သုခကမ္ဘာက ရှီဟောင် - Chapter - 1110 အရပ်မျက်နှာပေါင်းစုံမှ ရန်သူများ
သက်ရှည်ဆေးပင်ရှိနေသည်ဟု နာမည်ကြီးသည့်နေရာတစ်ခုတွင်…
သန့်စင်သည့်မြေအတွင်းတွင် ပန်းရနံ့များထုံသင်းနေပြီး ငှက်အော်သံများလည်း ကြားနေရသည်။ ဤနေရာတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး ဝိဉာဉ်စွမ်းအားများပြားလှပြီး နတ်ငှက်မျိုးစုံနှင့်သားရဲမျိုးစုံလည်းရှိနေသည်။
အား အား…
စူးရှလှသည့် အော်သံတစ်ခုသည် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။ ယွဲ့ချန်သည် ရေပူစမ်းထဲတွင် စိမ်နေပြီး သူမ၏ခန္ဓာကိုယ်ကို ဆက်တိုက်ပင် တိုက်ချွတ်နေသည်။ သူမ၏ဆံပင်များသည် မျက်နှာထက်တွင် ကပ်ညှိကာ ရှုပ်ထွေးနေလေသည်။ သူမအနားတွင် ရေငွေ့များလည်း ရှိနေ၏။
ဤကဲ့သို့သော အခြေအနေမှာ ပုံမှန်မြင်နေကျ သူမ၏မြင့်မြတ်သည့်ပုံစံနှင့် အတော်လေး ကွဲပြားနေသည်။ ဖြစ်ခဲ့သည့်ကိစ္စများကို ပြန်တွေးမိသွားသည့်အချိန်တွင် သူမ လူသတ်ချင်စိတ်ဖြစ်လာရသည်။
….
ရေကန်နယ်မြေတွင် နေရာတိုင်း၌ ရေကန်များနှင့် ရေအိုင်လေးများရှိသည်။ လေထဲတွင် ရေငွေ့များလည်း ပျံ့လွင့်နေကာ မှုန်မှိုင်းနေသည်။
ဝုန်းဟူသည့်အသံနှင့်အတူ ချင်းရိ ရေကန်ကြီးထဲသို့ ခုန်ဆင်းလိုက်သည်။ ရေပေါ်သို့ ပြန်တက်လာသည့်အချိန်တွင် သူမသည်လည်း အော်ဟစ်နေလေ၏။ သူမ၏ခန္ဓာကိုယ်တောက်ပလာကာ သူမရေထဲသို့ နောက်တစ်ကြိမ်ငုပ်သွားလိုက်သည်။
…
အေးစက်ခြင်းနယ်မြေရှိ နှင်းတောင်ထိပ်တွင်..
ရှီဟောင်သည်လည်း ကျယ်လောင်စွာပင် ဟစ်ကြွေးကာ နှင်းတောင်များတုန်ခါသွားအောင် လုပ်လိုက်သည်။
“လူငယ်လေး .. နင်က ဘာလို့ထူးထူးဆန်းဆန်းတွေ အော်နေတာလဲ” ယုန်ဖြူလေး အော်ငေါက်လိုက်သည်။ ရှီဟောင် သူမနဖူးကိုရိုက်သွားပြီး သူမကို ကလေးဟုခေါ်သွားသောကြောင့် သူမ အတော်လေးမကျေမနပ်ဖြစ်နေလေသည်။
“မင်းယောက်ျားလေးတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်နေရတာနော် .. ငါတာအိုလေ့လာနေတာကို လာမနှောက်ယှက်နဲ့” ရှီဟောင်ပြောလိုက်သည်။ သူသည် တောင်ထိပ်တွင်ထိုင်နေခြင်းဖြစ်ပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို လှစ်ဟပြထားလေသည်။
“ဘာကိုတာအိုလေ့လာတာလဲ .. နင့်ရဲ့အမူအရာတွေကို ကြည့်လိုက်ဦး .. ရယ်လိုက် မျက်နှာကြီးက မှောင်မဲသွားလိုက်နဲ့ .. အမျိုးမျိုးကိုဖြစ်နေတာ .. နင်က လူကောင်းနဲ့ကို မတူဘူး” ယုန်ဖြူလေး ပြောလိုက်သည်။
“နင့်ရဲ့ ယင်ထာဝရရတနာကိုသာ သွားရှာစမ်းပါ .. ငါသီးသန့်ကျင့်ကြံတော့မယ်” ရှီဟောင်ပြောလိုက်သည်။
“အမ် .. ငါတို့ထာဝရရတနာတွေသွားရှာတာက ပိုကောင်းလိမ့်မယ် .. ယောက်ျားလေးတွေက လနည်းနည်းလောက်မှာ တစ်ခါ ဒေါသကြီးနေတတ်တယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပြောလိုက်သည်။
“သွားသေလိုက်လေ” ယုန်ဖြူလေးသည် ဒေါသတကြီးဖြင့်ပင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို ရိုက်လိုက်သော်လည်း သူမလက်သာ နာသွားရပြီး မျက်ရည်ကျမတတ်ဖြစ်သွားရသည်။
“ဟုတ်ပါပြီ ငါအမှတ်မှားသွားတာ .. ဒီရက်တွေမှာ မင်းရဲ့စိတ်အခြေအနေ အရမ်းကောင်းတယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
“ငါနင့်ကို သတ်မယ်” ယုန်ဖြူလေးသည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနောက် လိုက်ရင်းဖြင့်ပင် “နင်နဲ့ရှီဟောင်က အတူတူပဲ … တစ်ယောက်မှလူကောင်းမဟုတ်ဘူး..”
ရေခဲနှင့်နှင်းများရှိနေသည့်နယ်မြေသည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားလေ၏။
ရှီဟောင် တရားစထိုင်လိုက်သည်။ ‘ချစ်စဖွယ်ကောင်းခြင်းနှင့်နူးညံ့မှု’ များအားလုံးပျောက်ကွယ်သွားပြီး စိတ်ပျံ့လွင့်ခြင်းများလည်း ငြိမ်သွားလေပြီ။ ယခုအချိန်သည် သူ၏ဒဏ်ရာများကို ကုသရမည့်အချိန်ပင်။
ဤသည်မှာ ထာဝရရှေးဟောင်းမြေဖြစ်သောကြောင့် ကျင့်ကြံခြင်းသာ အရေးအကြီးဆုံးပင်။ မဟုတ်ပါက အချိန်မရွေး ရန်သူများရှင်းပစ်ခြင်းကို ခံရနိုင်သည်။
စီရင်စုသုံးထောင်ပြိုင်ပွဲသည် အလွန်ရက်စက်သည့်နေရာပင်။ ဤနေရာမှ မထွက်ခွာနိုင်လျှင် နေရာတိုင်း၌ အန္တရာယ်ရှိပြီး သေမင်းလည်းစောင့်ကြိုနေမည်သာ။
စွမ်းအားကြီးသည့်လူနည်းစုထဲတွင် ပါဝင်မှသာလျှင် ကျန်သည့်သူများအားလုံးကို အပေါ်စီးမှ ကြည့်နိုင်လိမ့်မည်။ ထိုအချိန်ရောက်လာလျှင် ရိုမန့်ဆန်သည့်အချစ်ရေးကိစ္စများမပြောနှင့် စီရင်စုသုံးထောင်ကိုပုန်ကန်မည့်ဂိုဏ်းတစ်ခုကို တည်ထောင်လျှင်ပင် သူ့အတွက် ပြဿနာမရှိတော့ပေ။
သို့သော် ထိုသို့ပြုလုပ်ရန်အတွက် မြို့ခံများ၏ ကျိန်စာများကို အရင်ဖယ်ရှားရမည်။
ထိုအကြောင်းများကို ဆက်မစဉ်းစားတော့ပဲ သူ၏ဒဏ်ရာများ ကုသရန်အတွက်ကိုသာ အာရုံစိုက်ထားလိုက်တော့သည်။
“ဒီနဂါးချိန်းကြိုးက တော်တော်လေးမာတာပဲ” ရှီဟောင် ထိတ်လန့်သွားရသည်။ ဤသည်မှာ ယွဲ့ချန်သူ၏ခန္ဓာကိုယ်ကို ချည်နှောင်ရန် အသုံးပြုခဲ့သည့် လျှို့ဝှက်ရတနာပင်။ ယခုအချိန်တော့ ဤပစ္စည်းမှာ သူ့လက်ထဲ ရောက်သွားလေပြီ။
ဤသည်မှာ ရှေးဟောင်းသားရဲများစွာ၏ နတ်အရွတ်များဖြင့် ပြုလုပ်ထားခြင်းပင်။
ရှီဟောင်သည် ဤနတ်ချိန်းကြိုးကို ခါးပတ်ကဲ့သို့ သူ၏ခါးတွင် ချည်ထားလိုက်သည်။
“ဒီဝိဉာဉ်ချုပ်နှောင်ခြင်းစေတီက တော်တော်လေး ဒုက္ခပေးတာပဲ” ရှီဟောင်မျက်မှောင်ကြုတ်လိုက်သည်။ ချင်းရိပင်လျှင် ဤစေတီကို အကုန်လုံးမဖယ်ရှားနိုင်ပဲ သူ၏တံဆိပ်က အစိတ်အပိုင်းလေးကိုသာ ချေဖျက်ပေးနိုင်လေသည်။
ယခု သူ့ကိုယ်သူသာ အားကိုးရတော့မည်။ သူ၏ထာဝရစွမ်းအင်ကို သူ၏မူလဝိဉာဉ်နှင့်ပေါင်းစပ်လိုက်ကာ ဤစေတီကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။
နေ့တစ်ဝက်ကြာပြီးသည့်နောက်တွင် ဖုန်းဟူသည့်အသံနှင့်အတူ တောက်ပနေသည့်စေတီလေး သူ့လက်ထဲသို့ ရောက်လာသည်။
“စွမ်းအားကြီးလိုက်တာ .. ဒါကတော်တော်လေးကို စွမ်းအားကြီးတဲ့ မှော်ပစ္စည်းပဲ” ရှီဟောင်အတော်လေး ကျေနပ်သွားရသည်။
ထို့နောက်တွင် သူသည် မြင့်မြတ်ဆေးပင်များကို စားသုံးကာ သူ၏ဒဏ်ရာများကို ကုသလိုက်သည်။
ယခုတစ်ကြိမ်တွင် သူ၏ဒဏ်ရာများမှာ ပြင်းထန်လှသည်။ မီးတောက်တစ်ထောင်မှာ သူခန္ဓာကိုယ်ကို လောင်ကျွမ်းမလိုဖြစ်သွားသည်။ သူ့ထံတွင် ထာဝရစွမ်းအင်ကြောင်းသာရှိမနေလျှင် သူထိုနေရာတွင်ပင် သေနေလောက်လေပြီ။
ထို့အပြင် ယွဲ့ချန်၏ တိုက်ခိုက်မှုများနှင့် ထပ်ပေါင်းလိုက်သောအေခါ သူ၏လက်ရှိအခြေအနေမှာ အတော်လေးပင် ဆိုးရွားနေလေပြီ။
သူပြန်ကောင်းလာရန်အတွက် လတစ်ဝက်လုံး သုံးလိုက်ရလေသည်။ ဤအတော်အတွင်းတွင် သူနည်းနည်းမျှပင် မလှုပ်ခဲ့ပေ။
…
အပြင်ဘက်လောကတွင်ရှိနေသည့် ဂိုဏ်းခေါင်းဆောင်များအားလုံးမှာ ရှီဟောင်ကို မျက်ခြေပြတ်သွားသောကြောင့် သံသယများနေကြသည်။
အဘယ်ကြောင့်ဆိုသော သူထာဝရတာအိုစွမ်းအင်ကို အသုံးပြုလိုက်သည်နှင့် အရာအားလုံးဖုံးကွယ်သွားပြီး ထာဝရတာအိုပွင့်ချပ်များမှ သူ့အားပြသတော့မည်မဟုတ်ပေ။
“ယွဲ့ချန်က ဒီလူကို သတ်ချင်နေတာဆိုတော့ .. တကယ်ပဲ ဘာတွေများဖြစ်သွားတာလဲ” တစ်စုံတစ်ယောက်မှပြောလိုက်သည်။
ယွဲ့ချန်နှင့် ရှီဟောင်တို့အတူတူရှိနေသည့်အချိန်တွင် နောက်ပိုင်း သူတို့ထာဝရစွမ်းအင်ကျင့်ကြံလိုက်သောကြောင့် သူတို့နှစ်ဦးလုံး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ယွဲ့ချန် ထွက်သွားမှသာ သူတို့အားလုံး ပြန်မြင်ရခြင်းပင်။ သို့သော်လည်း သူမ ဘာကြောင့်ထွက်သွားရသည်ကို သူတို့ မသိလိုက်ရပေ။
“ယွဲ့ချန်နဲ့ ချင်းရိက အရိုးစာအုပ်တွေမှာ မှတ်တမ်းတင်ထားထဲ့ ထာဝရစွမ်းအင်ကို ကျင့်ကြံပြီးသွားတာများလား .. အဲဒါကြောင့်မို့လို့ ထာဝရတာအိုပွင့်ဖွတ်တွေက သူတို့ကို မပြတာထင်တယ်” လူများစွာ သံသယဝင်နေကြသည်။
“မင်းပြောတာ မမှားလောက်ဘူး .. ချင်းရိရဲ့ အစိမ်းရောင်လက နည်းနည်းလေးထူးဆန်းတယ် .. ကြည့်ရတာ သူတို့ထာဝရစွမ်းအင်ကျင့်ကြံနိုင်အောင် ကူညီပေးတယ်ထင်တယ်” တစ်စုံတစ်ယောက်မှ ကောက်ချက်ချလိုက်သည်။
“ဟီးဟီး .. သူတို့ပျောက်သွားတဲ့အချိန်မှာ သူတို့ကြားမှာ ထူးဆန်းတာတစ်ခုခုဖြစ်သွားလောက်တယ် .. မိန်းကလေးတစ်ယောက်ရဲ့ အမြင်နဲ့ကြည့်ရမယ်ဆိုရင်တော့ နတ်နန်းဂိုဏ်းက သားမက်တစ်ယောက် ရတော့မယ်ထင်တယ်” အစိမ်းရောင်ဆံပင်နှင့် ညှို့အားပြင်းသည့်အမျိုးသမီးတစ်ယောက်မှ ပြောလိုက်သည်။
ဤနေရာမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေ၏။ အားလုံး တုန်လှုပ်သွားရသည်။ အဆင့်မြင့်နယ်မြေတွင် နတ်နန်းဂိုဏ်းကို ရန်စရဲသည့်သူများ သိပ်မရှိပေ။
ခဏကြာပြီးသည့်နောက်တွင် သူမ မည်သူဖြစ်မှန်း သိသွားကြသည်။ သူမသည် ကောင်းကင်ခစားခြင်းဂိုဏ်း၏ နတ်ဆိုးဧကရီပင်။ အချို့ကောင်းကင်နတ်ဘုရားများသည် သူမကို ကြာကြာမကြည့်ရဲပဲ ချက်ချင်းပင် တစ်ဖက်သို့လှည့်လိုက်ကြလေ၏။ သူမ မည်မျှကြောက်ဖို့ကောင်းသည်ကို သူတို့အားလုံး သိကြသည်။
သို့သော်လည်း နတ်ဆိုးဧကရီ၏အမြင်များမှာ ကြောက်စရာကောင်းလောက်အောင် မှန်လွန်းလှသည်။ ယခင်ကလည်း ကောင်းကင်ခစားခြင်းဂိုဏ်းကို ကပ်ဆိုးများမှ အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ဖူးသည်။
သူတို့သုံးယောက်ကြားမှာ တကယ် တစ်ခုခုဖြစ်ခဲ့တာများလား..
နတ်နန်းဂိုဏ်းမှ လူများသည် နှာခေါင်းရှုံ့လိုက်ကာ “မင်းရဲ့ဂိုဏ်းက စုန်းမလေးကိုပဲ စောင့်ကြည့်နေစမ်းပါ .. ငါကြားတာတော့ အဆင့်နိမ့်နယ်မြေမှာတုန်းက သူက ဟွမ်နဲ့ထူးဆန်းတဲ့ဆက်ဆံရေးရှိခဲ့တယ်တဲ့ .. အခု သူတို့နှစ်ယောက်လုံး ထာဝရရှေးဟောင်းမြေထဲ ဝင်သွားပြီဆိုတော့ သူမ ပြန်ပေးဆွဲမခံရဖို့ကိုသာ ဆုတောင်းနေလိုက်ပါ”
“ဟား ဟား..” နတ်ဆိုးဧကရီသည် ရယ်မောလိုက်ကာ “အဲဒါဆိုရင်လည်း ဒါက တော်တော်လေးကောင်းတဲ့ အပေးအယူပဲ”
လူများစွာမှာ ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြလေသည်။
သူမ ဆက်ပြောလိုက်သည်မှာ “ဟွမ်က နတ်နန်းဂိုဏ်းရဲ့နတ်သမီးကို ပြန်ပေးဆွဲမယ် .. ကျွန်မရဲ့စုန်းမလေးက ဟွမ်ကို ပြန်ပေးဆွဲပြီး ခေါ်လာမယ် .. အဲဒါဆိုရင် ဒါက တစ်ခုဝယ်တစ်ခုလက်ဆောင်ပဲမဟုတ်ဘူးလား .. အိုး မှားလို့ .. တစ်ခုဝယ် နှစ်ခုလက်ဆောင်ပဲ .. ဟား ဟား…”
…
ထာဝရရှေးဟောင်းမြေအတွင်းရှိ ကမ္ဘာငယ်လေးများထဲတွင်..
ဤလဝက်မှာ ငြိမ်းချမ်းသည့်အချိန်များမဟုတ်ခဲ့ပေ။ မြေအောက်လောက၊ ကောင်းကင်နိုင်ငံ၊ နတ်ဘုရားကျောင်းနှင့် အခြားသူများသည် နေရာအနှံ့တွင် လှုပ်ရှားနေကြလေ၏။