သုခကမ္ဘာက ရှီဟောင် - Chapter - 1114 နတ်သားတော်ကို ခေါင်းဖြတ်ခြင်း
သူ၏လက်မှဖြစ်လာသည့် အနက်ရောင်နတ်ဓားသည် အလွန်ပင် ထက်ရှလှကာ စွမ်းအားကြီးလှသည်။
ရှီဟောင်သည် အပြင်ဘက်သို့ရှောင်ထွက်လိုက်ပြီး သူ၏ခွန်ပန်အတောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် ယင်နှင့်ယန်စွမ်းအင်များ ထွက်ပေါ်လာလေသည်။
ဝုန်း..
အနက်ရောင်ဓားသွားနှင့် ခွန်ပန်အတောင်ပံတို့ ထိခတ်သွားသည့်အချိန်တွင် မီးပွားများ နေရာအနှံ့သို့ လွင့်စင်သွားလေ၏။
ဒုန်း..
ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး နားစည်ကွဲလောက်သည့်အသံများလည်း လေထဲတွင် ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ရှီဟောင်ဘက်၌ ရွှေရောင်အတောင်ပံများသည် ကောင်းကင်ကို ဖုံးအုပ်ထားကာ အရာအားလုံးကို ချေဖျက်လိုက်လေသည်။
သို့သော် ခဏကြာပြီးသည့်နောက်တွင် သူဒုက္ခရောက်ရတော့သည်။ အနက်ရောင်နတ်သားတော်၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာပြီး အဖိုးတန်ပညာမျိုးစုံလည်း ထွက်ပေါ်လာကာ သူ့ထံသို့ တရှိန်ထိုး ရောက်ရှိလာလေသည်။
ဤသည်မှာ ရှီဟောင်သည် သူ၏စွမ်းအားများကို အလွန်အသုံးပြုလိုက်သောကြောင့်ပင်။
ဤသည်မှာ ပျားအုံကို တုတ်ဖြင့်ထိုးလိုက်သည်နှင့်တူသလိုပင်။ အနက်ရောင်နတ်သားတော်၏ခန္ဓာကိုယ်တွင်ရှိသည့် အဖိုးတန်ပညာများကို နှိုးဆွလိုက်ခြင်းပင်။
ရှီဟောင် ဤသည်ကို တမင်သက်သက်လုပ်လိုက်ခြင်းဖြစ်သည်မှာ သိသာလှသည်။ ထိုလူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းတွင် ကြောက်စရာကောင်းသည့်သင်္ကေတများရှိနေသည်ဟု သူမယုံကြည်။ သေချာပေါက် အားနည်းချက်ရှိရမည်ပင်။
မဟုတ်ပဲ တိုက်ခိုက်ရုံသက်သက်သာဆိုလျှင် သူ့ထံတွင် အသုံးမပြုရသေးသည့်နည်းလမ်းများစွာ ရှိသေးသည်။
ဝုန်း..
အနက်ရောင်တိမ်တိုက်များ ကြွတက်လာပြီး အဖိုးတန်ပညာများလည်း ရောယှက်လာကာ ကျမ်းစာရွတ်ဖတ်သံများပင် ထွက်ပေါ်လာလေသည်။ ထိုအသံမှာ အနက်ရောင်နတ်သားတော်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်းပင်။
ရွှီး…
ရှီဟောင်သည် အရှေ့ဘက်သို့ရွှေ့လိုက်ပြီး အဖိုးတန်ပညာများကို ဆက်လက်အသုံးပြုနေဆဲပင်။ အလင်းရောင်များထွက်ပေါ်လာကာ အနက်ရောင်နတ်သားတော်ကို လွှမ်းခြုံပစ်လိုက်လေ၏။ ထိုသူ၏ခန္ဓာကိုယ်မှာ တောက်လောင်နေသကဲ့သို့ပင် တောက်ပလာလေ၏။
ရှီဟောင်သည် အလွန်ပင် ယုံကြည်ချက်ပြည့်ဝနေပြီး သူ၏ပြိုင်ဘက်အသစ်ကို စိတ်လှုပ်ရှားနေသည်။ သူ ပြိုင်ဘက်ကို မြန်မြန်အဆုံးသတ်ပစ်မည်ဟု တွေးထားခြင်းမဟုတ်ပဲ သူ့အားပို၍နားလည်အောင် ကြိုးစားလိုခြင်းပင်။
သမိုင်းဝင်ခေတ်မှ ရှေးဟောင်းအလောင်း .. ကြည့်ရသည်မှာ အရာအားလုံးမှာ ယခင်ခေတ်မှ အစပြုခဲ့ပုံပင်။ ဤသည်မှာ သူ့အာရုံကို အတော်လေး ဆွဲဆောင်နိုင်သည်။
ရှီဟောင်သက်ပြင်းသာချလိုက်သည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းလွန်းလှသည်။ သဘာဝအလျောက်တုံ့ပြန်မှုပင်လျှင် ဂျီးနီးယပ်စ်များကို ရှင်းပစ်နိုင်ပြီး အဖိုးတန်ပညာများကို အလိုအလျောက်ထုတ်သုံးနိုင်သည်။
“အမ် .. တစ်ချို့နေရာတွေက အရောင်မတောက်သလို ဘာသင်္ကေတ ဘာအဖိုးတန်ပညာမှလည်း မရှိဘူး .. အဲဒီနေရာက သူ့ရဲ့အားနည်းတဲ့နေရာတွေများလား” ရှီဟောင်ပြောလိုက်သည်။
ထိုသို့တွေးမိလိုက်သည့်အချိန်တွင် ရှီဟောင်သည် သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှိနေသည့် စွမ်းအင်များကို စုစည်းလိုက်ပြီး ကြမ်းတမ်းစွာပင် စတင်တိုက်ခိုက်လိုက်သည်။ ချွမ်ဟူသည့်အသံနှင့်အတူ သူသည် ရွှေရောင်ချပ်ဝတ်တန်ဆာတစ်ခိုကို ဝတ်ဆင်လိုက်သလိုပင်။
သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် မရေမတွက်နိုင်သည့်ရွှေရောင်အမွေးအတောင်များကို မြင်နေရေလေသည်။ ထိုအတောင်ပံများမှာ တောက်ပလွန်းလှသည်မှာ နတ်ရတနာတစ်ခု ဤလောကထဲတွင် ပေါ်လာသကဲ့သို့ပင်။
ဤသည်မှာ ခွန်ပန်ပညာ၏ ပုံစံကွဲတစ်ခုပင်။ အမွေးအတောင်များအားလုံးသည် နတ်ဓားများဖြစ်ပြီး စုစုပေါင်း အခုတစ်သိန်းရှိသည်။ ထိုအမွေးအတောင်များအားလုံး ရှီဟောင်ပတ်ပတ်လည်တွင် ထိုးထောင်နေခြင်းပင်။
“သတ်…”
ရှီဟောင်အော်ဟစ်လိုက်သည်နှင့် ထာဝရစွမ်းအင်ကြောင်းလည်း သူ၏ခန္ဓာကိုယ်နှင့်အတူ လိုက်လှုပ်ရှားလာလေသည်။
နတ်အမွေးအတောင် တစ်သောင်းမှာ ချက်ချင်းပင် ကြီးမားလာသည်။ သူတို့သည် ကောင်းကင်ကိုထောက်ထားပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ချိတ်ဆက်ပေးနေသကဲ့သို့ပင်။
ထို့အပြင် ဤအမွေးအတောင်များသည် သဘာဝဥပဒေသများမှ ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုအမွေးအတောင်များသည် သဘာဝဥပဒေသများနှင့် ပေါင်းလိုက်ပြီး မီးဖိုတစ်ခုကို တည်ဆောက်လိုက်ကြသည်။
ဓားမီးဖို…
ဓားပေါင်း တစ်သိန်းမှ အလင်းတန်းများသည် သဘာဝဥပဒေသများဖြစ်သွားသည်။ ထိုအလင်းတန်းများသည် မီးဖိုတစ်ခုကို ဖန်တီးလိုက်ကာ အနက်ရောင်နတ်သားတော်ကို ပိတ်လှောင်ထားလိုက်သည်။
အဆုံးမရှိသည့်ဓားအလင်းတန်းများသည် မီးဖိုအတွင်းသို့ ဝင်ရောက်သွားကာ စတင်တိုက်ခိုက်လေ၏။ သူတို့သည် ဓားအလင်းတန်းများဖြစ်သော်လည်း မီးတောက်များနှင့်လည်း တူနေလေသည်။
“ဒါက .. ကြောက်စရာကောင်းလိုက်တာ”
ခပ်ဝေးဝေးမှနေ၍ ရပ်ကြည့်နေကြသည့်သူများအားလုံး မျက်နှာများ ဖြူလျော်သွားကြသည်။ ဓားများဖြင့် ပြုလုပ်ထားသည့်မီးဖို၊ ထိုမီးဖိုထဲသို့ ရောယှက်နေသည့် သဘာဝဥပဒေသများ.. ဤမြင်ကွင်းမှာ တကယ်ကိုပင် ကြောက်စရာကောင်းလွန်းလှသည်။
မည်သူက ဤသည်ကို တားဆီးနိုင်မည်နည်း… ထူးခြားပါရမီရှင်များသည် ဆက်တိုက်ပင် အနောက် ဆုတ်သွားကြလေ၏။ သူတို့ကိုယ်တိုင် ထိုမီးဖိုထဲတွင် လောင်ကျွမ်းခံနေရသည်ဟုပင် ခံစားလိုက်ရသည်။
ဒုန်း ဒုန်း ဒုန်း..
ဓားအလင်းတန်းတစ်သောင်းသည် အပြင်ဘက်သို့ လွင့်ထွက်လာပြီး မီးဖိုထဲတွင် အဆုံးမရှိသည့်အလင်းများ ထွက်ပေါ်လာလေ၏။ ထိုအလင်းများအားလုံးသည် အနက်ရောင်နတ်သားတော်၏ခန္ဓာကိုယ်ကို တိုက်ခိုက်နေလေသည်။
“ဘာ .. ဒီလောက်တောင် စွမ်းအားကြီးတာလား..”
အားလုံးမှာ သူတို့မြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေကြသည်။ ဒီခန္ဓာကိုယ်ကြီးက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား .. သူက ဓားစွမ်းအင်တွေ ဒီလောက်အများကြီးကိုတောင် ရပ်တန့်နိုင်တာလား..
ဒုန်း..
ဒုန်း..
ကျယ်လောင်လှသည့်အသံများ ဆက်တိုက်ပင် ထွက်ပေါ်လာလေသည်။ ထိုဓားမီးဖိုမှာ ဖောက်ထွင်းမြင်နိုင်သောကြောင့် အထဲဘက်မှမြင်ကွင်းကို အားလုံးမြင်နေရသည်။ ပုံရိပ်တစ်ခုသည် သူ၏လက်သီးများဖြင့် ဓားမီးဖိုကို တရစပ်ထိုးနေလေ၏။
သူသည် ဓားအလင်းတန်းများကို တောင့်ခံနေလေသည်။ သူ၏ခန္ဓာကိုယ် တောက်ပနေကာ အဆုံးမရှိသည့် အဖိုးတန်ပညာများကိုအသုံးပြုပြီး သူ့ကိုယ်သူ ခုခံနေသော်လည်း သူသည် ဖိအားပေးခံနေရဆဲပင်။
“သူ အဲဒါကို တောင့်ခံနိုင်တယ်လား” ထိတ်လန့်တကြား အော်ဟစ်သံများထွက်ပေါ်လာလေသည်။
အဘယ်ကြောင့်ဆိုသော အချိန်တစ်ခု ကြာသွားပြီဖြစ်သော်လည်း အနက်ရောင်နတ်သားတော်သည် မပြိုလဲသွားသေးပေ။ သူ၏တစ်ကိုယ်လုံး တောက်ပလာပြီး သူ၏လက်သီးမှာ ပို၍ပင် စွမ်းအားပြင်းလာသည်။ တဝုန်းဝုန်း အသံများ ထွက်လာသည်အထိ ဓားမီးဖိုကို ထိုးနှက်နေလေ၏။
မီးဖိုပင်လျှင် ပုံစံပြောင်းလာလေပြီ။
အပြင်ဘက်တွင်ရပ်နေသည့်ရှီဟောင်သည် ရွှေရောင်အမွေးအတောင်တစ်သိန်းကို အလျားလိုက်ပြောင်းလိုက်ပြီး အရှေ့ဘက်သို့ ဦးတည်စေလိုက်သည်။
“သတ်…”
ရှီဟောင်အော်ဟစ်လိုက်သည်နှင့် ဓားမီးဖိုလည်း ရုတ်တရက်ပြောင်းလဲသွားကာ အနက်ရောင်နတ်သားတော်ခန္ဓာကိုယ်၏ နေရာအချို့ကို တိုက်ခိုက်သည့် ဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုနေရာအားလုံးမှာ အရောင်မှိန်နေသည့်နေရာများပင်။
တစ်ချိန်တည်းမှာပင် ရှီဟောင်လည်း လှုပ်ရှားလာသည်။ အဘယ်ကြောင့်ဆိုသော တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ အဖိုးတန်ပညာများ မထုတ်လွှတ်နိုင်သည့်နေရာကို ဓားမီးဖိုဖြင့် အတည်ပြုလိုက်ပြီဖြစ်သောကြောင့် သူလှုပ်ရှားဖို့အချိန်ကျလေပြီ။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် လှိုင်းလုံးကြီးများတက်လာသကဲ့သို့ အသံများထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ရွှေရောင်အမွေးအတောင်ဓားတစ်သိန်းနှင့်အတူ အောက်ဘက်သို့ဆင်းလာသောကြောင့်ပင်။
“မင်းက ငါ့အကြောင်းကိုသိသွားပြီး ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေတာလား” အနက်ရောင်နတ်သားတော် အေးစက်စွာပင် ရယ်မောလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာကာ ထာဝရစွမ်းအင်ကြောင်းလည်း သူ၏ခန္ဓာကိုယ်နှင့် ပေါင်းသွားလေသည်။ သူသည် အနက်ရောင်နေမင်းကဲ့သို့ပင် ဖြစ်လာသည်။
ထို့နောက်တွင် ထိတ်လန့်စရာကောင်းလောက်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေသည်။ အနက်ရောင်နတ်သားတော်၏ခန္ဓာကိုယ်ပေါ်ရှိ ယခင်က မှေးမှိန်နေသည့်နေရာများသည် နေထက်တောင်ပို၍ တောက်ပလာလေသည်။
ထိုနေရာများထဲမှ တစ်နေရာမှ အနီရောင်အလင်းတန်း ထွက်ပေါ်လာလေ၏။ သင်္ကေတများသည် အလွန်တောက်ပလာကာ ခေါင်းလောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာလေသည်။
မြန်လိုက်တာ .. ဤသည်မှာ အားလုံးတွေးလိုက်သည့်အတွေးပင်။ သူတို့သည် ထိုခေါင်းလောင်၏လမ်းကြောင်းကို မဖမ်းနိုင်ပဲ ပုံရိပ်ယောင်များကိုသာ မြင်နေရလေသည်။ ထို့နောက်တွင် ခေါင်းလောင်းသံများ ထွက်ပေါ်လာလေ၏။
ဒုန်း..
ဤသည်မှာ အနီရောင်ခေါင်းလောင်းလေးဖြစ်သော်လည်း ခေါင်းလောင်းအစစ်မဟုတ်ပေ။ သဘာဝဥပဒေသများမှ ဖြစ်ပေါ်လာသည့်ခေါင်းလောင်းပင်။ ထိုခေါင်းလောင်းမှ ထွက်ပေါ်လာသည့်ခေါင်းလောင်းသံသည် ကောင်းကင်ထက်တွင်ရှိနေသည့် ကျင့်ကြံသူများကို ပြုတ်ကျသွားစေပြီး သူတို့၏ဒွါရ ၇ပေါက်မှ သွေးများစီးကျလာလေသည်။
“ဘုရားရေ .. ဒါက ဘယ်လိုအဖိုးတန်ပညာမျိုးလဲ”
အားလုံးထိတ်လန့်သွားကာ လျင်မြန်စွာပင် နောက်ဆုတ်သွားကြသည်။ ဤသည်မှာ ရက်စက်လွန်းလှသည်။ သူတို့သည် အတော်ဝေးဝေးသို့ ရောက်နေပြီဖြစ်သော်လည်း သွယ်ဝိုက်ကာ တိုက်ခိုက်ခံနေရဆဲပင်။
ချွမ်း…
ထို့နောက်တွင် ထိုခေါင်းလောင်းမှ နောက်ထပ်အသံတစ်ခု ထပ်ထွက်လာသည်။ သို့သော်လည်း ခေါင်းလောင်းသံမဟုတ်ပဲ ဓားသံများပင်။ ခေါင်းလောင်းသည် ဓားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထူးဆန်းသည့်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ကာ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးသွားလေသည်။
“ဒါက ဝိဉာဉ်ပျက်စီးခြင်းပညာပဲ .. လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အမွေဆက်ခံသူမရှိတော့တဲ့ပညာပဲ .. အနက်ရောင်နတ်သားတော်ရဲ့ခန္ဓာကိုယ်မှာ ဒီလိုပညာမျိုးလဲ ရှိနေတယ် .. သူကအရင်တုန်းက တကယ်ပဲ ဘယ်လိုလူဖြစ်ခဲ့တာလဲ” အသိပညာနှင့် အတွေ့အကြုံများပြားသည့် လူအချို့မှ ထိတ်လန့်တကြား ပြောလိုက်ကြသည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။
ဝိဉာဉ်ပျက်စီးခြင်းပညာသည် အလွန်ထူးဆန်းပြီး လူတစ်ယောက်၏ မူလဝိဉာဉ်ကို သတ်ပစ်နိုင်သည်။ ထိုပညာသည် နတ်အသိစိတ်ထဲသို့ တိုက်ရိုက်ဝင်သွားပြီး ခန္ဓာကိုယ်က တားဆီးနိုင်မည်မဟုတ်ပေ။
ယခုပင်လျှင် လှိုင်းလေးသာဖြစ်သော်လည်း အားနည်းသည့်ကျင့်ကြံသူများမှာ ဒဏ်ရာရနေလေပြီ။ ထို့ကြောင့် ဟွမ်သည်မည်ကဲ့သို့သော တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်နေရသည်ဆိုသည်ကို စဉ်းစားကြည့်နိုင်သည်။ ဤကဲ့သို့သော အဖိုးတန်ပညာမှာ ကြောက်စရာအကောင်းဆုံးပင်။
မူလဝိဉာဉ်ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း.. လူတစ်ယောက်၏အသက်ပင်။ ထိုဝိဉာဉ်ပြိုကွဲသွားသည်နှင့် ထိုလူ၏တည်ရှိမှု လုံးဝပျောက်ကွယ်သွားမည်သာ။
“အလင်းရောင်မတောက်တဲ့နေရာက အားနည်းတဲ့နေရာတွေလို့ မင်းထင်နေတာလား .. မင်းမှားသွားပြီ .. အဲဒီနေရာတွေက ငါအဖိုးတန်ပညာတွေကို ထုတ်နိုင်တဲ့နေရာပဲ ..ပြီးတော့ စွမ်းအားအကြီးဆုံးနေရာတွေ” အနက်ရောင်နတ်သားတော် အေးစက်စွာပင် ရယ်မောကာ ရှီဟောင်အား လှောင်ပြောင်လိုက်သည်။
သူမပြောလျှင်ပင် ရှီဟောင်သိသွားပြီဖြစ်သည်။ ဝိဉာဉ်ပျက်စီးခြင်းမှာ အလွန်ပင် စွမ်းအားကြီးသည့်ပညာပင်။
“စွမ်းအားအကြီးဆုံးနေရာတွေက အဲဒီနေရာတွေပဲလား.. ခင်ဗျားက ဝိဉာဉ်ပျက်စီးခြင်းပညာလောက်လေးနဲ့ ကျုပ်ကိုလာပြီးတော့ လှည့်စားချင်နေတာလား” ရှီဟောင် ထူးမခြားနားပင် ပြောလိုက်သည်။
အားလုံးထိတ်လန့်သွားရသည်။ ရှီဟောင်သည် ထိုနေရာတွင် ယုံကြည်ချက်အပြည်ဖြင့်ပင် ရပ်နေလေ၏။ အနက်ရောင်နတ်သားတော်၏ အဖိုးတန်ပညာများအားလုံးမှာ အလင်းဒိုင်းကာတစ်ခု၏ တားဆီးခြင်းခံလိုက်ရလေသည်။
ရှီဟောင်သည် သူ၏ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်ပြီး လျှပ်စီးနှင့်ခွန်ပန်အားကိုလည်း အသက်သွင်းလိုက်သည်။ သူ၏ကောင်းကင်တွင် သင်္ကေတများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။
သူသည် အစောကြီးကတည်းက သူ၏ကောင်းကင်လမ်းကြောင်းတွင် သင်္ကေတများ ထွင်းထုလိုခြင်းပင်။ သူသည် ယခုမှစလုပ်ခြင်းဖြစ်သော်လည်း ထိုအရာ၏ ခုခံနိုင်စွမ်းမှာ မယုံကြည်နိုင်လောက်အောင်ပင်။
ဝုန်း..
ထို့နောက်တွင် ကောင်းကင်အတိဒုက္ခအလင်းကိုလည်း ပေါင်းထည့်လိုက်သည်။
သို့သော် ဤသည်မှာ သူလုပ်နိုင်သမျှ အကုန်ပင်။ ဤသည်မှာ ယခုမှ စမ်းသပ်ဆဲအဆင့်သာ ရှိသေးသည်။ အရာအားလုံးမှာ မတည်မငြိမ်ဖြစ်လာပြီး သူ၏ကောင်းကင်လမ်းကြောင်းပင် အနည်းငယ် ပျက်ယွင်းသွားသည်။
“သတ်..”
ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ကောင်းကင်လမ်းကြောင်း တောက်ပလာကာ သူထံမှ ခွဲထွက်သွားပြီး ခေါင်းလောင်းလေးကို ဝန်းရံလိုက်လေသည်။
ထို့အပြင် သူ၏ကောင်းကင်လမ်းကြောင်းသည် အလင်းလုံးကြီးများအဖြစ်သို့ ပြောင်းလဲသွားပြီး အနက်ရောင်နတ်သားတော်ထံသို့ ဦးတည်သွားသည်။
ဒုန်း..
ကံမကောင်းစွာဖြင့်ပင် ဤလူ၏ခန္ဓာကိုယ်မှာ ထူးဆန်းလှသည်။ သူသည် ညည်းတွားသံသာ ထွက်လာလေ၏။ အဖိုးတန်ပညာများ ထွက်ပေါ်လာပြီး သူ၏တိုက်ခိုက်မှုကို ရပ်တန့်စေလိုက်လေသည်။
“မင်းကို မချိုးဖျက်နိုင်ဘူးဆိုတာ ငါမယုံဘူး” ရှီဟောင် အရင်ဆုံးတိုက်ခိုက်လိုက်သည်။
သူ၏မျက်ခုံးများ မြှင့်တက်သွားပြီး သူဒေါသထွက်နေပြီဖြစ်သည်။
“အဲဒါဆိုရင်လည်း လာခဲ့လေ .. အခြားသူတွေ မင်းကိုကြောက်ရင်ကြောက်လိမ့်မယ် .. ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ မင်းကဘာမှမဟုတ်ဘူး .. ငါအချိန်အကြာကြီး အိပ်နေတာကြောင့်သာ မဟုတ်ရင် ငါအသက်တစ်ချက်ရှူလိုက်တာနဲ့ မင်းလိုလူမျိုး အယောက်တစ်သိန်းလောက် သေသွားပြီ”
အနက်ရောင်နတ်သားတော်သည် သူ၏ပုံစံအမှန်ကို ထုတ်ပြလိုက်လေသည်။ သူသည် အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာမှာ ဖြူဖျော့နေသော်လည်း ခန့်ညားမှုတစ်မျိုးရှိနေဆဲပင်။
“သတ်…”
သူသည် အော်ဟစ်လိုက်ကာ အရှေ့ဘက်သို့ ပြေးတက်လာလေ၏။
ပုံရိပ်နှစ်ခုသည်ပြင်းထန်စွာပင် တိုက်ခိုက်နေကြလေသည်။
“ဟွမ် .. မင်းက ငါ့ခန္ဓာကိုယ်ကို တိုက်ခိုက်ပြီးတော့ ငါ့စွမ်းအားတွေကို ထုတ်သုံးဖို့ ဖိအားပေးနေတာလား .. မင်းက ငါ့စွမ်းအားတွေကုန်သွားအောင် လုပ်ချင်နေတာလား .. အဲဒါဆိုရင်တော့ ငါမင်းကို စိတ်ပျက်စေမိပြီ .. ငါ့ရဲ့ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းပြီးတော့ ငါဘယ်တော့မှ စွမ်းအင်တွေ ကုန်ခမ်းမှာမဟုတ်ဘူး” အနက်ရောင်နတ်သားတော် လှောင်ရယ်လိုက်သည်။
“ငါက မင်းရဲ့ခန္ဓာကိုယ်မှာ အသုံးဝင်မယ့်အစိတ်အပိုင်းရှိမလားလို့သိချင်နေတာပါ .. ဒါပေမဲ့ ငါစိတ်ပျက်သွားရပြီ .. အဲဒီတော့ ငါအချိန်တွေ ဖြုန်းမနေတော့ဘူး” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။
ဖုန်း ဖုန်း …
အဖိုးတန်ပညာများ ထိပ်တိုက်တွေ့ဆုံသွားကြသည်။
“မင်းမှာဘာနည်းလမ်းတွေရှိမလဲဆိုတာ ကြည့်ကြသေးတာပေါ့” အနက်ရောင်နတ်သားတော်မှာ အကြောက်အလန့်ကင်းမဲ့နေဆဲပင်။
“ခင်ဗျားမှာ အဖိုးတန်ပညာတွေအများကြီးရှိနေတယ်ဆိုပေမယ့် အဲဒါတွေက မင်းရဲ့အသွေးအသားထဲမှာ ရေးထိုးထားတာ အဲဒီတော့ ငါအဲဒီပညာတွေကို လေ့လာလို့မရဘူး .. မင်းရဲ့ခန္ဓာကိုယ်ကြီးက ထူးခြားတယ်ဆိုပေမယ့် အလောင်းကြီးပဲ .. ငါချက်စားလို့မရဘူး .. အဲဒီတော့ မင်းကဘာမှမကောင်းတဲ့အမှိုက်ပဲ .. သွားသေလိုက်တော့” ရှီဟောင် အော်ဟစ်လိုက်သည်။
ထိုစကားများ ထွက်လာသည့်အချိန်တွင် အနက်ရောင်နတ်သားတော်၏ မျက်လုံးများ အေးခဲသွားရုံသာမက ကြည့်နေသည့်သူများစွာလည်း ဆွံ့အသွားရသည်။
ချွမ်…
ရှီဟောင်၏လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာလေ၏။ ဤဓားကိုယ်ထည်သည် ပြန်လည်ဝင်စားခြင်းသင်္ကေတ၊ ကောင်းကင်အတိဒုက္ခအလင်းနှင့် သူ၏မွေးရာပါ တတိယမြောက်ပညာတို့ ပါဝင်သည်။
ထိုဓားထွက်လာသည်နှင့် လေနှင့်တိမ်များပြောင်းလဲသွားပြီး လောကကြီးပင် အရောင်အဆင်း ကင်းမဲ့သွားလေသည်။
ရှီဟောင်၏ ထာဝရစွမ်းအင်ကြောင်းလည်း ထိုဓားကို ရစ်ပတ်နေလေသည်။
သူသည် ခွန်ပန်၊ ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်းနှင့် လျှပ်စီးအတောင်ပံများကို ပေါင်းသုံးထားသောကြောင့် သူ၏အရှိန်မှာ လျင်မြန်လွန်းလှသည်။
တဒုန်းဒုန်းအသံများအောက်တွင် အနက်ရောင်နတ်သားတော်၏ အချို့ခန္ဓာကိုယ်အစိတ်အပိုင်းမှ သွေးထွက်လာသည်။ နေရာနှစ်ခုပင်လျှင် ထိုးဖောက်ခံလိုက်ရလေသည်။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ဤစွမ်းအားကြီးသည့် ခန္ဓာကိုယ်က ပြိုကွဲတော့မည်လား…
“ခင်ဗျားရဲ့အားနည်းတဲ့နေရာတွေက အဖိုးတန်ပညာတွေ ထုတ်လွှတ်နိုင်တဲ့ အဲဒီတောက်ပနေတဲ့နေရာတွေပဲ .. ဟုတ်တယ်မလား.. ခင်ဗျားဒါကို ဖုံးကွယ်ထားလို့မရပါဘူး”
ရှီဟောင်အေးစက်စွာပင် ပြောလိုက်သည်။ ထိုနေရာများသည် ဒဏ်ရာရနေပြီဖြစ်သည်။
ဖူး..
အနက်ရောင်နတ်သားတော်သည် သွေးအန်သွားကာ သူ၏ခန္ဓာကိုယ်လည်း လွင့်ထွက်သွားကာ ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်သည့်ဒဏ်ရာများ ရရှိသွားသည်။
“အလောင်းကောင်ကများ ငါ့ရှေ့မှာလာပြီးတော့ စိတ်ကြီးဝင်နေရဲသေးတယ် .. ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ထင်နေတာလဲ” ရှီဟောင် အော်ဟစ်လိုက်သည်။
ထို့နောက်တွင် သူနောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ ဖူးဖူး ဟူသည့်အသံများအောက်တွင် အနက်ရောင်နတ်သားတော်၏ အရေးကြီးသည့်နေရာများသို့ သင်္ကေတများ ရိုက်ခတ်သွားလေသည်။
ဝုန်း…
အနက်ရောင်နတ်သားတော်သည် နတ်စွမ်းရည်များကို အသုံးပြုလိုက်သော်လည်း သူ့ကိုယ်သူ ခုခံနိုင်ရန် ခက်ခဲနေဆဲပင်။
အားလုံး တုန်လှုပ်သွားရသည်။ ဤသည်မှာ မည်ကဲ့သို့သော အဖိုးတန်ပညာဖြစ်သနည်း.. အနက်ရောင်နတ်သားတော်၏ စွမ်းအားကြီးသည့်ခန္ဓာကိုယ်ပင်လျှင် လျင်မြန်စွာ အားနည်းသွားအောင် ပြုလုပ်နိုင်လေသည်။
ရှီဟောင်လည်း အံ့အားသင့်သွားသည်သာ။ သူ၏အဖိုးတန်ပညာတွင် ကောင်းကင်အတိဒုက္ခအလင်း၊ ပြန်လည်ဝင်စားခြင်းနှင့် အခြားစွမ်းရည်များပါဝင်သည်။ ထို့ကြောင့် ဤပညာသာ သူတို့၏ပစ်မှတ်ကို ထိမှန်သွားသည်နှင့် ထိုပစ်မှတ်များမှာ ချက်ချင်းပင် ပျက်စီးသွားရမည်သာ။ သူ၏အရှေ့မှ ခန္ဓာကိုယ်သည် အချက်ပေါင်းများစွာကို သည်းခံနေနိုင်ဆဲပင်။
အား..
အနက်ရောင်နတ်သားတော်သည် ပြင်းထန်စွာပင် ပြန်လည်တိုက်ခိုက်လာလေ၏။
ချွမ်း..
ရှီဟောင်သည်လည်း ထာဝရတည်ရှိနေမည့် ထာဝရဓားကို ထုတ်လိုက်ပြီးနောက် “အစကတော့ မင်းခန္ဓာကိုယ်က ဘာများထူးခြားနေလဲလို့ ကြည့်မလို့ပါပဲ .. ဒါပေမဲ့မင်းငါ့ကို စိတ်ပျက်အောင်လုပ်ခဲ့ပြီဆိုတော့ မင်းကို မြန်မြန်လေးအဆုံးသတ်ပေးတာက ပိုကောင်းပါတယ်”
သူ၏ညာလက်ထဲတွင် သူ၏အဆင့်လွန်ပညာများဖြင့် ဖန်တီးထားသည့်ဓားတစ်လက်ရှိနေပြီး သူ၏ညာလက်တွင် ထာဝရတည်ရှိနေမည့် ထာဝရဓားရှိနေသည်။ ထိုဓားနှစ်ခုကို လှုပ်ရှားလိုက်သည်နှင့် စွမ်းအားများမှာ ရပ်တန့်၍မရတော့ပေ။
“သတ်…”
အနက်ရောင်နတ်သားတော်သည် အော်ဟစ်လိုက်ပြီး ဆက်လက်တိုက်ခိုက်နေလေသည်။
သူသည် ရှီဟောင်နှင့် အကွက်ပေါင်း ငါးရာကျော် ဆက်လက်တိုက်ခိုက်ပြီးသွားပြီဖြစ်သည်။
ဖူး..
ရှီဟောင် သူ၏ညာလက်မောင်းကို ဖြတ်လိုက်သည်။ ပြုတ်ထွက်သွားသည့်လက်မောင်းမှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
အမ်..
ရှီဟောင် ထိတ်လန့်သွားရသည်။ ထိုလွင့်ထွက်သွားသောလက်သည် ခန္ဓာကိုယ်နှင့်ပြန်ချိတ်ချင်နေလေသည်။
“မင်းက ပြန်လာဆက်ချင်နေသေးတာလား .. မေ့ထားလိုက်တော့” သူ၏ဓားနှစ်ခုလုံး လှုပ်ရှားသွားကာ ထိုလက်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်လိုက်သည်။
ဖူး…
ထို့နောက်တွင် ရှီဟောင်သည် သူ၏ခါးကို ဖြတ်လိုက်လေ၏။ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အပြင်ဘက်သို့ လွင့်ထွက်သွားလေသည်။
ရုတ်တရက်ပင် လေဟာနယ်ထဲ၌ ကျမ်းစာရွတ်ဖတ်သံများ ထွက်ပေါ်လာလေသည်။ မိုးကုပ်စက်ဝန်းအစွန်းထွင် ထိုင်နေသည့်ပုံရိပ်လေးတစ်ခု ပေါ်လာပြီး ကျမ်းစာရွတ်ဖတ်သံများလည်း ထိုနေရာမှ ထွက်ပေါ်လာခြင်းပင်။
ထိုအချိန်တွင် အားလုံး၏ အသိဝိဉာဉ်များ တုန်လှုပ်သွားကာ ထိုအသံကို အရိုအသေ ပေးချင်သွားကြလေသည်။
“နတ်ဘုရားကျောင်းက .. ကောင်းကင်ဘုံကိုးခုဆယ်ခုမြောက်ကမ္ဘာမြေ ကျမ်းစာ .. အဲဒါက မြင့်မြတ်သားတော်ပဲ” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။
“မင်း ငါ့ဆီလာဖို့ အားသွားပြီးပေါ့.. ငါနဲ့တိုက်ရဲတဲ့သူတွေအားလုံးကို ငါတစ်ယောက်ချင်းစီ ဖြုတ်ပေးမယ်” ရှီဟောင် အော်ဟစ်လိုက်သည်။
ကျမ်းစာအသံများမှာ သူ့ကို မထိခိုက်နိုင်ပေ။ သူသည်အရှေ့သို့ ပြေးသွာလိုက်ပြီး အနက်ရောင်နတ်သားတော်၏ ရင်ဘတ်ကို ထိုးဖောက်လိုက်သည်။
သူအနည်းငယ် မျက်မှောင်ကြုတ်သွားရသည်။ ဤခန္ဓာကိုယ်သည် ဤအခြေအနေသို့ ရောက်နေသော်လည်း သူ၏အရိုးများမှာ ပြန်ဆက်ချင်နေသည်။
ဖူး..
ရှီဟောင်သည် သူ၏လက်ထဲတွင်ရှိနေသည့် ဓားနှစ်ခုကို ဆက်လိုက်ပြီး အနက်ရောင်နတ်သားတော်၏ ခေါင်းကိုဖြတ်ချလိုက်သည်။ သွေးများမှာ လေထဲတွင် လွင့်ပျံ့သွားလေ၏။