သုခကမ္ဘာက ရှီဟောင် - Chapter - 1104 ဖမ်းမိခြင်း
ရှီဟောင်သည် လောကကြီးကို မီးဖိုအဖြစ် အသုံးပြုပြီး ကောင်းကင်တာအိုကိုမီးတောက်အဖြစ် အသုံးပြုလိုခြင်းပင်။
ဤသတင်းသာ ပေါက်ကြားသွားလျှင် အားလုံး၏အမူအရာများ အေးခဲသွားကာ သူရူးသွားပြီဟု ထင်သွားကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ခက်ခဲလွန်းလှသောကြောင့်ပင်။
သူသည် သူ့ကိုယ်သူ ပြာမှုန့်ဖြစ်သွားအောင် လုပ်နေခြင်းပင်။
သို့သော်လည်း သူ၏ပထမဆုံးအဆင့်ကို သူအောင်မြင်ပြီးသွားလေပြီ။ အပြာရောင်ကျောက်လမ်းသုံးထောင်မှာ သူ၏ပထမဆုံးအဆင့်ပင်။
သူ၏အရှေ့တွင်ရှိနေသည့် ထာဝရမျိုးစေ့သည် ဆက်တိုက်ပင် ပြောင်းလဲနေလေ၏။ သူသည် တစ်လက်မထက်သေးသည့်အရွယ်အစားဖြစ်သွားလိုက် ကျန်းတစ်ဝက်ခန့်ပမာဏရှိလိုက်ဖြစ်နေသည်။ ဤသည်မှာ လူတစ်ယောက်ကို အံ့အားသင့်သည့် ခံစားချက်များ ပေးစွမ်းနိုင်လေသည်။
ရှီဟောင်သည် တိတ်ဆိတ်စွာဖြင့်ပင် လေ့လာနေပြီး သဘာဝဥပေဒသများ ထိုအစေ့ထဲသို့ စီးဆင်းသွားသည်ကို သူခံစားနေရသည်။ သေချာနားထောင်ကြည့်လိုက်လျှင် ကျမ်းစာရွတ်ဖတ်သံများကိုပင် ကြားရလိမ့်မည်ပင်။
“ဒါက ဥတစ်လုံးနဲ့ တကယ်တူတာပဲ”
ဤထာဝရမျိုးစေ့သည် မည်မျှပင် အရွယ်အစားပြောင်းလဲနေပါစေ ပုံစံမှာ ဘဲဥပုံစံသာ။ ဤအရာသည် ကောင်းကင်ဖီးနှစ်တစ်ကောင်ကောင်၏ဥများဖြစ်မလားဟု ရှီဟောင်ထင်ခဲ့သေးသည်။
သို့သော် ချီသော်လင်းသည် ခေါင်းခါလိုက်ကာ ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ ဖန်တီးပေးသည့် ထာဝရရတနာတစ်ခုသာဖြစ်ကြောင်း ပြောခဲ့သည်။
ရှီဟောင်မျက်လုံးမှိတ်လိုက်ကာ သေချာအာရုံစိုက်လိုက်သည်။ ဤဥတွင် တံဆိပ်မျိုးစုံပါဝင်နေပြီး ကျမ်းစာရွတ်ဖတ်သံမျိုးစုံကိုလည်း ကြားနေရသည်။ ဤဥဖြင့် တစ်ကမ္ဘာလုံးကို ချိတ်ဆက်၍ရနေသကဲ့သို့ပင်။
ထိုအချိန်တွင် သူသည် ဤလောကတွင်ရှိနေသည့် အရာအားလုံးကို မြင်လိုက်ရသည်။ ကောင်းကင်ထက်ရှိ ကြယ်များ၊ မြက်တစ်ပင်၊ သစ်ပင်တစ်ပင်၊ နတ်ငှက်တစ်ကောင်၊ လမ်းလျှောက်နေသည့်သားရဲ …
အားလုံး သူ့မျက်စိရှေ့တွင် ပေါ်လာလေ၏။
ကောင်းကင်နှင့်ကမ္ဘာမြေကြီးစွမ်းအင်အရင်းအမြစ်၊ ဥခွံနှင့် အရာအားလုံးမှာ လိုက်လျောညီထွေဖြစ်နေကြသည်။
ရှေးခေတ်ကတည်းက လူဘယ်နှယောက်လောက်များ ဤကဲ့သို့ ရှားပါးသည့်ပစ္စည်းတစ်ခု ဖန်တီးသည်ကို မြင်ဖူးသနည်း..
ဤသည်မှာ ထာဝရအစစ်များပင် မြင်နိုင်ရန်ခက်ခဲသည့် မြင်ကွင်းပင်။ အသက်ရှည်သည့်သူများသည် ထာဝရရွှေများကို မြင်နိုင်လိမ့်မည်ဖြစ်သော်လည်း ဤကဲ့သို့ အဆင့်လွန်ရတနာတစ်ခု ဖြစ်ပေါ်လာပုံကို ကြည့်ချင်တိုင်း မြင်နိုင်သည့်မြင်ကွင်းတစ်ခု မဟုတ်ပေ။
ရှီဟောင်သည် တာအိုများလေ့လာခြင်းတွင် နှစ်မြှုပ်ထားလိုက်သည်။ သူသည် အလောမကြီးပဲ တာအိုအားလုံးကို လေ့လာလိုက်သည်။
သူသည် တာအိုအားလုံးကို အသုံးပြုကာ သူ့ကိုယ်သူ ချက်ချင်း မလောင်ကျွမ်းစေပဲ ထိုတာအိုများနှင့် အရင်ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အပြာရောင်ကျောက်လမ်းသုံးထောင်ထက်ပို၍ ခက်ခဲမည်ဖြစ်သောကြောင့်ပင်။
အေးစက်ခြင်းနယ်မြေ၏ ရာသီဥတုမှာ အေးလွန်းလှသောကြောင့် တာအိုမီးတောက်များကိုပင် ငြိမ်းသတ်နိုင်သည်ဟု ပြောကြသည်။
အဘယ်ကြောင့်ဤကဲ့သို့ ပြောကြသည်ကို သူမသိသော်လည်း ဤသည်မှာ အပိုပြောနေခြင်းမဟုတ်သည်ကို သူသိသည်။
တာအိုအားလုံး သူ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းစေလိုက်လျှင် ဤနေရာသည် သူ၏အန္တရာယ်အနည်းငယ်ကို ချေဖျက်ပေးနိုင်လိမ့်မည်ဟု သူမျှော်လင့်သည်။
မည်သို့ပင်ဖြစ်စေ ဤနေရာတွင် ထာဝရတာအိုစွမ်းအင်လည်း ရှိနေသည်။
ရှီဟောင်သည် ရက်ပေါင်းများစွာအထိ မလှုပ်မယှက်သာ ထိုင်နေသည်။
ယုန်ဖြူလေးသည် အိပ်ပျော်နေသည့် လိပ်ပြာဧကရာဇ်နှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးတို့ကိုခေါ်ကာ တောတောင်များကြားတွင် လှည့်ပတ်သွားလာနေလေ၏။ သူမသည် လီပေါင်းများစွာကို စူးစမ်းလေ့လာပြီး နှင်းကြာပြန်ကိုလည်း ခူးကာ ထာဝရတာအိုအကြွင်းအကျန်များကိုလည်း ရှာဖွေလိုက်သည်။
…
အေးချမ်းသောလနယ်မြေ
ချင်းရိနှင့် ယွဲ့ချန်တို့ ထိပ်တိုက်တွေ့နေကြလေပြီ။ ဤသည်မှာ သူတို့နှစ်ဦးတိုက်ခိုက်သည့် လေးကြိမ်မြောက်ဖြစ်သော်လည်း အနိုင်အရှုံးမသဲကွဲသေးပေ။
အစိမ်းရောင်လမီးတောက်ပေါ်လာသည့်အချိန်တွင် ယွဲ့ချန်ထိတ်လန့်သွားကာ နယ်မြေပျက်စီးသင်္ကေတကို အသုံးပြုကာ ချက်ချင်းပင် ထွက်ပြေးသွားလေ၏။
ဒုတိယအကြိမ် တိုက်ခိုက်ကြသည့်အချိန်တွင် ယွဲ့ချန်၏ ဝိဉာဉ်စွမ်းအားလှိုင်းမှာ ချင်းရိနှင့်အတူတူပင်ဖြစ်နေပြီး လကျောက်စိမ်းမီးတောက်ကို ယုံကြည်ချက်အပြည့်ဖြင့် ရင်ဆိုင်နေနိုင်ပြီဖြစ်သည်။
ဒုတိယအကြိမ်တွင် သူမ ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း အစိမ်းရောင်လမီးတောက်မှာ အနည်းငယ်မျှပင် မထိခိုက်သွားပေ။
တတိယအကြိမ်တွေ့ဆုံသည့်အချိန်တွင် ချင်းရိသည် အစိမ်းရောင်လမီးတောက်ကို လျော့မသုံးတော့ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူမ၏မီးတောက်ကို တစ်ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်လာအောင်လုပ်နေသည်ကို သူမသိနေသောကြောင့်ပင်။
ယခုလေးကြိမ်မြောက်တွင်လည်း သူတို့ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။
ယခုအချိန်တွင် သူတို့၏ ပုံပန်းသွင်ပြင်အမှန် ပေါ်လာလေပြီ။ သူတို့နှစ်ဦးလုံးသည် အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားခြင်းဖြစ်ပြီး သူတို့ပြင်းထန်စွာတိုက်ခိုက်နေသော်လည်း အလှတရားမှာ ပျက်ယွင်းမသွားပေ။
သူတို့နှစ်ဦးလုံးသည် ရှည်လျားသွယ်လျကာ အပြစ်ရှာစရာပင် မရှိပေ။
သူတို့၏အနက်ရောင်ဆံနွယ်များလည်း လေထဲတွင် ပျံ့လွင့်နေသည်။ သူမတို့၏မျက်ခုံးများ တွန့်ကွေးနေကြကာ မျက်လုံးများတောက်ပလှပြီး နှုတ်ခမ်းများလည်း နီရဲတောက်ပနေသည်။
ပို၍အရေးကြီးသည်မှာ သူတို့နှစ်ဦးလုံးသည် တစ်ပုံစံတည်းဖြစ်နေသည်။ သူတို့၏ တိုက်ခိုက်ပုံမှာလည်း ထာဝရသက်ရှိများ ကခုန်နေကြသကဲ့သိုပင်။
ဝုန်း..
သို့သော်လည်း သူတို့၏ခွန်အားမှာမူ ကြောက်လန့်စရာကောင်းလွန်းလှသည်။ သူတို့၏လက်ကိုမြှောက်လိုက်သည်နှင့် တောင်ထပ်တစ်လုံးပြားချပ်သွားလေ၏။ လက်တစ်ချောင်လှုပ်လိုက်သည်နှင့် တောင်ကြောတစ်ခု ပျက်စီးသွားလေသည်။
“ချင်းရိ … နင်ကငါ .. ငါကနင်ပဲ .. နင်ဘာလို့အဲဒီလောက်တောင် ခေါင်းမာနေတာလဲ .. ငါနဲ့ပေါင်းလိုက် အဲဒါဆိုရင် ငါတို့အဲဒီအဆင့်ကို ချက်ချင်းကျင့်ကြံပြီးတော့ ထာဝရစွမ်းအင်တစ်ကြောင်းရအောင် လုပ်နိုင်ပြီ” ယွဲ့ချန် ပြောလိုက်သည်။
“နင်က အဓိကခန္ဓာကိုယ်လေ .. နင်က ဦးဆောင်တဲ့သူလုပ်ပြီးတော့ ငါ့ရဲ့စိတ်ထဲက အရာတွေ တော်တော်များများကို ဖျက်ဆီးပစ်ချင်နေတာလေ .. အဲဒါကို ငါကဘာလို့သဘောတူရမှာလဲ” ချင်းရိ ပြောလိုက်သည်။
“နင်က ဧည့်သည်ကနေ အိမ်ရှင်ဖြစ်ချင်နေတာလား” ယွဲ့ချန် အပြုံးနုလေးဖြင့် မေးလိုက်သည်။ သူမသည်ပြုံးနေသော်လည်း သူမအပြုံးမှာ ကြောက်စရာကောင်းနေသည်။
ချင်းရိ – “ငါက နင့်လောက်မလုပ်ရက်ပါဘူး..”
ယွဲ့ချန် – “ငါကခရီးတော်တော်ရောက်နေပြီ အဲဒီအဆင့်ကို လျှောက်ဖို့ပဲ ကျန်တော့တာ .. ငါတို့ပေါင်းစည်းဖို့ပဲ လိုတော့တာ .. ပေါင်းပြီးသွားတာနဲ့ ငါတို့ချက်ချင်း အောင်မြင်သွားမှာ”
ချင်းရိသည် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်ပြီး နတ်စွမ်းရည်ကို ပြသလိုက်လေ၏။
ယွဲ့ချန် – “နင်လည်း အတော်လေးထူးခြားတဲ့သူဆိုတာ ငါသိပါတယ် .. နတ်ဘုရား ချင်းယွဲ့ချန်ထားခဲ့တဲ့ ထာဝရမျိုးစေ့ကိုတောင်မှ နင်ရှာနိုင်တယ် .. ပြီးတော့ နင်နတ်မီးတောက်ကို အသက်သွင်းပြီးတာတောင်မှ အဲဒီမျိုးစေ့က ထွက်မသွားဘူးဆိုတော့ ဒါက ဘယ်လိုအခွင့်အရေးမျိုးကြီးလဲဆိုတာ သိသာပါတယ် .. ငါတို့နှစ်ယောက်သာပေါင်းလိုက်ရင် … ငါ့ရဲ့တာအိုနဲ့ နင့်ရဲ့လမ်းကြောင်းသာ ပူးပေါင်းလိုက်ရင် ထာဝရစွမ်းအင်တစ်ကြောင်းက ချက်ချင်းထွက်လာမှာ”
ချင်းရိ – “ဒါပေါ့ ငါတို့အခုချက်ချင်းပေါင်းလိုက်လို့ရတယ် .. နင့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကို လွတ်လိုက်ရင်ပေါ့”
ယွဲ့ချန် – “ချင်းရိ .. နင်ကကိုယ်ပွားပဲ .. နင့်တောင်းဆိုချက်က အရမ်းများလွန်းတယ် .. ဒါပေမဲ့ စိတ်မပူပါနဲ့ ငါတို့ပေါင်းပြီးသွားတာနဲ့ ငါတို့နှစ်ယောက်လုံး ဘယ်သူမှ ထိခိုက်မှာမဟုတ်ဘူး .. ”
“အဲဒါဆိုရင်လည်းကောင်းတာပေါ့ .. လာခဲ့ ငါနဲ့လာပေါင်းလိုက်တော့” ချင်းရိ ပြေးထွက်သွားလိုက်ကာ သူမ၏ အစိမ်းရောင်လမီးတောက်လည်း နောက်တစ်ကြိမ် တောက်ပစွာ ထွက်ပေါ်လာလေ၏။
ယွဲ့ချန်၏ မျက်ခုံးကြားမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။ ထိုအလင်းသည် အစိမ်းရောင်လမီးတောက်ကို ဆွဲငင်ယူဆောင်နိုင်ရန် ကြိုးစားနေလေ၏။
ဝုန်း..
သူတို့နှစ်ဦးလုံး လက်သီးများ ထုတ်သုံးလာကြသည်။ သူတို့ပါးစပ်ကသာ ပေါင်းစည်းမည်ဟု အော်ဟစ်နေသော်လည်း တစ်ယောက်ကိုတစ်ယောက် အညှာအတာမရှိ တိုက်ခိုက်နေကြလေသည်။
ယခုတစ်ကြိမ်တွင် နှစ်ဦးလုံး ဒဏ်ရာရသွားပြီး နောက်ဆုတ်သွားလိုက်ကြသည်။
တစ်ခဏနားပြီးသည့်နောက်တွင် သူတို့နှစ်ဦး နောက်တစ်ကြိမ် တိုက်ခိုက်ကြသည်။ သူတို့သည် မထင်မှတ်စွာဖြင့်ပင် ပေါင်းစည်းသွားကာ တစ်ယောက်တည်းဖြစ်သွားကြလေသည်။ အစိမ်းရောင်လမီးတောက်သည် ချက်ချင်းပင် တောက်ပလာကာ ထာဝရစွမ်းအင်တစ်ကြောင်းမှာ ချက်ချင်းပင် မှုန်ဝါးဝါးလေး ထွက်ပေါ်လာလေ၏။
“ချင်းရိ .. ငါတို့နှစ်ယောက်လုံးက ထူးခြားတဲပစ္စည်းတွေ ရထားကြတာ .. နတ်သမီးချင်းယွဲ့နဲ့ ငါတို့က ကံပါလာတာပဲ”
ဝုန်း..
သို့သော် တစ်ခဏခန့် တုန်ယင်သွားသည့်နောက်တွင် သူတို့နှစ်ဦး နောက်တစ်ကြိမ် ပြန်ကွဲသွားကာ နှစ်ဦးလုံး သွေးအန်သွားကြလေသည်။
“နင်က ငါ့ရဲ့တံဆိပ်ကို ဖျက်ဆီးပစ်ချင်တာလား” ချင်းရိ၏ လှပသည့်မျက်လုံးမှ အေးစက်သည့်လျှပ်စီးများ ထွက်ပေါ်လာလေ၏။
ယွဲ့ချန် – “နင်နားလည်မှုလွဲနေပြီ .. ငါတို့ ငါတို့နှစ်ယောက်ကြားက မလိုအပ်တဲ့မှတ်ဉာဏ်တစ်ချို့ကို ရှင်းပစ်ချင်ယုံပါ .. နင်လည်း ငါ့ရဲ့တံဆိပ်ကို ဖျက်ဆီးပစ်ချင်နေတာပဲ မဟုတ်ဘူးလား”
ယခုတစ်ကြိမ်တွင် နှစ်ဦးလုံးနောက်ဆုတ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရရှိသွားသည့် ဒဏ်ရာများမှာ မသေးလှပေ။
…
အေးစက်ခြင်းနယ်မြေ..
“ဒီကောင်က လုံးဝကိုမလှုပ်ပဲနဲ့ အရူးလိုပဲ ဒီမှာထိုင်နေတော့မှာလား” ယုန်ဖြူလေးသည် တောင်ကြောအလယ်ရှိ နှင်းဖုံးလွှမ်းသည့်တောင်ထိပ်တွင်ထိုင်နေသည့်ရှီဟောင်ကို ကြည့်ပြီး ပြောလိုက်သည်။
ယုန်ဖြူလေးနှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးတို့သည် ဤရက်များအတွင်းတွင် ထာဝရရတနာများရှာထွက်ခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရပေ။
ဝုန်း..
ရုတ်တရက်ပင် နှင်းတောင်ထိပ်မှ မီးတောက်များတစ်ခုပြီးတစ်ခု ပေါ်လာလေ၏။ အချို့မီးတောက်များမှာ လေဟာနယ်ထဲမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အချို့မှာ ကောင်းကင်ထက်မှ လာခြင်းပင်။ ထိုမီးတောက်များသည် ဤနေရာတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားလေ၏။
သဘာဝဥပဒေသများနှင့် နတ်ခွန်အားများပါဝင်နေသည့် ရေခဲနှင့်နှင်းများသည် ချက်ချင်းပင် အရည်ပျော်သွားကာ ထိုနှင်းတောင်သည် ချော်ရည်ကန်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
“ဘုရားရေ.. တာအိုဥပဒေသတွေ အများကြီးပဲ .. ကောင်းကင်က သဘာဝဥပဒေသတွေအားလုံး ပေါ်လာတာလား” ယုန်ဖြူလေး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ရက်စက်လွန်းတယ် .. မင်းအသက်ကို မစွန့်လွှတ်သေးပါနဲ့ဦး…” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
“ဟမ် .. ထူးဆန်းလိုက်တာ .. ရေခဲနဲ့နှင်းတွေ ပြန်ပေါ်လာပြီ .. အဲဒီတောင်လည်း တောက်ပလာပြီ .. အဲဒီမှာ ထာဝရတာအိုစွမ်းအင်လည်းရှိနေတယ်” ယုန်ဖြူလေး၏မျက်လုံးများ ပြူးကျယ်သွားရသည်။ ထိုတောင်မှာ နောက်တစ်ကြိမ် ပြန်လည်အေးခဲသွားလေပြီ။
သူမသည် တစ်ခုခုကို စဉ်းစားမိသွားကာ “ငါတို့ချမ်းသာပြီ .. ထာဝရဖြစ်တော့မယ့်ကောင်က တစ်ခုခုချန်ထားခဲ့တယ်”
ထိုနှင်းတောင်ထိပ်တွင် မီးတောက်များ ပို၍ပြင်းထန်စွာ လောင်ကျွမ်းလာလေ၏။ အဝေးကနေလျှင်ပင် ထိုမီးတောက်မှာ ပူပြင်းလှပြီး တာအို၊ အရိုးများနှင့် နတ်ခွန်အားများကို အရည်ဖျော်ပစ်နိုင်လေသည်။
ဤသည်မှာ ယုန်ဖြူလေးနှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို ထိတ်လန့်သွားစေသည်။ ဤသည်မှာ မည်ကဲ့သို့သော စွမ်းအားဖြစ်သနည်း…
သို့သော်လည်း ထိုနှင်းတောင်မှာ ထူးဆန်းလွန်းလှသည်။ သူသည် သင်္ကေတများကို ထုတ်လွှတ်နေပြီး နှင်းနှင့်ရေခဲများလည်း ချက်ချင်းထွက်ပေါ်လာလေသည်။
ယုန်ဖြူလေးနှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးတို့သည် သူတို့၏ ထာဝရရတနာရှာပုံတော်ဖွင့်နေခြင်းကို မေ့သွားပြီး တောင်ထိပ်တွင်ထိုင်နေသည့် ရှီဟောင်ကိုသာ ဆွံ့အစွာ ကြည့်နေလေသည်။
“သောက်ခွေးပဲ .. စွမ်းအားကြီးလိုက်တာ..”
ဤမီးတောက်သည် သုံးရက်လုံး လောင်ကျွမ်းနေလေ၏။ ထိုမီး တောက်လောင်နေသည့် အတောအတွင်းတွင် တာအိုသံမျိုးစုံထွက်ပေါ်လာလေ၏။ ဤသည်မှာ ကောင်းကင်ထာဝရသက်ရှိများနှင့် နတ်ဆိုးများ ကျမ်းစာများ ရွတ်ဖတ်နေသကဲ့သို့ပင်။
“ဟမ် .. အစ်မကြီးချင်းရိ လာပြီလား” ယုန်ဖြူလေး ထိတ်လန့်သွားရသည်။ အဖြူရောင်အဝတ်အစားနှင့် ချင်းရိဆင်းသက်လာသည်ကို သူမတွေ့လိုက်ရသည်။
“သူအောင်မြင်သွားပြီလား .. ဒီလိုမျိုးထူးဆန်းတဲ့မြင်ကွင်းလည်း ရှိသေးတာလား… ဒါကတကယ်ကို လန့်ဖို့ကောင်းတာပဲ”ရေခဲနတ်သမီးထံမှ အံ့အားသင့်သည့်အမူအရာများ ထွက်ပေါ်လာလေသည်။
“လုပ်နေတုန်းပဲ .. ဟုတ်သားပဲ အစ်မကြီးချင်းရိ .. အစ်မက အစ်မရဲ့မူလခန္ဓာကိုယ်ကို သွားရှာတာမလား .. သူ့ကိုဖိနှိပ်နိုင်ပြီလား” ယုန်ဖြူလေး မေးလိုက်သည်။
“ငါဒဏ်ရာရလာတယ် .. သူက ရင်ဆိုင်ဖို့ တော်တော်ခက်ခဲတဲ့လူ” ချင်းရိခေါင်းခါလိုက်ကာ သူမ၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေလေ၏။
“အာ.. အစ်မအဆင်ပြေရဲ့လား” ယုန်ဖြူလေး ထိတ်လန့်သွားကာ သူမစားရန်အတွက် မြင့်မြတ်ဆေးပင်တစ်ပင်ကို ချက်ချင်းထုတ်ပေးလိုက်သည်။
“စိတ်မပူပါနဲ့ .. ခဏလောက်နားလိုက်တာနဲ့ အဆင်ပြေသွားမှာပါ” ထို့နောက်တွင် သူမသည် ယုန်ဖြူလေးအား ဤနေရာ၏ အခြေအနေများကိုမေးလိုက်သည်။ ဘာဖြစ်နေသည်ကို သိသွားသည့်အချိန်တွင် သူမသည် ချက်ချင်းပင် ထိတ်လန့်သွားကာ “ထာဝရသက်ရှိဖြစ်တော့မယ်လူ .. ဒီနေရာမှာ ပြိုင်ဘက်ကင်းနဲ့နတ်ရတနာရှိနေတာလား”
“ဟုတ်တယ်” ယုန်ဖြူလေးသည် အဖြစ်အပျက်များကို သေချာပြောပြလိုက်လေသည်။
“အဲဒါဆိုရင်လည်း နင်တို့ ထာဝရရတနာတွေကို ရှာလိုက်ကြဦးလေ .. အဲဒါက မြေကြီးအောက်မှာ သေချာပေါက် မြှုပ်ထားလောက်တယ် … ငါ့ဒဏ်ရာတွေကိုကုရင်းနဲ့ ဒီနေရာကို စောင့်နေလိုက်မယ် .. ပြောလို့မရဘူး ငါလည်းရှီဟောင်ရဲ့ကျင့်ကြံခြင်းကနေ တစ်ခုခုရရင်ရမှာပေါ့” ချင်းရိ ပြောလိုက်သည်။
“အိုကေ…” ယုန်ဖြူလေးသည် အစောကြီးတကည်းက သွားရှာချင်နေခြင်းပင်။ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဘာမှမပြောပဲ မြေကြီးထဲသို့ ဝင်သွားလိုက်လေသည်။
တောင်ထိပ်တွင်ထိုင်နေသည့်ပုံရိပ်သည် လဲကျသွားကာ အဆုံးမရှိသည့် မီးတောက်များလည်း ပျောက်ကွယ်သွားသည်။ ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံး မည်းတူးနေပြီး ဒဏ်ရာများလည်း ပြင်းထန်လှသည်။
ကောင်းကင်ကို တာအိုမီးတောက်အဖြစ် အသုံးပြုခြင်းဖြစ်သောကြောင့် ဤသည်မှာ ဘယ်လိုလုပ် လွယ်ကူမည်နည်း .. ယခုအချိန်တွင် သူသည် အလွန်စွမ်းအားကြီးနေပြီဖြစ်ပြီး ထာဝရစွမ်းအင်တစ်ကြောင်း ရထားပြီးသားဖြစ်သော်လည်း သေမလိုပင်…
ဤလမ်းမှာ ခက်ခဲလွန်းလှသည်။
ရှီဟောင်သည် အလွန်ပင် အားနည်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသည်။ သူသည်ခက်ခဲစွာဖြင့်ပင် ထထိုင်လိုက်လေ၏။ ယခုတစ်ကြိမ်မှာ ဆိုးရွားလွန်းလှသည်။ သူ၏ခန္ဓာကိုယ်နှင့်တာအိုပျက်စီးတော့မလိုပင်။ ကံကောင်းစွာဖြင့်ပင် အရေးကြီးသည့်အချိန်တွင် သူတောင့်ခံထားနိုင်ခဲ့သည်။
“ခက်ခဲလိုက်ကာ” သူသက်ပြင်းချလိုက်သည်။ ဒုတိယမြောက် ထာဝရစွမ်းအင်ကြောင်း ပေါ်လာရန်မှာ ကောင်းကင်ဘုံတက်သည်ထက်ပင် ပိုခက်သေးသည်။
ရွှီးဟူသည့်အသံနှင့်တူ အဖြူရောင်အလင်းတန်းတစ်ခု သူ့ရှေ့သို့ ရောက်လာလေသည်။ လှပလှသည့် ပုံရိပ်တစ်ခုသည် နှင်းတောင်ထိပ်ပေါ်သို့ ရောက်ရှိလာလေသည်။
“ချင်းရိ .. နင်ဘာလို့ရောက်လာတာလဲ .. မင်းကိစ္စတွေ ရှင်းပြီးသွားပြီလား” ရှီဟောင်မေးလိုက်၏။
“မပြီးသေးဘူး .. ငါဒဏ်ရာရထားလို့ ခဏနားဖို့လိုတယ်” ချင်းရိ ခေါင်းခါလိုက်ကာ သူ၏အခြေအနေကို အလေးအနက် မေးနေလေ၏။
“နည်းနည်းပြဿနာရှိနေတယ် .. ငါရက်နည်းနည်းလောက် နားရဦးမယ်” ရှီဟောင်သက်ပြင်းချကာ ပြောလိုက်သည်။
သူ၏လက်ရှိခွန်အားနှင့် စွမ်းအားအရဆိုလျှင် ဒဏ်ရာပြင်းထန်လျှင်ပင် တစ်ရက်နှစ်ရက် အနားယူလိုက်သည်နှင့် ပျောက်ကင်းသွားနိုင်သည်။
သို့သော်လည်း ယခုအချိန်တွင် သူသည် အမှန်တကယ်ပင် ရက်ပေါင်းများစွာ အနားယူဖို့ လိုအပ်နေသောကြောင့် သူ၏ဒဏ်ရာမည်မျှပြင်းထန်သည်ကို စဉ်းစားကြည့်နိုင်သည်။
“ထာဝရစွမ်းအင်တစ်ကြောင်းရထားပြီးတာတောင်မှ နင်က ဒဏ်ရာရနေတုန်းပဲလား” ချင်းရိထိတ်လန့်သွားလေသည်။
ထို့အပြင် သူမသည် ရှီဟောင်အနားသို့လျှောက်လာကာ သူ၏လက်မောင်းကို ကိုင်ပြီး သက်ပြင်းချလိုက်ကာ “နင်တကယ် ရက်နည်းနည်းလောက် အနားယူဖို့ လိုနေတယ်”
“အမ်… “ရှီဟောင် ရုတ်တရက်ပင် ထိတ်လန့်တကြားဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမလှုပ်ရှားနိုင်တော့သည်ကို သတိပြုမိလိုက်သောကြောင့်ပင်။
ချင်းရိသည် သူ၏ဒဏ်ရာရနေသည့်ခန္ဓာကိုယ်ကို ချိတ်ပိတ်လိုက်သောကြောင့်ပင်။
ဖုန်း..
ထို့အပြင် သူမသည် တံဆိပ်များကို တစ်ခုပြီးတစ်ခု ပြုလုပ်လိုက်ကာ ရှီဟောင်၏ အသွေးအသားနှင့် ဝိဉာဉ်ထိပင် ထိန်းချုပ်လိုက်လေ၏။
“မင်း..” ရှီဟောင် သူမကို စိုက်ကြည့်လိုက်သည်၊။
ချင်းရိသည် ငြိမ်းချမ်းလှပစွာပင် ပြုံးပြနေလေသည်။ ထို့နောက်တွင် သူမသည် ရှီဟောင်ကိုမလိုက်ကာ ကောင်းကင်ထက်သို့ပျံသန်းသွားလေ၏။