သုခကမ္ဘာက ရှီဟောင် - Chapter - 1097 သက်ဆိုင်ရာ လမ်းကြောင်း
ရှေးဟောင်းဂူအတွင်းတွင် ရောင်စုံအလင်းများထွက်ပေါ်နေလေ၏။
“ဒါကဘာကြီးလဲ .. ဒါက အဲဒီလိုမျိုးမြေကြီးလို့တော့ ငါ့ကိုမပြောနဲ့နော်” ယုန်ဖြူလေး၏အသံမှာ တုန်ယင်လာပြီး သူမ၏လက်များပင် ထုံကျဉ်နေသလိုပင်။ သူမသည် အိုးတစ်လုံးကို လက်ညှိုးထိုးပြနေလေ၏။
ထိုမြေအိုးမှာ သိပ်မကြီးပေ။ ခရမ်းဖျော့ရောင်ရှိနေပြီး အလွန်ထူးဆန်းသည့် သဲနှင့်တူသည့်မြေကြီးများ ရှိနေသည်။
ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏စွမ်းအားဖြစ်သော်လည်း ကမ္ဘာမြေကြီးထံမှ အစပြုလာခြင်းမဟုတ်ပဲ အရပ်မျက်နှာပေါင်းစုံမှ စုစည်းလာခြင်းပင်။
သူတို့ ထိုအိုးကို ဝိုင်းကြည့်လိုက်ကြသည်။ ယုန်ဖြူလေး ဖြစ်ပျက်နေသည့်ပုံကို မြင်လိုက်ရသည့်အချိန်တွင် သူတို့အားလုံး ထူးဆန်းသလို ခံစားလိုက်ရသည်။
ယုန်ဖြူလေးသည် လက်တစ်ဖက်ကို ထိုအိုးထဲသို့ ထည့်လိုက်ပြီး သေချာအာရုံခံကြည့်လိုက်သည်။ ချက်ချင်းပင် အလင်းများထွက်ပေါ်လာပြီး မြေကြီးသည်လည်း အရောင်မျိုးစုံပြောင်းလဲသွားလေသည်။
“အားရား…” သူမထိတ်လန့်တကြားပင် အော်ဟစ်လိုက်လေ၏။
ဖုန်း..
ဖက်တီးလေး သူမကိုလာကယ်ကာ ထိုအိုးကို ကန်ထည့်လိုက်သည်။ သို့သော်လည်း ယုန်ဖြူလေးမှ သူ့အားအရင်ကန်ထည့်လိုက်သောကြောင့် အားလုံးဆွံ့အသွားရသည်။
ချောင်ယုရှန်းသည် ဒေါသတကြီးဖြင့်ပင် တတွတ်တွတ်ပြောနေလေသည်။
“ဒါက အဆင့်လွန်ရတနာလေ .. နင်ကငါ့ကိုသတ်ဖို့ကြိုးစားနေတာလား” ယုန်ဖြူလေး စူးရဲစွာပင် ကြည့်လိုက်သော်လည်း သူမမျက်လုံးထဲမှ အပျော်များကို မဖုံးဖိနိုင်ပေ။
“ဒါက ရှားပါးတဲ့ပစ္စည်းပဲ .. ဒီပစ္စည်းကိုသုံးပြီးတော့ ငါ့အသိဉာဏ်တွေ တိုးပွားအောင်လုပ်ရမယ် .. ဒါက တစ်မိုးအောက်မှာ ရှားပါးတဲ့ပစ္စည်း — အသက်အလုံးစုံကမ္ဘာမြေကြီးလို့ခေါ်တယ်” ယုန်ဖြူလေးသည် အခြားသူများလုယူသွားမည်စိုးသည့်အလား အိုးကို ပွေ့ပိုက်ထားလေ၏။
အသက်အလုံးစုံကမ္ဘာမြေကြီးသည် မြေကြီးဟုပြောသည်ထက် သက်ရှိအားလုံးရှင်သန်နိုင်သည့် ကောင်းကင်နှင့် ကမ္ဘာမြေစွမ်းအားဟုပြောလျှင် ပိုမှန်သည်။
ဤမြေကြီးထဲတွင် ထည့်ထားသည့်အရာမှန်သမျှ မသေဆုံးနိုင်ပေ။
ဤသည်မှာ ထာဝရဘုရင်တစ်ယောက်ကို ထည့်မြှုပ်မှသာ အသက်ဝင်လိမ့်မည်ဟု ပြောကြသည့်သူများလည်းရှိသည်။ သို့သော်လည်း ထာဝရသက်ရှိများမှာ အသက်ရှည်လှသည်။ သူတို့က ဘယ်လိုလုပ်သေမည်နည်း ..
ပြိုင်ဘက်ကင်းသည့် သက်ရှိများသေဆုံးသွားသည့်အချိန်တွင် ဤမြေကြီးအောက်မြှုပ်ထားပါက အချိန်တစ်ခုကြာလျှင် ထိုသက်ရှိ ပြန်လည်ရှင်သန်လာလိမ့်မည်ဟုလည်း ပြောကြသည်။
ဤမြေကြီးထဲတွင် အပင်များကိုစိုက်ပျိုးလျှင်လည်း အကျိုးကျေးဇူးများမည်သာ။
ဤမြေကြီးထဲတွင် ဆေးပင်များကို စိုက်ပျိုးပါက တူရှည်ကြီးဖြင့် အခွံမာသီးများကို ခွဲသကဲ့သို့ပင် ဖြစ်နေလိမ့်မည်ဟု အချို့စာအုပ်များတွင် မှတ်တမ်းတင်ထားလေသည်။
သို့သော်လည်း ယုန်ဖြူလေးသည် ထိုသို့ပြုလုပ်ရန် စဉ်းစားနေခြင်းပင်။ သူမသည် သဘာဝတာအိုလမ်းစဉ်ကိုလျှောက်လမ်းနေခြင်းဖြစ်သောကြောင့် ဆေးပင်မျိုးစုံကို စိုက်ပျိုးချင်သည်။ အသက်အလုံးစုံမြေကြီးကို အသုံးပြုကာ ‘အသက်ရှိသည့်ဝိဉာဉ်’ တစ်ခုကို မွေးမြူမည်။ သို့မဟုတ် သက်ရှိတစ်မျိုးမျိုး၏ သဘာဝဝိဉာဉ်ကို မွေးမြူမည်။
အသက်အလုံးစုံမြေကြီး၏ အသုံးဝင်ပုံနောက်တစ်မျိုးရှိသေးသည်။ ဆေးလုံးများကို ပြုလုပ်ပြီး ထိုဆေးလုံးများမှာ တစ်ခုခုလိုအပ်နေသည်ဟု ခံစားရလျှင် ဤမြေကြီးထဲသို့ ထည့်ထားနိုင်သည်။ အချိန်တစ်ခုကြာသွားသည်နှင့် ထိုဆေးလုံးမှာ ပြီးပြည့်စုံသည့် ဆေးလုံးဖြစ်သွားလိမ့်မည်။
နိဂုံးချုပ်ရလျှင် ဤမြေကြီးမှာ အလွန်အံ့အားသင့်စရာကောင်းသည့်မြေကြီဂပင်။
သို့သော် ဤမြေကြီးသည် အပြင်လောကတွင် တစ်ခါမှ ပေါ်လာခဲ့ခြင်းမရှိပဲ သက်ဆိုင်ရာ အရိုးစာအုပ်များတွင်သာ ရှိလေသည်။
“ရှေးဟောင်းလူထူးဆန်း ဖြစ်ထိုက်ပါပေတယ် .. ဒီလိုမျိုးပစ္စည်းကိုတောင် သူ့အနားထားနိုင်တယ်” ချင်းရိ ပြောလိုက်သည်။ ကျွင်းသောက်၏ ရတနာပစ္စည်းများမှာ များပြားလွန်းလှသည်။
အခြားသူများလည်း ခေါင်းညိမ့်ကာ ထောက်ခံလိုက်ကြသည်။
ရှေးဟောင်းလူထူးဆန်းများသည် သူတို့ဂိုဏ်းမှ ပေးသည့်ပစ္စည်းများအပြင် သူတို့သည် သူတို့မျိုးဆက်၏ လမ်းပြပုဂ္ဂိုလ်များဖြစ်သောကြောင့် သူတို့ကိုယ်တိုင်လည်း အံ့အားသင့်စရာကောင်းသည့် ပစ္စည်းများကို စုဆောင်းကြလေသည်။
“ထာဝရနန်းတော်က သခင်လေးထက်တောင် အများကြီး ပိုချမ်းသာသေးတယ်” ရှီဟောင်ပင်လျှင် အံ့အားတကြီး ပြောလိုက်သည်။
“ငါ့ကိုဒါကပေးလို့ရမလား” ယုန်ဖြူလေးသည် နူးညံ့စွာပင် ပြောလိုက်လေ၏။ သူမ၏မျက်လုံးများလည်း တောက်ပနေကာ ချစ်စဖွယ်ကောင်းအောင်လုပ်နေလေ၏။
“မင်းရဲ့အပိုင်ဖြစ်သွားပြီ” ရှီဟောင်လက်ဝေ့ရမ်းကာ ပြောလိုက်သည်။ ဤပစ္စည်းမှာ အဖိုးတန်သော်လည်း သူ့အတွက် သိပ်အသုံးမဝင်ပေ။
နောင်တစ်ချိန် ဤပစ္စည်းကို အသုံးပြုရန် လိုအပ်လာလျှင်ပင် သူယုန်ဖြူလေးထံမှ ပြန်ငှား၍ရသည်သာ။ ဘာပဲဖြစ်ဖြစ် သူတို့တစ်ဖွဲ့တည်းပင်။
“ကောင်းလိုက်တာ” ယုန်ဖြူလေးသည် ချက်ချင်းပင်ခုန်ပေါက်ကာ ရှီဟောင်၏နှုတ်ခမ်းအားနောက်တစ်ကြိမ် နမ်းမိတော့မတတ်ပင်။ သို့သော် ချင်းရိ၏လက်တစ်ဖက်သည် သူမအား တားဆီးလိုက်လေသည်။
“အားရိုး .. မေ့တော့မလို့ပဲ .. ကျေးဇူးတင်ပါတယ် အစ်မချင်းရိ”
“ဟေး မင်းမျက်နှာပေါ်က သွားရေက အခုထိမခြောက်သေးဘူး … မင်းအဲဒီသွားရေတွေကို သုတ်ဖို့အစီအစဉ်မရှိဘူးလား” ရှီဟောင်မှာလည်း အရေထူလှလေသည်။
“သွားသေလိုက်လေ”
ဂျွတ် ဂျွတ်…
အသံတစ်ချို့ကို သူတို့ကြားလိုက်ရသည်။ အားလုံးခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ထောင့်တစ်ခုတွင်ပုံကာ တစ်စုံတစ်ခုကို ခိုးစားနေသည့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို တွေ့လိုက်ရသည်။
ထိုပစ္စည်းမှာ ဘာပစ္စည်းဖြစ်သည်ကို ရှီဟောင်ချက်ချင်းမှတ်မိသွားကာ ဒုံးကျည်တစ်စင်းကဲ့သို့ပင် အော်ဟစ်လိုက်သည်။ “မင်းခွေးကောင်လေး..”
ဤသည်မှာ ဖီးနှစ်အစစ်ကို ကိုယ်စားပြုသည့် လှပသောသင်္ကေတများရှိနေသည့် ဖီးနှစ်အမှတ်အသားပါရှိသည့် ကျောက်တုံးပင်။ ဤကျောက်တုံးတွင် မြင့်မြတ်သည့်တာအို၏အော်ရာပါရှိလေသည်။
သူသည် အဆင့်နိမ့်နယ်မြေတွင် ဤကဲ့သို့သော ကျောက်တုံးတစ်တုံးကို ရရှိခဲ့ဖူးပြီး သူ၏မပျက်စီးနိုင်သည့်ရွှေရောင်ခန္ဓာကိုယ်နှင့် ပေါင်းစည်းခဲ့ဖူးသည်။ ဤသည်မှာ သူ၏မွေးရာပါပညာကို အရည်အသွေးမြင့်မားစေပြီး ပျက်စီးနေသည်များကိုလည်း ပြန်လည်ပြုပြင်ပေးခဲ့သည်။ နတ်ဘုရား ၇ ယောက်နှင့် တိုက်ခိုက်သည့်အချိန်တွင် ဤအစွမ်းသည်အလွန်ပင် အသုံးဝင်ခဲ့သည်။
ဤသည်မှာ ပြိုင်ဘက်ကင်းသည့် အံ့အားသင့်စရာကောင်းသော ကျောက်တုံးတစ်တုံးပင်။ အဖိုးတန်ပစ္စည်းများဖြင့် ပေါင်းလိုက်သည်နှင့် ထိုပစ္စည်းများမှာ အဆင့်တက်သွားနိုင်ပြီး ထိတ်လန့်စရာကောင်းလောက်သည့်ရလဒ်များကို ဖြတ်ပေါ်စေလေသည်။
ဤနေရာတွင်လည်း ဤကျောက်တုံးနောက်တစ်ပိုင်းကို တွေ့လိုက်ရသည်။ သို့သော်လည်း နတ်ဘုရားပစ်ချက်ကျောက်တုံးမှ စားပစ်လိုက်လေပြီ။
“ငါလည်း အဆင့်လွန်ရတနာဖြစ်လာမှာလေ .. ငါဒီလိုပစ္စည်းမျိုးကို စားလိုက်ရင် ငါလည်းအဆင့်တက်နိုင်မှာဆိုတော့ ဖြုန်းတီးရာလည်းမရောက်ဘူးလေ” နတ်ဘုရားပစ်ချက်ကျောက်တုံးသည် ပြည့်ဖောင်းနေသည့်ပါးစပ်များဖြင့် ပြောလိုက်လေသည်။
ရှီဟောင်မှ ထိုကျောက်တုံးအား လာလုမည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူသည်ကျောက်တုံးလက်နှစ်ဘက်ကို ပြုလုပ်လိုက်ပြီး သူ၏ပါးစပ်အားကာထားလိုက်လေသည်။ “ငါ့ဆီကနေ လာမလုနဲ့ … တစ်ချိန်ကျရင် ငါလည်း အဲဒီအဆင့်ကို တက်ပြီးတော့ ထာဝရစွမ်းအင်ရအောင်လုပ်မှာ .. အဲဒီအချိန်ကျရင် ငါက နတ်ဘုရားတွေတောင်မကဘူး ထာဝရသက်ရှိတွေကိုပါ ရိုက်ချနိုင်မှာ”
“မင်းက အဖိုးတန်ပစ္စည်းဖြစ်နေတာတောင်မှ အဲဒီအဆင့်ကို တက်ချင်သေးတာလား..” အခြားသူများအားလုံး ဆွံ့အသွားကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိသည့်ကိစ္စပင်ဖြစ်သည်။ သို့သော်လည်း ဖီးနှစ်အမှတ်အသားပါသည့်ကျောက်တုံးမှာ အစားခံလိုက်ရလေပြီ။
“ဘာမှမကျန်ခဲ့တာ သေချာအောင် သေချာကြည့်ကြရအောင်” ချောင်ယုရှန်း ပြောလိုက်သည်။
သူတို့တစ်ချက် သတိလွတ်သွားသည်နှင့် အခွင့်အရေးကောင်းကြီးကို လွဲချော်သွားနိုင်သည်။
နောက်ဆုံးတွင်တော့ သူတို့ကျေနပ်သွားကာ အလွန်ပျော်ရွှင်နေကြလေသည်။
“ငါလည်းကြိုးစားရတော့မယ် .. သီးသန့်ကျင့်ကြံပြီးတော့ အဲဒီအဆင့်ကို တက်ရမယ်” ဖက်တီးလေးချောင်ယုရှန်းမှ ပြောလိုက်သည်။
သူ့ရှေ့တွင် အရိုးစာအုပ်ပုံကြီးရှိနေလေ၏။ ထိုစာအုပ်များမှာ သူတို့ရှေ့မှ ဘိုးဘေးများ၏အတွေ့အကြုံများကို ရေးထားသည့်စာအုပ်ပါသကဲ့သို့ သတ်ဖြတ်ခြင်းအစီအရင်အကိုးအကားစာအုပ်များလည်း ပါဝင်သည်။ ဤစာအုပ်များအားလုံးမှာ ရှားပါးသည့်စာအုပ်များပင်။
ဤစာအုပ်ထဲမှ အကြောင်းအရာတစ်ခုသာ အပြင်ဘက်သို့ ပေါက်ကြားသွားပါက အုတ်အော်သောင်းတင်းဖြစ်သွားနိုင်လေသည်။
သူတို့သည် ထိုစာအုပ်များကို သုံးပုံခွဲထားလိုက်သည်။
မျိုးဆက်သုံးခုသည် သူတို့၏အမွေဆက်ခံသူများ နောက်ဆုံးအဆင့်ကို ကျော်ဖြတ်နိုင်ရန်အတွက် သေချာပင် ဂရုစိုက်ပေးကြလေသည်။
ချင်းရိနှင့် ယုန်ဖြူလေးတို့သည် ထိုစာအုပ်များကို လှန်လှောကြည့်နေကြကာ စာဖတ်ခြင်းတွင် နှစ်မြောနေကြလေသည်။ ဤဂိုဏ်းသုံးခုထံမှ အမြင်များမှာ အဖိုးမဖြတ်နိုင်လောက်အောင်ပင်။
ထို့အပြင် အချို့အရိုးစာအုပ်များသည် တောက်ပနေကြလေ၏။ ထိုစာအုပ်များမှာ သူတို့ဂိုဏ်း၏ ရှေးဟောင်းပါရမီများကို မှတ်တမ်းတင်ထားသည့် စာအုပ်များပင်။ ယခင်က သူတို့ထိုအဆင့်ကို ဖြတ်သန်းသည့်အချိန်တွင် ကြုံခဲ့ရသည့်အတွေ့အကြုံများကိုလည်း ရေးမှတ်ထားလေသည်။ ဤသည်ကို ဖတ်လိုက်သည်နှင့် သူတို့အသိအမြင်များစွာ ရလာမည်သာ။
“ငါ့ရဲ့လမ်းကြောင်းကို ငါပိုပြီး ယုံကြည်လာပြီ .. သဘာဝတာအိုကို ငါသေချာပေါက် အောင်မြင်နိုင်မှာ” ယုန်ဖြူလေးသည် ကိုယ့်ကိုကိုယ်ပင် အားပေးလိုက်သည်။ ထို့နောက်တွင် သူမသည် ရှီဟောင်အား ကြည့်ကာ သနားစဖွယ်ပြောနေလေသည်။ “နင့်မှာ မြင့်မြတ်ဆေးပင်တွေ၊ နတ်တစ်ဝက်အသီးတွေအများကြီးပဲ .. ငါ့ကိုတစ်ပင်တွေကို တစ်မျိုးတစ်ပင်စီလောက် ငှားပေးလို့ရမလား … ငါအဲဒီအပင်တွေကို မဖျက်ဆီးဘူးလို့ဂတိပေးတယ် .. အများဆုံးမှ တစ်ပင်ကိုတစ်ကိုက်စီပဲ ကိုက်မှာ”
သဘာဝတာအို၏ လျှို့ဝှက်နက်နဲမှုများကို သိရှိနိုင်ရန်အတွက် သူမဤအပင်အားလုံးကို စိုက်ပျိုးလိုခြင်းပင်။
“ရတယ်လေ” ရှီဟောင်ခေါင်းညိမ့်လိုက်၏။ ထို့နောက်တွင် သူသည် လေဟာနယ်ကောင်းကင်နတ်နွယ်ပင်၏အမြစ်ကို ထုတ်လိုက်ကာ “ဒါကို အသက်အလုံးစုံမြေကြီးထဲ ထည့်စိုက်လိုက်”
“နတ်ဆေးပင်လား” ယုန်ဖြူလေး ထိတ်လန့်သွားရသည်။ ထို့နောက်တွင် သူမမျက်နှာထက်၌ အပြုံးကြီးကြီး ပေါ်ထွက်လာကာ မြေပြင်ပေါ်တွင် လူးလိမ့်နေလေ၏။
လေဟာနယ်ကောင်းကင်နတ်နွယ်ပင်သည် အစပိုင်းတွင် ကြောက်လန့်သွားကာ ထွက်ပြေးသွားချင်သော်လည်း အသက်အလုံးစုံမြေကြီးကို တွေ့လိုက်ရသည့်အချိန်တွင် ထိုအိုးထဲသို့ သူကိုယ်တိုင်ပင် ပစ်ဝင်သွားလေ၏။
ချင်းရိ သက်ပြင်းချလိုက်သည်။ ဆရာများထံမှ အမြင်များကို ဖတ်ပြီးသွားသည့်နောက်တွင် သူမမျက်မှောင်ကြုတ်ကာ အတွေးလွန်နေလေသည်။
“ဘာဖြစ်လို့လဲ” ရှီဟောင်မေးလိုက်၏။
ချင်းရိသည် ဖြူဆွတ်နေသည့် အဝတ်အစားများကို ဝတ်ဆင်ထားကာ သူမ၏မျက်နှာမှာလည်း အပြစ်ဆိုဖွယ်မရှိပေ။ သူမသည် ကျောက်စိမ်းရုပ်တုတစ်ခုကဲ့သို့ပင် ထိုနေရာတွင် ထိုင်နေလေသည်။ ယခုအချိန်တွင် သူမသည် အနည်းငယ်တွေဝေနေကာ “ငါ သူမနဲ့စာရင်းရှင်းဖို့ သွားရဦးမယ်”
အားလုံးမှာ တစ်ခဏခန့် ဆွံ့အသွားကြသော်လည်း သူတို့၏ဆွံ့အမှုမှ ပြန်လည်နိုးထလာနိုင်ခဲ့သည်။ သူမမည်သူကို ဆိုလိုမှန်း သူတို့အားလုံးသိကြသည်သာ။
“ငါမင်းကို ကူညီပေးမယ်” ရှီဟောင်ပြောလိုက်၏။
“နင်တို့အားလုံး ငါ့ကို ကူညီပေးလို့မရဘူး” ချင်းရိ သက်ပြင်းချလိုက်သည်။ သူမထိုအဆင့်သို့ တက်လှမ်းချင်လျှင် သူမထံတွင် ပြီးပြည့်စုံသည့်ခန္ဓာကိုယ်ရှိရမည်။ ယခု ဘိုးဘေးများ၏ အတွေ့အကြုံများကို သိလိုက်ရသည့်အချိန်တွင် သူမသည် သူမ၏မူလခန္ဓာကိုယ်နှင့် အဆက်ဖြတ်ရမည်ဖြစ်ကြောင်း ပို၍ပင် သေချာလာခဲ့သည်။
“အစ်မချင်းရိရဲ့ မူလခန္ဓာကိုယ်က အရမ်းစွမ်းအားကြီးတယ်မလား .. ရှီဟောင်ကိုပဲ ဖမ်းခိုင်းလိုက်လေ” ယုန်ဖြူလေး ပြောလိုက်သည်။
“သွားစမ်းပါ” ချင်းရိသည် သူမကို စိုက်ကြည့်လိုက်ကာ လက်ညှိုးဖြင့် သူမနဖူးကို ဖိလိုက်သည်။
“နင်တို့အားလုံး စိတ်ပူစရာမလိုပါဘူး .. ငါ့မှာ အစိမ်းရောင်လမီးတောက်ရှိတယ် .. အဲဒီတော့ ဘယ်သူနဲ့ပဲတိုက်တိုက် ငါ့ကိုယ်ငါ ကာကွယ်နိုင်ပါတယ်” ချင်းရိ ပြောလိုက်၏။
“ဒါပေမဲ့..” ရှီဟောင်မျက်မှောင်ကြုတ်လိုက်သည်။
“ငါဒါကို တစ်ယောက်တည်းလုပ်ရမယ် .. ဘာပဲဖြစ်ဖြစ် ဒါက သာမန်ပြိုင်ဘက်မဟုတ်ဘူး .. ငါ့ရဲ့အခြားခန္ဓာကိုယ်တစ်ခုလေ” ချင်းရိမှာ ဆုံးဖြတ်ချက် ချပြီးသွားလေပြီ။
“အမ်.. ကြည့်ရတာ ငါတို့အားလုံး ကိုယ့်လမ်းကိုလျှောက်ရတော့မယ်ထင်တယ် .. ငါလည်း အစီအရင်တွေအားလုံးကို နားလည်ဖို့ အစီအရင်နယ်မြေကို သွားတော့မယ် .. ငါအဲဒီအဆင့်ကို ရအောင်လုပ်ရမယ်” ဖက်တီးလေးပင်လျှင် နက်နဲသည့်အမူအရာမျိုးဖြစ်နေလေသည်။ သူသည် နတ်ဘုရားပစ်ချက်ကျောက်တုံးကို ကြည့်လိုက်ကာ “မင်းလည်း ငါနဲ့လိုက်ခဲ့လေ”
“မလိုက်ဘူး .. ငါက မူလကျောက်တုံး၊ ဖီးနှစ်အမှတ်အသားပါတဲ့ကျောက်တုံး၊ ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးတွေကိုစားပြီးသွားပြီ .. ငါကောင်းကင်ပြစ်ချက်ကျောက်တုံးကိုလည်းစားချင်သေးတယ် .. ငါအဲဒီအဆင့်ရောက်ဖို့ သိပ်မလိုတော့ဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးသည် ‘ဂုဏ်ယူစွာဖြင့်ပင်’ ပြောလိုက်သည်။
အားလုံးမှာ သူ၏စကားကို လျစ်လျူရှုလိုက်ကြလေသည်။
“အားရား .. အစားအသောက်အကြောင်းပြောနေတော့ ငါဗိုက်ဆာလာပြီ .. ရှီဟောင် စားလို့ကောင်းတာ တစ်ခုခုမရှိဘူးလား .. သက်သက်လွတ်သမားတွေ စားလို့ရတဲ့ဟာအားလုံးကို ငါစားချင်တယ်” ယုန်ဖြူလေး ပြောလိုက်သည်။
“အသားစားချင်ရင် စားချင်တယ်ပေါ့” ဖက်တီးလေး မကျေမနပ်ပြောလိုက်သည်။
“နင် အစီအရင်နယ်မြေမသွားချင်တော့ဘူးလား .. ငါနင့်ကို ဒီမှာမြှုပ်လိုက်ရင်ရော .. ဘာပဲဖြစ်ဖြစ် နင့်ကိုတစ်ယောက်ယောက်က မြေမြှုပ်ပစ်မှာလို့ နင့်ဆရာပြောထားတယ်မလား”
“ငါ့ဆရာပြောတာ ငါကသေချာပေါက် ထာဝရသက်ရှိဖြစ်လာမှာတဲ့… အဲဒီမြေမြှုပ်တယ်ဆိုတာကလည်း ခဏလောက် အိပ်ပျော်သွားတာပဲ .. ဒါပေမဲ့အဲဒီမတိုင်ခင်မှာ ငါကသေချာပေါက်ကို တစ်မိုးအောက်တစ်ယောက်ဖွားဖြစ်ဦးမှာ .. အဲဒီတော့ ဘာပဲဖြစ်ဖြစ် ထာဝရစွမ်းအင်ကြောင်းကို ရဖို့က ငါ့အတွက်ခက်ခဲမှာမဟုတ်ဘူး .. ငါသွားကျင့်ကြံတော့မယ်” ချောင်ယုရှန်း ယုံကြည်ချက်အပြည့်ဖြင့်ပင် ပြောလိုက်သည်။
“အလောတကြီး မသွားပါနဲ့ဦး .. ခဏလောက် အစားကောင်းကောင်းစားကြရအောင် .. ပြီးတော့ ငါတို့မှာ ထာဝရအလောင်းကို ခွဲဖို့ကျန်သေးတယ် .. အဲဒီထာဝရအလောင်းကို ခဏလောက် လေ့လာကြရအောင် .. ဒါက ငါတို့ကို အံ့အားသင့်စရာတွေ ပေးလိမ့်မယ်လို့ ငါယုံကြည်တယ်” ရှီဟောင်ပြောလိုက်သည်။
“ကောင်းတယ် .. ငါဗိုက်ဆာနေပြီ” ယုန်ဖြူလေးသည် လက်မြှောက်ကာပင် ပြောလိုက်လေ၏။ သူမသည် ထာဝရအလောင်းထက်အစားကိုသာ ပို၍စိတ်ဝင်စားနေလေသည်။
ဖက်တီးလေးနှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးတို့ မျက်လုံးများ တောက်ပလာသည်။ သူတို့၏သေမျိုးခန္ဓာကိုယ်သာ ထာဝရတာအိုစွမ်းအင်အနည်းငယ်ကို စုတ်ယူနိုင်လျှင် ဘာဖြစ်လာမည်နည်း…
ချင်းရိလည်း စိတ်လှုပ်ရှားသွားသည်သာ။
ရှီဟောင်သည်မူ ဒုတိယမြောက် ထာဝရစွမ်းအင်ကိုကျင့်ကြံရန်အတွက် ဆုံးဖြတ်ချက် ချပြီးသွားလေပြီ။ သူထာဝရအလောင်းကို တစ်ခဏလောက် လေ့လာချင်သည်။ ထာဝရတာအိုစွမ်းအင်လှိုင်းသည် သူ့အတွက် များစွာ အဓိပ္ပာယ်ရှိသည်။
ထို့အပြင် ထာဝရအလောင်းမှထွက်လာသည့်အလင်းသည် သူ၏ထာဝရစွမ်းအင်ကို အားကောင်းစေနိုင်သည်။
“သူငယ်ချင်းလေး .. ငါမှော်ကျောက်တုံး၊ လောကကျောက်တုံးနဲ့ ကောင်းကင်ပြစ်ချက်ကျောက်တုံးအားလုံးကို လိုအပ်တယ် .. မင်းငါ့ကို ကူညီပေးနိုင်မလား” နတ်ဘုရားပစ်ချက်ကျောက်တုံးသည် ရှီဟောင်အရှေ့တွင် ရှက်ရွံ့နေသည့်ပုံစံ လုပ်ပြနေလေသည်။
ရှီဟောင်သည် သူ့အားအထင်သေးစွာ ကြည့်လိုက်ပြီးနောက် “ရိုးသားဖြူစင်တဲ့ပုံလာလုပ်မနေနဲ့ .. ဒီနဂါးခေါင်းနဲ့ကြိုးကြားခန္ဓာကိုယ်သားရဲကြီးကို သွားဆေးလာခဲ့ .. ငါတို့ချက်စားကြမယ်”
“ငါ .. ကောင်းပြီလေ..” နတ်ဘုရားပစ်ချက်ကျောက်တုံး အံကြိတ်လိုက်သည်။ သူတို့စားသောက်ပွဲကျင်းပသည်ကို မြင်နေရသည့်အချိန်တိုင်း သူဒေါသထွက်လာရသည်။ အဘယ်ကြောင့်ဆိုသော် သူသည်ဘေးနားထိုင်၍သာ ကြည့်နေရသောကြောင့်ပင်။