သုခကမ္ဘာက ရှီဟောင် - Chapter - 1124 ရှုံးနိမ့်ခြင်း
“နောက်ဆုံးအခွင့်အရေးပဲ..” ရှီဟောင် တိတ်တဆိတ်ပင် ရေရွတ်လိုက်သည်။ သူသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး လက်ထဲတွင်လည်း ထာဝရအစေ့ကို ကိုင်ထားလိုက်သည်။ သူ၏စိတ်မှာ ကြည်ရှင်းနေလေပြီ။
ထို့နောက်တွင် အသံကျယ်ကြီး ထွက်ပေါ်လာကာ တာအိုတစ်သောင်းသင်္ကေတ ထပ်မံထွက်ပေါ်လာလေသည်။
နတ်ချိန်းကြိုးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသကဲ့သိုပင် တောက်ပသည့်အလင်းတန်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကာ ပင့်ကူအိမ်ကဲ့သို့ ရှီဟောင်ကို ရစ်ပတ်သွားလေသည်။
ကောင်းကင်နှင့်မြေကြီး မီးဖိုနောက်တစ်ကြိမ် ပေါ်လာကာ ရှီဟောင်အား ဝန်းရံသွားသည်။
ဤသည်မှာ သူ၏နောက်ဆုံးအခွင့်အရေးပင်။ သူသာရှုံးနိမ့်သွားရင် သူဆက်လုပ်နိုင်ပါဦးပါ့မလား.. အဘယ်ကြောင့်ဆိုသော် ဤအခွင့်အရေးကို အသုံးပြုပြီးသွားသည်နှင့် နောက်တစ်ကြိမ်တွင် သူတကယ်သေသွားလိမ့်မည်။
ဝုန်း…
သင်္ကေတတစ်သောင်း ထွက်ပေါ်လာကာ ရေတံခွန်တစ်ခုကဲ့သို့ပင် မီးဖိုပေါ်သို့ကျရောက်လာသည်။
ထိုအခန်းထဲတွင် ဘာကိုမှမမြင်ရတော့ပဲ ထိုမီးတောက်များသာ မြင်နိုင်တော့သည်။
ပြင်းထန်လှသည့် မီးတောက်များသည် သူ၏ဝိဉာဉ်နှင့် အရိုးများကို ပြုပြင်နေလေသည်။ ရှီဟောင်သည် အချိန်အတော်ကြာသည်အထိ ရုပ်တုတစ်ခုကဲ့သို့ပင် ထိုမီးတောက်များကို တောင့်ခံနေလေ၏။
သူသည် ကိုးကြိမ်သေဆုံးသွားပြီး ကိုးကြိမ်ပြန်လည်ရှင်သန်လာသောကြောင့်သာသ ဤကဲ့သို့ သည်းခံနေနိုင်ခြင်းပင်။
ကိုးကြိမ်သေဆုံးပြီး ကိုးကြိမ်ပြန်လည်ရှင်သန်လာခြင်းမှာ သူ့အတွက်တော့ အကောင်းဆုံးအတွေ့အကြုံတစ်ခုပင်။ သူ ဒုတိယမြောက်ထာဝရစွမ်းအင်ကို မရခဲ့လျှင်ပင် ဤအတွေ့အကြုံကို အသုံးပြု၍ ရနေဆဲပင်။
အခြားအရာများမပြောနှင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို ကြုံတွေ့လိုက်ရသောကြောင့် သူ၏ပြန်လည်ဝင်စားခြင်းပညာမှာ အတော်လေး တိုးတက်သွားပြီဖြစ်သည်။
မိုးခြိမ်းသံနှင့်အတူ ဤ ၁၀ ကျန်းပတ်လည်အခန်းမှာ ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။
ဤအခန်းထဲတွင် သဘာဝဥပဒေသများ ထွက်ပေါ်လာပြီး တာအိုသင်္ကေတများလည်း ရောယှက်သွားကာ ခမ်းနားလှသည့် တောင်များနှင့်မြစ်များ ဖြစ်ပေါ်လာလေသည်။
ဒုန်း..
ထိုရိုက်ချက်ကြောင့် ကောင်းကင်နှင့်မြေကြီး မီးဖိုလွှဲရမ်းသွားကာ အထဲတွင်ရှိနေသည့် ရှီဟောင်လည်း အတော်လေး တုန်လှုပ်သွားရသည်။
သို့သော်လည်း ဤသည်မှာ .. အစသာရှိသေးသည်။
လေဟာနယ်ထဲတွင် ကြယ်အလင်းတန်းများ တောက်ပလာလေသည်။ ထို့နောက်တွင် အပြင်ဘက်အာကာသမှ ကြယ်ကြီးတစ်စင်း ကြွေကျလာကာ မြေပြင်ပေါ်သို့ ဦးတည်လာနေလေသည်။
ဒုန်း..
ထိုအသံထွက်လာပြီးသည့်နောက်တွင် ကောင်းကင်နှင့်မြေကြီးအိုးကြီး ချိုင့်ဝင်သွားကာ အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာလေသည်။ အထဲဘက်တွင်ရှိနေသည့် ရှီဟောင်၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများစီးကျလာသည်။
ထို့နောက်တွင် ကြယ်များတစ်လုံးပြီးတစ်လုံး ပေါ်လာလေ၏။ ထိုကြယ်များအားလုံးမှာ တာအိုသင်္ကေတများမှ ဖြစ်ပေါ်လာလေသည်။ သူတို့အားလုံးသည် ဥက္ကာပျံကဲ့သို့ပင် အောက်ဘက်သို့ ထိုးဆင်းလာလေသည်။
ထို့နောက်တွင် မြင်ကွင်းများ နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။ ကောင်းကင်နှင့်မြေကြီး နေရာအနှံ့တွင် ငှက်များနှင့် သားရဲများ ပြည့်နှက်နေသည်။ သူတို့ထံတွင် မီးတောက်များ တောက်လောင်နေပြီး မီးဖိုထံသို့ တရှိန်ထိုး ပြေးဆင်းလာကြလေသည်။
ထို့နောက်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားမှ သက်ရှိအားလုံး .. မြက်တစ်ပင်၊ သစ်ပင်တစ်ပင်မှအစ စွမ်းအင်များကို ထုတ်လွှတ်နေလေသည်။ အချို့သည် ဓားစွမ်းအင်များကို ထုတ်လွှတ်နေကာ အချို့သည် သဘာဝဥပဒေသကို ထုတ်လွှတ်နေလေသည်။
ဖုန်း..
နောက်ဆုံးတွင် မီးဖိုကြီး ပျက်စီးသွားကာ ရှီဟောင်သည်လည်း အစွမ်းကုန် ခုခံနေရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတောက်ပလာလေ၏။ ပြီးနောက်တွင် တစ်ဖြည်းဖြည်း မည်းတူးလာလေ၏။
ထို့နောက်တွင် သူရပ်တန့်လိုက်ကာ သူ၏ဒဏ်ရာများကို ကုသရန်အတွက် မြင့်မြတ်ဆေးပင်များကို စားလိုက်သည်။
ထိုကဲ့သို့ပင် အကြိမ်ပေါင်းများစွာ ရပ်လိုက်၊ မြင့်မြတ်ဆေးပင်များကို စားလိုက်လုပ်ခဲ့ရသည်။ သူသည် အရေးကြီးသည့်နောက်ဆုံးအဆင့်ကို တက်လှမ်းပြီး ဒုတိယမြောက်ထာဝရစွမ်းအင်ကို ကျင့်ကြံချင်သည်။
သို့သော်လည်း သူမအောင်မြင်နိုင်သေးပေ။
သူတိတ်ဆိတ်သွားရပြီး သူ၏ခန္ဓာကိုယ်တွင် တာအိုသင်္ကေတများ ဖုံးလွှမ်းနေလေသည်။ ထိုသင်္ကေတများသည် သူ့ကိုသတ်ရန်အတွက် သူ၏ဝိဉာဉ်ကို နှင်ထုတ်နေလေသည်။
ရှီဟောင်တစ်ကိုယ်လုံး ကွဲအက်သွားပြီး သူ၏မူလဝိဉာဉ်ပင် အက်ကွဲသွားရသည်။ ဤလမ်းကြောင်းမှာ ခက်ခဲလွန်းလှသည်။ သူအရေးကြီးသည့်အချိန်သို့ ရောက်နေပြီဖြစ်သော်လည်း ဒုတိယမြောက်ထာဝရစွမ်းအင်ကို မတွေ့ရသေးပေ။
သူသိပ်မဝေးတော့ဘူးဟု ခံစားနေရသော်လည်း မရောက်နိုင်သေးပေ။
ဤသည်မှာ နောက်ဆုံးအခွင့်အရေးပင်။
ခွပ်..
ရှင်းလင်းလှသည့်အက်ကွဲသံနှင့်အတူ သူ၏မီးဖို တစ်စစီဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်လည်း အပိုင်းပိုင်းဖြစ်သွားလေသည်။
ရှီဟောင်တောင့်မခံနိုင်တော့ပေ။ သူ၏မျက်ခုံးကြား အက်ကွဲသွားပြီး သူ၏မူလဝိဉာဉ်လည်း ထိုးဖောက်ခံလိုက်ရလေသည်။
ဤသည်မှာ နောက်ဆုံးအခွင့်အရေးဖြစ်သော်လည်း သူရှုံးနိမ့်သွားလေပြီ။
နေရာတိုင်းတွင် တိတ်ဆိတ်မှုနှင့် အမှောင်ထုသာရှိနေသည်။ အချိန်မည်မျှကြာသွားမှန်း မသိလိုက်ရသည့်အချိန်မှသာ သူ၏ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းသွားကာ ပြန်လည်ရှင်သန်လာခဲ့သည်။
ရှီဟောင်သည် ထိုနေရာတွင် ထိုင်နေကာ ဖြစ်ပျက်ခဲ့သည်ကို ပြန်စဉ်းစားလိုက်သည်။ ဒုတိယမြောက် ထာဝရစွမ်းအင်ကြောင်းကို မြင်ရဖို့ သူဘယ်လောက်တောင် ထပ်သွားရဦးမှာလဲ…
ကျောက်နံရံတွင် မြင်ကွင်းနောက်တစ်ခု ထွက်ပေါ်လာလေ၏။
ထာဝရဘုရင်လေးသည် ဤရလဒ်ကို လက်မခံနိုင်ဖြစ်နေသည်။
“ငါ့တာအို .. ငါ့လမ်းကြောင်း .. ငါဘာလို့အလင်းရောင်လေးကိုတောင် မမြင်ရတာလဲ .. ဘာလို့ အမှောင်ထုကြီးပဲ ရှိနေတာလဲ”
“ထပ်ခါတလဲလဲ သေနေတယ် .. အခု ၁၀ခါတောင်ရှိသွားပြီ .. ငါဒီကနေ ဘယ်လိုဆက်သွားရတော့မှာလဲ”
“ငါ့ရဲ့ဘိုးဘေးတွေကိုတောင် မကျော်နိုင်တာ ငါက ဘယ်လိုလုပ် ငါ့အဖေခြေရာကိုနင်းပြီး တိုက်ပွဲထဲဝင်ရမှာလဲ .. ငါ အဲဒီမြေအောက်လောကထဲဝင်ပြီးတော့ တိုက်ချင်တယ်”
လူငယ်လေးသည် မကျေမနပ်ဖြင့်ပင် ကောင်းကင်ကို မော့ကြည့်နေပြီး လက်သီးများကို တင်းကြပ်စွာ ဆုတ်ထားလေသည်။
“ကျရှုံးသွားပြီဆိုတော့ ဒီလမ်းက မဖြစ်နိုင်ဘူးဆိုတာကို ပြသနေတာပဲ .. ဒီမှာပဲ ရပ်လိုက်ပါတော့” တစ်စုံတစ်ယောက်မှ အကြံပေးလိုက်သည်။
“ငါမကျရှုံးသေးဘူး .. ငါအသက်ရှင်နေတုန်းပဲ .. လမ်းလျှောက်နေနိုင်တုန်းပဲ .. ဆက်သွားနေနိုင်တုန်းပဲ” လူငယ်လေးသည် စိတ်ဓာတ်ကျမသွားပေ။ “ငါက စွမ်းအားအကြီးဆုံးလူ ဖြစ်မလာရင် အဲဒီစစ်မြေပြင်ထဲသွားပြီးတော့ ဘာလုပ်ရမှာလဲ .. အဲဒီမှာ အဖေ့ရဲ့သွေးတွေ စီးဆင်းနေပြီ .. အဲဒီတော့ ငါလည်း သေချာပေါက်ကို အောင်မြင်ရမယ်”
မြင်ကွင်းသည် မှုန်ဝါးကာ ပျောက်ကွယ်သွားလေသည်။
ရှီဟောင်သည် ကျောက်နံရံကြီးကို စိုက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
သူ၏အတွေးများကို ပြန်စုစည်းလိုက်ကာ ထာဝရဘုရင်လေး၏ နောက်ဆုံး အဆင့်တက်သွားသည်များကို ပြန်တွေးကြည့်လိုက်၏။ ထို့နောက်တွင် သူသည် မျက်လုံးများကို မှိတ်လိုက်ကာ သူ၏ကိုယ်ပိုင်လမ်းကြောင်းကို ဆန်းစစ်လိုက်သည်။
၁၀ ကြိမ်သေသွားပြီ…
ရုတ်တရက်ပင် သူ၏ခန္ဓာကိုယ်အေးစက်လာသည်ကို ခံစားလိုက်ရကာ ထာဝရဘုရင်လေး၏ အခြေအနေကို သူပြန်စဉ်းစားမိသွားသည်။
ယခင်က ထာဝရဘုရင်လေးသည် ခေါင်းမာစွာဖြင့်ပင် သူ၏လမ်းကို အဆုံးထိလျှောက်ခဲ့သည်။
ထာဝရဘုရင်လေးသည်လည်း သူ့လိုမျိုးပင် အောင်မြင်မှုက သိပ်မဝေးတော့ဘူးဟု ခံစားခဲ့ရလေသလား .. သူသာ ဆက်သွားလျှင် သူလည်း ဒုတိယထာဝရဘုရင်လေးဖြစ်သွားမည်လား ..
“ဒါပေမဲ့ .. ငါ့မှာ တစ်ခြားနည်းလမ်းမရှိတော့ဘူး…” ရှီဟောင်သက်ပြင်းချလိုက်သည်။
သူသည် ဤသီးသန့်ခန်းထဲမှ ထွက်လာလိုက်သည်။ နောက်တွင် သူသည် ဒုတိယမြောက်တာအိုဂိတ်ကို တွေ့လိုက်ရကာ သူ ထိုဂိတ်တံခါးထဲသို့ ဝင်သွားလိုက်သည်။
ထိုတစ်ခဏတွင် ဆေးရနံ့များသင်းပျံ့လာပြီး ဤနေရာတစ်ခုလုံးတွင် အလင်းရောင်များ ဖုံးလွှမ်းသွားလေသည်။
ဤသည်မှာ ကျောက်တုံးအခန်းတစ်ခုဖြစ်သော်လည်း သီးသန့်ကျင့်ကြံသည့်နေရာမဟုတ်ပဲ ဆေးဖော်စပ်သည့် နေရာပင်။ ကျောက်နံရံများထက်တွင် ထူးဆန်းသည့် သင်္ကေတများ ရှိနေလေသည်။
“ဆေးဝါးသဘာဝစွမ်းအင်…”
ရှီဟောင် ထိတ်လန့်သွားရ၏။ ဆေးလုံးများကို တစ်နှစ်ပတ်လုံး ထုတ်လုပ်နေသည့် ရှေးဟောင်းအိုးများ၊ မီးဖိုများ၊ အိုးများနှင့် အခြားအရာများရှိသည်ကို ရှီဟောင်သိသည်။ ထိုပစ္စည်းများသည် ထူးဆန်းသည့် ‘ဆေးဝါးသဘာဝ’ကို လိုအပ်လေသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုစွမ်းအင်များသည် ပစ္စည်းများထက်တွင် စွဲထင်ကျန်ရစ်ခဲ့လေသည်။
ဤထူးဆန်းသည့် ကျောက်တုံးအခန်းတွင်လည်း ဆေးဝါးသဘာဝစွမ်းအင်ရှိနေသည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာကို မပျက်စီးသွားအောင် တားဆီးပေးထားသည့် သဘာဝဥပဒေသများ ရှိနေသောကြောင့်ပင်။
ရှီဟောင်သည် ထိုင်ချလိုက်ပြီး ဆေးဝါးသဘာဝစွမ်းအင်များကို စုတ်ယူကာ သူနှင့်အတူ ယူဆောင်သွားရန် ကြိုးစားလိုက်သည်။ ဤအရာများကိုသာ မြင့်မြတ်ဆေးပင်များနှင့်အတူ ပေါင်းစပ်လိုက်ပါက ဆေးစွမ်းထက်လာမည်ပင်။
သို့သော်လည်း သူအနည်းငယ်သာ ယူနိုင်လေသည်။
ထိုအချိန်တွင် ကျောက်အခန်းကြီးမှာ တုန်ခါလာပြီး နံရံထက်တွင် မြင်ကွင်းများ နောက်တစ်ကြိမ် ထွက်ပေါ်လာလေ၏။ သူ ထာဝရဘုရင်လေးကို နောက်တစ်ကြိမ် ထပ်မြင်လိုက်ရသည်။
သူတို့၏လမ်းကြောင်းများမှာ တူညီသောကြောင့် ကျောက်နံရံများထက်တွင် ချန်ထားခဲ့သည့် တံဆိပ်များကို သူခံစား၍ရသည်။
သို့သော် ယခုတစ်ခေါက် သူမြင်လိုက်ရသည်မှာ အသက်ရှင်နေသည့်သူမဟုတ်ပဲ အေးစက်ကာ မလှုပ်မယှက်ဖြစ်နေသည့် ခန္ဓာကိုယ်ကြီးပင်။
“သူ့ရဲ့ တာအိုလေ့လာခြင်းကျရှုံးသွားတော့ သူသေသွားတာလား..”
ထိုသူ၏ခန္ဓာကိုယ်သည် အသက်ရှင်နေသေးသကဲ့သို့ အသက်ဓာတ်များပြည့်ဝနေသော်လည်း အလောင်းကို သယ်လာသည့်လူများမှာ သူသေသွားပြီဟု ပြောနေကြလေသည်။
ရှီဟောင်သည် အချိန်အတော်ကြာသည်အထိ ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့သည်။ ထိုမြင်ကွင်းမှာ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူသည် ကျောက်နံရံကြီးကို စိုက်ကြည့်နေဆဲပင်။
“ငါ့လမ်းကို ငါဘယ်လိုများ ဆက်လျှောက်ရမှာလဲ” သူ သက်ပြင်းချမိလိုက်သည်။
အချက်အလက်များအားလုံးသည် ဤသည်မှာ သေဆုံးမည့်လမ်းကြောင်းဖြစ်ကြောင်း ညွှန်ပြနေသည်။ သူသာ ဆက်လျှောက်လျှင် သူသေချာပေါက် သေသွားလိမ့်မည်။
ထာဝရဘုရင်လေးသည်ပင်လျှင် အဆုံးမရှိသည့် အိပ်စက်ခြင်းသို့ ရောက်ရှိသွားပြီး ပြန်နိုးထမလာနိုင်တော့ပေ။
“သူ့ရဲ့ခန္ဓာကိုယ်က ပြာမှုန့်ဖြစ်မသွားပဲနဲ့ အကောင်းအတိုင်း ကျန်ခဲ့တယ် .. ဘာတွေများဖြစ်ခဲ့တာလဲ” ရှီဟောင် တီးတိုးပြောလိုက်သည်။
ဤနေရာသည် နောက်ထပ်တစ်ကြိမ် တိတ်ဆိတ်သွားသည်။
အချိန်အတော်ကြီး ကြာပြီးမှသာ “ငါက ကြောက်နေတာလား .. ဒီအခြေအနေကြောင့် ကြောက်သွားတာလား .. မရှောင်လွဲနိုင်တဲ့ သေဆုံးခြင်းကို တွေ့သွားတော့ ငါအခု တွေဝေသွားပြီ .. ဒီလမ်းကို ဆက်မလျှောက်ရဲတော့ဘူး”
သူ၏ကိုယ်ပိုင်လမ်းကြောင်းကို သူပြန်သုံးသပ်နေခဲ့သည်။
“သူက ထာဝရဘုရင်လေး .. ငါကဟွမ် .. ငါကသူမဟုတ်ဘူး..”
ရှီဟောင်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လုပ်လိုက်ရသည်။
“သူ ကျရှုံးသွားတယ်ဆိုပေမယ့် ငါလည်းကျရှုံးရမယ်လို့ မဆိုလိုဘူးလေ”
ရှီဟောင်၏အကြည့်များမှာ ပို၍ရှင်းလင်းလာကာ “ငါက ဘာကို ကြောက်နေရမှာလဲ”
သူဆုံးဖြတ်ချက်ချလိုက်သည်။ သူလမ်းတစ်ဝက်တွင် အရှုံးမပေးနိုင်။
သို့သော်လည်း သူဆိုးရွားစွာ မသေဆုံးချင်သလို အကြောင်းရင်းမရှိပဲနှင့်လည်း မသေဆုံးချင်ပေ။ သူသည် သီးသန့်ကျင့်ကြံပြီး သူ၏လမ်းကြောင်းတွင်ရှိနေသည့် အရာအားလုံးကို နားလည်အောင်လုပ်မည်။ သူလိုချင်သည်မှာ အောင်မြင်မှုပင်။ သေဆုံးခြင်းမဟုတ်…
ထို့နောက်တွင် ထိုနန်းတော်မှ သူပြန်ထွက်လာလိုက်သည်။
“ချီးပဲ .. မင်း .. မင်းလုံးဝအဆင်ပြေနေတာပဲ .. မင်းအသက်ရှင်လျက် ပြန်ထွက်လာနိုင်တယ်ပေါ့” လိပ်ဖြူလေး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ရှီဟောင် အသက်ရှင်လျက်ပြန်လာလျှင်ပင် ဒဏ်ရာများ ရလာလိမ့်မည်ဟု သူထင်ထားခဲ့ခြင်းပင်။ ထိုစမ်းသပ်ခြင်းများမှာ မည်မျှပင် ခက်ခဲလှသနည်း…
“ငါ စစ်ဆေးခြင်း ၁၀ ခုကို ဖြတ်သန်းပြီးတော့ ငါ သီးသန့်ကျင့်ကြံနိုင်ခဲ့တယ် .. ကံမကောင်းစွာနဲ့ ငါ ၁၀ ခါသေခဲ့ပေမယ့်လည်း ဒုတိယမြောက် ထာဝရစွမ်းအင်ကို မကျင့်ကြံလိုက်နိုင်ဘူး” ရှီဟောင် သက်ပြင်းချလိုက်သည်။
“မင်းက .. လူထူးဆန်းပဲ .. မင်းက တကယ်ကြီး အဲဒီနေရာကို ရောက်ခဲ့တာလား” လိပ်ဖြူ ထိတ်လန့်သွားရသည်။
“ခင်ဗျားလည်း ကျုပ်ရဲ့လမ်းကြောင်းကို သိနေတာပဲ .. ခင်ဗျား အရင်က ကောလဟာလတွေ ကြားဖူးသေးလား” ရှီဟောင် မေးလိုက်သည်။
“နည်းနည်းတော့ကြားဖူးတယ် .. ဒါပေမဲ့ အကုန်လုံးက သူတို့မျိုးဆက်တွေကို အဲဒီလမ်းမလျှောက်ဖို့ ပြောထားကြတာတွေချည်းပဲ” လိပ်ဖြူသည် ကောလဟာလအချို့ကို ပြောပြလိုက်လေသည်။
ရှီဟောင်ခေါင်းညိမ့်လိုက်သည်။ ထို့နောက်တွင် သူမြင့်မြတ်ဆေးပင်အချို့ကို သွားခူးယူလိုက်ဦးမည်ဟု ပြောသွားလေသည်။ သူ နောက်တစ်ခေါက် ထပ်မံသီးသန့်ကျင့်ကြံချင်သေးသည်။
သူ၏ကန့်သတ်ချက်များကို သူအဆုံးစွန်ထိ တိုက်ခိုက်မည်။