်ယောက်ဦးညွှတ်ပြီးတော့ ငါ့အတွက် အလုပ်လုပ်ပေးမယ်ဆိုရင် ငါမင်းတို့အသက်တွေကို ချမ်းသာပေးမယ်”
“ငါတို့နှစ်ယောက်ကို နှောက်ယှက်ဖို့အတွက် သူတို့ကို ထားထားမလို့လား” လန်ယိချန် ပြောလိုက်သည်။
“အစီအရင်တွေကို ဖျက်ဆီးဖို့အတွက် သူတို့နှစ်ယောက်ကို အရှင်ထားလိုက် … နောင်ကျရင် သူတို့က အသုံးဝင်လာနိုင်တယ်” လော့သွမ်ပြောလိုက်သည်။
အစီအရင်ဆရာများမှာ ကျင့်ကြံဆင့်သိပ်မမြင့်သော်လည်း ထာဝရရှေးဟောင်းမြေထဲတွင် ဤလူများမှာ အလွန်အသုံးဝင်သည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းဝင်အပျက်အစီးများမှာ ဤတစ်နေရာထဲတွင်သာ ရှိမည်မဟုတ်ပေ။
“လူငယ်လေး မင်းသေချင်နေတာလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးအော်ဟစ်လိုက်၏။ သူသည် အလွန်ပင် ဒေါသထွက်နေလေပြီ။
သာမန်လူသာဆိုလျှင် ဤသည်မှာ အနိုင်ကျင့်ခံရသည်ဟု ပြော၍ရသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် လူငယ်ဘုရင်နှစ်ယောက်ရှိနေသောကြောင့် ကလန်တစ်ခု၏ ထူးချွန်သည့်လူငယ်ဆိုလျှင်ပင် သူတို့ သည်းခံရလိမ့်မည်။
သို့သော် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် ရှီဟောင်တို့နှစ်ယောက်လုံးမှာ စိတ်ကြီးသည့်သူများပင်။ သူတို့၏ရန်သူမှ ဤကဲ့သို့ဖိနှိပ်နေသည်ကို သူတို့ဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း…
“အဲဒီထူးဆန်းတဲ့ ကျောက်တုံးမကောင်းဆိုးဝါးကို ချန်ထားပြီးတော့ အဲဒီကောင်လေးကို သတ်လိုက်” လန်ယိချန်ပြောလိုက်၏။
လော့သွမ် ခေါင်းညိမ့်လိုက်၏။ ထို့နောက်တွင် သူသည် ဟုန်ဟွမ်ကိုကြည့်ကာ “ငါမင်းကို သိတယ် .. မင်းက ဖီးနှစ်သွေးမျိုးဆက်က မြင့်မြတ်တဲ့အမျိုးသမီးပဲ .. မင်းငါ့နောက် လိုက်ခဲ့လို့ရတယ်”
ရှီဟောင်သည် သူတို့ကို တည်ငြိမ်စွာပင် ကြည့်နေလေ၏။ သူတို့ကို အထင်မသေးသလို သူတို့ကို ကြောက်ရွံ့သည့်အမူအရာလည်းမပြပေ။ သူတို့ကို ပုံမှန်အတိုင်းသာ ဆက်ဆံနေသည်။ သူသည် တစ်လှမ်းချင်းလျှောက်သွားလိုက်ကာ သူ၏ရန်သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
အခြားသူများရောက်လာမည်ကို သူမျှော်လင့်ထားပြီးသားပင်။ အဘယ်ကြောင့်ဆိုသော် ယခင်ညက သူနှင့်ဟုန်ဟွမ်သည် အစီအရင်ကို ထိမိသွားပြီး ဓားအလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ တက်သွားသောကြောင့်ပင်။
သို့သော် သူ မကြောက်ပေ။ သူလည်း နတ်ဘုရားဖြစ်သွားပြီဖြစ်သောကြောင့် ရန်သူအားလုံးကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
“မင်းတို့အားလုံး ဒီကထွက်သွားကြ .. လာပြီးတော့ အရှုပ်ထုပ်တွေ လာမလုပ်ကြနဲ့” လင်ယိချန်သည် သူ၏အနောက်တွင်ရှိနေသည့်သူများကို အေးစက်စွာပင် အော်ပြောလိုက်သည်။
နတ်နွယ်ပင်မှာ မက်လောက်စရာကောင်းသော်လည်း သူတို့အသက်မှာ ပို၍အဖိုးတန်သောကြောင့် အားလုံး နောက်ဆုတ်သွားကြလေ၏။
“မင်းတို့နှစ်ယောက် တစ်ခါတည်းတိုက်မလား .. တစ်ယောက်တစ်လှည့် တိုက်ကြမလား” ရှီဟောင်သည် ထူးမခြားနားစွာပင် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ခပ်ဝေးဝေးတွင်ရှိနေသည့်သူများသာမက ထူးခြားပါရမီရှိသူနှစ်ယောက်ပင်လျှင် ဆွံ့အသွားပြီး သူတို့မျက်လုံးများလည်း လေးနက်လာသည်။
“အစီအရင်ဆရာတစ်ယောက်ကတောင်မှ ဒီလောက်ထိ ယုံကြည်ချက်တွေ ရှိနေတယ်ပေါ့ … မင်းက ဒီမှာ သတ်ဖြတ်ခြင်းအစီအရင်ကို မြန်မြန်လုပ်နိုင်တယ်လို့ ထင်နေတာများလား” လန်ယိချန် အေးစက်စွာပင် ပြောလိုက်သည်။
လော့သွမ်သည် တောက်ပသည့်အလင်းဖြင့် ရှီဟောင်ကို ကြည့်လိုက်သည့်အချိန်တွင် သူ့ထံမှ သာမန်မဟုတ်သည့် သွေးစွမ်းအင်များကို တွေ့လိုက်ရ၏။ သို့သော် သူ၏ နတ်မီးတောက်မှာလည်း မပြည့်စုံသေးပဲ အချို့နေရာတွင်သာ တောက်ပနေပြီး အချို့နေရာတွင် မှေးမှိန်နေသည်ကိုလည်း သူတွေ့လိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် တာအိုမီးတောက် ၁၀၈ ခုဖြင့် လောင်ကျွမ်းခံခဲ့သောကြောင့် ထိုမီးတောက် ၁၀၈ ခုမှာ နေရာအနှံ့သို့ ပျံ့ကြဲသွားမည်သာ။ သူသည် နတ်ဘုရားတစ်ပါးဖြစ်သည်ဟု ပြော၍ရသော်လည်း မပြည့်စုံသေးပေ။ အချို့နေရာများတွင် မီးတောက်များ မရှိသေးပေ။
“နတ်အဆင့်ပြောင်းလဲခြင်းတောင်မှ အကုန်မပြီးသေးတဲ့လူတစ်ယောက်က ငါ့ကိုဒီလိုမျိုး ပြောရဲတယ်ပေါ့ .. လောကကြီးက ပြောင်းလဲသွားပြီလား” လော့သွမ် ပြောလိုက်သည်။
သူသည် အဝေးကြီးကတည်းက ရှီဟောင်၏အခြေအနေကို သတိပြုမိသောကြောင့် သူ မစိုးရိမ်ခြင်းပင်။ ဤကဲ့သို့သောလူမျိုးကို လွယ်လွယ်လေး သတ်ပစ်၍ရသည်။
“မြန်မြန်လုပ်တော့ .. ဆေးပင်ကိုခူးဖို့က အရေးကြီးတယ် .. ငါနေရာတစ်နေရာရှာပြီး အဲဒီဆေးပင်ကိုသုံးချင်နေပြီ .. ငါ့တို့ကျင့်ကြံဆင့်က တက်သွားပြီး ကံကောင်းမှုတွေကို ပိုပြီးတော့ ရှာနိုင်လိမ့်မယ်” အနောက်ဘက်တွင်ရှိနေသည့် လန်ယိချန်မှ ပြောလိုက်သည်။
လော့သွမ်မှ ကြောက်စရာကောင်းသည့်စွမ်းအင်များ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် သင်္ကေတချပ်ဝတ်တန်ဆာတစ်လွှာ ပေါ်လာလေသည်။ အရိုးစာသားများလည်း ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးနေလေ၏။
သူသည် ရှီဟောင်ကို ကြည့်လိုက်ကာ “အရှုံးပေးမလား … အသေခံမလား … ကြိုက်တာရွေးလိုက်”
“ထွက်သွားစမ်း..” ရှီဟောင်သည် ထိုစကားပြောပြီးသည့်နောက်တွင် လက်သီးမြှောက်လိုက်ကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရိုက်ချလိုက်သည်။
“အမ်…” အနောက်ဘက်တွင်ရှိနေသည့် လန်ယိချန် ထိတ်လန့်သွားရသည်။ ဤလူငယ်လေး၏ နတ်စွမ်းအင်မှာ မပြည့်စုံသေးသော်လည်း သူ့ထံမှ ကောင်းကင်ထိသို့ပင် လျှံတက်နိုင်သည့် သွေးစွမ်းအင်များထွက်လာသည်ကို သူတွေ့လိုက်ရသည်။
ဤရလဒ်မှာ သူ့ကို ထိတ်လန့်သွားစေသည်။ ဝိဉာဉ်စွမ်းအင်များမှာ များပြားလှပြီး နတ်စွမ်းအင်များလည်း ကြမ်းတမ်းလှသည်။ ဤလူသည်လည်း သူတို့ထက်အားမနည်းသည့် ထူးခြားပါရမီရှိသူပင်။ သူတို့လူကဲခတ် မှားသွားလေပြီ။
ရှီဟောင်သည် မှော်စွမ်းအင်ခုခံနိုင်စွမ်းကို အသုံးမပြုသေးပေ။ ယခုအချိန်တွင် သူသည် ထိုစွမ်းအင်ကို ပို၍ထိန်းချုပ်နိုင်နေပြီဖြစ်သည်။
ဝုန်း..
ဤနေရာတွင် မှော်စွမ်းအားများ ထွက်ပေါ်လာလေ၏။ လော့သွမ်သည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကာ ရှီဟောင်ကို တိုက်ခိုက်နိုင်ရန်အတွက် သူလုပ်နိုင်သမျှ အကုန်လုံးကို လုပ်နေလေသည်။
ဖုန်း ဖုန်း…
ဤသည်မှာ သင်္ကေတများ ထိခတ်မိသည့်အသံပင်ဖြစ်သလို မှော်စွမ်းအားများ ထိပ်တိုက်တွေ့သည့်အသံလည်းဖြစ်သည်။ မီးရှူးမီးပန်းများ ပစ်လွှတ်နေသကဲ့သို့ပင် အလွန်တောက်ပနေလေသည်။
ထိုအချိန်တွင် သူတို့နှစ်ဦး၏ အဖိုးတန်ပညာများမှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေလေပြီ။ နောက်ဆုံးတွင် လော့သွမ် နောက်ဆုတ်သွားရကာ သူ၏ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည်ဖြစ်နေကာ သူ၏မျက်နှာလည်း ဖြူဖျော့နေလေပြီ။
ဤမြင်ကွင်းကို သေချာမြင်လိုက်ရသည့်အချိန်တွင် လင်ယိချန် မျက်နှာပျက်သွားရသည်။ ယခုတစ်ကြိမ်တွင် သူတကယ်ကို လူကဲခတ်မှားသွားလေပြီ။ သူသည် တိုက်ပွဲထဲသို့ ဝင်ကူညီပေးခြင်းမလုပ်ပဲ အနောက်ဘက်မှနေ၍သာ တိုက်ပွဲကို ကြည့်နေလေသည်။
လော့သွမ်၏ မျက်လုံးများမှာ လေးနက်နေပြီး ရှီဟောင်ကို ကြည့်နေရင်းဖြင့်ပင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာလေ၏။ ယခုတစ်ကြိမ်တွင် သူဒုက္ခတွေ့တော့မည်ကို သူသိသည်။ သူသည် သာမန်လူနှင့်ရင်ဆိုင်နေရခြင်းမဟုတ်ပဲ ထူးခြားပါရမီရှိသူနှင့် ရင်ဆိုင်နေရခြင်းပင်။
ချွမ်…
လော့သွမ်လှုပ်ရှားလိုက်သည်နှင့် သူ၏ညာဘက်လက်မောင်း တောက်ပလာကာ သူ၏လက်ဝါးမှ အနီရောင်စိန်ကဲ့သို့ တောက်ပနေသည့် အစိတ်အပိုင်းတစ်ခု ထွက်ပေါ်လာလေသည်။
ဤသည်မှာ တစ်မီတာပင်မရှိသည့် ဓားတစ်လက်ပင်။ ဤသည်မှာ အနီရောင်ကျောက်စိမ်းမှ ထွင်းထုထားသကဲ့သို့ပင် တောက်နေပြီး အလွန်လည်း ထက်ရှလှသည်။
“ထူးခြားပါရမီရှိသူရဲ့ အဖိုးတန်ပညာ .. စာကလေးအရိုးဓား” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
လော့သွမ်ထံတွင် ဇာမဏီငှက်သွေးမျိုးဆက်ရှိနေပြီး ဤစာကလေးအရိုးဓားမှာ သူမွေးကတည်းက ပါလာသည်ဟု ပြောကြသည်။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှပြီး သူအဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်ကတည်းက နတ်ဘုရားများကို သတ်နိုင်လေသည်။
ရွှီး…
လော့သွမ်သည် လေးညှို့မှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းကဲ့သို့ပင် ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးသွားလေ၏။ အနီရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ သူသည် ရှီဟောင်နှင့် နောက်တစ်ကြိမ် တိုက်ခိုက်လေသည်။
ထို့အပြင် သူ၏အနောက်ဘက်တွင် သွေးရောင်အတောင်ပံတစ်စုံလည်း ထွက်ပေါ်လာလေသည်။ သူသည် ရှီဟောင်နားပတ်လည်ကို ရွေ့လျားနေပြီး ဓားဖြင့် ထပ်ခါတလဲလဲ ထိုးနေလေသည်။
ရှီဟောင် အနည်းငယ် မျက်မှောင်ကြုတ်သွားရ၏။ သူမကြောက်သော်လည်း ထူးဆန်းသည့်ခံစားချက်ကို ရနေသည်။ ဤဓားသည် အလွန်ထူးခြားလှပြီး သူဤဓားနှင့် မထိအောင် ရှောင်နေရသည်အထိပင်။ ဤဓားဖြင့်အထိုးခံရလျှင် နတ်ဘုရားအစစ်ပင် သေသွားမည်ဟု သူခံစားနေရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ပုံစံမျိုးစုံ ပြောင်းနေလေပြီ။ လော့သွမ်သည် အချက်တစ်ရာကျော် တိုက်ခိုက်ပြီးသွားပြီဖြစ်သော်လည်း ရှီဟောင်ကို တစ်ချက်မှ မထိသေးပေ။
“သွားသေလိုက်တော့…”
ရုတ်တရက်ပင် လော့သွမ်၏ အော်ရာပြောင်းလဲသွားသည်။ ဓားစွမ်းအင်မှာ ပို၍များပြားလာပြီး သူ၏အရှိန်နှေးသွားလေ၏။ လောကကြီးတစ်ခုလုံးမှာ ရှီဟောင်ကို လာဖိနှိပ်နေသကဲ့သို့ပင်။
ဓားချက်များမှာ တစ်ချက်ပြီးတစ်ချက် ကျရောက်လာလေ၏။ ကျရောက်လာသည့်အရှိန်မှာ မမြန်သော်လည်း အနီရောင်အလင်းတန်းမှာ ကောင်းကင်ကိုပင် ထိုးဖောက်နိုင်လေသည်။
ဝုန်း…
သူတို့နှစ်ဦး ထပ်မံတိုက်ခိုက်ကြသည့်အချိန်တွင် သူသည် အရက်စက်ဆုံးဓားစွမ်းအင်ကို ထုတ်သုံးလေသည်။
ဒုန်း…
ရှီဟောင်၏အကြည့်များ အေးစက်သွားရသည်။ သူသည် ဓားကို လေ့လာမနေတော့ပဲ သူ၏နတ်စွမ်းအားများကို ထုတ်သုံးကာ ပြန်လည်တိုက်ခိုက်လိုက်သည်။
ဒုန်း..
ကောင်းကင်နှင့်မြေကြီးပင် တုန်ခါသွားလေသည်။ ဓားသည် ရှီဟောင်၏ မှော်သင်္ကေတအားလုံးကို ထိုးဖောက်သွားကာ သူ့ကို ထိမလိုပင်ဖြစ်သွားသည်။
သူ၏ပစ်မှတ်ကို မထိလိုက်သောကြောင့် လော့သွမ် နှမြောမိသွားရသည်။
သို့သော် သူတို့နှစ်ဦး ထိပ်တိုက်တွေ့သည်နှင့် ရုတ်တရက်ပင် သူ၏ဆံပင်များ တောက်ပလာကာ စွမ်းအားများ ထွက်ပေါ်လာလေသည်။ ထိုဆံပင်များသည် ချက်ချင်းပင်ရှီဟောင်ကို ရစ်ပတ်သွားလေ၏။
ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှပြီး သူ၏ဆံပင်မှာ ဤမျှကြောက်ဖို့ကောင်းနေလိမ့်မည်ဟု မည်သူမျှ မထင်ထားပေ။
“ဒါက .. ထူးခြားပါရမီရှိသူရဲ့ အဖိုးတန်ပညာပဲ” လန်ယိချန်ပင်လျှင် ထိတ်လန့်သွားလေသည်။
ရှီဟောင်သည် ဘေးဘက်သို့ လျင်မြန်စွာ ရှောင်လိုက်သော်လည်း သူ၏လက်မောင်းကို ရစ်ပတ်မိသွားလေသည်။ ဤဆံပင်များသည် သူ၏အသွေးအသားကို ရစ်ပတ်မိသွားသည်နှင့် အချို့နေရာများမှ သွေးများယိုစီးကျလာသည်။
“လက်စသပ်တော့ ဒီလိုမျိုးကိုး…” လော့သွမ် အလွန်ရက်စက်သည်ကို သူသိသည်။ အပြင်ဘက်လောကတွင် သူ့ထံ၌ မွေးရာပါ စာကလေးအရိုးဓားပါလာသည်ဟု ပြောနေကြခြင်းမှာ အခြားသူများ အထင်မှားအောင် တမင်သက်သက်လုပ်ထားခြင်းပင်။ ထိုဓားမှာ သူ၏ဆရာမှ သူ့အားလုပ်ပေးထားသည့် စွမ်းအားကြီး လျှို့ဝှက်ရတနာပင်။ သူ၏မွေးရာပါ နတ်စွမ်းရည်အစစ်မှာ သူ၏ဆံပင်တွင်ရှိနေခြင်းပင်။
လော့သွမ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတောက်ပလာပြီး အထူးသဖြင့် သူ၏ဆံပင်များမှာ နေလုံးတစ်လုံးကဲ့သို့ တောက်ပနေလေသည်။
သူ၏ဆံပင်များမှာ ရှီဟောင်ကို ရစ်ပတ်နေပြီး ရှီဟောင်၏ နတ်ခွန်အားများကို စုတ်ယူနေလေ၏။
ထို့အပြင် သူသည် စာကလေးအရိုးဓားကို လွှဲရမ်းလိုက်ကာ ဆံပင်ကြားတွင်ရှိနေသည့် ရှီဟောင်ကို ခုတ်ရန် မြှောက်လိုက်သည်။
“မင်းက ကိုယ့်သေတွင်းကိုယ်တူးတာပဲ” ရှီဟောင် တီးတိုးပြောလိုက်၏။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်တောက်ပလာပြီး ပြန်လည်ဝင်စားခြင်းပညာသည် တစ်ဖက်လူ၏ ဆံပင်မှတစ်ဆင့် ထိုလူ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်သွားလေသည်။
ပြင်းထန်သည့်တိုက်ပွဲတွင်သာ သူ ဤပညာကို အသုံးပြုပါက တစ်ဖက်လူ ရှောင်နိုင်လိမ့်ဦးမည်။ သို့သော် ယခုအချိန်တွင်တော့ သူရှောင်ချင်လျှင်ပင် မရတော့ပေ။
ထို့နောက်တွင် လော့သွမ်သည် ခေါင်းမော့ကာ အော်ဟစ်လိုက်လေ၏။ အပြောင်းအလဲများမှာ မြန်ဆန်လွန်းလှသည်။ သူ၏ဆံပင်ရှိ အလင်းရောင်များ မှေးမှိန်သွားကာ သင်္ကေတများလည်း မှေးမှိန်သွားလေ၏။ သူသည် ချက်ချင်းပင် အသက်တစ်သောင်းကြီးသွားသကဲ့သို့ပင်။
သူ၏ခေါင်းတွင် ဆံပင်ဖြူများဖုံးလွှမ်းနေပြီး သူ၏အသက်ဓာတ်လည်း အဆုံးထိကျနေလေပြီ။ သူ၏မျက်နှာတွင် အရေးအကြောင်းများရှိနေပြီး သူသည် လုံးဝပင် စွမ်းအားမဲ့နေလေပြီ။ သူ၏လက်နှစ်ဘက်သည် ဘေးဘက်တွင်တွဲကျနေပြီး သူသည် ခေါင်းပင်မမော့နိုင်တော့ပေ။
လော့သွမ် မြေပြင်ပေါ်သို့ကျသွားပြီး သူ၏ဆံပင်များလည်း ရှီဟောင်၏လက်မောင်းမှ ကွာကျသွားလေပြီ။
ဤမြင်ကွင်းမှာ အားလုံးကို ထိတ်လန့်သွားစေသည်။
ရှီဟောင်သည် အရှေ့ဘက်သို့တစ်လှမ်းချင်း လျှောက်သွားလိုက်ကာ လော့သွမ်၏ခန္ဓာကိုယ်ပေါ်သို့ နင်းလိုက်ကာ “အရှုံးပေးမလား .. အသေခံမလား .. ရွေးလိုက်”
ထို့နောက်တွင် သူသည် လန်ယိချန်ကို ကြည့်ကာ “ငါ့မှာ အစေခံနှစ်ယောက်လိုနေတယ် .. မင်း .. မင်းလည်းရွေးလိုက် … အရှုံးပေးမလား .. အသေခံမလား”
ဤနေရာမှာ လုံးဝတိတ်ဆိတ်သွားလေပြီ။ ထူးခြားပါရမီရှိသူကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် သူ၏ခြေထောက်အောက် ရောက်နေပြီဖြစ်သောကြောင့် မည်သူက မတုန်လှုပ်ပဲနေမည်နည်း…
အပြင်ဘက်တွင်ရှိနေသည့် ဂိုဏ်းအားလုံးမှ ကျင့်ကြံသူများမှာ ဆွံ့အနေလေပြီ။ ဤသည်မှာ သူ၏ အဆင့်လွန်ပညာလား .. ဤပညာတွင် အချိန်စွမ်းအားရှိနေပြီး အခြားသူ၏ အသက်ဓာတ်ကို ယူနိုင်လေသည်။
ဤသည်မှာ အဆင့်မြင့်နယ်မြေတွင် ပြန်လည်ဝင်စားခြင်းပညာကို သူ ပထမဆုံးအကြိမ် အသုံးပြုခြင်းပင်။