သုခကမ္ဘာက ရှီဟောင် - Chapter - 1099 သည်းမခံနိုင်သော
ထိုငွေရောင်ဆံပင်နှင့် အမျိုးသမီး၏ခန္ဓာကိုယ်မှာ သွယ်လျလှသည်။ သူမ၏မျက်လုံးများမှာ မီးတောက်များ ထွက်ပေါ်နေသော်လည်း သူမသည် ကျက်သရေရှိနေဆဲပင်။ ဤသည်မှာ မွေးရာပါ မြင့်မြတ်သည့်ကိုယ်နေဟန်ထားပင်။
“ငါတို့ .. တွေ့ဖူးတယ်မလား” ရှီဟောင် ပြောလိုက်သည်။
ရှီဟောင်၏ခေါင်းသည် ဘေးဘက်သို့ အနည်းငယ်စောင်းနေပြီး သူ၏အမြင်များလည်း မှုန်ဝါးနေသည်။ မြို့များကိုပင် ပြိုလဲစေနိုင်သည့် ငွေရောင်ဆံပင်နှင့် အလှလေးကို ကြည့်ပြီး သူသည် ဆွံ့အနေလေ၏။ “အမ် .. သူမလို့ ငါထင်တာပဲ .. နဖူးပေါ်မှာ ရွှေရောင်သင်္ကေတမရှိတာကလွဲရင် အားလုံးအတူတူပဲ ”
ဖီးနှစ်အော်သံထွက်ပေါ်လာကာ အဖြူရောင်အလင်းများ ထွက်ပေါ်လာလေ၏။ သူမ၏ပါးစပ်မှ အဖြူရောင်အလင်းတန်း ထွက်ပေါ်လာပြီး ရှီဟောင်အနားတွင် ဝန်းရံသွားလေသည်။
“အားရိုး..”
ရှီဟောင် အထိတ်တလန့် အော်ဟစ်လိုက်သည်။ ဤသည်မှာ နှင်းဖီးနှစ်သွေးမျိုးစက်များ၏ ဖီးနှစ်မီးတောက်များပင်။ အခြားသူများသာဆိုပါက ဤမီးတောက်များကို သည်းခံနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ရှီဟောင်၏ ကောင်းကင်လမ်းကြောင်း ပွင့်လာကာ သူ့အနားတွင် သင်္ကေတများ သူ့အလိုလိုပေါ်လာလေသည်။
“ငွေရောင် .. မင်းက တကယ်ပဲ ငါပြုစုပျိုးထောင်ခဲ့တဲ့ငွေရောင်လား” ရှီဟောင်သည် အနည်းငယ်ပင် အမူးပြေသွားလေ၏။
ထိုငွေရောင်ဆံပင်နှင့် မိန်းမငယ်လေးသည် ငွေရောင်ဟူသည့်နာမည်ကို ကြားသည်နှင့် ချက်ချင်းပင် ဒေါသထွက်သွားရသည်။ သူမသည် အံကြိတ်လိုက်ကာ သူမနဖူးထက်တွင်လည်း အနက်ရောင်အကြောင်းလှိုင်းများ ထွက်ပေါ်လာသည်။
လွန်ခဲ့သည့် ၂နှစ်က သူမတွေ့ကြုံခဲ့ရသည့် ခါးသီးသည့်အတွေ့အကြုံများအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် သူမသွေးပင် အန်ချင်သွားရသည်။ ခမ်းနားကြီးကျယ်သည့် ဂိုဏ်းမှ ဂုဏ်ယူရသည့်ကောင်းကင်အမျိုးသမီး၊ နှင်းဖီးနှစ်အဖြစ် အဆင့်တက်နိုင်ချေရှိသည့်အမျိုးသမီးသည် ဤမကောင်းဆိုးဝါး၏လက်ထဲသို့ ကျရောက်ခဲ့ရသည်။ သူမ၏အမွေးများညှပ်ခံခဲ့ရပြီး သူမအမွေးများကို ယူသွားခံခဲ့ရသည်။
ထိုအကြောင်းကို ပြန်စဉ်းစားမိသည်နှင့် သူမသည် ဒေါသထွက်ရလွန်းသောကြောင့် ပေါက်ကွဲထွက်တော့မည်။
သူမသည် ဤအကြောင်းကို မည်သူ့ကိုမှ မပြောပြခဲ့ပေ။ သူမ၏ကလန်သားများကိုပင် မပြောပြခဲ့ပေ။ ဤအကြောင်းကို ပြောရမှာ ရှက်လှသည်။ သို့သော် သူမတို့ အမှတ်မထင်ပြန်ဆုံတွေ့သည့်အချိန်တွင် ဤကောင်သည် သူမအကြောင်းကို အခြားသူများအား ပြောပြလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။ ဤသည်မှာ သည်းခံနိုင်ရန်အတွက် ဆိုးဝါးလွန်းသည့်ကိစ္စပင်။
ရွှီး..
သူမ၏မျက်လုံးမှ ငွေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာလေ၏။
ရှီဟောင်၏ခန္ဓာကိုယ်ပတ်လည်တွင် ထာဝရစွမ်းအင်ကြောင်းထွက်ပေါ်လာကာ ထိုသင်္ကေတများကို ရပ်တန့်လိုက်လေသည်။ သူ၏ကောင်းကင်လမ်းကြောင်းသည်လည်း ပို၍ပင် နူးညံ့လာလေ၏။
“နင် .. ထာဝရစွမ်းအင်တစ်ကြောင်းကို ကျင့်ကြံပြီးသွားတာလား” သူမသည် ဒေါသထွက်နေရင်းဖြင့်ပင် အလွန်ထိတ်လန့်သွားရသည်။
သူမ သင်္ချိုင်းနယ်မြေနှင့် ဝေးနေသည်မှာ သိသာလှသည်။ ထို့ကြောင့်ပင် သူမသည် တိုက်ပွဲသတင်းများကို မကြားလိုက်ရခြင်းပင်။
“ငွေရောင် .. တကယ်မင်းပဲ .. ကောင်းလိုက်တာ .. ဒီလောကကြီးက တကယ်ကျဉ်းတာပဲ” အရက်မူးနေသည့်ရှီဟောင်သည် ထိုမိန်းမလှလေးမှ ငွေရောင်ဟူသည့်နာမည်ကို မကြိုက်မှန်း သတိမထားမိပေ။
ငွေရောင်ဆံပင်နှင့် မိန်းမငယ်လေးသည် အံ့အားသင့်နေရာမှ ချက်ချင်းပင် အသိဝင်လာပြီး “ငါနင့်ကို သေလောက်အောင် မုန်းတယ်”
ရွှီးဟူသည့်အသံနှင့်အတူ သူမ၏လက်ထဲမှ တံဆိပ်များ ထွက်ပေါ်လာလေသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း တောက်ပလာကာ သူမသည် လေထဲတွင်ပင် တစ်ပတ်လည်လိုက်ကာ သူမ၏လှပသည့်ခြေထောက်များသည် ဝတ်ရုံရှည်ထဲမှ ထွက်လာကာ ရှီဟောင်ထံသို့ ဦးတည်လာလေ၏။
“သတိထား .. မင်းခြေထောက်တွေကို မဟလိုက်နဲ့” ရှီဟောင်သည် သူ၏လက်မောင်းကိုသုံးကာ ခုခံလိုက်သည်။
ငွေရောင်ဆံပင်နှင့် မိန်းမငယ်၏ အမူအရာပြောင်းလဲသွားသည်။ ထိုခြေထောက်တွင် လောကကြီးကို တုန်လှုပ်သွားစေနိုင်သည့် မှော်ခွန်အားများပါဝင်သည်။ သို့သော်လည်း ထိုကန်ချက်မှာ အသာလေးပင် ပျက်ပြယ်သွားသည့်အပြင် သူမခြေထောက်ပင် နာကျင်သွားရသေးသည်။
ဖီးနှစ်အော်သံများနှင့်အတူ သင်္ကေတပေါင်းစုံထွက်ပေါ်လာပြီး အဖိုးတန်ပညာများဖြင့် ရှီဟောင်အား တိုက်ခိုက်လိုက်သည်။ ဤသည်မှာ နှင်းဖီးနှစ်သွေးမျိုးဆက်၏ နတ်စွမ်းရည်တစ်မျိုးပင်။
သို့သော် ထိုကောင်းကင်လမ်းကြောင်းနှင့် ထာဝရစွမ်းအင်တို့ ပေါင်းစပ်သွားကာ ထိုသင်္ကေတများအားလုံး ပျက်ပြယ်သွားလေသည်။
“နင်က ငါ့ရဲ့ ကန့်သတ်ထားတဲ့နတ်စွမ်းရည်ကို သုံးလာအောင် ဖိအားပေးနေတာပဲ” ငွေရောင်ဆံပင်နှင့် မိန်းမငယ်မှ အံကြိတ်ကာ ပြောလိုက်သည်။ ထို့နောက်တွင် သူမ၏နဖူးထက်တွင်ရှိနေသည့် ရွှေရောင်တံဆိပ် တောက်ပလာလေသည်။
“ဟေး ငွေရောင်.. ငါကမင်းရဲ့အသက်သခင် ကျေးဇူးရှင်ပဲလေ .. မင်းကဘာလို့ငါ့ကို တိုက်ခိုက်နေတာလဲ” ရှီဟောင်သည် အပြစ်ကင်းစင်သည့်မျက်နှာလေးနှင့် ပြောလိုက်သည်။
ငွေရောင်ဆံပင်နှင့် မိန်းမငယ်သည် သူ့အား တစ်ခဏခန့် စိုက်ကြည့်နေလေ၏။ သူမ ရှီဟောင်အား အလွန်မုန်းတီးနေသော်လည်း ရှီဟောင်ကြောင့်သာ သူမ ထိုအခြေအနေမှ လွတ်မြောက်လာခြင်းဖြစ်သည်ကိုတော့ သူမ ဝန်ခံရမည်ပင်။
ထို့ကြောင့်ပင် ဤ ၂နှစ်အတွင်း သူမ လက်တုံ့မပြန်ခဲ့ခြင်းပင်။ သူမတို့ နောက်တစ်ကြိမ်ပြန်ဆုံကြရသည့်အချိန်တွင် သူ၏စကားများကြောင့် သူမဒေါသထွက်သွားရသောကြောင့်သာ သူမ ဤကဲ့သို့ တိုက်ခိုက်နေရခြင်းပင်။
“သပ်သပ်စီပဲ .. နင်ကအရင်ဆုံး ငါ့ကိုအရှက်ခွဲတာလေ .. အဲဒီတော့ ငါ့ကိုဖြေရှင်းချက်ပေး” ငွေရောင်ဆံပင်နှင့် မိန်းမငယ်လေးသည် မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လိုက်သည်။
“အဲဒါမင်းမှားတာပဲ .. ဘာပဲဖြစ်ဖြစ်ငါမင်းအသက်ကို ကယ်ခဲ့တာပဲလေ .. မင်းက ကျွေးတဲ့လက်ကို ပြန်ကိုက်ချင်တယ်ဆိုရင်တော့လည်း လာခဲ့လေ” အရက်ရှိန်မှာ တစ်ဖြည်းဖြည်းပြယ်လာပြီဖြစ်သောကြောင့် သူလည်းခေါင်းကြည်လာလေပြီ။
သူထိုသို့ပြောလိုက်သည့်အချိန်တွင် ငွေရောင်ဆံပင်နှင့် မိန်းမငယ်မှာ တစ်ခဏခန့် တွေဝေသွားသည်။ အစောပိုင်းက သူမကိုယ်ထဲတွင် ဒေါသမီးများ တောက်လောင်နေသော်လည်း သူမသာ ရှီဟောင်ကို တိုက်ခိုက်လျှင် သူမအနည်းငယ် လွန်ရာကျသွားလိမ့်မည်။
သူမသည် ရှီဟောင်ကို ရိုက်ရန်အတွက် လက်ကိုအကြိမ်ပေါင်းများစွာမြှောက်လိုက်သော်လည်း နောက်ဆုံးတွင် အောက်ပြန်ချလိုက်ရလေသည်။
“ငါတို့ထဲကတစ်ယောက် ဖြစ်နေတာကိုး .. လာထိုင် .. မင်းရဲ့ဒေါသတွေကို ဖြေဖျောက်ဖို့အတွက် နည်းနည်းလောက် လာသောက်လိုက်” ချောင်ယုရှန်း လျှောက်လာကာ ပြောလိုက်သည်။
“အစ်မ .. အစ်မနဲ့ညီမက အတူတူပဲ .. ညီမတို့နှစ်ယောက်လုံးမှာ ငွေရောင်ဆံပင်တွေရှိတယ်ဆိုတော့ ဝိဉာဉ်တစ်ခုတည်းက ဖြစ်လောက်တယ်” ယုန်ဖြူလေးလည်း သူမလက်မောင်းကို လာဖက်ပြီး သူမအားကြိုဆိုလိုက်လေသည်။
ချင်းရိသည်လည်း သူမကို ပြုံးပြကာ ဤနေရာတွင်ရှိနေသည့် ရန်ငြိုးများကို ဖြေဖျောက်ရန် ကြိုးစားလိုက်သည်။
ယခုမှသာ သစ္စာမရှိသည့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြန်ပေါ်လာလေသည်။
သူသည် လိပ်ပြာဧကရာဇ်နှင့်အတူ ရှီဟောင်အား ဒြပ်စင်ငါးခုစီရင်စုတွင် စောင့်နေသည့်အချိန်တုန်းက ငွေရောင်ဖီးနှစ်သည် သတိပြန်ရလာပြီး ငွေရောင်ဆံပင်နှင့် မိန်းမငယ်လေးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက်တွင် သူမသည် အဖေအမေတ,ရလောက်သည်အထိ သူ့အား ရိုက်နှက်ခဲ့သောကြောင့် လီပေါင်းထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရသည်။ ဤသည်မှာ သူ့အတွက် အိပ်မက်ဆိုးကြီးလိုပင်။
“အစ်မက နှင်းဖီးနစ်ပဲ .. အရမ်းမိုက်တယ်” ယုန်ဖြူလေး အံ့အားသင့်နေလေ၏။ လျှို့ဝှက်ချက်အချို့ကို နားလည်ပြီးသွားသည့်နောက်တွင် သူမ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“အခုထိတော့ နှင်းဖီးနစ်မဖြစ်သေးပါဘူး …အဲဒီအဆင့်ကို ရောက်နိုင်ဖို့ မျှော်လင့်လို့ရတာပါ” ငွေရောင်ဆံပင်နှင့် မိန်းမငယ်လေး ရွှယ့်လင်းပြောလိုက်သည်။ သူမစိတ်ငြိမ်သွားသည့်အချိန်တွင် သူမ၏စိတ်နေစိတ်ထားမှာ ကောင်းမွန်လှသည်။
သူမသည် အမှန်တကယ်ပင် စွမ်းအားကြီးလှသည်။ ယခင်က ထာဝရနန်းတော်သခင်လေးနှင့် ထူးခြားပါရမီရှိသူတို့ သူမကို လိုက်ဖမ်းသည့်အချိန်တွင် သူမသည် အဖမ်းမခံရပဲ ဒဏ်ရာရခဲ့ရုံသာ။
သူမ၏မျက်ခုံးကြားတွင် အခြားရွှေရောင်တံဆိပ်တစ်ခုရှိနေသည်ကို ရှီဟောင် သတိထားမိသွားသည်။ သူမသည် သေချာပေါက်ပင် အဆင့်တက်သွားလေပြီ။ သူမ ယခု ဘယ်လောက်တောင် စွမ်းအားကြီးနေပြီဖြစ်သနည်း..
ချင်းရိနှင့် ယုန်ဖြူလေးတို့ သွယ်ဝိုက်မေးနေသည့်အပြင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေး၏ ပါးစပ်ကြီးကြောင့် နောက်ဆုံးတွင် ထိုအချိန်တုန်းက ဘာဖြစ်ခဲ့သည်ကို သူတို့အားလုံး သိသွားရသည်။
“အစ်မက ဘာလို့ဒီလိုမျိုးကို သည်းခံနေနိုင်တာလဲ” ယုန်ဖြူလေး ပြောလိုက်သည်။ “သူက အစ်မရဲ့ လှပတဲ့ဖီးနစ်မွေးတွေကို ညှပ်ပစ်တာ .. ဒါက အစ်မရဲ့ စစ်ဝတ်စုံကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲ .. အစ်မရဲ့ခန္ဓာကိုယ်က အဝတ်တွေကို စုတ်ဖြဲပစ်လိုက်တာနဲ့ အတူတူပဲ..”
ငွေရောင်ဆံပင်နှင့် မိန်းမငယ်သည် ယုန်ဖြူလေး ပါးစပ်ကို လှမ်းပိတ်လိုက်ရသည်။ သူမပြောသည်မှာ ပိုဆိုးနေသည်။
“ဒီလိုကိစ္စမျိုးကို မကျော်သွားပေးနိုင်ဘူး” ယုန်ဖြူလေးသည် ရုန်းကန်လိုက်ပြီးနောက် လက်သီးလက်မောင်းတန်းပြီး မီးထဲသို့ လောင်စာထည့်ပေးနေလေသည်။
ရှီဟောင်သည် သူမနဖူးကို အားဖြင့်တောက်လိုက်သောကြောင့် သူမမျက်ရည်များ စီးကျလာပြီး တအီးအီး ငိုနေလေသည်။
“မျိုးရိုးနာမည် ရှီနဲ့တစ်ယောက်။ ငါသေတဲ့အထိ နင့်ကို တိုက်မှာ” ယုန်ဖြူလေးသည် လက်သည်းများကို ထုတ်ကာ သူ့ကို တိုက်ခိုက်လေသည်။
“ညီမလေး .. အစ်မ မင်းကို ကူပေးမယ် .. ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ” ငွေရောင်ဆံပင်နှင့် မိန်းမငယ်လေးသည် ပြုံးလိုက်ကာ ယုန်ဖြူလေး၏နဖူးကို ပွတ်ပေးလိုက်လေသည်။ သို့သော်လည်း သူမအားသုံးလိုက်သည်မှာ များသွားသောကြောင့် ယုန်ဖြူလေး နောက်ထပ်တစ်ကြိမ် အော်ဟစ်လိုက်ရလေ၏။
“နင်တို့အားလုံး ငါ့ကိုအုပ်စုဖွဲ့အနိုင်ကျင့်ကြတယ်” ယုန်ဖြူလေးသည် ဒေါသထွက်လွန်းသောကြောင့် မြေပြင်ပေါ်တွင် လူးလိမ့်နေလေသည်။
ချင်းရိသည် ပြုံးလိုက်ကာ အားလုံးကို အတူတူစားသောက်ရန်အတွက် ခေါ်လိုက်သည်။
လေထုအခြေအနေမှာ ပိုကောင်းလာလေပြီ။ သို့သော်လည်း ငွေရောင်ဆံပင်နှင့် မိန်းမငယ်လေးသည် အခွင့်သာသည်နှင့် ရှီဟောင်အား ရိုက်ချင်နေသေးသည်။
လေးလံနေသည့် လေထုကို ဖြေဖျောက်ရန်အတွက် ရှီဟောင်သည် ရွှေရောင်တောက်ပနေသည့် နတ်အတောင်ပံတစ်ခုကို ဖြုတ်လိုက်ကာ ငွေရောင်ဆံပင်နှင့် မိန်းမငယ်လေးအား ပေးလိုက်လေသည်။
“ရော့ စား…”
အားလုံးသည် ဆွံ့အစွာဖြင့်ပင် သူ့အား စိုက်ကြည့်လိုက်ကြသည်။
ငွေရောင်ဆံပင်နှင့် မိန်းမငယ်လေး၏ အကြည့်မှာ ရှီဟောင်ကို သတ်ပစ်နိုင်လောက်သည်။ သူ တမင်သက်သက်လုပ်တာလား…
“အမ် .. မင်းဘာလို့ မင်းရဲ့ဖီးနှစ်အတောင်ပံတွေကို မထုတ်တာလဲ .. မင်းရဲ့လူသားခန္ဓာကိုယ်နဲ့ အဲဒီနတ်အတောင်ပံတွေနဲ့ဆိုရင် မင်းက အရမ်းကိုထူးခြားတယ် .. အရမ်းမိုက်တယ် .. အရင်တုန်းက ငါအဲဒီအတောင်ပံကို ထိလိုက်တုန်းက ငါ..” ရှီဟောင်သည် အလွန်ပင် အရေထူလှသည်။ အရက်မူးနေသောကြောင့် သူသည်မစဉ်းစားပဲ ပြောနေလေ၏။ သို့သော် ခဏကြာပြီးသည့်နောက်တွင် သူအသိစိတ်ဝင်လာပြီး သူ့စကားများ ရပ်တန့်သွားသည်။
ဒါ တမင်သက်သက်လုပ်တာ .. တမင်သက်သက်လုပ်တာ .. ငွေရောင်ဆံပင်နှင့် မိန်းမငယ်သည် လက်ထဲတွင်ရှိနေသည့် ဝိုင်ခွက်ဖြင့် ရှီဟောင်နဖူးကိုပစ်ပေါက်လိုက်သည်။
“အား .. မင်းဘာဖြစ်နေတာလဲ .. ဒါက နတ်ဝိုင်တွေ မဖြုန်းတီးနဲ့” ရှီဟောင်ပြောလိုက်၏။
“ရွှေရောင်အမှတ်အသားနဲ့ကျားလား..” ငွေရောင်ဆံပင်နှင့် မိန်းမငယ်လေး ရွှယ်လင်းသည် အိုးထဲတွင်ရှိနေသည့် ကျားသားကိုကြည့်ပြီး ထိတ်လန့်နေလေ၏။ ဤသည်မှာ နတ်ဘုရားကျောင်း၏ မြင့်မြတ်သားရဲဖြစ်သည်ကို သူမ မှတ်မိသည်။ ဤသားရဲသည် ယခုကဲ့သို့ချက်စားခံနေရသည်လား..
“ဒီအကောင်က ဘာထူးခြားလို့လဲ” ယုန်ဖြူလေးသည် ဂုဏ်ယူစွာဖြင့်ပင် ပြောလိုက်လေ၏။ သူမသည် လက်ထဲတွင်ရှိနေသည့် ရွှေရောင်နတ်အတောင်ပံကို မြှောက်ပြလိုက်ကာ “ဒါက ပျက်စီးနေတဲ့နတ်သားတော်ရဲ့ အတောင်ပံ”
ဖူး…
သူမပါးစပ်ထဲသို့ ဝင်သွားသည့် နူးညံ့သည့်အသားမှာ ချက်ချင်းပင် ပြန်ထွေးထွက်သွားလေသည်။ သူတို့၏အပြုအမူများကို အမြဲတမ်းဂရုစိုက်ကြသည့် နှင်းဖီးနစ်အတွက် ဤသည်မှာ မယဉ်ကျေးသည့်အပြုအမူပင်။
အဘယ်ကြောင့်ဆိုသော် သူမ ထိတ်လန့်သွားရသောကြောင့်ပင်။
ပျက်စီးနေသည့်နတ်သားတော်သည် မည်မျှပင် စွမ်းအားကြီးသည့်သူဖြစ်သနည်း .. သို့သော်လည်း သူသည် အိုးထဲ ထည့်ချက်ခံနေရပြီး ကင်စားခံနေရသည်။
ရွှယ်လင်းသည် စွမ်းအားကြီးကာ ထာဝရဖီးနှစ်ဖြစ်လာနိုင်သည့် သွေးမျိုးဆက်ဖြစ်သော်လည်း သူမဆွံ့အသွားရဆဲပင်။
“နင် .. ထာဝရစွမ်းအင်ကို တကယ်ကျင့်ကြံပြီးသွားတာလား” အချိန်အတော်လေးကြာမှ ရွှယ်လင်းသည် ရှီဟောင်အား ကြည့်ကာ မေးလိုက်သည်။
“ဒုတိယမြောက် ထာဝရစွမ်းအင်ကြောင်းကို ကျင့်ကြံတော့မှာ” ရှီဟောင်သည် လုံးဝတည်ငြိမ်စွာဖြင့်ပင် ပြောလိုက်လေ၏။
“မိုက်လိုက်တာ .. အရင်ခေတ်တွေကတည်းက ဂျီးနီးယပ်စ်တွေ အများကြီး ရှုံးနိမ့်ခဲ့ကြတာ .. ငါတောင်အခုမှ အဲဒီလမ်းကို စလျှောက်မှာ .. နင်က အောင်မြင်သွားပြီလား” ရွှယ်လင်း အမှန်တကယ်ကို ထိတ်လန့်သွားရသည်။
သူမသည် လက်ရှိလောက၏ စွမ်းအားအကြီးဆုံး ထူးခြားပါရမီရှိသူများထဲမှ တစ်ယောက်ပင်။ တစ်စုံတစ်ယောက်သည် ဤလမ်းကြောင်းတွင် ထိပ်ဆုံးထိရောက်နေပြီး သူမအား အထင်သေးနေမည်ကို စဉ်းစားကြည့်လိုက်သည့်အချိန်တွင် သူမဖိအားများသွားရသည်။
“ငါမင်းကို တစ်ချို့အကြောင်းလေးတွေ ပြောပြပေးလို့ရတယ် .. မင်းအဲဒီအဆင့်ကို သေချာပေါက် အောင်မြင်လိမ့်မယ်လို့ ငါပြောရဲတယ်” ရှီဟောင် ထူးမခြားနားစွာပင် ပြောလိုက်သည်။
“နင်က အစ်မရွှယ်လင်းကို နင့်ဘေးနားထားပြီးတော့ သူ့ကို နင့်ရဲ့…” ယုန်ဖြူလေး ဆူညံစွာပင် ပြောလိုက်သည်။
ရွှယ်လင်းသည် သူမပါးစပ်ကို ဦးအောင်ပိတ်ပစ်လိုက်သည်။ ဤယုန်ဖြူလေးသည် ရိုးသားဖြူစင်သည့်ပုံပေါက်သော်လည်း လောကကြီးတစ်ခုလုံးကို ကမောက်ကမဖြစ်စေချင်နေသည့်မကောင်းဆိုးဝါးလေးမှန်း သူမ သိလိုက်ရပြီ ဖြစ်သည်။
“အဟွတ် .. ညီမလေး ရွှယ်လင်း .. ညီမလေးအရင်တုန်းက အဆင့်လွန်ခန်းမနဲ့ ပတ်သက်တဲ့သဲလွန်စတွေ တွေ့ထားတယ်ဆို” ရှီဟောင်သည် ပြောင်ပြောင်တင်းတင်းပင်မေးလိုက်သည်။
ယခင်တုန်းက ရွှယ်လင်းလိုက်ဖမ်းခံရခြင်းမှာ အဆင့်လွန်ခန်းမ အဆင့်မြင့်နယ်မြေတွင်ပေါ်လာခဲ့ပြီး မည်သည့်နေရာတွင်ရှိနေသလဲဆိုသည်ကို သူမသိနေသောကြောင့်ဟု ကောလဟာလ ထွက်လာသေးသည်။
ရွှယ်လင်းသည် ချက်ချင်းပင် သူ့အား မညှာမတာကြည့်လိုက်သည်။
“ဒီလိုဆိုရင်ရော .. အဆင့်လွန်ခန်းမဘယ်မှာလဲဆိုတာ ငါ့ကိုပြောပြရင် ငါမင်းကို အခွင့်အရေးကောင်းကြီးပေးမယ် .. နောင်ကျရင် မင်းသေချာပေါက် မသေမျိုးထာဝရဖီးနှစ်ဖြစ်စေရမယ်လို့ ငါ ကတိပေးတယ်” ရှီဟောင်ပြောလိုက်သည်။
ရွှယ်လင်းသည် နှုတ်ခမ်းကို တွန့်ကွေးလိုက်လေ၏။ သူ၏စကားကို မယုံသည်မှာ သိသာသည်။
“ဒါဆိုရင် လုံလောက်လား” ရှီဟောင်သည် ကျောက်စိမ်းအိုးတစ်ခုကို ထုတ်လိုက်ပြီး ထိုအိုးကို ဖွင့်လိုက်သည်နှင့် ဤနေရာတွင် နတ်အော်ရာများ ဖုံးလွှမ်းသွားလေသည်။
“ဒါက ဘာကြီးလဲ” ရွှယ်လင်း ထိတ်လန့်သွားရသည်။
“ထာဝရခန္ဓာကိုယ်တစ်ခြမ်း” ရှီဟောင်ပြောလိုက်သည်။ ဤခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကို သူမအား ပေးမည်ဟုလည်း ထပ်လောင်းပြောလိုက်သည်။