သုခကမ္ဘာက ရှီဟောင် - Chapter - 1116 ရှေးဟောင်းလူထူးဆန်းကို သတ်ခြင်း
“ပြန်လာခဲ့” အနက်ရောင်နတ်သားတော် အော်ဟစ်ကာ ထိုအိုးလေးကို ပြန်ခေါ်လိုက်သည်။ သူ၏အသွေးအသားများ ပြန်ဆက်သွားပြီဖြစ်သည်။
ထိုအိုးမှာ တိတ်ဆိတ်နေဆဲဖြစ်ပြီး တစ်လက်မမျှပင် မလှုပ်ပေ။
“ဟား ဟား..” ရှီဟောင်ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။ သူသည် ထိုအိုးလေးကို သူ့လက်ထဲတွင်ကိုင်ထားပြီး လှောင်ပြောင်သရော်နေလေ၏။ တစ်ဖက်လူသည် ဤအိုး၏သခင်ဖြစ်သော်လည်း ဤအိုးကို အမိန့်မပေးနိုင်ပေ။
သူသည် ဤအိုးကို ဖိနှိပ်ထားခြင်းမဟုတ်ပဲ ကိုင်ထားရုံလေးပင်။
ထိုအိုးသည် လက်သီးအရွယ်အစားသာရှိသော်လည်း အတော်လေး လေးလံလှသည်။ ဤသည်မှာ အရိုးစာသားများကြောင့် လေးခြင်းမဟုတ်ပဲ အိုးကိုယ်တိုင်က လေးနေခြင်းပင်။
“အနက်ရောင်ရွှေက အရမ်းလေးတယ်လို့ ပြောကြတာ တကယ်ဟုတ်တာပဲ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူအချီကြီးရလိုက်ခြင်းပင်။
ဤအိုးသည် ယခုအချိန်တွင် ပျက်စီးနေသော်လည်း သူ၏ပါဝင်ပစ္စည်းတစ်ခုတည်းဖြင့်ပင်လျှင် အဆင့်မြင့်နယ်မြေ စီရင်စုသုံးထောင်မှ ဂိုဏ်းများကို တိုက်ပွဲများ ဖြစ်ပွားစေနိုင်သည်။
အနက်ရောင်နတ်သားတော်၏ မျက်လုံးများ မှေးကျဉ်းသွားရသည်။ တစ်ဖက်လူသည် အလွန်တည်ငြိမ်နေပြီး သူ့ကိုမေ့သွားသလိုပင် အိုးကိုသာ အကဲခတ်နေသည်။ ဤသည်မှာ အရှက်ရမှု တစ်မျိုးပင်။
သူ၏ခန္ဓာကိုယ်တောက်ပလာကာ အဖိုးတန်ပညာပေါင်းစုံ ထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်းများလည်း ထွက်ပေါ်လာလေသည်။
ရုတ်တရက်ပင် အိုးမှ အသံများ ထွက်ပေါ်လာပြီး အနက်ရောင်နတ်သားတော်ဘက်သို့ ပြန်သွားချင်နေလေသည်။ သူနှင့် ဆက်စပ်မှုရှိနေသကဲ့သို့ပင်
ရှီဟောင်သည် နောက်တစ်ကြိမ် ရယ်မောလိုက်ကာ “ဒီအိုးက အဲဒီအသွေးအသားကိုပဲ အသိအမှတ်ပြုတာ .. မင်းရဲ့ မူလဝိဉာဉ်ကို လုံးဝကို ရွံမုန်းနေတာ .. မင်းက အရှက်မရှိ ဒီအိုးကို ထိန်းချုပ်ချင်နေသေးတာလား”
ဤသည်မှာ သူ့အားလှောင်ပြောင်နေခြင်းပင်။ အနက်ရောင်နတ်သားတော်၏မျက်မှာမှာ အလွန်ရုပ်ဆိုးနေလေပြီ။
“ဒီလိုဆိုမှတော့ ငါပဲမင်းအစား ဒီအိုးကို ထိန်းချုပ်ပေးမယ် .. မင်းကဒီအိုးကို သုံးဖို့အတွက် မသင့်တော်ဘူး” ရှီဟောင်၏စကားလုံးများမှာ အနည်းငယ်မျှပင် ယဉ်ကျေးမနေပေ။
“ခမ်းနားတောက်ပခဲ့တဲ့သမိုင်းဝင်ခေတ် .. နတ်စွမ်းရည်တွေ လာမယ်”
အနက်ရောင်နတ်သားတော် တည်ငြိမ်စွာပင် ပြောလိုက်သည်။ သူ၏မျက်ခုံးကြားမှ တောက်ပလာကာ ထူးဆန်းသည့် တံဆိပ်တစ်ခု ပေါ်လာကာ တောက်ပသည့်အလင်းရောင်များကို ထုတ်လွှတ်နေလေသည်။
“မင်း နောင်တမရအောင်လို့ မင်းမှာ ရှိသမျှအကုန်ထုတ်သုံးလို့ရတယ်” ရှီဟောင်သည် သူ့အားအနည်းငယ်မျှပင် စိုးရိမ်မနေပေ။
ရုတ်တရက်ပင် သူမျက်မှောင်ကြုတ်သွားသည်။
“မင်းက ဘယ်ကိုသွားချင်နေတာလဲ”
ရှီဟောင်သည် သူ၏မူလနေရာမှ ပျောက်ကွယ်သွားကာ အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။ သူသည် လေဟာနယ်ကို ထိုးခွဲလိုက်ပြီး သူကိုယ်တိုင် ထိုထဲသို့ ဝင်သွားလိုက်သည်။
အက်ကွဲကြောင်းထဲမှ နားစည်ကွဲလောက်သည့် တချွမ်းချွမ်းအသံများ ထွက်ပေါ်လာကာ သင်္ကေတများလည်း မြစ်တစ်စင်းကဲ့သို့ပင် ထွက်ပေါ်လာလေ၏။
ရှီဟောင်သည် ကောင်းကင်နိုင်ငံမှ ဘုရင်ကြီးနှင့် တိုက်ခိုက်နေခြင်းပင်။ သူတို့နှစ်ဦး အလွန်နီးကပ်နေသောကြောင့် ရှီဟောင်သည် သူ့အားတစ်ချိန်လုံး ကြည့်နေခဲ့ခြင်းပင်။
“သွားတယ်ဟုတ်လား .. မင်းမှားနေပြီ .. ငါက နေရောင်ထဲမှာ နေရတာကို အသားမကျရုံပဲ .. ငါမင်းနဲ့ ဆော့ပေးဖို့ အချိန်ရှိပါသေးတယ်” ကောင်းကင်နိုင်ငံဘုရင်မှ ပြောလိုက်သည်။ သူ၏အသံမှာ ဝံပုလွေအောင်သံကဲ့သို့ နားစည်ကိုဖောက်ထွက်သွားလေသည်။
“သတ်…”
အနက်ရောင်နတ်သားတော်၏ မျက်ခုံးကြားမှ ထူးဆန်းသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းမှ ကမ္ဘာငယ်တစ်ခု ဖြစ်ပေါ်လာလေသည်။
ရှီဟောင် တုန်လှုပ်သွားရ၏။ ထိုကမ္ဘာငယ်လေးထဲတွင် အေးစက်ကာ အထီးကျန်လှသည့် ရှေးဟောင်းအုတ်ဂူများရှိနေလေသည်။
“မြှုပ်နှံတဲ့ကောင်းကင်၊ မြှုပ်နှံထားတဲ့ကမ္ဘာမြေကြီး၊ မြှုပ်နှံထားတဲ့လူ” အနက်ရောင်နတ်သားတော် အော်ဟစ်လိုက်သည်။
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် ကောင်းကင်ဥပဒေတစ်ခုဖြင့် ထိတွေ့မိသွားသကဲ့သို့ ပြင်းထန်စွာပင် တုန်ခါလာလေ၏။ လေဟာနယ်ထဲတွင် လျှပ်စီးများထွက်ပေါ်လာပြီး မိုးခြိမ်းသံများလည်း ဆူညံစွာ ထွက်ပေါ်လာသည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် လူများအားလုံး တုန်လှုပ်သွားကာ ကြက်သီးများပင် ထလာသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အလွန်ရက်စက်ကာ ကြောက်စရာကောင်းသည့် ဒဏ္ဍာရီလာလျှို့ဝှက်ပညာတစ်ခုပင်။
“မြှုပ်နှံခြင်းသုံးမျိုးလျှို့ဝှက်ပညာ” တစ်စုံတစ်ယောက်မှ တိုးညှင်းစွာ ပြောလိုက်သည်။
ဤကဲ့သို့သော အဖိုးတန်ပညာ၏ စွမ်းအားများမှာ ကြောက်စရာကောင်းလွန်းလှသည်။ ထာဝရသက်ရှိများနှင့်အတူ မြှုပ်နှံခံလိုက်ရသည်ဟုလည်း ပြောကြလေသည်။ အကြောင်းတစ်ချို့ကြောင့် ဤပညာကို အမွေဆက်ခံမည့်သူ မရှိတော့သဖြင့် နောက်ပိုင်းကမ္ဘာများတွင် သိပ်မတွေ့ရတော့ပေ။
အနက်ရောင်နတ်သားတော် ဤပညာကို ပြသလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
“ဒီလိုမျိုး အဖိုးတန်ပညာတောင် ပေါ်လာပြီဆိုတော့ ဒီလောကကြီးက တကယ်ကိုပဲ ဖရိုဖရဲတွေ ဖြစ်တော့မှာလား”
ဒုန်း..
ဤတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ရှီဟောင် ကြောက်ရွံ့မသွားပေ။ သူ၏ကိုယ်ပိုင်အဆင့်လွန်ပညာများကို သူအသက်သွင်းလိုက်သည်။ လေထဲတွင် မိုးခြိမ်းသံများသည် ကောင်းကင်စည်ကြီးကို တီးလိုက်သကဲ့သို့ မြည်ဟီးလာသည်။
ဖုန်း..
ချက်ချင်းပင် မီးရှူးမီးပန်းများ တောက်ပလာကာ ရွှေရောင်ဝိဉာဉ်နယ်မြေတစ်ခုလုံး လင်းထိန်သွားသည်။
“ဒါက မြှုပ်နှံခြင်းသုံးမျိုးလျှို့ဝှက်ပညာလား .. ဘာမှလည်း မထူးခြားပါလား” ရှီဟောင် လှောင်ပြောင် ရယ်မောလိုက်သည်။
ဤကမ္ဘာငယ်လေး ပျက်စီးသွားကာ ရှေးဟောင်းအုတ်ဂူများအားလုံးလည်း အက်ကွဲသွားသည်။ ထိုအုတ်ဂူထဲမှ ထွက်လာကာ တိုက်ပွဲထဲဝင်တိုက်ချင်နေသည့် သက်ရှိများရှိနေသော်လည်း အဆုံးသတ်တွင် သူတို့အားလုံး မှုန်ဝါးစွာဖြင့်ပင် ပျောက်ကွယ်သွားသည်။
အမှန်တကယ်တွင် ဤပညာ ကြောက်စရာကောင်းမှန်း ရှီဟောင်သိသည်။ သို့သော်လည်း သင်္ကေတများမှာ မပြည့်စုံသောကြောင့် အနက်ရောင်နတ်သားတော်မှာ ဤပညာကို အပြည့်အဝ အသုံးမပြုနိုင်ပေ။
ထို့ကြောင့်ပင် သူသည် နတ်ဆိုးအစစ်၏ ခွန်အားကို မပြသနိုင်ခြင်းပင်။
ချွမ် ချွမ် ချွမ် …
ရုတ်တရက်ပင် သူတို့အနားတွင်ရှိနေသည့်အရာအားလုံး တုန်ခါသွားကာ သူတို့ပတ်လည်တွင် အဆောင်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ထိုအဆောင်များသည် စစ်မြေပြင်တစ်ခုလုံးကို ဝိုင်းသွားကာ ရှီဟောင်အား ဖမ်းချုပ်ထားလိုက်လေသည်။
ကျွင်းသောက် ပေါ်လာလေပြီ။ သူ၏နှုတ်ခမ်းထောင့်မှ အေးစက်သည့်အငွေ့အသက်များ ထုတ်လွှတ်နေပြီး “တော်လောက်ပြီ … အားလုံးပြင်ဆင်လို့ပြီးသွားပြီ .. အခုသူ့ကို တစ်ဖြည်းဖြည်းချင်း သတ်လို့ရပြီ”
သူသည် အစောကြီးကတည်းက ရောက်နေပြီး အနက်ရောင်နတ်သားတော်နှင့် အခြားသူများဖြင့် ရှီဟောင်ကို အချိန်ဆွဲထားသည်မှာ သိသာလှသည်။ ယခုအချိန်တွင် ဤနေရာတစ်ခုလုံးကို အစီအရင်များဖြင့် လွှမ်းခြုံသွားလေပြီ။
“ကမ္ဘာ့နံပါတ် ၁ ကျောက်တုံးက ဒီနေရာမှာ ရှိနေတာတောင်မှ မင်းတို့အားလုံးက ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြုမူရဲတယ်ပေါ့” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပေါ်လာသည်။ သူ၏ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ရောင်စုံအလင်းများသည် ကြယ်များကဲ့သို့ပင် ထွက်ပေါ်လာလေသည်။ ထိုအလင်းများသည် တောက်ပကာ လှပလှသည်။
အစီအရင်အဆောင်များသည် ဤအလင်းများကို ပြင်းထန်စွာပင် ခုခံနေလေသည်။
“ဟက်.. မင်းက အစီအရင်ရဲ့ အစွမ်းတစ်ချို့တစ်လေကို ပြန်တိုက်နိုင်တယ်တော့ရော ဘာလုပ်ရမှာလဲ .. ငါတို့အားလုံး ဒီမှာရောက်နေပြီ .. ငါတို့က မင်းတို့ကို လွတ်ပေးမယ်လို့ ထင်နေတာလား” ကျွင်းသောက် ခနဲ့လိုက်သည်။ ထို့နောက်တွင် သူသည် ကောင်းကင်ထက်ရှိ မြင့်မြတ်သားတော်ကို ကြည့်လိုက်ကာ “ကျွန်တော်တို့ ဟွမ်ကို အရင်ဖမ်းကြတာပေါ့ … ဒီကိစ္စပြီးသွားရင်တော့ ကျွန်တော် သေချာတောင်းပန်ပါ့မယ်”
သူသည်လည်း တိုက်ပွဲထဲတွင် ဝင်ရောက်ပူးပေါင်းလိုက်လေ၏။
“နတ်တာအိုစွမ်းရည် ၉၉ခု .. လာမယ်”
အနက်ရောင်နတ်သားတော် အော်လိုက်သည်။ သူသည် သူ၏အသွေးအသားများကို သူကိုယ်တိုင်ပင် အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်ပြီး ၉၉ ပိုင်းကို ရှီဟောင်ထံသို့ ပို့လွှတ်လိုက်သည်။
“ဘုရားရေ .. သူ့ရဲ့ အသွေးအသားထဲမှာ နတ်စွမ်းရည်တွေအများကြီးကို ပိတ်လှောင်ထားတာပဲ .. ဒီလောက်အများကြီးကို ဘယ်လိုရပ်တန့်ရတော့မှာလဲ” အားလုံးထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ဤသည်မှာ ဖျက်ဆီး၍မရနိုင်သည့် အနက်ရောင်နတ်သားတော်၏ အမာကျောဆုံးအပိုင်းများပင်။ အဖိုးတန်ပညာများကို သိမ်းဆည်းထားသည့် အပိုင်း ၉၉ ပိုင်းပင်။
အပိုင်းတစ်ပိုင်းစီတွင် အဖိုးတန်ပညာတစ်မျိုးစီရှိနေလေ၏။
“ဟမ့် .. အဲဒီလောက်လည်း မခက်ပါဘူး .. ဒီပညာတွေက တစ်ခုနဲ့တစ်ခု ပေါင်းထားတာမဟုတ်ဘူး .. ပြိုင်ဘက်ကင်းတဲ့ ကောင်းကင်ပညာက ဘာလဲဆိုတာ ငါမင်းကို ပြမယ် .. နတ်စွမ်းရည်တွေကို ဘယ်လိုပေါင်းရမလဲဆိုတာ ငါမင်းကို ပြမယ်” ရှီဟောင်အေးစက်စွာပင် ရယ်မောလိုက်သည်။
ထို့နောက်တွင် သူ၏ နတ်စွမ်းရည်အားလုံးကို အသက်သွင်းလိုက်သည်။ ဤနေရာသည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားလေ၏။
နတ်စွမ်းရည် ၉၉ခုသည် ပမာဏများပြားသော်လည်း ဤသည်မှာ တစ်စုံတစ်ယောက်မှ ထိန်းချုပ်နေခြင်းမဟုတ်ပဲ အသွေးအသားများမှ သူ့အလိုလိုအလုပ်လုပ်နေခြင်းဖြစ်သောကြောင့် သူရှောင်နိုင်ခြင်းပင်။
ကျွင်းသောက်နှင့် ကောင်းကင်နိုင်ငံဘုရင်ပင်လျှင် နောက်ဆုတ်သွားကြလေသည်။
မြင့်မြတ်သားတော်သည် တိုက်ပွဲနားသို့ ရောက်လာခြင်းမရှိပဲ အဝေးမှသာ ကျမ်းစာများ ရွတ်ဆိုနေခြင်းပင်။
ထို့ကြောင့် လက်ရှိတွင် သူ့ကို ခြိမ်းခြောက်နိုင်သည့်သူမှာ ကောင်းကင်နိုင်ငံဘုရင်ပင်။ သူသည် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး ခုခံနိုင်ရန် ခက်ခဲနေသည်။
“မြင့်မြတ်သားတော် .. ခင်ဗျား မတိုက်သေးဘူးလား” အနက်ရောင်နတ်သားတော် အော်ဟစ်လိုက်သည်။
“ကောင်းပြီလေ”
မိုးခြိမ်းသံနှင့်အတူ ကောင်းကင်နှင့်မြေကြီး တုန်ခါသွားရသည်။ သူသည် ထိုနေရာတွင်ထိုင်နေဆဲဖြစ်ပြီး ကျမ်းစာများကို ရွတ်ဆိုနေဆဲဖြစ်သော်လည်း ဤနေရာတွင် ထူးဆန်းသည့်အော်ရာများ ဝန်းရံသွားသည်။
ကောင်းကင်ဘုံကိုးခုနဲ့ ၁၀ခုမြောက် ကမ္ဘာမြေ…
ဤပြိုင်ဘက်ကင်းသည့် ကောင်းကင်ပညာထွက်ပေါ်လာသည့်အချိန်တွင် လေဟာနယ်ထဲ၌ အဆုံးမရှိသည့် သင်္ကေတများ တောက်လောင်လာပြီး ဤလောကမှာ လုံးဝပင် ကွဲပြားသွားလေပြီ။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။
“သတ်…” ကျွင်းသောက်အော်ဟစ်လိုက်ကာ အဖိုးတန်ပညာများကို အသက်သွင်းလိုက်သည်။
ကောင်းကင်နိုင်ငံမှ ရှေးဟောင်းလူထူးဆန်းလည်း နောက်တစ်ကြိမ် လှုပ်ရှားလာသည်။
“သေစမ်း..” အနက်ရောင်နတ်သားတော် အော်ဟစ်လိုက်သည်။ ရှီဟောင်ကို ဖိနှိပ်ကာ သတ်ပစ်ရန်အတွက် ကျွမ်းကျင်သူ လေးယောက်မှ တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြသည်။
ရှီဟောင်လည်း လေးနက်သည့်အမူအရာဖြစ်သွားသည်။ အခြေအနေများမှာ အတော်လေးပင် ဆိုးဝါးနေလေပြီ။
သူ၏မျက်ဝန်းများ တောက်ပလာကာ တစ်ခဏကြာပြီးသည့်နောက်တွင် သူဆုံးဖြတ်ချက် ချပြီးသွားလေပြီ။ အားအနည်းဆုံးလူကို သူအရင်ဆုံးတိုက်ခိုက်မည်။ ဖုန်းဟူသည့်အသံနှင့်အတူ လေဟာနယ်ကြီး ကွဲကြေသွားကာ သူ၏မူလနေရာမှ ပျောက်ကွယ်သွားကာ ကျွင်းသောက်ထံသို့ တရှိန်ထိုး ဦးတည်သွားသည်။
စွမ်းအားအကြီးဆုံး သင်္ကေတများ ထွက်ပေါ်လာကာ ကောင်းကင်ကြီးပင် လောင်ကျွမ်းလာလေသည်။
နှင်းပွင့်တစ်ခု ထွက်ပေါ်လာကာ ရှီဟောင်သည် ကောင်းကင်ဘုံကိုးခုနှင့် ၁၀ခုမြောက် ကမ္ဘာမြေဖြင့် ထိုးနှက်ခံလိုက်ရသည်။
သို့သော် ရှီဟောင်သည် ကျွင်းသောက်ကိုသာ ဖိတိုက်နေခဲ့သည်။
ရွှီး..
ထို့နောက်တွင် ရှီဟောင်သည် နောက်တစ်ကြိမ်ပျောက်ကွယ်သွားကာ သူ၏ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းနေသည့် အနက်ရောင်နတ်သားတော်အနားသို့ ရောက်သွားသည်။
သူ၏ပုခုံးသည် ကောင်းကင်နိုင်ငံရှေးဟောင်းလူထူးဆန်းဓားချက်ကြောင့် သွေးများ လွင့်စင်ထွက်လာသည်။
သို့သော်လည်း သူသည် ပြင်းထန်စွာ တိုက်ခိုက်နေဆဲပင်။ သူ၏တတိယမြောက်အဆင့်လွန်သင်္ကေတများသည် ပို၍ပင်ကြည်လင်လာပြီး ထာဝရတည်ရှိနေမည့်ထာဝရဓားတွင် သူတို့ကိုယ်သူတို့ ရေးထိုးသွားလေသည်။
အားလုံးဆွံ့အသွားရသည်။ ရှီဟောင်သည် အလွန်ပင် ကြောက်စရာကောင်းလှသည်။ သူသည် မရေအတွက်နိုင်အောင် ဒဏ်ရာရနေပြီဖြစ်သော်လည်း အဆုံးစွန်ထိ တိုက်ခိုက်နေဆဲပင်။
“အား…” အနက်ရောင်နတ်သားတော်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများစွာသည် ဖြတ်ထုတ်ခံလိုက်ရပြီး ထာဝရ ပျောက်ကွယ်သွားလေသည်။
ဤသည်မှာ သူ၏အားနည်းသည့်နေရာများပင်။ ယခုတစ်ကြိမ်တွင် ရှီဟောင်သည် မဖျက်ဆီးနိုင်သောအစိတ်အပိုင်းများကို အာရုံမထားတော့ပဲ အရေးကြီးသည့်နေရာများကိုသာ တိုက်ခိုက်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် အနက်ရောင်နတ်သားတော်ကို သေချာနားလည်သွားပြီဖြစ်သည်။
“မြင့်မြတ်သားတော်၊ ကောင်းကင်နိုင်ငံကဘုရင် .. ခင်ဗျားတို့ သူ့ကိုမသတ်သေးဘူးလား” ကျွင်းသောက် အော်ဟစ်လိုက်သည်။ ဤသည်မှာ ရှားပါးသည့်အခွင့်အရေးဖြစ်သော်လည်း ဤနှစ်ယောက်မှာ သိပ်မတိုက်သေးပေ။
ကောင်းကင်နိုင်ငံဘုရင်သည် အမြဲတမ်းဤတိုင်းပင်။ သူသည် အခြားသူများ တိုက်ခိုက်သည်ကို အရင်စောင့်ပြီး အရေးကြီးသည့်အချိန်မှ နောက်ဆုံးပိတ် ဝင်တိုက်ခြင်းပင်။ မြင့်မြတ်သားတော်မှာမူ ကျမ်းစာများကိုသာ ရွတ်ဖတ်နေဆဲဖြစ်ပြီး ပူးပေါင်းတိုက်ခိုက်ရန်အတွက် ထိုမျှစိတ်မဝင်စားပေ။
ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ခု ဆက်လက်ဖြစ်ပွားနေဆဲပင်။
ဖူး..
ကျွင်းသောက်သည် လက်မောင်းတစ်ဖက်ကို ဆုံးရှုံးလိုက်ရပြီး ထိုလက်မောင်းမှာ ချက်ချင်းပင် ပေါက်ကွဲသွားလေ၏။
ဖူး..
သွေးအလင်းတန်း နောက်တစ်ခု ထွက်ပေါ်လာကာ အနက်ရောင်နတ်သားတော် ပြင်းထန်စွာပင် ဒဏ်ရာရရှိသွားသည်။ ယခုအချိန်တွင် အချို့နေရာများ၌ အရိုးများပင် မြင်နေရလေပြီ။
ရှီဟောင် အလောင်းအစားတစ်ခု ပြုလုပ်လိုက်သည်။ သူသည် ကိုးခုမြောက်ကောင်းကင်ဘုံ ၁၀ ခုမြောက်ကမ္ဘာမြေ၏ တိုက်ခိုက်မှုကို ခံယူလိုက်ပြီး အနက်ရောင်နတ်သားတော်၏ မျက်ခုံးကြားကို ဓားဖြင့် ထိုးလိုက်ပြီး ဓားကို လှုပ်ခါလိုက်သည်။
“အား…” သနားစဖွယ်အော်သံ ထွက်ပေါ်လာလေ၏။ အနက်ရောင်နတ်သားတော်၏ မျက်ခုံးကြားတွင်ရှိနေသည့် မူလဝိဉာဉ် ပြိုကွဲသွားလေသည်။
သို့သော်လည်း ထိုခန္ဓာကိုယ်ကြီး၏ တုံ့ပြန်မှုမှာ စွမ်းအားကြီးလှသည်။ သူသည် ထိုဓားချက်မှာ ရုန်းကန်ကာ မြေပြင်ပေါ်သို့ ကျသွားလေသည်။
“မူလဝိဉာဉ်တောင်ပျက်စီးသွားပြီကို မင်းက အသက်ရှင်ချင်နေသေးတာလား” ရှီဟောင် တီးတိုးပြောလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်နိုင်ငံဘုရင်မှ ချောင်းတိုက်လိုက်သည်။
“ဖိနှိပ်မယ်” မိုးကုပ်စက်ဝန်းတွင်ရှိနေသည့် မြင့်မြတ်သားတော်သည် ကျမ်းစာများကို ရွတ်ဆိုလိုက်သည်။ ၉ခုမြောက်ကောင်းကင်ဘုံနှင့် ၁၀ခုမြောက်ကမ္ဘာမြေကြီးသည် သူ့အားနေရာအနှံ့မှ ဖိနှိပ်လာလေသည်။
“သတ်…” လက်တစ်ဖက်တည်းပဲ ရှိတော့သည့် ကျွင်းသောက်၏ အမူအရာမှာ မည်းမှောင်နေလေပြီ။
ရုတ်တရက်ပင် ဝုန်းဟူသည့်အသံနှင့်အတူ လေဟာနယ်ကြီး ပြိုကွဲသွားသည်။ ဘေးပတ်လည်တွင်ရှိနေသည့် အစီအရင်များ ပျက်စီးသွားကာ လေဟာနယ်လည်း လောင်ကျွမ်းနေလေသည်။
“အဲဒါက ဘာကြီးလဲ’ လူများစွာမှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
လေဟာနယ်ထဲတွင်ရှိနေသည့် အရာအားလုံးမှုန်ဝါးနေသော်လည်း ရှေးဟောင်းဆေးဥယျာဉ်ကြီးတစ်ခုကိုတော့ မြင်နိုင်သေးသည်။ ထိုဆေးခင်းမှ ထိတ်လန့်စရာကောင်းလောက်သည့် မွှေးရနံ့များ ထွက်ပေါ်နေလေသည်။
“ဘုရားရေ .. ထာဝရဆေးဥယျာဉ်ကြီး ပေါ်လာပြီ”
“အရင်ခေတ်တုန်းက ထာဝရဆေးဥယျာဉ်ကြီးကြီး ပြန်ပေါ်လာပြီ”
ကြီးမားလှသည့် အခွင့်အရေးကြီး ရောက်လာပြီဟု အားလုံးခံစားလိုက်ရသည်။
ဤရှေးကျကာ ထူးဆန်းသည့် ထာဝရဆေးဥယျာဉ်ကြီးသည် လေဟာနယ်ထဲတွင်ရှိနေပြီး ရံဖန်ရံခါပေါ်လာတတ်သည်ဟု ကောလဟာလများ ရှိလေသည်။
ရှီဟောင် ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရှီဟောင် ဆွံ့အသွားရသည်။
ထိုနေရာတွင်ရှိနေသည့် ဆေးပင်များမှာ ပြောစရာပင်မလိုတော့ပေ။ အားလုံးသည် အလွန်ပင်တောက်ပနေလေသည်။ ထိတ်လန့်စရာအကောင်းဆုံးမှာ ထိုနေရာတွင် အဖြူရောင်အဝတ်အစားနှင့် မိန်းမပျိုလေးကို တင်ဆောင်ထားသည့် လိပ်ဖြူကို သူမြင်လိုက်ရသည်။
“ထာဝရ… အဲဒီမှာ ထာဝရသက်ရှိရှိိတယ်” အခြားသူများ အော်ဟစ်နေကြလေသည်။
အခြားသူများမသိသော်လည်း ရှီဟောင် ဤအပင်အကြောင်းကို သိသည်။ ဤအပင်မှာ ယခင်ခေတ်မှ ယနေ့ထိတိုင် အသက်ရှင်နေသည့် အသက်ရှည်ဆေးပင်ဖြစ်ကြောင်းကို လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှ သူ့အား ပြောပြဖူးသည်။ ထိုအပင်သည် ယခုအချိန်တွင် ရှေးဟောင်းဆေးဥယျာဉ်ကြီးထဲတွင် ပုန်းနေလေသည်။
ရွှီး..
ကောင်းကင်နိုင်ငံဘုရင်ကြီး ပျောက်ကွယ်သွားကာ ထိုရှေးဟောင်းဆေးဥယျာဉ်ကြီးထံသို့ တရှိန်ထိုးသွားလိုက်သည်။
မြင့်မြတ်သားတော်သည်လည်း မတည်ငြိမ်နိုင်တော့ပဲ ထိုဆေးဥယျာဉ်ကြီးထံသို့ သွားနေလေသည်။
ရှီဟောင်သည်လည်း ဤအခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။ သူသည်လည်း တရှိန်ထိုး ပြေးသွားလိုက်သည်။
ဝုန်း..
ဤနေရာတစ်ခုလုံး တုန်ခါသွားရသည်။ လူမျိုးစုအားလုံးမှ ကျင့်ကြံသူများသည်လည်း ရှေးဟောင်းဆေးဥယျာဉ်ကြီးထဲသို့ ဝင်နိုင်ရန်အတွက် သူတို့တတ်နိုင်သမျှ အားလုံး လုပ်နေကြလေသည်။