သုခကမ္ဘာက ရှီဟောင် - Chapter - 1105 နတ်သမီး အကျဉ်းသား
အေးစက်ခြင်းနယ်ပယ် .. အရိုးများကွဲအောင် အေးစက်နေသည့်နေရာတစ်ခု..
အလယ်ပိုင်းတွင် နှင်းများကျနေသော်လည်း နယ်ခြားစပ်တွင်မူ နှင်းများကျမနေပေ။ သို့သော်လည်း ထိုနေရာလည်း အေးစက်ခြောက်သွေ့နေလေ၏။ ဤကဲ့သို့သော အခြေအနေမျိုးပင်လျှင် အပင်အနည်းငယ် ရှိနေလေ၏။
တောင်များမှာလည်း တစ်တောင်နှင့်တစ်တောင်ဆင့်နေလေ၏
တောင်များတွင်လည်း အပင်အနည်းငယ်ရှိနေလေ၏။ သို့သော်လည်း ထိုအပင်များမှာ ထူးဆန်းလွန်းလှပြီး အချို့တောင်ထိပ်များမှာ ဖြူဖွေးနေပြီး နှင်းမက်မွန်ပင်များလည်းရှိနေသည်။ အဖြူရောင်ပွင့်ဖတ်များ ကြွေဆင်းနေပြီး မွှေးရနံ့လည်း လေထဲတွင်ကြိုင်သင်းနေလေသည်။
ရွှေရောင်ဖုံးလွှမ်းနေသည့် တောင်ထိပ်များလည်းရှိနေပြီး ထိုတောင်ထိပ်များတွင် ရွှေရောင်ကျောက်ပန်းပင်များရှိနေလေသည်။
ခပ်ဝေးဝေးမှကြည့်မည်ဆိုလျှင် ဤတောင်ကြောသည် အရောင်အသွေးစုံလင်လှသည့် အပင်များကြောင့် ထူးဆန်းကာ လှပလှသည့် မြင်ကွင်းတစ်မျိုးကို ဖြစ်ပေါ်စေလေသည်။
ရှီး..
နှင်းထက်ပင်ဖြူဖွေးသည့် အလှလေးတစ်ယောက်ပေါ်လာလေ၏။
သူမ၏လက်ထဲတွင် ယောက်ျားလေးတစ်ယောက်ပါလာပြီး ထိုသူမှာ ရှီဟောင်ပင်။ သူမသည် ကျယ်ပြောလှသည့် တောင်ကြောထဲသို့ ဝင်ရောက်သွားလေ၏။
သူမ၏ခြေထောက်များသည် မြေပြင်နှင့်မထိပဲ မက်မွန်ပွင့်များ၊ ရွှေရောင်ကျောက်ပန်းပင်များ၏ အရွက်များပေါ်တွင် ကခုန်နေလေသည်။
နောက်ဆုံးတွင် သူမသည် ကြီးမားလှသည့်တောင်တစ်တောင်၏အောက်ခြေသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ယခင်မျိုးဆက်ကျင့်ကြံသူမှ ချန်ရစ်ထားသည့် လှိုဏ်ဂူတစ်ခုရှိနေလေ၏။
အချိန်များစွာ ကုန်လွန်သွားပြီဖြစ်သောကြောင့် ဤလှိုဏ်ဂူတွင်ရှိနေသည့် အစီအရင်များ ပျက်စီးသွားပြီဖြစ်သည်။
လှိုဏ်ဂူမှာ အလွန်ပင်သန့်ရှင်းလှပြီး သပ်သပ်ရပ်ရပ်ရှိသည်။ ဤနေရာတွင် ကျောက်ကုတင်တစ်လုံးရှိနေသည်။ တိတ်ဆိတ်သည့်အခန်းတစ်ခုဖြစ်သောကြောင့် ကျင့်ကြံရန် ကောင်းမွန်သည့်နေရာတစ်ခုပင်။ ဤနေရာတွင် ဝိဉာဉ်စွမ်းအင်များလည်း များပြားလှသည်။
အဝတ်ဖြူနှင့်အလှလေးသည် အင်္ကျီလက်ကို လွှဲရမ်းလိုက်ကာ ဖုန်ရှင်းသည့်ပညာကို အသုံးပြုလိုက်ကာ ဤနေရာကို ပို၍တောက်ပစေလိုက်သည်။
အမှန်တကယ်တွင် ဤနေရာသည် အမြဲတမ်းအေးစက်နေပြီး ကောင်းကင်များလည်း နှင်းများကျဆင်းနေသောကြောင့် ဖုန်များမှာ မရှိသလောက်ပင်။
အဝတ်ဖြူနှင့်နတ်သမီးသည် ရှီဟောင်ကို ဘေးဘက်သို့ ပစ်လိုက်လေ၏။
ဖုန်း..
ရှီဟောင်မျက်မှောင်ကြုတ်သွားရသည်။ တစ်ခြားသူသာဆိုလျှင် သူတို့၏အရိုးများကျိုးသွားလောက်လေပြီ။ ဤသည်မှာ နတ်ဘုရားတစ်ယောက်၏အားပင်။
“ယွဲ့ချန် .. ငါမင်းကို အထင်သေးမိသွားတာပဲ” ရှီဟောင် သက်ပြင်းချလိုက်သည်။
ဝတ်စုံဖြူနှင့် အမျိုးသမီးမှ ရယ်မောလိုက်သည်။
“ငါတို့မတွေ့တာကြာပြီ .. ရှင့်ရဲ့ ပုံစံက အရင်ကထက် ပိုကောင်းသွားပြီပဲ” ယွဲ့ချန်၏အပြုံးများမှာ အေးချမ်းစွာလှသည်။
“ချင်းရိ ဘယ်မှာလဲ … မင်းရဲ့ရက်စက်နဲ့နည်းလမ်းတွေကို ခံစားလိုက်ရတာလား” ရှီဟောင်မေးလိုက်သည်။
“ယွဲ့ချန်က ချင်းရိပဲလေ .. ကျွန်မတို့နှစ်ယောက်က အစကတည်းက တစ်ယောက်တည်းပဲလေ ..ဘာတွေများကွာခြားနေလို့လဲ” ယွဲ့ချန်အပြုံးလေးဖြင့်ပင် မေးလိုက်သည်။
ရှီဟောင် – “အနည်းဆုံးတော့ ချင်းရိက ဒီလိုမျိုးချောင်းမတိုက်ဘူးလေ”
ယွဲ့ချန် – “ချင်းရိက ကျရှုံးသွားပြီ .. ကျွန်မနဲ့ကွဲနေတဲ့နှစ်အနည်းငယ်အတွင်းမှာ သူ့ရဲ့သန့်စင်တဲ့နှလုံးသားက အရောင်တွေစွန်းထင်းသွားပြီ .. ကျွန်မက သူ့ကို သလင်းကျောက်လိုမျိုး ပြန်ပြီးတော့ကြည်လင်လာအောင် လုပ်ပေးမှာ”
“အစ်ကိုရှီ … ရှင့်ကိုယ်ရှင် ဒုက္ခမပေးရင် အကောင်းဆုံးပဲ .. ရှင် သေချာလေး ကောင်းကောင်းနားလိုက်ရင် အကောင်းဆုံးပဲ”
သူမ ပြောနေရင်းဖြင့်ပင် သင်္ကေတချိန်းကြိုးများ ရှီဟောင်၏ခန္ဓာကိုယ်ထဲသို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာလေသည်။
အမှန်တကယ်တွင် နှင်းတောင်မှာကတည်းက သူမရှီဟောင်အားချိတ်ပိတ်ပြီးသွားပြီဖြစ်သော်လည်း ယခု နောက်ထပ် ထပ်ပိတ်ကာ သူ့အား ကျုံးကျီဖြစ်အောင် လုပ်နေခြင်းပင်။
[AN: ကျုံးကျီ – အရွက်တွေနဲ့ပတ်ထားတဲ့ တရုတ်ထမင်း]
အမှန်တကယ်တွင် သူမသည် မူလဝိဉာဉ်ကို အဓိကထားခြင်းပင်။ သူမသည် နတ်နန်းဂိုဏ်းမှစွမ်းအားအကြီးဆုံးပညာကိုပင် အသုံးပြုလိုက်ကာ ချိတ်ပိတ်လိုက်လေ၏။
“ဒါက ၃၆ခုမြောက်ပဲ .. မင်း အရမ်းဂရုစိုက်လွန်းနေတာ မဟုတ်ဘူးလား” ရှီဟောင်သည် အေးစက်နေသည့် နံရံကြီးကို ထိထားပြီး တစ်လက်မမျှပင် မလှုပ်ပေ။
“နောက်ဆုံးအဆင့်ကို တက်ပြီးသွားတဲ့သူ .. ရှေးဟောင်းဘိုးဘေးတွေကိုကျော်ပြီးတော့ ထာဝရစွမ်းအင်တစ်ကြောင်းကို ကျင့်ကြံနိုင်တဲ့သူ .. ကျွန်မရှင့်ကို တကယ်ကိုလေးစားပါတယ် .. အဲဒါကြောင့်မို့လို့ ရှင့်ကို အထူးဂရုစိုက်ပေးနေတာပါ” သူမသည် ပန်းပွင့်များ ဖူးပွင့်လာသကဲ့သို့ပင် ပြုံးလိုက်သည်။
“ငါနည်းနည်းရှုပ်နေတယ် .. မင်းရဲ့ဝိဉာဉ်က ဘယ်လိုလုပ် ချင်းရိနဲ့ တစ်ထပ်တည်းတူနေတာလဲ” ရှီဟောင်မေးလိုက်၏။
သူတို့သည် တစ်ယောက်တည်းဆိုလျှင်ပင် ကွာခြားမှုအနည်းငယ် ရှိနေသေးသည်။ ရှီဟောင်သည် ယခင်က မူလခန္ဓာကိုယ်ကို ထိခဲ့ဖူးပြီး ချင်းရိနှင့်လည်း ရင်းနှီးနေသောကြောင့် သူမကို အနည်းငယ် နားလည်သည်။
မူလခန္ဓာကိုယ်တွင် ကွာခြားချက်အနည်းငယ်ရှိနေပြီး ဝိဉာဉ်ခွန်အားကို အသုံးပြုလိုက်သည်နှင့် ထိုကွာခြားချက်ကို သတိပြုမိသွားမည်သာ။ အားလုံး၏ ဝိဉာဉ်စွမ်းအားမှာ မတူညီကြပေ။
“နတ်နန်းဂိုဏ်းဆိုတာ ရှေးခေတ်ကတည်းက ရှိလာတာ .. ရှင်ထင်သလောက်မရိုးရှင်းဘူး .. ကျွန်မတို့ဆီမှာ လျှို့ဝှက်ရတနာတစ်ချို့ရှိတာလည်း အံ့အားသင့်စရာတော့ မဟုတ်ပါဘူး”
ယွဲ့ချန်သည် ငြင်သာစွာပင် ပြုံးလိုက်ကာ အိုးလေးထဲတွင် ထည့်မြှုပ်ထားသည့် အပြာရောင်သလင်းကျောက်ကို ထုတ်ယူလိုက်သည်။ ဤကဲ့သို့သော ပစ္စည်းမှာ ဝိဉာဉ်စွမ်းအင်လှိုင်းများကို အတုခိုးနိုင်လေသည်။
“ထင်ထားတဲ့အတိုင်း အံ့အားသင့်စရာကောင်းတဲ့ ရတနာရှိနေတာပဲ” ရှီဟောင်၏မျက်လုံးများ တောက်ပသွားသည်။
“ရှင်သိတာ နောက်ကျသွားပြီ..” ယွဲ့ချန်သည် ပြောနေရင်းဖြင့်ပင် သူမ၏သွယ်လျသည့်ခြေထောက်ကို ထုတ်လိုက်ကာ ရှီဟောင်၏ခန္ဓာကိုယ်ကို ကန်ထုတ်လိုက်လေ၏။ သူသည် ဖုန်းခနဲပင် နံရံနှင့် ဆောင့်မိသွားလေ၏။
“နတ်နန်းဂိုဏ်းက နတ်သမီးတွေက အရမ်းကို မြင့်မြတ်ပြီးတော့ သန့်စင်တယ်မဟုတ်ဘူးလား .. မင်းက ဘာလို့ဒီလောက်တောင် ကြမ်းတမ်းနေရတာလဲ” ရှီဟောင်ပြောလိုက်၏။
“နတ်သမီးတွေလည်း ဒေါသထွက်တတ်တယ်” ယွဲ့ချန်သည် ကျက်သရေရှိစွာဖြင့်ပင် တစ်လှမ်းချင်းလျှောက်လှမ်းလာလေ၏။ သူမသည်ရှီဟောင်ကို ငုံ့ကြည့်လိုက်ကာ “ကျွန်မရဲ့ ကိုယ်ပွားကို ဖမ်းပြီးတော့ ခန္ဓာကိုယ်အစစ်ကို ဒဏ်ရာရအောင်လုပ်တယ် .. အမြဲတမ်း ပေါက်ကရတွေ လျှောက်ပြောတယ် .. ဒီလောက်လေးနဲ့ကတော့ ကျေအေးပေးလို့ မရသေးဘူးလေ ဟုတ်တယ်မလား”
ဒုန်း..
သူမ၏လက်မောင်းကို လွှဲရမ်းလိုက်သည့်အချိန်တွင် ရှီဟောင်သည် ဂူ၏အခြားတစ်ဖက်သို့ လွင့်ထွက်သွားကာ ဂူနံရံတွင် လူပုံစံချိုင့်ခွက်ကြီး ကျန်ခဲ့လေ၏။
ရှီဟောင်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ ထို့နောက်တွင် တစ်ဖက်လူသည် သူ့အားနောက်တစ်ကြိမ်ငုံ့ကြည့်လိုက်ကာ သူမ၏ခြေထောက်ဖြင့် ထပ်ကန်လိုက်လေ၏။
သူသည် သူ၏တာအိုကျင့်ကြံခြင်းမှ ဒဏ်ရာရထားပြီး သူ၏ခန္ဓာကိုယ်နှင့် တာအိုများမှာ တာအိုမီးတောက်များကြောင့် ပျောက်ကွယ်မလိုထိ ဖြစ်ခဲ့သည်။ ယခုအချိန်တွင် ဒဏ်ရာပေါ် ဒဏ်ရာဆင့်သွားသောကြောင့် သူ၏အခြေအနေမှာ အတော်လေး ဆိုးဝါးနေလေပြီ။
“မင်းနည်းနည်းလောက် ငြင်သာပေးလို့မရဘူးလား .. ဘာပဲဖြစ်ဖြစ် ငါတို့က ကောင်းကင်နဲ့မြေကြီးကို အရိုအသေပေးပြီးတော့ မင်္ဂလာခန်းထဲလဲ ဝင်ပြီးသွားပြီလေ” ရှီဟောင် ကျောက်နံရံကို မှီ၍ ပြောလိုက်သည်။
“အဲဒီလိုလား .. အဲဒါဆိုရင်လည်း နည်းနည်းလေး ငြင်သာပေးပါ့မယ်” ယွဲ့ချန် တည်ငြိမ်စွာပင် ပြောလိုက်သည်။ ထို့နောက်တွင် သူမ၏လက်ညှိုးမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရှီဟောင်၏မျက်ခုံးကြားထဲသို့ ဝင်ရောက်သွားလေသည်။ ထိုအလင်းသည် နူးညံ့သည်ဟု ထင်ရသော်လည်း နာကျင်မှုမှာ သည်းမခံနိုင်လောက်ပင်။ ဤသည်မှာ မူလဝိဉာဉ်ကို ထိခိုက်အောင် လုပ်နေခြင်းပင်။
“တော်တော့ .. ငါတို့ မင်္ဂလာခန်းထဲ ဝင်ခဲ့တယ်ဆိုပေမယ့် စိတ်ခံစားချက်နဲ့ဆိုင်တဲ့ အပြုအမူတွေကိုတော့ ထုံးတမ်းစဉ်လာနဲ့အညီ ရပ်တန့်ခဲ့တယ် … အဲဒါက အရမ်းကို ဖြူစင်ပါတယ် … အထင်မလွဲပါနဲ့” ရှီဟောင်အော်ပြောလိုက်သည်။
“နားလည်မှုလွဲတယ် … ဟား ဟား ” သူမ၏အပြုံးမှာလှပသော်လည်း နတ်ဆိုးများကပ်ညှိနေသလိုပင်။
ဖုန်း..
ရှီဟောင် နောက်တစ်ကြိမ်လွင့်ထွက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ သွေးချင်းချင်းနီရဲသွားသည်။
“ငါတို့ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်းဆက်ဆံလိုက်တော့ မင်းစိတ်ပြေသွားရောလား .. မင်းမေ့သွားပြီလား .. အဆင့်နိမ့်နယ်မြေမှာတုန်းက ငါ့ရဲ့ ပြန်လည်ဝင်စားခြင်းပညာကြောင့် မင်းကလေးမလေးအရွယ်ဖြစ်သွားတုန်းက ငါမင်းကို ဖမ်းပြီးတော့ မင်းဖင်ကို ရိုက်ခဲ့သေးတယ်လေ .. ”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ယွဲ့ချန်၏ မျက်နှာနီရဲသွားကာ သူမ၏မျက်လုံးများ တောက်ပလာလေ၏။ သို့သော်လည်း သူမမျက်နှာထက်ရှိ အပြုံးများမှာမူ မှေးမှိန်မသွားပေ။ သို့သော်လည်း သူမသည် ရှီဟောင်ကို ကောက်မလိုက်လေ၏။
“ရှင်က အရင်တုန်းက ကိစ္စတွေကို ပြန်ပြောရဲသေးတယ်ပေါ့ .. ရှင် မပြောရင် ကျွန်မတောင်မေ့နေပြီ”
ထို့နောက် ဖုန်းဟူသည့်အသံနှင့်အတူ ရှီဟောင်ကို မြေပြင်ပေါ်သို့ပစ်ပေါက်လိုက်လေ၏။ ထို့နောက်တွင်ရှီဟောင်ပေါ်သို့ တက်နင်းလိုက်လေသည်။ သူမ၏ခြေထောက်မှာ သိပ်မကြီးသော်လည်း နတ်စွမ်းရည်များကို အသုံးပြုလိုက်သည့်အချိန်တွင် သူမသည် တောင်တစ်လုံးကဲ့သို့ပင် လေးလံသွားရသည်။
ရှီဟောင်၏ ကျောရိုးများမှာ တဂျွတ်ဂျွတ်ပင် မြည်နေလေပြီ။
ဖုန်း..
ထို့နောက်တွင် ထိုလှပသည့်ခြေထောက်ဖြင့် နောက်တစ်ကြိမ် အကန်ခံလိုက်ရလေသည်။
“ငါမင်းကို သတိမပေးရင် ငါတို့တွေက ဘယ်လိုလုပ် တစ်ယောက်ကိုတစ်ယောက် စွဲစွဲမြဲမြဲမှတ်မိနေနိုင်မှာလဲ .. ဘာပဲဖြစ်ဖြစ် မင်းနဲ့မင်္ဂလာခန်းဝင်ဖူးတဲ့သူ၊ မင်းတင်ပါးကို ရိုက်ဖူးတဲ့သူရှိတယ် .. ဒီလိုမျိုးအရာတွေကို အမြဲတမ်း စိတ်ထဲ နှလုံးထဲမှာ စွဲမြဲအောင် မှတ်မိနေသင့်တယ် .. မင်းတစ်ဘဝလုံး ဒါကို မေ့လို့မရဘူး” ရှီဟောင် ပြောလိုက်၏။
ယွဲ့ချန်၏ အကြည့်များမှာ ပို၍ပင် နက်ရှိုင်းလာကာ သူမသည်အေးစက်စွာပင် ရယ်မောလိုက်ကာ “ကောင်းတယ် .. ရှင်က အခုထိ နှုတ်သီးကောင်းနေတုန်းပဲပေါ့ ဟမ်… ရှင့်ရဲ့နှုတ်သီးကောင်းလျှာပါးအတွက် ရှင်သေချာပေါက် နောင်တရအောင် လုပ်ပေးမယ်”
“ငါက အစောကြီးကတည်းက နောင်တရနေတာပါ .. မိုးကောင်းကင်ကြီးသာ ငါ့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးရင် မင်္ဂလာခန်းကနေ စရအောင်”
ရှီဟောင်သည်စိတ်ရှုပ်နေသည့်အမူအရာဖြင့်ပင် ဆက်ပြောလိုက်သည်။
“အဲဒီနေ့က သေချာပေါက် ရောက်လာမှာလို့ ငါယုံကြည်တယ်”
ရွှီး…
ယွဲ့ချန်၏ညာလက်ဝါးတောက်ပလာကာ ထာဝရဖီးနှစ်မှ သူ၏အတောင်ပံများကို ဖြန့်ကျက်လိုက်သကဲ့သို့ပင် အနီရောင်အလင်းများ ထွက်ပေါ်လာကာ ထူးဆန်းသည့်စွမ်းအားလှိုင်းတစ်ခုလည်း ထွက်ပေါ်လာလေ၏။ သူမသည် ထိုလက်ဝါးဖြင့် ရှီဟောင်၏နဖူးကို ဖိလိုက်လေ၏။ ထို့နောက် ရုတ်တရက်ပင် ပြန်ဆုတ်သွားလေ၏။
ရှီဟောင်၏ခန္ဓာကိုယ်တုန်ယင်လာကာ သူ၏နဖူးလည်း အက်ကွဲလာလေ၏။ စွမ်းအင်များလည်း တစ်ကြောင်းပြီးတစ်ကြောင်း ထွက်ပေါ်လာကာ ‘ထာဝရမျိုးစေ့’ ထွက်လာလေ၏။
ဤကဲ့သို့သော ပစ္စည်းကို ဖိအားပေးပြီး ထုတ်ယူ၍မရပေ။ မဟုတ်ပါက စွမ်းအင်တစ်ကြောင်းတည်းဖြင့် တောင်များနှင့် မြစ်များကို ဖျက်ဆီးပစ်နိုင်ရန် လုံလောက်လေသည်။
ယခုအချိန်တွင် ရှီဟောင်၏စွမ်းအားကြီးသည့် အသွေးအသားများပင်လျှင် တောင့်မခံနိုင်တော့ပေ။
“မင်းက ရူးနေတဲ့လူပဲ .. မင်း ချင်းရိနဲ့ ပေါင်းလိုက်တာလား .. မင်း ဘာလို့ အားလုံးကို သိနေတာလဲ” ပထမဆုံးအကြိမ်အဖြစ် ရှီဟောင်၏အမူအရာ ပြောင်းလဲသွားလေသည်။
“ဟမ် .. အဲဒီထာဝရစွမ်းအင်ကြောင်းက ဘယ်မှာလဲ .. ဘာလို့ပေါ်မလာသေးတာလဲ .. ဘယ်မှာ ပုန်းနေတာလဲ .. ရှင်အခု ထုတ်မသုံးသေးရင် သုံးဖို့အခွင့်အရေးမရှိတော့ဘူးနော် .. ရှင် နောက်ဆုံးအကြိမ်တိုက်ခိုက်မှာကို ကျွန်မစောင့်နေတယ်နော်” ယွဲ့ချန် ထူးမခြားနားစွာပင် ပြုံးနေလေ၏။
သူမသည် ‘ထာဝရမျိုးစေ့’ကို ထုတ်ယူရန်အတွက် ထာဝရဖီးနှစ်အဖိုးတန်ပညာကို အသုံးပြုလိုက်ခြင်းပင်။ ရှီဟောင်၏နဖူးမှ သွေးများ အဆက်မပြတ်ပင် စီးကျလာလေသည်။
“ဟူး.. နှမြောစရာပဲ .. ကျွန်မက ရှင်လှုပ်ရှားလာမှာကို စောင့်နေတာ .. ကျွန်မက ထာဝရစွမ်းအင်ကြောင်းကို ကြည့်ချင်လို့စောင့်နေတာ ဒါပေမဲ့ ရှင်က ကျွန်မနဲ့မပူးပေါင်းဘူးပဲ .. အဲဒီလိုဆိုတော့လည်း ရှင့်မှာ အခွင့်အရေးတွေ ထပ်မရှိတော့ဘူး” ယွဲချန်၏ အပြုံးများမှာ အလွန်ချိုမြသော်လည်း သူမ၏လုပ်ရပ်များမှာ ကြမ်းတမ်းလှသည်။
သူမ၏လက်မောင်းတစ်ခုလုံး တောက်ပလာကာ ရှေးဟောင်းဂူတစ်ခုလုံး အနီရောင်အလင်းများဖြင့် ပြည့်နှက်သွားလေသည်။ သူမသည် ထာဝရမျိုးစေ့ကို ထပ်ဆွဲထုတ်လိုက်လေ၏။ စွမ်းအင်အရင်းအမြစ်များ ပိုထွက်လာသောကြောင့် ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံး ပို၍ပင် တုန်ယင်လာသည်။ သူ၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်သည် ဤသည်ကို တောင့်ခံနိုင်ရန် ကြိုးစားနေရသည်။
ထို့နောက်တွင် ယွဲ့ချန်သည် အစိမ်းရောင်အလင်းဖျော့လေး ထုတ်လွှတ်နေသည့် စေတီလေးကို ထုတ်လာသည်။ ထိုစေတီလေးသည် ရှီဟောင်၏ဦးခေါင်းထဲသို့ ဝင်ရောက်သွားပြီး သူမထိန်းချုပ်ထားသည့် မူလဝိဉာဉ်ကို ဆွဲထုတ်နေလေသည်။
စေတီလေးသည် ပြန်ထွက်မလာပဲ ရှီဟောင်၏နဖူးတွင်သာ ကပ်နေလေ၏။
“ဝိဉာဉ်ဖမ်းချုပ်ခြင်းစေတီ .. ရှင့်ရဲ့စွမ်းအားကြီးတဲ့ နတ်ခွန်အားနဲ့ဆိုရင်တောင်မှ အကျဉ်းကျခံရမယ့်ရှင့်ကံကြမ္မာကို ရှင်လက်ခံရမှာပဲ” ယွဲ့ချန် တည်ငြိမ်စွာပင် ပြောလိုက်သည်။
ထိုအချိန်တွင် သူမသည် ထာဝရမျိုးစေ့ကို ထပ်ဆွဲမထုတ်တော့ပဲ ရှီဟောင်နဖူးထဲသို့ ပြန်ဝင်သွားခိုင်းလိုက်သည်။ ယခုအချိန်တွင် အရာအားလုံး သူမထိန်းချုပ်မှုအောက်တွင် ရောက်ရှိသွားပြီဖြစ်သောကြောင့် သူမ အများကြီး စိတ်ပူစရာ မလိုတော့ပေ။
“ခွန်ပန်ပညာတွေ ပျောက်သွားမှာ .. လျှပ်စီးဧကရာဇ်ရဲ့ လျှို့ဝှက်ပညာတွေ ပျောက်သွားမှာ ကြောက်တာကြောင့်သာမဟုတ်ရင် ကျွန်မ အဲဒီထာဝရမျိုးစေ့ကို ထုတ်လိုက်ပြီ” သူမ အေးစက်စွာပင် ပြောလိုက်သည်။
ထိုအစေ့ကို ဖိအားသုံးကာ ထုတ်လိုက်သည်နှင့် စွမ်းအင်အရင်းအမြစ်အားလုံး ထွက်လာကာ ရှီဟောင်၏နဖူးလည်း ပေါက်ကွဲထွက်သွားကာ သူ၏မူလဝိဉာဉ်လည်း ပျက်စီးသွားလိမ့်မည်။
“ကောင်းကင်နဲ့မြေကြီးကို နောက်တစ်ကြိမ်လောက် အရိုအသေပေးလိုက်ရအောင် .. အဲဒါပြီးရင် ငါ မင်းကို အားလုံးပေးလိုက်မယ်” ရှီဟောင်သည် အပြာရောင်ကျောက်အပိုင်းအစကို မှီကာ ပြောလိုက်သည်။
“အခုလိုမျိုးအခြေအနေထိ ရောက်နေတာတောင်မှ ရှင်က ကျွန်မကို ရန်စရဲသေးတယ်ပေါ့ .. ဟား ဟား .. ရှင့်မှာ ဘာနည်းလမ်းတွေပဲရှိရှိ အခုက အရမ်းနောက်ကျသွားပြီ” ယွဲ့ချန် အေးစက်စွာပင် ပြောလိုက်သည်။