သုခကမ္ဘာက ရှီဟောင် - Chapter - 1107 ထာဝရချင်းယွဲ့ (ချင်း= အစိမ်းရောင်, ယွဲ့=လ)
“အားရား..”
ယွဲ့ချန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤကဲ့သို့သော ကိစ္စမျိုး ကြုံတွေ့ရလိမ့်မည်ဟု သူမတစ်ခါမှ မထင်ထားဖူးခဲ့ပေ။ ရှီဟောင်မှာ မုန်းစရာကောင်းလွန်းလှသည်။
သူတို့နှစ်ဦးကြားတွင် ဘာမှသိပ်မဖြစ်ခဲ့သော်လည်း သူသည် အရေထူလှသည်။ ဤကဲ့သို့သော လေသံမျိုးဖြင့်ပြောနေပြီး သူမအားရန်စနေသည်။
ယခင်ကတည်းက ယခုအချိန်ထိ ယွဲ့ချန်သည် ဤလောကထဲသို့ ရောက်လာသည့်အချိန်တိုင်းတွင် မည်သူကများ သူမကို ဤကဲ့သို့ ဆက်ဆံရသနည်း.. ဂိုဏ်းအားလုံးမှ ထူးချွန်သည့်သူများပင်လျှင် သူမကို တလေးတစားဆက်ဆံကြသည်သာ။
ဖုန်း..
သူမ၏ သွယ်လျလှပလှသည့်ခြေထောက်ဆန့်တန်းသွားကာ ရှီဟောင်သည်လည်း လွင့်ထွက်သွားလေ၏။
“အားရိုး.. ယောက်ျားလျာလေး .. အရမ်းကြီးမကြမ်းပါနဲ့..” ရှီဟောင်သည်ပါးစပ်မှ နိမ့်ကျသည့်စကားများသာ ဆက်လက်ထွက်ပေါ်လာလေသည်။ သူ၏လေသံကို ပြောင်းလဲခြင်းမရှိပဲ ယွဲ့ချန်အား ဒေါသထွက်အောင် လုပ်နေဆဲပင်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် ဝိဉာဉ်ချင်း တိုက်ခိုက်နေကြခြင်းဖြစ်သောကြောင့် ခံစားချက်အနည်းငယ်ကပင်လျှင် သူမ၏စွမ်းအားကို ထိခိုက်စေလိမ့်မည်။
မဟုတ်ပါက ချင်းရိအဘယ်ကြောင့် အဝတ်အစားများကို လောင်ကျွမ်းပစ်စေမည်နည်း.. သူမလုပ်သမျှအရာအားလုံးမှာ ယွဲ့ချန်ကိုရန်စပြီး သူမ၏စိတ်ခံစားချက်များကို မွှေနှောက်ပစ်ချင်သောကြောင့်ပင်။
“ယောက်ျားလျာ ဟုတ်လား” ယွဲ့ချန်၏ လှပသည့်မျက်ခုံးများမြင့်တက်သွားသည်။ သူမသည် ဤလူကို တစ်ချက်တည်းဖြင့် စိစိညက်ညက်ကြေအောင် နင်းပစ်လိုက်ချင်မိသည်။ ဤသည်မှာ ဤကဲ့သို့သော စကားလုံးမျိုးဖြင့် သူမကို နှိုင်းယှဉ်ဖော်ပြခြင်းခံရသည့် ပထမဆုံးအကြိမ်ပင်။
“ဟေ့ကောင် .. ငါတို့သွေးသောက်ညီအစ်ကိုလုပ်ရအောင်လေ .. ငါကအစ်ကိုကြီးလုပ်မယ် .. မင်းက နံပါတ်၂ ညီလေးလုပ်” ရှီဟောင် ဂူနံရံကို မှီ၍ပြောလိုက်သည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေလေသည်။
ယွဲ့ချန်သည် ဒေါသထွက်လွန်းသောကြောင့် ရှီဟောင်ကို တစ်ချက်တည်းဖြင့်မသတ်ပဲ သူ့ကိုဖမ်းကာ ဖြည်းဖြည်းချင်းပင် ညှင်းသတ်ချင်လာသည်။
သို့သော် သူမသည် သာမန်လူမဟုတ်သောကြောင့် ဒေါသထွက်နေသော်လည်း ကိုယ့်ကိုကိုယ် ထိန်းချုပ်နေနိုင်ဆဲပင်။
သူမသည် နောက်တစ်ကြိမ်ပြေးထွက်လာကာ သူမ၏ လက်တစ်ဖက်လည်းမြှောက်တက်လာလေသည်။
ဖုန်း…
သို့သော် သူမ၏အခြားလက်တစ်ဖက်လည်းမြှောက်တက်လာကာ ရှီဟောင်ကို ရိုက်တော့မည့်လက်အား တားဆီးလိုက်လေသည်။
ဤသည်မှာ ချင်းရိလုပ်လိုက်သည်မှာ သိသာလှသည်။
သူမက ဘယ်လိုလုပ် ဤအခွင့်အရေးကို လက်လွတ်ခံမည်နည်း.. သူမယွဲ့ချန်ကို သေချာနားလည်သည်။ ထို့ကြောင့်ပင် ယွဲ့ချန်၏ စိတ်ခံစားချက်များ ပျက်ယွင်းနေသည့်အချိန်တွင် သူမလှုပ်ရှားလိုက်ခြင်းပင်။
သူမတစ်ယောက်တည်းတိုက်ခိုက်လျှင် ခက်ခဲနေသောကြောင့် ရှီဟောင်မှ သူမအတွက် အခွင့်အရေးများကို ဖန်တီးပေးနေခြင်းပင်။
သူတို့နှစ်ယောက်သည် တစ်ဦးတည်းဖြစ်သောကြောင့် ယွဲ့ချန်အကြောင်းကို ဘယ်သူမှ သူမထက် ပိုမသိနိုင်ပေ။ ယွဲ့ချန်သည် သန့်ရှင်းမှုကို အလွန်အရေးပေးသည့်သူဖြစ်ပြီး သူမ၏အရှက်အကြောက်တရားနှင့် ပတ်သက်လာလျှင် သည်းခံနေမည့်သူမဟုတ်ပေ။
ဤကဲ့သို့ ပြောခံလိုက်ရသည့်အချိန်တွင် ယွဲ့ချန်မှာ ဒေါသထွက်သွားမည်သာ။
ဤသည်မှာ ချင်းရိ၏အခွင့်ကောင်းပင်။ သူမသည် ကိုယ်ပွားဖြစ်သောကြောင့် ယွဲ့ချန်ထက် အဆင့်နိမ့်မည်သာ။ ထို့ကြောင့်ပင် သူမသည် ဤသည်ကို အခွင့်ကောင်းယူပြီး ယွဲ့ချန်ကို ဖိနှိပ်လိုက်ခြင်းပင်။
ရှီဟောင်သည်လည်း သူ၏ခန္ဓာကိုယ်အား ထိန်းညှိရန် ကြိုးစားနေရသည်။ အဆီးအတားများကို ဖြေဖျောက်ရန်လည်း ကြိုးစားနေလေသည်။
ရွှီး..
ထိုဖြူဖွေးနေသည့်ခန္ဓာကိုယ် တောက်ပလာလေသည်။ အထူးသဖြင့် သူတို့၏မျက်ခုံးကြားတွင် ထူးဆန်းသည့်သင်္ကေတများ ထွက်ပေါ်လာလေသည်။ တံဆိပ်နှစ်ခုသည် ရစ်ပတ်နေကာ ရွှေရောင်သင်္ကေတများကိုလည်း ထုတ်လွှတ်နေလေသည်။
သူတို့၏တိုက်ပွဲမှာ အမြင့်ဆုံးသို့ရောက်နေပြီဖြစ်သည်။
ဝုန်း..
ရွှေရောင်သင်္ကေတများတုန်ခါသွားကာ ကောင်းကင်ထိပင်ရောက်နိုင်သည့်အလင်းတန်းများကို ထုတ်လွှတ်လိုက်လေသည်။ လေဟာနယ်တွင် အနက်ရောင်အက်ကွဲကြောင်းများ ဆက်တိုက်ပင် ထွက်ပေါ်လာလေ၏။
ဤသည်မှာ သန့်စင်ကာ စွမ်းအားကြီးသည့် ဝိဉာဉ်စွမ်းအင်ပင်။ သူတို့၏ အသိစိတ်ပင်လယ်ထဲတွင်ရှိနေသည့် စွမ်းအားများလည်း အသက်ဝင်လာလေပြီ။
ယခင်က ချင်းရိ၏ အသိစိတ်ပင်လယ်ထဲတွင် ရွှေရောင်ဂိတ်တံခါးကို ရှီဟောင်တွေ့ခဲ့ရသည်။ ထိုနေရာတွင် အိပ်ပျော်နေသည့် အလွန်ထူးဆန်းကာ စွမ်းအားကြီးသည့် စွမ်းအင်များရှိနေသည်။
ယခုအချိန်တွင် ထိုစွမ်းအင်များလည်း နှိုးထလာပြီဖြစ်ကာ ရွှေရောင်ဂိတ်တံခါးမှ ထွက်လာပြီး သူတို့၏ မူလဝိဉာဉ်များကို အားဖြည့်ပေးနေလေသည်။ တိုက်ပွဲမှာ ပို၍ပင် ကြောက်စရာကောင်းနေလေသည်။
ထိုရွှေရောင်ဂိတ်တံခါးအနောက်ဘက်ရှိ အသိစိတ်ပင်လယ်တွင် မှုန်ဝါးနေသည့် အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ထွက်ပေါ်လာလေသည်။ သူမသည် ယွဲ့ချန်နှင့်ရှီဟောင်အား အားဖြည့်ပေးနေလေသည်။
ထိုအချိန်တွင် အသိစိတ်ပင်လယ်တစ်ခုလုံး အဆုံးမရှိသည့်အလင်းများတောက်ပလာပြီး ပြီးပြည့်စုံသည့်ခန္ဓာကိုယ်၏မျက်ခုံးကြားမှာ တောက်ပလာလေ၏။
တစ်ချိန်တည်းမှာပင် အစိမ်းရောင်လမီးတောက်သည်လည်း ထိုဝိဉာဉ်စွမ်းအင်လှိုင်းကို တုံ့ပြန်လာလေသည်။
အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာကာ အလင်းကွင်းဖြစ်ပေါ်လာပြီး ထိုပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကိုဝန်းရံသွားလေ၏။
ရှီဟောင်သည် အလွန်ပင် ထိတ်လန့်သွားကာ သူမြင်နေသည့်မြင်ကွင်းကို ယုံကြည်နိုင်ရန် ခက်ခဲနေလေသည်။ သူသည် ချိတ်ပိတ်ခံထားရသော်လည်း ဤမြင်ကွင်းကို မြင်နိုင်သေးသည်။
ယွဲ့ချန်၏ နဖူးနှင့် အသိစိတ်ပင်လယ်သည် အလွန်ပင် တောက်ပနေလေသည်။
ရှေးယခင်ကတည်းက လူအချို့သည် ထာဝရအစစ်အမှန်များချန်ထားခဲ့သည့် ရှေးဟောင်းမီးတောက်များကို ရနိုင်လောက်အောင် ကံကောင်းကြသော်လည်း ထိုမီးတောက်များကို အဆင့်တက်ပြီး နတ်မီးတောက်နယ်ပယ်ထဲသို့ ရောက်ရန်သာ အသုံးပြု၍ရသည်။ ထိုသို့အဆင့်တက်ပြီးသည်နှင့် ထိုမီးတောက်သည် သူတို့ကို စွန့်ခွာသွားမည်သာ။
သို့သော်လည်း ချင်းရိမှာ ထူးခြားလှသည်။ အစိမ်းရောင်လမီးတောက်သည် သူမကို မစွန့်ခွာသွားသည့်အပြင် ယခုအချိန်တွင် ဤကဲ့သို့သော ပြောင်းလဲမှုမျိုးဖြစ်ပေါ်လာလေပြီ။
ထိုမီးတောက်သည် သူမ၏အသိစိတ်ပင်လယ်ထဲတွင်ရှိနေသည့် အိပ်ပျော်နေသည့် အလှလေးနှင့်ပင် တုံပြန်နိုင်လေသည်။
ယွဲ့ချန်သည်လည်း စွမ်းအင်များကိုရရှိပြီး အကျိုးကျေးဇူးများစွာ ရရှိသည်သာ။
အဘယ်ကြောင့်ဆိုသော် အစိမ်းရောင်လမီးတောက်သည် ဝိဉာဉ်ခွန်အားကို အသိအမှတ်ပြုခြင်းပင်။ ချင်းရိနှင့် ယွဲ့ချန်တို့သည် တစ်ယောက်တည်းဖြစ်သောကြောင့် နှစ်ယောက်လုံးသည် အစိမ်းရောင်နတ်လမှ ဖြန့်ကျက်သည့်အလင်းမိုးမှ အကျိုးကျေးဇူးများ ရရှိသည်သာ။
“ပြောင်းလဲတော့မှာလား”
ရှီဟောင်ထိတ်လန့်သွားရသည်။ ယခုအချိန်တွင် ခန္ဓာကိုယ်နှစ်ခု ပြန်ပေါင်းသည့် ပြဿနာမဟုတ်တော့ပေ။ သူတို့၏အသိစိတ်အတွင်းတွင်ရှိနေသည့် ဝိဉာဉ်စွမ်းအားသည် ပြန်လည်အသက်ဝင်လာကာ ပူးပေါင်းလာခြင်းပင်။ ထို့အပြင် နတ်သမီးချင်းယွဲ့ ချန်ထားခဲ့သည့် ထာဝရမျိုးစေ့လည်း ပူးပေါင်းသွားပြီဖြစ်သောကြောင့် ဘာဖြစ်မည်ကို မသိနိုင်တော့ပေ။
“ချင်းယွဲ့၊ ချင်းရိ၊ ယွဲ့ချန် .. ပြန်လည်ဝင်စားခြင်းပညာတွေ တကယ်ရှိနေတာများလား”
ရှီဟောင်မျက်မှောင်ကြုတ်သွားရသည်။ ပြန်လည်ဝင်စားခြင်းကို သူမယုံကြည်သော်လည်း တစ်စုံတစ်ယောက်သည် ဤကဲ့သို့သော အံ့အားသင့်စရာကောင်းသည့် ပြန်လည်ရှင်သန်ခြင်းပညာရပ်များကို ထားခဲ့နိုင်သည်ဟု သူခံစားနေရသည်။
“ဟေး ယောက်ျားလျာ မင်းကထာဝရချင်းယွဲ့နဲ့ ဘယ်လိုမျိုး ဆက်စပ်နေတာလဲ .. မင်းက သူ့ရဲ့ကျွန်အစေခံလို့တော့ မပြောနဲ့နော်” ရှီဟောင်သည် တမင်သက်သက်ပင် ယွဲ့ချန်ကို ရန်စလိုက်လေသည်။
“ယောက်ျားလျာ…” ယွဲ့ချန် အံကြိတ်လိုက်သည်။
တစ်ဖက်လူသည် သူမဒေါသကို ဆွနေမှန်းသိသော်လည်း သူမ မထိန်းနိုင်ပဲ ဒေါသထွက်နေဆဲပင်။ ဖုန်းဟူသည့်အသံနှင့်အတူ ရှီဟောင်လည်း နောက်တစ်ကြိမ် လွင့်ထွက်သွားကာ ကျောက်နံရံနှင့် တိုက်မိသွားလေသည်။
ချင်းရိသည်လည်း သူမကို တားဆီးကာ စွမ်းအားများစွာကို လျော့ချပေးခဲ့သည်သာ။
သို့သော်လည်း ရှီဟောင်သည် ကြောက်စရာကောင်းသည့် စွမ်းအားကို ရင်ဆိုင်လိုက်ရပြီး နာကျင်သွားရဆဲပင်။
ဝုန်း…
လေဟာနယ်မှာ ပြင်းထန်စွာပင် တုန်လှုပ်သွားရသည်။
သေချာကြည့်လိုက်မည်ဆိုလျှင် ယွဲ့ချန်၏မျက်ခုံးကြားမှာ ပို၍ပင် နူးညံ့မြင့်မြတ်လာကာ သူမသည် လနတ်သမီးနှင့်ပင် တူလာလေသည်။
“ဒါက..” ရှီဟောင်တုန်လှုပ်သွားရသည်။
ချင်းရိနှင့် ယွဲ့ချန်တို့သည် သူတို့၏မျက်ခုံးကြားတွင် ပြင်းထန်သည့် တိုက်ပွဲတိုက်ခိုက်နေခြင်းဖြစ်သည်။ သူတို့၏ဝိဉာဉ်ခွန်အားပေါင်းစည်းသွားပြီး ရွှေရောင်ဂိတ်တံခါးနောက်တွင်ရှိနေသည့် အမျိုးသမီးလည်းနိုးထလာလေပြီ။ ထို့အပြင် အစိမ်းရောင်လမီးတောက်သည်လည်း သူတို့နှင့်ပေါင်းစည်းသွားလေပြီ။
ထိုအချိန်တွင် ထာဝရစွမ်းအင်တစ်ကြောင်းသည် တစ်ဖြည်းဖြည်းချင်းပင် ဖြစ်ပေါ်လာလေ၏။
“အစိမ်းရောင်လမီးတောက်က ချင်းယွဲ့ရဲ့ စွမ်းအားပဲ” ရှီဟောင်အေးခဲသွားရသည်။ အစိမ်းရောင်လအလင်းမှ သူတို့နှင့် တုံ့ပြန်မှုများ ဖြစ်ပေါ်လာပြီး ထာဝရစွမ်းအင်ကို ထုတ်လွှတ်လိုက်ခြင်းပင်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..
ရှေးဟောင်းမီးတောက်တစ်ခုမှ ထာဝရစွမ်းအင်ရရှိနိုင်အောင် ကူညီပေးသည်ကို သူတစ်ခါမှ မကြားဖူးခဲ့ပေ။
ပို၍ထိတ်လန့်စရာကောင်းသည်မှာ ထိုအစိမ်းရောင်လနှင့် သူတို့၏ဝိဉာဉ်ခွန်အားမှာ အလွန်ပင် စည်းချက်ကျနေလေသည။
ထိုထာဝရစွမ်းအင်ကြောင်းမှာ တစ်ဖြည်းဖြည်းဖြင့်ပင် ရုပ်လုံးပေါ်လာလေသည်။ ထိုစွမ်းအင်သည် နှင်းကဲ့သို့ဖြူဖွေးနေပြီး အံ့အားသင့်စရာကောင်းသည့် ထာဝရတာအိုစွမ်းအင်ကို ထုတ်လွှတ်နေလေသည်။
“ဒီလိုပုံစံမျိုးနဲ့ပဲ အဲဒီအဆင့်ကို တက်သွားပြီလား” ရှီဟောင်ဆွံ့အသွားရသည်။
ချင်းရိနှင့် ယွဲ့ချန်၏မျက်ခုံးကြားမှ ထွက်လာသည့် ဝိဉာဉ်ခွန်အားမှာ ကျင့်ကြံဆင့်တူညီသည့်သူအားလုံးထက် ပိုသာနေသည်။
အစိမ်းရောင်လသည်လည်း လရောင်များကို ထုတ်လွှတ်နေပြီး နှင်းကဲ့သို့ဖြူဖွေးနေသည့်ခန္ဓာကိုယ်မှာ ပို၍ပင်မြင့်မြတ်လာလေသည်။ ဖော်ပြ၍မရနိုင်လောက်အောင်ပင် လှပလာလေသည်။
ယွဲ့ချန်နှင့် ချင်းရိ၏ အနက်ရောင်ဆံပင်များ ကခုန်နေပြီး သူတို့၏လှပသည့်မျက်လုံးတွင်လည်း ဝိဉာဉ်စွမ်းအင်များပါဝင်နေလေသည်။ ခါးမှာသေးသွယ်လှပြီး ခြေထောက်များလည်း ရှည်လျားသွယ်လျနေသည်။
ဤသည်မှာ စိတ်လှုပ်ရှားကောင်းသည့် မြင်ကွင်းတစ်ခုပင်။ လှပလှသည့်နတ်သမီးမှ ထာဝရတာအိုအလင်းတန်းများကို ထုတ်လွှတ်နေပြီး သူတို့၏အော်ရာမှာလည်း အံ့အားသင့်စရာကောင်းလှသည်။
တစ်ချိန်တည်းမှာပင် ချင်းရိနှင့် ယွဲ့ချန်တို့၏ ပြင်းထန်သည့်တိုက်ပွဲမှာလည်း အဆုံးသတ်ကို ရောက်လာလေပြီ။ အနိုင်ရသည့်သူမှာ တစ်ဖက်လူ၏တည်ရှိမှုကို အပြီးတိုင်ဖျောက်ပစ်မည်သာ။
“ချင်းရိ မင်းကငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး .. ငါကအဓိကခန္ဓာကိုယ်ပဲ” ယွဲ့ချန် အော်ပြောလိုက်သည်။
အခြေအနေများမှာ သိပ်မကောင်းတော့ပေ။ ထိုသို့တွေးမိသွားသည်နှင့် ရှီဟောင်ထိတ်လန့်သွားရသည်။ ချင်းရိသာ ရှုံးနိမ့်သွားလျှင် သူ၏အဆုံးသတ်လည်းကောင်းမည်မဟုတ်ပေ။ ထို့ကြောင့် သူချက်ချင်းပင် အော်ပြောလိုက်သည်။ “ဟေး ယောက်ျားလျာလေး .. ငါ့ဆီကိုလာခဲ့”
ဖုန်း..
ထိုအစိမ်းရောင်လသည် အမှန်တကယ်ပင် သူ၏ခန္ဓာကိုယ်အား ဝင်တိုက်သွားလေသည်။
“အားရိုး .. အရေထူတဲ့အမျိုးသမီးလေး .. ကျေးဇူးပြုပြီး နည်းနည်းလောက်ငြင်သာပေးပါ” သူနာကျင်စွာ အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အဝတ်အစားများလည်း လောင်ကျွမ်းသွားကာ သူ၏အနားတွင်ရှိနေသည့် နတ်သမီးကဲ့သို့ပင် သူ၏ကိုယ်ပေါ်တွင် အဝတ်တစ်စပင် မကပ်တော့ပေ။
“မင်းဘာလုပ်ချင်နေတာလဲ .. ငါအရှုံးပေးမှာ မဟုတ်ဘူးနော်” ရှီဟောင်သည် ယွဲ့ချန်ကို ရန်စရန်အတွက် အော်ဟစ်လိုက်သည်။
“ငါ နင့်ကို ပြာချပစ်မယ်” ယွဲ့ချန် အော်ဟစ်လိုက်သည်။
အစိမ်းရောင်လ အောက်ဘက်သို့ နိမ့်ကျလာကာ လရောင်လည်း အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည့် မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သို့သော်လည်း ရှီဟောင်၏ခန္ဓာကိုယ်သည်လည်း တောက်ပလာလေ၏။ ထိုထူးဆန်းသည့်မီးတောက် နောက်တစ်ကြိမ်ပြန်ပေါ်လာလေပြီ။ ထိုမီးတောက်သည် အစိမ်းရောင်လ၏ လရောင်ကို ပြန်၍တွန်းကန်ပစ်လိုက်လေသည်။
ချင်းရိသည် ဤသည်ကို အခွင့်ကောင်းယူပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက်သောကြောင့် ယွဲ့ချန် ခက်ခက်ခဲခဲ တားဆီးလိုက်ရသည်။
ဖုန်း..
သူတို့နှစ်ဦးလုံး၏ခန္ဓာကိုယ်မှာ ရှုပ်ထွေးရစ်နှောင်သွားကာ သူတို့၏ခန္ဓာကိုယ်သည် ရှီဟောင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
ယခုအချိန်တွင် သူတို့နှစ်ဦးလုံးသည် အဝတ်မကပ်နေကြပေ။
“အား.. နာလိုက်တာ .. ယောက်ျားလျာလေး .. မင်းကဘာလို့အဲဒီလောက်တောင် လေးနေရတာလဲ .. ငါ့ကိုဖိသတ်မလို့လား”
ယခုအချိန်တွင် ယွဲ့ချန်နှင့် ချင်းယွဲ့မှာ အရေးအကြီးဆုံးအချိန်သို့ရောက်နေလေပြီ။ သူမသည် စိတ်တိုနေသော်လည်း ရှီဟောင်ကို လျစ်လျူရှုထားလေ၏။
ဖုန်း..
ရုတ်တရက်ပင် လက်မောင်းတစ်ဖက်သည် ရှီဟောင်၏လည်ပင်းအနောက်ဘက်မှ သူ့ကိုလာဖက်လေသည်။
“အား .. ယွဲ့ချန် မင်း ဘာလုပ်နေတာလဲ .. ငါလုံးဝငြင်းတယ်နော် .. ငါ့ကိုမြန်မြန်လွတ်ပေး” ရှီဟောင်ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။
ယွဲ့ချန်သည် အလွန်ပင် အရှက်ရနေပြီး “ချင်းရိ .. နင် .. နင်ဘာလုပ်နေတာလဲ” ဟု အော်ဟစ်လိုက်သည်။
ရှီဟောင်သည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကာ “မင်း မလိမ်ပါနဲ့ ယွဲ့ချန် .. မင်းလုပ်နေတာပဲကို .. ငါနဲ့ချင်းရိက လင်မယားဖြစ်နေတာ ကြာလှပြီ .. မင်းကအရမ်းကို ကာမရာဂတွေ သောင်းကျန်းနေတာပဲ .. ငါ့ကိုတောင် မုဒိန်းကျင့်ချင်နေတယ် .. ယောက်ျားလျာလေး ငါ့ကိုလွှတ်လိုက်”
“လျှောက်ပြောမနေနဲ့” ယွဲ့ချန်အော်ဟစ်လိုက်ကာ ချင်းရိကို တိုက်ခိုက်လိုက်သည်။ “ချင်းရိ .. နင်ရူးနေတာလား .. နင်မီးနဲ့ဆော့နေတာနော်”
“ယွဲ့ချန် .. ယောက်ျားလျာ .. ငါမင်းကို အမှတ်မှားသွားတာပဲ .. မင်းကငါ့ကိုတကယ်ကြီး မုဒိန်းကျင့်ဖို့ကြံနေတယ် .. မုဒိန်းကျင့်ခံရမယ့်အစား ငါအသေပဲခံလိုက်မှာ” ရှီဟောင် အော်ပြောလိုက်သည်။
ယွဲ့ချန် ရူးတော့မည်။ ပြင်းထန်သည့်တိုက်ပွဲကို တိုက်ခိုက်နေရင်း ထိုအရှက်မရှိသည့်အသံကိုလည်း လျစ်လျူရှုနေရသည်။ ပိုဆိုးသည်မှာ သူမသည်တစ်ဖက်လူ၏မီးတောက်ကို မငြိမ်းသတ်နိုင်သောကြောင့် အစိမ်းရောင်လ၏အလင်းတန်းများသည် သူမထံသို့ ပြန်ရောက်လာနေသည်။
ဖုန်း..
ရှီဟောင် ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။ သို့သော် ထိုခန္ဓာကိုယ်လည်း သူနှင့်အတူတူ အောက်သို့ကျလာသည်။
သူသည် အနည်းငယ်သာ လှုပ်ရှားနိုင်သော်လည်း ဤအခွင့်အရေးကို လက်လွတ်မခံပေ။ သူ့ပေါ်သို့ဖိကျလာသည့်ခန္ဓာကိုယ်ကို ကိုက်ချလိုက်လေ၏။
ထို့အပြင် “ငါမင်းကို အညံ့မခံနိုင်ဘူး” ဟုလည်း ရေရွတ်နေသေးသည်။
“ချင်းရိ … နင်အရူးအလုပ်တွေလုပ်မနေနဲ့ .. ငါတို့နှစ်ယောက်လုံး ပျက်စီးသွားလိမ့်မယ်” ယွဲ့ချန် အော်ဟစ်လိုက်သည်။ သူမခန္ဓာကိုယ်ကို ဖြတ်သန်းလာသည့်ခံစားချက်ကြောင့် သူမ ရူးတော့မည်။
သို့သော် ချင်းရိမှာ မလှုပ်မယှက်ပင်။ သူမ မရှုံးစေရန်၊ သူမကို မူလခန္ဓာကိုယ်မှ မဖျက်ဆီးနိုင်ရန်အတွက် သူမလုပ်နိုင်သမျှအရာအားလုံးကို ပြုလုပ်နေခြင်းပင်။
ထို့နောက်တွင် ရှီဟောင် ကြက်သေသေသွားရသည်။
ယွဲ့ချန်သည်လည်း ဆွံ့အသွားကာ ရုန်းကန်လာလေ၏။
“ချင်းရိ .. နင်ရူးသွားပြီလား .. နင် မီးနဲ့ဆော့နေတယ်”