သုခကမ္ဘာက ရှီဟောင် - Chapter - 1112 ပြိုင်ဘက်ကင်းသော ယုံကြည်မှု
ရှီဟောင်၏ ခွန်ပန်အတောင်ပံများသည် ကောင်းကင်ကိုပင် ထိုးဖောက်သွားပြီး သူ၏အရှိန်မှာလည်း လျင်မြန်လွန်းလှသည်။ သူသည်တစ်ခဏအတွင်းမှာပင် တောင်အတွင်းပိုင်းသို့ ရောက်သွားလေသည်။
ဝုန်း..
သူ၏ကြီးမားလှသည့်အတောင်ပံများတွင် အဆုံးမရှိသည့်လျှပ်စီးများပါဝင်နေပြီး ထိုလျှပ်စီးများသည် အရှေ့ဘက်သို့ ဦးတည်သွားလေ၏။
“ဘယ်သူလဲ” နတ်ဘုရားကျောင်းမှ စွမ်းအားအကြီးဆုံးမျိုးရိုးဆက်ခံသူ တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အချိန်တွင် သူချက်ချင်းပင် အံ့အားသင့်သွားရသည်။ သူ၏အနောက်ဘက်တွင်လည်း လျှပ်စီးအတောင်ပံများရှိနေသော်လည်း ထိုလျှပ်စီးပင်လယ်ကိုမြင်လိုက်ရသည့်အချိန်တွင် သူ၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားရသည်။
ဤသည်မှာ စွမ်းအားကြီးလွန်းလှသည်။
“ချိုးဖောက်မယ်”
သူကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နတ်ဘုရားကျောင်းမှ ထူးချွန်သည့်တပည့်ဖြစ်သောကြောင့် သူ့ထံတွင် ပြိုင်ဘက်ကင်းသည့်ကျမ်းစာများရှိနေသည်သာ။
လေဟာနယ်ထဲတွင် ပြိုင်ဘက်ကင်းသည့်သတ္တုစွမ်းအင်များ ထွက်ပေါ်လာပြီး ထိုစွမ်းအင်များသည် ရွှေရောင်ဝိဉာဉ်နယ်မြေနှင့် တုံ့ပြန်မှုများဖြစ်ပေါ်လာပြီး လျှပ်စီးပင်လယ်ကြီးကို ဘေးဘက်သို့ လမ်းလွှဲလိုက်ပြီး သူ့အတွက် အသုံးပြုရန် ပြင်ဆင်လိုက်သည်။
ဝုန်း…
လျှပ်စီးများသည် အဖိုးတန်သတ္တုပညာများကြောင့် ဘေးဘက်သို့ တရှိန်ထိုးပြေးသွားလေ၏။ ထိုလျှပ်စီးများတွင် သင်္ကေတများဖြစ်ပေါ်လာလေသည်။
ရွှီး..
ရုတ်တရက်ပင် လျှပ်စီးပင်လယ်ထဲမှ လျှပ်စစ်တန်းတစ်ခုထွက်ပေါ်လာပြီး လျှပ်စီးများအားလုံးလည်း ပေါက်ကွဲသွားလေသည်။ လေဟာနယ်ထဲတွင်လည်း ကြီးမားလှသည့် အနက်ရောင်အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေ၏။
ဂုမုန့်၏ဆံပင်မွေးများပင် ထောင်ထသွားရသည်။ မည်သူလာသည်ကို သူသိနေသည်သာ။
ဝုန်း..
ကျယ်လောင်လှသည့်အသံနှင့်အတူ ကောင်းကင်ကြီးတစ်ခုလုံးတွင် လျှပ်စီးများ ပြည့်နှက်သွားသည်။
ဂုမုန့်သည် ရှီဟောင်နှင့်ထိပ်တိုက်ရင်မဆိုင်ပဲ ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးသွားလေသည်။
နတ်ဘုရားကျောင်း၏ မြင့်မြတ်သားတော်၊ အဆင့်မြင့်နယ်မြေတွင် စွမ်းအားအကြီးဆုံးသူ အနေဖြင့် ဤသည်မှာ မယုံကြည်နိုင်လောက်သည့်ကိစ္စပင်။
သို့သော်လည်း ဟွမ်နှင့်ရင်ဆိုင်ရလျှင် သူထွက်ပြေးရုံသာ တတ်နိုင်သည်။
ထိုသို့ သို့သော်လည်း သူရိုက်ခတ်မိသွားသည်ပုံပင်။ သူသည် လေဟာနယ်ထဲတွင် ရပ်နေပြီး သူ၏ဆံပင်များမှ လျှပ်စစ်အလင်းတန်းများ တဖြစ်ဖြစ်မည်နေလေ၏။ ဤသည်မှာ သူလန့်သွားသောကြောင့် ဖြစ်လာခြင်းပင်။
နှင်းဖီးနှစ်လည်း ရပ်တန့်လိုက်သည်။ သူမသည် အားအင်များကုန်ခမ်းနေပြီဖြစ်သော်လည်း နောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ဤမြင်ကွင်းကို မြင်လိုက်ရခြင်းပင်။
ရှီဟောင်ရောက်လာပြီ.. လျှပ်စီးများ ထုတ်လွှတ်ပြီးသည်နှင့် သူ၏ခန္ဓာကိုယ် ထွက်ပေါ်လာလေသည်။ သူသည် နတ်ဘုရားကျောင်း၏မျိုးရိုးဆက်ခံသူကို အေးစက်စွာပင် ကြည့်နေလေသည်။
ဂုမုန့် တုပ်လှုပ်သွားရသည်။ သူသည် အားတင်းကာ ရှီဟောင်အားစိုက်ကြည့်လိုက်ပြီးနောက် “ဟွမ် .. မင်းကတစ်ယောက်တည်းနဲ့ ရှေးဟောင်းဘုရင်တွေအများကြီးကို ရင်ဆိုင်မလို့လား”
ရှီဟောင်သည် ဘာမှမပြောပဲ သူဘေးပတ်လည်ကိုသာ အာရုံခံလိုက်သည်။
သူ၏ဘေးနားရှိ အစီအရင်များနှင့် ထောင်ချောက်များကို သူအာရုံခံမိသွားသည်။ တစ်ခဏကြာပြီးသည့်နောက်တွင် “ရှေးဟောင်းဘုရင်ဟုတ်လား .. ငါတစ်ယောက်တောင် သတ်ပြီးသွားပြီ..”
သူ၏အသံတွင် ယုံကြည်ချက်များ အပြည့်ပင်။ သူသည် ဂုမုန့်ကိုသာ အေးစက်စွာ စိုက်ကြည့်နေသည်။ သူ၏လက်ကိုမြှောက်လိုက်သည်နှင့် တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် သူ၏အနားတွင်ရှိနေသည့် တိမ်တိုက်များပင် ကင်းရှင်းသွားသည်။
ဤသည်မှာ သူ၏တိုက်ပွဲအငွေ့အသက်ပင်။ ပုံစံမရှိသည့် သူ၏နယ်မြေကျယ်ပြန့်လာသည်နှင့် အရာအားလုံးမှာ ဤနေရာကို ရှောင်ရှားသွားကြသည်။
ဤသည်မှာ စက္ကန့်ဝက်လောက်သာဖြစ်သော်လည်း နတ်ဘုရားကျောင်းမှ မျိုးရိုးဆက်ခံသူမျက်မှောင်ကြုတ်သွားရသည်။ သူသည် ကြီးမားလှသည့်ဖိအားကိုပင် ခံစားလိုက်ရပြီး သူ၏ပြိုင်ဖက်မှာ မည်မျှကြောက်စရာကောင်းသည်ကိုလည်း သူနားလည်သွားရသည်။ သူထင်ထားသည်ထက်ပင် ပို၍ အထင်ကြီးစရာကောင်းနေလေသည်။
“ဟွမ် .. မင်းနဲ့ငါတို့ နတ်ဘုရားကျောင်းကြားက ရန်ငြိုးက အဲဒီလောက်မှမရှိတာ .. ငါတို့ ဒီရန်ငြိုးတွေကို မချေဖျက်စရာမှမရှိတာ” ဂုမုန့်ပြောလိုက်သည်။
“ပြော..” ရှီဟောင် ရုတ်တရက်ပြောလိုက်သည်။
ဂုမုန့်၏မျက်ခုံးတန်းများ စုကျုံ့သွားရသည်။ တစ်ဖက်လူသည် သူ့အားဤကဲ့သို့လာဆက်ဆံနေသည်။ ဤသည်မှာ သူ့အားလုံးဝအလေးမထားခြင်းပင်။ သူသည်ချက်ချင်းပင် သတ်ဖြတ်လိုစိတ်များ ပေါ်လာရသည်။
ဂုမုန့် – “မင်းက ငါ့နတ်ဘုရားကျောင်းရဲ့ ရွှေရောင်အစင်းကြားကျားဖြူကို သတ်ခဲ့တယ် .. အဲဒီတော့ မင်းအဲဒီအတွက် ပြန်ပေးရမယ် .. မင်းငါ့ကို ဒီနှင်းဖီးနှစ်ကို ယူသွားခိုင်းရင် ငါဒါကို ချေပေးလိုက်မယ်”
ထိုစကားကို ကြားလိုက်သည်နှင့် ရွှယ်လင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမသည် အလွန်လှပသည့်မိန်းမပျိုလေးအဖြစ်သို့ ပြောင်းလဲသွားလေ၏။ သို့သော်လည်း သူမရင်ဘတ်တွင် သွေးများစီးကျနေသည့် အပေါက်ရှိနေလေသည်။
“ဂုမုန့် .. ရှင်တို့ နတ်ဘုရားကျောင်းက တော်တော်လေးကို ရဲတင်းတာပဲ .. အရင်တုန်းက ကျွန်မကလန်ရဲ့ဘိုးဘေးလက်အောက်မှာ ရှင်တို့မရှုမလှရှုံးခဲ့လို့ အခု ကျွန်မတို့ကလန်ကို ပြန်ပြီးအနိုင်ကျင့်နေတာလား” ရွှယ်လင်း အေးစက်စွာ ပြောလိုက်သည်။
ရှီဟောင်သည် သူမကို စိတ်တိုစရာမလိုကြောင်း လက်ဝေ့ရမ်းပြလိုက်ပြီး “ရွှေရောင်အစင်းနဲ့ကျားသားက မဆိုးဘူး .. မင်းတို့ဆီမှာ ရှိသေးလား…”
“မင်း .. မင်းငါ့ကို ရန်စနေတာလား.. ငါက ပြေရာပြေကြောင်းပြောနေတာကို မင်းကငါ့ကိုဒီလိုမျိုးဆက်ဆံတယ်..” ဂုမုန့် အေးစက်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် ချက်ချင်းပင် အရှေ့ဘက်သို့ ပြေးတက်သွားကာ “ရွှယ်လင်းက ငါ့သူငယ်ချင်း .. အဲဒါကိုတောင်မှ မင်းက သူ့ကိုလိုက်သတ်သေးတယ် .. သူ့ကိုဖမ်းပြီးတော့ မင်းတို့နတ်ဘုရားကျောင်းရဲ့ နတ်ငှက်လုပ်မယ်လို့ ငါ့ရှေ့မှာတောင် ပြောလိုက်သေးတယ် .. ဘယ်သူက ဒီနေရာမှာ အနိုင်ကျင့်ခံနေရတာလဲ.. မင်းရဲ့လှည့်ကွက်တွေကို ခေါက်ထားလိုက်တော့ .. မင်းအချိန်တွေ လာဆွဲနေတာမလား…”
ဝုန်း..
ရှီဟောင်၏လက်သီးချက်ကျရောက်လာသည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးပင် တုန်ခါသွားရသည်။ ဂုမုန့်မှာ ချက်ချင်းပင် အမူအရာများ ပြောင်းလဲသွားလေ၏။ သူသည်ချက်ချင်းပင် နောက်ဆုတ်သွားကာ သူ့ကိုယ်သူ ခုခံရန်အတွက်လည်း လျှို့ဝှက်ရတနာများကို ထုတ်သုံးလိုက်သည်။
ယခင်က သူ့ကိုယ်သူ အတော်လေး ယုံကြည်မှုရှိခဲ့သော်လည်း ရှီဟောင်နှင့်တွေ့လိုက်ရသည့်အချိန်တွင် သိပ်မသေချာတော့ပေ။
သို့သော်လည်း သူအချိန်ဆွဲနေရုံသာ။ သူကိုယ်တိုင်ရှီဟောင်ကို သတ်စရာမလိုပေ။
“ဟွမ် .. မင်းလာပြီပေါ့” မိုးခြိမ်းသံထွက်ပေါ်လာပြီး ရွှေရောင်ဝိဉာဉ်နယ်မြေပင် တုန်ခါသွားသည်။
လောကကြီးကို တုန်လှုပ်စေနိုင်လောက်သည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များသည် ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားကာ မိုးထိုးနေသည့် အနက်ရောင်နတ်ဆိုးပုံရိပ်အဖြစ် ပြောင်းလဲသွားလေ၏။
ဤသည်မှာ အလွန်ပင်ကြောက်စရာကောင်းသည့် ပုံရိပ်တစ်ခုပင်။ သူသည် အလွန်ဝေးသည့်နေရာတွင်ရောက်နေခြင်းဖြစ်ပြီး ဤနေရာသို့မရောက်သေးပေ။ ဤလူမှာ အနက်ရောင်နတ်သားတော်ပင်။
“သတ်…”
ဂုမုန့်သည် အားအင်အပြည့်ဖြင့်ပင် ပြန်လည်တိုက်ခိုက်လာလေ၏။ ရှီဟောင်နှင့် တိုက်ခိုက်ပြီး အချိန်ဆွဲနိုင်ရန်အတွက် လျှို့ဝှက်ရတနာများ တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။
အနက်ရောင်နတ်သားတော်မှာ ဤနေရာသို့ မရောက်သေးသော်လည်း ဤနယ်မြေတွင်တည်ရှိနေသည့် သူ၏တည်ရှိမှုကပင်လျှင် လုံလောက်လေပြီ။
သူ့နောက်သို့ လိုက်လာသည့် ကျင့်ကြံသူအချို့ရှိလေသည်။ ထိုသူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ဦးညွှတ်ကာ အရိုအသေပေးချင်စိတ်များ ဖြစ်ပေါ်လာကြလေသည်။
“မင်းသတ္တိရှိရင် လာခဲ့လိုက်” ရှီဟောင် ဤစကားများသာ ပြောလိုက်သည်။ သူ၏ခြေထောက်သည် ထိုနေရာမှ တစ်လက်မမှမရွေ့သော်လည်း သူ၏ညာလက်လှုပ်ရှားသွားကာ ဂုမုန့်ကို ဖိနှိပ်လိုက်လေ၏။
ခလွပ်..
လျှို့ဝှက်ရတနာများပျက်စီးသွားသည့်အသံများ ထွက်ပေါ်လာလေ။ လေဟာနယ်ထဲတွင်ရှိနေသည့် ငွေရောင်လှံတံလေးမှာ ပျက်စီးသွားလေပြီ။ ဤသည်မှာ ဂုမုန့်၏ အမူအရာကို ပြောင်းလဲသွားစေသည်။ တစ်ဖက်လူမှာ စွမ်းအားကြီးလွန်းလှသည်။ နတ်ဘုရားအဆင့် အဖိုးတန်ပစ္စည်းကိုပင် လက်ဗလာဖြင့် ဖျက်ဆီးပစ်လိုက်နိုင်သည်။
“အား…” ဂုမုန့်သည် အော်ဟစ်လိုက်ကာ ကောင်းကင်ဘုံကိုးခုနှင့် ၁၀ခုမြောက်ကမ္ဘာမြေကျမ်းစာကို အသက်သွင်းလိုက်သည်။ ရှီဟောင်ကို နှောင့်နှေးအောင် သူမလုပ်နိုင်ဘူးဟု သူမယုံကြည်ပေ။ ထာဝရနန်းတော်သခင်လေးပင်လျှင် ရှီဟောင်နှင့် အချက်ပေါင်းများစွာ တိုက်ခိုက်ခဲ့သေးသည်။ ထို့ကြောင့် သူရှီဟောင်နှင့် တိုက်ကိုတိုက်နိုင်ရမည်။
ရှီဟောင်၏နှုတ်ခမ်းထောင့်တွင် အေးစက်လှသည့် အပြုံးလေးတစ်ခု ပေါ်လာကာ “မင်း ကျွင်းသောက်နဲ့ရန်ငြိုးတွေ ရှိနေတာလား .. သူကမင်းကို ဘယ်တုန်းကမှ အမှန်တရားကို မပြောပြခဲ့ဘူးလား”
ရုတ်တရက်ပင် ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး ဓားအလင်းတန်းများ ပျံ့လွင့်လာသည်။ ကြောက်စရာကောင်းလှသည့် သတ်ဖြတ်ခြင်းတာအိုများလည်း အတူတကွ ထွက်ပေါ်လာလေ၏။
“ဘုရားရေ .. ရှေးဟောင်းဘုရင် .. ကောင်းကင်နိုင်ငံက ကြောက်ဖို့အကောင်းဆုံးလူ ထွက်လာပြီ”
ယခုအချိန်တွင် ဘာကိုမှ ပြောစရာမလိုတော့ပေ။ ဤဓားချက်မည်မျှကြောက်စရာကောင်းသည်ကို ဤနေရာသို့လိုက်လာသည့် ကျင့်ကြံသူအားလုံး သိကြသည်။
ဤကဲ့သို့သော စွမ်းအား၊ ဓားချက်ပေါ်လာသည့်ထောင့်နှင့် အချိန်တို့ အားလုံးမှာ ကွက်တိကျလှသည်။
ဤသည်မှာ ရှီဟောင်ကိုသတ်ရန် လုပ်ထားခြင်းပင်။
ရွှီး..
ရုတ်တရက်ပင် လေဟာနယ်ထဲ၌ အခြားဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။ ထိုဓားအလင်းတန်းနှင့်အတူ အလင်းမိုးလည်း ပါလာလေသည်။ ထိုဓားအလင်းတန်းသည် သတ်ဖြတ်လိုသည့်အငွေ့အသက်၏ အလယ်သို့ ထိုးဖောက်သွားလေ၏။
ဖုန်း…
အတောက်ပဆုံးမီးရှူးမီးပန်းများကို ဖောက်လိုက်သကဲ့သို့ပင်။ သတ်ဖြတ်လိုသည့်စွမ်းအင်များ ပျောက်ကွယ်သွားပြီး သွေးများစီးကျနေသည့် နတ်ဓားတစ်ချောင်း သူ၏မူလနေရာသို့ ပြန်သွားသည်ကို အားလုံးမြင်လိုက်ရသည်။
ရှီဟောင်သည်လည်း မြင်ကွင်းတွင် ပေါ်လာကာ သူ၏လက်ထဲတွင် ထာဝရတည်ရှိနေမည့် ထာဝရဓားရှိနေလေသည်။ သူသည် ယခုလေးတင် ထိုဓားဖြင့် ကောင်းကင်နိုင်ငံ၏လုပ်ကြံသူကို တိုက်ခိုက်လိုက်ခြင်းပင်။
ဒါက ခန္ဓာကိုယ်အစစ်လား .. အားလုံးတုန်လှုပ်သွားရသည်။
ဝုန်း…
ရုတ်တရက်ပင် လေဟာနယ်ကြီး ပြိုကွဲသွားပြီး အနက်ရောင်ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ဤနေရာကိုလည်း အနက်ရောင်မြူများ လွှမ်းခြုံသွားကာ ရှီဟောင်အား တိုက်ခိုက်လာလေသည်။
ဒုန်း..
သူတို့နှစ်ဦးကြားတွင် အဆုံးမရှိသည့် သင်္ကေတများ ထွက်ပေါ်လာကာ နတ်ခွန်အားများမှာလည်း ဒီရေလှိုင်းများကဲ့သို့ပင်။
အားလုံး နောက်တစ်ကြိမ် ဆွံ့အသွားရသည်။ ဤသည်မှာ အနက်ရောင်နတ်သားတော်ပင်။ ထိုသို့ဆိုလျှင် ကောင်းကင်ထက်၌ရှိနေသည့် အနက်ရောင်ပုံရိပ်မှာ မည်သူနည်း..
ခဏကြာပြီးသည့်နောက်တွင် အားလုံးခေါင်းရှင်းသွဦးရသည်။ နတ်ဘုရားကျောင်းမှ ဂုမုန့်သည် ငါးစာသာဖြစ်ပြီး တကယ်လာသတ်မည့်သူမှာ ကောင်းကင်နိုင်ငံ၏ ရှေးဟောင်းဘုရင်ပင်။
သို့သော် ရှီဟောင်၏ခန္ဓာကိုယ်အစစ်မှာ ပုန်းကွယ်နေဆဲဖြစ်သည်။
အနက်ရောင်နတ်သားတော်သည်လည်း ထိုကဲ့သို့ပင်။ မိုးကုပ်စက်ဝိုင်းတွင်ရှိနေသည့်သူမှာ သူ၏ခန္ဓာကိုယ်အစစ်မဟုတ်ပေ။ အရေးကြီးသည့်အချိန်မှသာ သူ၏ခန္ဓာကိုယ်အစစ် ရောက်လာခြင်းပင်။
ဒုန်း ဒုန်း..
ကောင်းကင်နှင့် ကမ္ဘာမြေကြီး ပြင်းထန်စွာ တုန်ခါသွားသည်။ အနက်ရောင်နတ်သားတော်နှင့် ရှီဟောင်တို့၏ခန္ဓာကိုယ်အစစ်သည် ပြင်းထန်သည့်တိုက်ပွဲကို တိုက်ခိုက်နေကြကာ သူတို့ကြားတွင် တောက်ပသည့်နတ်အလင်းများ ထွက်ပေါ်နေလေသည်။
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ဂုမင်မှာ ဒေါသထွက်နေသည်။ ဟွမ်သည် သူ့အားအထင်သေးလွန်းအားကြီးသည်။ သူနှင့်ရင်ဆိုင်သည့်အချိန်တုန်းက သူ၏ခန္ဓာကိုယ်အစစ်ကိုပင် မသုံးခဲ့ပဲ ကိုယ်ပွားကိုသာ အသုံးပြုခဲ့သည်။
ခဏကြာပြီးသည့်နောက်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားရသည်။
ဟွမ်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ထာဝရစွမ်းအင်တစ်ကြောင်းပေါ်နေလေ၏။
“ကျွင်းသောက် မင်းငါ့ကိုညာတယ်” သူအံကြိတ်လိုက်၏။ ထို့ကြောင့်ပင် ရှီဟောင်အစောပိုင်းက ထိုသို့ပြောခဲ့ခြင်းပင်။ ယခုတစ်ကြိမ်တွင် သူသည် ဟွမ်၏အာရုံကို ဆွဲဆောင်နိုင်ရန်အတွက် အမြှောက်စာတစ်ခုကဲ့သို့ အသုံးပြုခံလိုက်ရခြင်းပင်။
ဟွမ်သည် ထာဝရစွမ်းအင်ကို မကျင့်ကြံရသေးကြောင်း ကျွင်းသောက်သူ့အားပြောခဲ့သည်။ အပြင်ဘက်မှလူများမှာ ကောလဟာလများလျှောက်ဖြန့်နေခြင်းဖြစ်ပြီး ပျက်စီးနေသည့်နတ်သားတော်သည်လည်း မအောင်မြင်သေးကြောင်း သူပြောခဲ့ခြင်းပင်။
ထိုစကားအားလုံးမှာ အလိမ်အညာများသာ။
“ကောင်းကင်နိုင်ငံက ရှေးဟောင်းလူထူးဆန်းရော… သူ့ကိုလည်း ဒီကိုလာခဲ့ဖို့ပြောလိုက် .. မင်းတို့တစ်ခါတည်းလာတိုက်ကြ” ရှီဟောင်အော်ဟစ်လိုက်သည်။
ဤသည်မှာ ဂုမုန့်ကို ပို၍ ဒေါသထွက်စေသည်။ ဟွမ်၏ခန္ဓာကိုယ်အစစ်သည် သူ့အားတစ်ချက်လေးမျှပင် မကြည့်ပဲ အနက်ရောင်နတ်သားတော်နှင့် ကောင်းကင်နိုင်ငံ၏ဘုရင်ကိုသာ မျက်စိထဲ ထည့်ထားခြင်းပင်။
“သူထွက်သွားပြီ .. ပထမရိုက်ချက် မအောင်မြင်တော့ သူသေချာပေါက် တစ်နေရာတည်းကနေ နောက်တစ်ခေါက် ထပ်တိုက်မှာမဟုတ်ဘူး” အနက်ရောင်နတ်သားတော်ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် မည်းနက်ကာ မှုန်ဝါးနေလေ၏။ သူ၏မျက်လုံးတစ်စုံသာ မီးတောက်ကဲ့သို့ လောင်ကျွမ်းနေခြင်းပင်။
“မင်းက ငါ့ကိုတစ်ယောက်တည်း တိုက်ရဲတယ်ပေါ့” ရှီဟောင်အေးစက်စွာပင် ရယ်မောလိုက်သည်။
“ငါကဘာလို့မတိုက်ရဲရမှာလဲ .. ငါမင်းကိုတိုက်ဖို့အတွက် ဒီနေရာကို လာခဲ့တာပဲ” အနက်ရောင်နတ်သားတော်အေးစက်စွာပင် ပြောလိုက်လေ၏။
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ဂုမုန့်သည် ဘာမှမပြောပဲ ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။
“မင်းက ငါ့ရှေ့မှာ ငါ့သူငယ်ချင်းကို ဘုရားကျောင်းကိုစောင့်ရှောက်တဲ့နတ်ငှက်ဖြစ်အောင်လုပ်မယ်လို့ ပြောပြီးတော့ မင်းကထွက်သွားချင်နေသေးတာလား ..” ရှီဟောင်၏ကိုယ်ပွားမှ ပြောလိုက်သည်။ ယခုတစ်ကြိမ်တွင် သူသည် အားအင်အပြည့်ဖြင့် တိုက်ခိုက်လာလေ၏။
ချွမ်းဟူသည့်အသံနှင့်အတူ သူ၏လက်ထဲတွင် အလင်းဓားတစ်ခု ပေါ်လာလေ၏။ ထိုဓားမှာ သင်္ကေတများဖြင့် ပြုလုပ်ထားခြင်းပင်။
ဂုမုန့်သည် ဆက်မတိုက်ချင်တော့ပဲ ချက်ချင်း ထွက်ပြေးချင်မိသည်။ အဘယ်ကြောင့်ဆိုသော် သူအသုံးချခံလိုက်ရသည်ဟု ခံစားလိုက်ရသောကြောင်ပင်။
နတ်ဘုရားကျောင်းမှ မြင့်မြတ်သားတော်သည် သူပြုစုပျိုးထောင်ခဲ့သည့် ရွှေရောင်အစင်းကျား အသတ်ခံလိုက်ရကြောင်း ကြားလိုက်ရသည့်အချိန်တွင် သူဒေါသထွက်ခဲ့ရသည်။ ဤလူများသည့် သူ့အားဖိတ်ကြားခဲ့သော်လည်း သူသည် အနည်းငယ်တွေဝေနေကာ ဤလူများနှင့် မပူးပေါင်းချင်ခဲ့ပေ။
ယနေ့သူသာ သေဆုံးသွားလျှင် ကျွင်းသောက်တို့သည် မြင့်မြတ်သားတော်ကိုလည်း ဆွဲထည့်လိမ့်မည်ပင်။
သူဒေါသထွက်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ချင်သော်လည်း ရှီဟောင်သည် သူ့အားဂရုမစိုက်ပေ။ ဓားအလင်းတန်းသည် သက်တံ့ကဲ့သို့ပင် ကောင်းကင်ကို ထိုးဖောက်လာလေ၏။ ဤသည်မှာ ယခင်ကထက် အဆပေါင်းများစွာ ပို၍စွမ်းအားကြီးသည်။ ဂုမုန့် ဆက်မတောင့်ခံနိုင်တော့ပေ။
ဖူး..
ဂုမုန့်၏ဦးခေါင်းလွင့်ထွက်သွားပြီး သွေးများလည်း လွင့်စင်လာသည်။ သူဒီလိုမျိုးပဲ အသတ်ခံလိုက်ရပြီလား .. မမြန်လွန်းဘူးလား..
ဒါက ထာဝရစွမ်းအင်ကနေ ရလာတဲ့ စွမ်းအားတွေလား … ဤသည်မှာ မယုံကြည်နိုင်လောက်အောင် ကြောက်စရာကောင်းလှသည်။
သူဘာမှထပ်မတွေးနိုင်ခင်မှာပင် သူ၏ဦးခေါင်းထဲတွင်ရှိနေသည့် မူလဝိဉာဉ်သည် ဓားစွမ်းအင်ကြောင့် ဖျက်ဆီးခံလိုက်ရလေသည်။
ရှီဟောင်၏ကိုယ်ပွားသည် မူလခန္ဓာကိုယ်နှင့် ပြန်လည်ပေါင်းစည်းသွားလေ၏။ တစ်ချိန်တည်းမှာပင် သူသည် အရပ်မျက်နှာအနှံ့သို့ အသံပို့လွှတ်လိုက်သည်။ “ဘယ်သူရှိသေးလဲ .. ငါနဲ့တိုက်ချင်ရင် တစ်ခါတည်းလာတိုက်ကြ”
အားလုံးထိတ်လန့်သွားရသည်။ ဤသည်မှာ မည်ကဲ့သို့သော စွမ်းအားမျိုးဖြစ်သနည်း .. သူသည် နတ်ဘုရားကျောင်းမှ စွမ်းအားအကြီးဆုံးမျိုးဆက်ကို ခေါင်းဖြတ်လိုက်ရုံသာမက ဤကဲ့သို့သော အသံပို့လွှတ်ပြီး အရပ်မျက်နှာအနှံ့မှ ရန်သူများကိုလည်း စိန်ခေါ်နေသေးသည်။
“ဟွမ် ဖြစ်ထိုက်ပါပေတယ် .. ပြိုင်ဘက်ကင်းတဲ့စွမ်းအားတွေနဲ့ ယုံကြည်ချက်တွေ ရှိနေတဲ့လူပဲ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။