သုခကမ္ဘာက ရှီဟောင် - Chapter - 1103 ထာဝရရှေးဟောင်းမြေ ကျိန်စာ
“စွမ်းအားကြီးလိုက်တဲ့ နည်းလမ်း.. ဟွမ်က တကယ်ကိုပဲ စိုးမိုးနိုင်လွန်းတယ် .. သူက သူကိုယ်တိုင်ပဲ ရှေးဟောင်းလူထူးဆန်းတွေကို ရန်စလိုက်တာ .. ဒါက တစ်ဖက်က မသေမချင်းရှိနေမယ့် ရန်ငြိုးကို ဖန်တီးလိုက်တာနဲ့အတူတူပဲ”
“အပြာရောင်ကျောက်လမ်းသုံးထောင်က စစ်တပ်ကြီးတွေရဲ့ သင်္ချိုင်းဖြစ်သွားတာ .. ပြီးတော့ ရှေးဟောင်းလူထူးဆန်းတွေတောင်မှ ဒဏ်ရာရသွားကြသေးတယ် .. ဒါက ကမ္ဘာကြီးကို ပေါက်ကွဲစေမယ့်သတင်းကြီးပဲ”
ဤသတင်းသည်နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး ကမ္ဘာငယ်လေးအချို့ပင်လျှင် ဤတိုက်ပွဲအကြောင်း သိသွားကြလေ၏။
ဟွမ်၏ဂုဏ်သတင်းမှာ ရှေးဟောင်းလူထူးဆန်းများနှင့် ယှဉ်နေနိုင်ပြီဖြစ်ပြီး သူသည် လက်ရှိလောကတွင် စွမ်းအားအကြီးဆုံးလူတစ်ယောက် ဖြစ်နေလေပြီ။
ယနေ့တွင် ကျွင်းသောက်၊ အနက်ရောင်နတ်သားတော်နှင့် ကောင်းကင်နိုင်ငံ၏ရှေးဟောင်းလူထူးဆန်းတို့၏ စုပေါင်းတပ်များမှာ အတော်လေး အထိနာသွားလေ၏။ ဤသတင်းပျံ့သွားသည့်အချိန်တွင် လူအများစုမှာ ယုံကြည်နိုင်ရန်ခက်ခဲနေသော်လည်း မျက်မြင်တွေ့လိုက်သည့်သူများစွာ ရှိနေသောကြောင့် မယုံချင်လည်း ယုံလိုက်ကြရလေသည်။
“ဟွမ်ရဲ့ ခန္ဓာကိုယ်အစစ်က ပေါ်မလာဘူး .. သူကအစီအရင်တွေ သုံးပြီးတော့ ရန်သူတွေရဲ့ စစ်တပ်ကို မြေမြှုပ်ပစ်လိုက်တာ .. သူ့ရဲ့နည်းလမ်းတွေက တကယ်ကို ကောင်းကင်ကို ထိုးဖောက်နိုင်လောက်တယ်”
“သူ့လိုလူမျိုးက လန့်စရာကောင်းလောက်တဲ့ နတ်အာရုံတွေရှိတယ် .. အန္တရာယ်မရောက်လာခင်ကတည်းက ကြိုပြီး အာရုံခံနိုင်ပြီးသား .. အဲဒါကြောင့်မို့လို့ ဒီလိုထောင်ချောက်မျိုးထားခဲ့တာ .. ရောက်လာတဲ့ စစ်တပ်တွေကတော့ ကံဆိုးတာပဲ”
အားလုံး အံ့အားတကြီးပင် ပြောလိုက်ကြသည်။ ကျွင်းသောက်နှင့် အခြားသူများမှာမူ ခံစားချက်ကောင်းမည်မဟုတ်ပေ။ သူတို့သည် အားလုံးအထက်တွင်ရှိနေသည့် ရှေးဟောင်းဘုရင်များဖြစ်ကြသောကြောင့် ပုံမှန်အားဖြင့် အတူတူ အလုပ်မလုပ်ကြပေ။ သို့သော်လည်း သူတို့ပထမဆုံးပူးပေါင်းသည့်တိုက်ပွဲမှာလည်း ရလဒ်မကောင်းခဲ့ပေ။
သူတို့အတွက်တော့ ဤသည်မှာ အရှက်ရမှုကြီးပင်။ လူတစ်ယောက်တည်းက သူတို့အားလုံး၏ပါးကို ဖြတ်ရိုက်သွားခြင်းပင်။
“မုန်းစရာကောင်းလိုက်တာ…”
မြူခိုးထဲတွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။ ရှုံးတာက ရှုံးတာဖြစ်သော်လည်း သူတို့ ဟွမ်ကိုပင် မမြင်လိုက်ရပေ။
“ဟား ဟား…” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။
ကောင်းကင်နိုင်ငံမှ ရှေးဟောင်းလူထူးဆန်းမှာ ဒဏ်ရာမရလိုက်သောကြောင့် အားလုံး ထိတ်လန့်သွားရသည်။ သူ၏နတ်အာရုံများမှာ စူးရှလွန်းလှပြီး သူသည် အစီအရင်ထဲသို့ ခြေလှမ်းတစ်ဝက်ပင် မလှမ်းခဲ့ပေ။
“ဟွမ်က တကယ်ကို လုပ်နိုင်တာပဲ .. ရှေးဟောင်းလူထူးဆန်းတွေတောင်မှ သူ့ကို မသတ်နိုင်ရင် သူက သေချာပေါက်ကို ထာဝရရှေးဟောင်းမြေထဲမှာ ထိုးထွက်လာပြီးတော့ မြန်မြန် စွမ်းအားကြီးလာတော့မှာ”
အပြင်ဘက်လောက စွန့်ပစ်နယ်မြေနယ်စပ်နားတွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။
“ထာဝရရှေးဟောင်းမြေဂိတ်တံခါးက နောက်နှစ်နည်းနည်းလောက်နေရင် ပြန်ပွင့်လာဖို့ မျှော်လင့်တယ်” ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။ သူတို့ဟွမ်ကို အချိန်မပေးချင်ပေ။ မဟုတ်ပါက သူတို့အတွက် ပြဿနာကြီး ဖြစ်လာလိမ့်မည်။
…
အေးစက်ခြင်းနယ်မြေ…
ရှီဟောင်သည် ထာဝရတည်ရှိနေမည့်ထာတရဓားကို ကိုင်ထားကာ မြင်ကွင်းများကို တစ်ခုပြီးတစ်ခု မြင်နေရလေ၏။ ဤသည်မှာ လူတစ်ယောက်မှ ထာဝရသက်ရှိဖြစ်လာသည့် မြင်ကွင်းပင်။
ထိုသူသည် ထာဝရရှေးဟောင်းမြေမြို့ခံဖြစ်ပြီး သူ၏နတ်ခွန်အားများမှာ ပြိုင်ဘက်ကင်းလှသည်။
“ကောင်းကင်အတိဒုက္ခကိုတောင်မှ အေးခဲနိုင်တယ်…”
ရှီဟောင် ဆွံ့အသွားရ၏။ ထိုလူသည် ရေခဲဖြင့်တာအိုကျင့်ကြံပြီး တစ်ဆင့်ချင်းတက်ကာ ယင်စွမ်းအင်ကို စုစည်းလေသည်။ မည်သည့်သဘာဝဥပဒေသမဆို အဆုံးစွန်ထိရောက်သွားသည်နှင့် ကြောက်စရာကောင်းသွားသည်သာ။
သူသည် ရေခဲကို အသုံးပြုကာ ကောင်းကင်အတိဒုက္ခကို ချိတ်ပိတ်လိုက်လေသည်။
ကောင်းကင်အတိဒုက္ခ ပျက်စီးသွားသော်လည်း သူလည်းသွေးအန်သွားကာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။
“ထာဝရရှေးဟောင်းမြေရဲ့ ကန့်သတ်ချက်ကို ထိုးဖောက်ပြီးတော့ ကျိန်စာကို ဖျက်ဆီးပစ်မယ် .. ငါ့ကလန်သားတွေကို အတိတ်နေ့ရက်ကို ပြန်ခေါ်သွားမယ်” ဤသည်မှာ သူကြွေးကြော်နေသည့်အရာပင်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အဖြူရောင်အလင်းများ ထွက်ပေါ်လာပြီး ရေခဲနှင့်နှင်းများလည်း ကောင်းကင်ကို ထိုးဖောက်သွားသည်။ ကြီးမြတ်လှသည့်ယင်စွမ်းအားထွက်ပေါ်လာပြီး နောက်တစ်ခေါက်ပေါ်လာသည့် အတိဒုက္ခကို လွှမ်းခြုံလိုက်လေသည်။
လူမျိုးစုအတွင်းတွင် လူများစွာသည် သူအောင်မြင်နိုင်ရန်အတွက် ဆုတောင်းပေးနေကြလေ၏။
ဝုန်း..
စွမ်းအားကြီးသည့် လျှပ်စီးအတိဒုက္ခသည် ပျက်စီးသွားကာ တစ်ဖြည်းဖြည်းဖြင့်ပင် ပျက်ပြယ်သွားလေ၏။ ဤဖြစ်စဉ်ကြီး ပြီးဆုံးတော့မည်။
လူမျိုးစုရှိလူများအားလုံး ပျော်ရွှင်စွာဖြင့်ပင် အော်ဟစ်လိုက်ကြသည်။
သို့သော်လည်း ထိုလူ၏မျက်ခုံးကြားတွင် အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး ထိုအက်ကွဲကြောင်းမှာ တစ်ဖြည်းဖြည်း ကြီးလာလေ၏။
“ကျိန်စာ နောက်တစ်ခေါက်ပေါ်လာပြီ .. ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်နိုင်ဖို့လုပ်နေရတော့ ကျိန်စာကို သူမခုခံနိုင်တော့ဘူး .. နောက်ဆုံးတော့ သူ့ရဲ့မူလဝိဉာဉ်ပျက်စီးသွားပြီ…” ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။
ဤသည်ကို ပထမဆုံးသတိပြုမိသည်မှာ အကြီးအကဲတစ်ဦးပင်။ အခြားသူများ ပျော်ရွှင်နေကြတုန်းပင်။
ကလန်တွင်ရှိသည့် စွမ်းအားကြီးသည့်သူများ စုပေါင်းကာ ယဇ်ပုလ္လင်ကို အသက်သွင်းလိုက်ပြီး ထိုလူကို ကူညီရန် ပြင်ဆင်လိုက်ကြလေသည်။
“ကျွန်တော့်ကို စိတ်မပူနဲ့ .. မြန်မြန်နောက်ပြန်ဆုတ်တော့” ထိုလူ၏ မျက်ခုံးကြားရှိ အက်ကွဲကြောင်းမှာ ပိုကြီးလာလေသည်။
အကြီးအကဲများမှာ သူ၏အကြံကို နားမထောင်ကြပဲ ယဇ်ပုလ္လင်ကိုသာ အသက်သွင်းလိုက်ကြသည်။ နတ်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ထိုလူထံသို့ ဦးတည်သွားလေသည်။
သူတို့သည် သူတို့ကိုယ်သူတို့ အထင်ကြီးနေမိခြင်းပင်။ ဤလူသည် ထာဝရသက်ရှိဖြစ်ရန် လက်တစ်ကမ်းသာ လိုတော့သဖြင့် သူတို့၏အကူအညီမှာ လုံးဝပင် အသုံးမဝင်ပေ။
ဖုန်း..
နောက်ဆုံးလျှပ်စီးတန်းတစ်ခု ကျရောက်လာကာ ထိုလူကို ဖောက်ခွဲပစ်လိုက်လေသည်။ ကျိန်စာသည်လည်း သူ၏မူလဝိဉာဉ်ထဲသို့ ဝင်ရောက်သွားကာ သူ့ကို တစ်စစီဖြစ်အောင် လုပ်လိုက်သည်။
သူသည် ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်ပြီး သူလုပ်နိုင်သမျှအားလုံးကို လုပ်လိုက်သည်။ သူ၏အသက်ဓာတ်အားလုံးကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်အတိဒုက္ခကို ချေဖျက်ရန် ကြိုးစားလိုက်သည်။
ကံမကောင်းစွာဖြင့်ပင် ထိုအကြီးအကဲများမှ ယဇ်ပုလ္လင်ကို အသက်သွင်းလိုက်သောကြောင့် သူထံသို့ ဦးတည်လာသည့်နတ်ခွန်အားများသည် သူနှင့်ချိတ်ဆက်သွားကာ သူ၏ယင်စွမ်းအားများလည်း အောက်ဘက်သို့ ကျရောက်သွားလေသည်။
ထိုအချိန်တွင် လောကကြီးတစ်ခုလုံးကိုနှင်းများဖြင့် ဖုံးလွှမ်းသွားကာ သက်ရှိများအားလုံးလည်း ပျက်စီးသွားရသည်။
ဤသည်အားလုံးမှာ ယင်စွမ်းအားတစ်ကြောင်းတည်းကြောင့် ဖြစ်လာခြင်းပင်။
နောက်ဆုံးအချိန်တွင် သူသည် ဝမ်းနည်းနေသော်လည်း အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည့်အချိန်တွင် အကြီးအကဲများအားလုံး ပြုံးနေသည်ကို သူတွေ့လိုက်ရသည်။ သူတို့သည် လွတ်လပ်သွားသည့်ပုံစံများဖြစ်နေလေ၏။
“သူတို့လမ်းကို နှောက်ယှက်မယ့်စား ကမ္ဘာမြေကို ပြန်သွားတာက ပိုကောင်းပါတယ် .. ဒီလိုမျိုးအဆုံးသတ်လည်း သိပ်မဆိုးပါဘူး”
ထိုအသံကြားပြီးသည်နှင့် အရာအားလုံး ပျောက်ကွယ်သွားလေသည်။ ဤစွမ်းအားကြီးသည့် လူမျိုးစုသည် ထာဝရပင် ပျောက်ကွယ်သွားလေသည်။
ရှီဟောင်သည် အချိန်အတော်ကြာသည်အထိ မလှုပ်မရှားနိုင်ဖြစ်သွားရသည်။ ယဇ်ပုလ္လင်ကြီးသည် တည်ငြိမ်သွားပြီဖြစ်ပြီး တောက်ပမှုများလည်း မရှိတော့ပေ။
သက်ပြင်းတစ်ချက်ချလိုက်ကာ ထာဝရတည်ရှိနေမည့်ထာဝရဓားကို ပြန်သိမ်းလိုက်သည်။ ယခင်က ဤနေရာတွင် ဘာဖြစ်ခဲ့သလဲဆိုသည်ကို သူသိသွားပြီဖြစ်သည်။
“မြို့ခံတွေ သူတို့ရဲ့လူမျိုးစုနေရာကနေ ထွက်မသွားနိုင်တာက ကျိန်စာကြောင့်လား .. ဒါက လှောင်အိမ်ထဲနေနေရတာနဲ့ အတူတူပဲပေါ့”
ထာဝရလူသားဖြစ်နိုင်ချေရှိသည့် လူတစ်ယောက်သည် ကျိန်စာကြောင့် ပျက်စီးသွားသောကြောင့် ဤကျိန်စာမှာ မည်မျှပင် စွမ်းအားကြီးကာ ကြောက်စရာကောင်းလှသနည်း..
ဤသည်မှာ ထူးဆန်းသည့်အဖြစ်အပျက်မဟုတ်ပဲ ထူးဆန်းကာ ရှေးကျသည့်ကျိန်စာတစ်ခုပင်။
ဤသည်မှာ သက်ဆိုင်ရာလူမျိုးစုများကို ထိန်းချုပ်ထားသည့် ထောင်တစ်ခုနှင့်ပင် တူနေသည်။ သူတို့သည် ဝေးဝေးသွား၍မရပေ။ ဝေးဝေးသွားလိုက်သည်နှင့် ကျိန်စာသင့်ပြီး သေဆုံးသွားကြမည်ပင်။
ယခင်ကတုန်းက အဆင့်မြင့်နယ်မြေမှ ဂျီးနီးယပ်စ်များနှင့်အတူ အပြင်လိုက်ထွက်သွားသည့် ထာဝရရှေးဟောင်းမြေတွင် နေထိုင်သည့်သည့်သူများရှိသော်လည်း ထိုသူများလည်း ကြာကြာမနေနိုင်ကြပေ။
လူမျိုးစုများစွာအတွက် သူတို့နေထိုင်နေသည့်နေရာသည် အလုံခြုံဆုံးနေရာပင်။ မည်သို့ပင်ဖြစ်စေ ကျိန်စာများမှာ သူတို့၏သွေးသားများထဲတွင် အမြစ်တွယ်နေလေပြီ။
ထို့ကြောင့်ပင် ဂိုဏ်းခေါင်းဆောင်အဆင့်သို့ ရောက်သွားသည်နှင့် သူတို့သည် သေလျှင်သေ မသေလျှင်ရူးသွားခြင်းပင်။
စီရင်စုသုံးထောင်မှ လူများသည် ဤရှေးဟောင်းမြေထဲမှ ပြန်ထွက်သွားလျှင် ကိစ္စမရှိသော်လည်း နေခဲ့လျှင် သူတို့အတွက် ပိုဆိုးသည်။ သူတို့သည် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်သည်နှင့် ရူးသွပ်သွားကြလိမ့်မည်။
ဤလူမျိုးစု၏ စွမ်းအားအကြီးဆုံးကျွမ်းကျင်သူသည် ဂိုဏ်းခေါင်းဆောင်အဆင့်ကို ကျော်လွန်ပြီး ကျိန်စာကို ဖိနှိပ်ထားခဲ့သည်။ သူသည်ထာဝရသက်ရှိအဆင့်သို့ ရောက်တော့မည်။
သို့သော်လည်း သူရှုံးနိမ့်သွားခဲ့ရသည်။
သူသည် ဤထာဝရရှေးဟောင်းမြေအတွင်းရှိ ကမ္ဘာငယ်လေးများထဲတွင် စွမ်းအားအကြီးဆုံးလူတစ်ယောက်ဖြစ်လိမ့်မည်။ သူသည် ကျိန်စာကို ချိုးဖျက်ကာ သူ၏ကလန်သားများကို ဤလှောင်အိမ်ထဲမှ ခေါ်ထုတ်သွားလိုခြင်းပင်။
သို့သော်လည်း ကံမကောင်းစွာဖြင့်ပင် နောက်ဆုံး၌ သူ၏သွေးများ ကောင်းကင်ထက်ကို စွန်းထင်းသွားရသည်။
“ကံမကောင်းသွားတာပဲ .. တကယ်ကိုလေးစားစရာကောင်းတယ်” ရှီဟောင် သက်ပြင်းချကာ ပြောလိုက်သည်။
ယုန်ဖြူလေးသည် ချက်ချင်းပင် ပြေးလာလေ၏။ ဘာဖြစ်သွားသည်ကို သိလိုက်ရပြီးသည့်နောက်တွင် သူမလည်း ဆွံ့အသွားရသည်။
သူမသည် တိုးတိတ်စွာဖြင့်ပင် “နှမြောစရာကောင်းလိုက်တာ .. ရီချန်းယုနဲ့ မိုယုသောင်တို့နဲ့ ယှဉ်နိုင်တဲ့သူက တိတ်ဆိတ်စွာနဲ့ပဲ သေသွားရတယ်”
ရှီဟောင်သည် သူတို့အေးစက်ခြင်းနယ်မြေသို့ ရောက်သည့်အချိန်တွင် ကောင်းကင်ပေါ်မှကျလာသည့် တစ်စုံတစ်ခုကို သူအမှတ်ရမိလိုက်သည်။ ထိုပစ္စည်းမှာ ဤလူ၏ပစ္စည်းပင် ဖြစ်ရမည်။
“ဘေးနားကို သေချာအာရုံခံကြည့်.. ယင်စွမ်းအင်အရင်းအမြစ်က ဒီနားမှာပဲ ရှိလောက်တယ် .. မင်းက လကျောက်စိမ်းယုန်ဆိုတော့ ဒါကမင်းအတွက် အခွင့်အလမ်းကောင်းကြီး ဖြစ်လာမှာ” ရှီဟောင်ပြောလိုက်၏။
ယုန်ဖြူလေးနှင့် သူသည် ဘေးနားပတ်လည်ကို စတင်ရှာဖွေလိုက်ကြသည်။
ကံမကောင်းစွာဖြင့်ပင် သူတို့ဘာကိုမှ မတွေ့ကြပေ။
“မင်းဆက်ရှာလိုက်ဦး.. ငါသီးသန့်ကျင့်ကြံလိုက်ဦးမယ်” ရှီဟောင်ပြောလိုက်၏။ သူဤနေရာသို့လာရသည့်ရည်ရွယ်ချက်မှာ သူ၏ဒုတိယမြောက်ထာဝရစွမ်းအင်ကို ကျင့်ကြံရန်ပင်။
“ငါ နှင်းကြာပန်းသွားရှာလိုက်ဦးမယ် .. ဘယ်သူပြောနိုင်မလဲ .. ဒီမှာ နတ်ဆေးပင် ဒါမှမဟုတ် ထာဝရဆေးပင်တွေ ရှိရင်ရှိမှာပေါ့” ယုန်ဖြူလေးသည် တောင်များကြားတွင် စတင်ရှာဖွေလိုက်လေသည်။ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည်လည်း ယင်ထာဝရကျောက်တုံးကို ရှာဖွေနိုင်ရန်အတွက် သူမနှင့်အတူတူ လိုက်သွားလေ၏။
ရှီဟောင်သည် တောင်ကြော၏အတွင်းဆုံးဘက်ပိုင်းသို့ ရောက်ရှိလာပြီး နှင်းတောင်ထိပ်တစ်ခုပေါ်တွင် ထိုင်ချလိုက်ကာ စတင်ကျင့်ကြံလိုက်သည်။
ရှီဟောင်၏ နဖူးတောက်ပလာကာ ပစ္စည်းတစ်ခု ထွက်ပေါ်လာလေ၏။
ထိုပစ္စည်းထွက်လာသည့်တစ်လျှောက်တွင် ရှီဟောင်သည် အနည်းငယ်နာကျင်ရသောကြောင့် မျက်မှောင်ကြုတ်မိလိုက်သည်။ သူသည် ဂရုတစိုက်ဖြင့်ပင် ဆွဲထုတ်လိုက်သည်။
ဤသည်မှာ သူနှင့်ချီသော်လင်းတို့ သူ၏မျက်ခုံးကြားတွင် ဖွက်ထားသည့် နတ်ပစ္စည်းတစ်ခုပင်။
အာကာသကလန်မှလူများသာ ဤနေရာတွင်ရှိနေပါက ဒေါသထွက်လွန်းသောကြောင့် ရူးသွားလောက်သည်။
ဤသည်မှာ အာကာသကလန်၏ ရှေးဟောင်းမိုင်းတွင်းအတွင်းမှ ရှီဟောင်ယူခဲ့သည့် ‘ထာဝရမျိုးစေ့’ပင်။ ရှီဟောင်သည် သူ၏လမ်းကြောင်းကို သတ်မှတ်ပြီးသားဖြစ်သောကြောင့် ဤပစ္စည်းမှာ အရေးကြီးသည့် အရာတစ်ခုပင်။
ထာဝရရှေးဟောင်းမြေထဲသို့ ဝင်လာပြီးသည့်နောက်တွင် အပြာရောင်ကျောက်လမ်းသုံးထောင်မှာ သူ၏အာရုံကို ဆွဲဆောင်လိုက်သောကြောင့် ထိုနေရာသည် သူ၏ကျင့်ကြံခြင်း တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။
ယခု ထိုနေရာသည် သူ့အတွက် အသုံးမဝင်တော့သဖြင့် ဤပစ္စည်းလေးကို သူသုံးရတော့မည်။
ထိုပစ္စည်း၏အရွယ်အစားမှာ ဆက်တိုက်ပင် ပြောင်းလဲနေလေ၏။ ကြီးသွားလိုက် သေးသွားလိုက်ဖြစ်နေပြီး လောကကြီးကို တုန်လှုပ်စေနိုင်သည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး စွမ်းအင်များလည်း လှည့်လှည်နေသည်။
ကြီးလာသည့်အချိန်တွင် ကျောက်ဆုံကျောက်အရွယ်အစားရှိပြီး သေးသွားသည့်အချိန်တွင်လည်း လိုင်ချီးသီးအရွယ်အစားသာရှိသည်။
ဤစွမ်းအင်ရင်းမြစ်ဖြင့် တိုက်ခိုက်၍မရပေ။ ဤစွမ်းအင်တစ်ကြောင်းကို သုံးလိုက်ရုံဖြင့်ပင် တောတောင်များပျက်စီးသွားလိမ့်မည်။
ဤစွမ်းအင်ငြိမ်ကျသွားသည့်အချိန်တွင်လည်း ဘာမှမရှိသကဲ့သို့ပင် ငြင်သာလှလေ၏။
ဤ ‘ထာဝရမျိုးစေ့’ ထဲတွင် ဘာရှိနေသည်ကို ရှီဟောင်မသိရသေးပေ။ ထာဝရတာအိုမျက်လုံးကို ကျင့်ကြံပြီးသွားပြီဖြစ်သော်လည်း သူဤပစ္စည်းထဲကို ဖောက်ထွင်းမမြင်နိုင်ပေ။
ချီသော်လင်းပြောသည်ကတော့ ဤထဲတွင် ထာဝရရွှေရှိနေနိုင်သည်ဟုပင်။ သို့သော်လည်း ထိုရွှေသည် ရုပ်လုံးမပေါ်သေးပဲ အဆင့်ဆင့်ပြောင်းလဲနေဆဲပင်။ ဟုတ်မဟုတ်ကတော့ မည်သူမှမသိပေ။
သို့သော် သူသေချာသိနေသည့်အရာတစ်ခုမှာတော့ ဤထဲတွင်ရှိနေသည့်အရာသည် ယခုမှ ပြိုင်ဘက်ကင်းရတနာအဖြစ်သို့ ပြောင်းလဲနေခြင်းဖြစ်ပြီး ဤသည်မှာ ထာဝရရွှေထက်ပင် ပို၍ အဖိုးတန်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းသည် ယခုအချိန်တွင် အရင်းအမြစ်စွမ်းအင်များ၏ ရစ်သိုင်းခြင်းခံနေရကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ချိတ်ဆက်ပြီး တာအိုအားလုံးဖြင့် အားဖြည့်ခြင်းခံနေရသည်။
ယခုအချိန်တွင် ဤပစ္စည်းသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး စွမ်းအင်အရင်းအမြစ်နှင့် တစ်သားတည်းဖြစ်သွားပြီဖြစ်သည်။