သုခကမ္ဘာက ရှီဟောင် - Chapter - 1173 အများထဲမှ ခွဲထွက်နေခြင်း
အချိန်မည်မျှကြာသွားမှန်း မသိရသည့်အချိန်မှသာ ရှီဟောင် လှုပ်ရှားလာနိုင်ခြင်းပင်။ ဤစစ်ဆေးမှုမှာ ကြောက်စရာကောင်းလွန်းလှသည်။
သူ၏ခန္ဓာကိုယ်ကို ပို၍အားကောင်းစေသည့် သူ့အနား၌ရှိနေသည့် ထာဝရစွမ်းအင်သုံးကြောင်းနှင့် စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခကြောင့်သာမဟုတ်ပါက ရလဒ်များမှာ အလွန်ပင် ဆိုးရွားသွားလိမ့်မည်။
ရှီဟောင်သည် ထိုနေရာတွင်သာ တိတ်ဆိတ်စွာထိုင်နေပြီး သူ၏ဒဏ်ရာများကို ကုသနေလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ နားစည်ကွဲလောက်သည့်အသံထွက်ပေါ်လာပြီး သူ၏သွေးစွမ်းအင်လည်းပြည့်သွားမှသာ သူပြန်ထလိုက်သည်။
ယခုအချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်သည် ရွှေရောင်များတောက်ပမနေတော့ပဲ မူလအရောင်သို့ ပြန်ရောက်သွားလေပြီ.
မိုးမခနတ်ဘုရား၏ ပညာများကို ကျင့်ကြံသည့်အချိန်တုန်းက သူ၏ခန္ဓာကိုယ်သည် အချိန်နှင့်အမျှ ရွှေရောင်ပြောင်းလဲနေသော်လည်း ယခုတော့ အားလုံး ပုံမှန်ပြန်ဖြစ်ဿွားလေပြီ။
သူ့ကိုယ်သူ ဆန်းစစ်ကြည့်လိုက်သည့်အချိန်တွင် သူသည် နတ်ဘုရားအစစ်နယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဤကျင့်ကြံသည့်နှုန်းမှာ အတော်လေးတော့ ကြောက်စရာကောင်းလွန်းလှသည်။
“ငါသေချာပြင်ဆင်ထားတာဆိုပေမယ့် ဒီလောက်အရှိန်ကြီးက မြန်လွန်းတယ် .. နောက်တစ်ဆင့်တက်ဖို့အတွက် လိုအပ်တဲ့ နတ်ပစ္စည်းတွေကိုတောင်မှ ငါမပြင်ဆင်ရသေးဘူး .. ဒီနေရာကနေ ထွက်သွားတာနဲ့ ငါသွားရှာရမယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
သူသည် လက်ထဲတွင် ကိုင်ထားသည့် ကျောက်စိမ်းသေတ္တာကို ဖွင့်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း မဖွင့်နိုင်သောကြောင့် သူထိတ်လန့်သွားရသည်။
သေချာလေ့လာပြီးသည့်နောက်တွင် သူ၏အမူအရာမှာ ထိတ်လန့်သည့်အမူအရာဖြစ်သွားလေ၏။ ဤသည်မှာ သူ၏ကျင့်ကြံဆင့် မလုံလောက်သေးသောကြောင့် သူအထဲဘက်ကို မမြင်နိုင်ခြင်းပင်။
“ငါက နောက်တစ်ဆင့်တောင် ရောက်တော့မှာကို အခုထိ အထဲကဟာကိုကြည့်ဖို့ အရည်အချင်း မလုံလောက်သေးဘူးလား” ရှီဟောင် အတော်လေး ထိတ်လန့်သွားရသည်။
ပုလ္လင်ပတ်ပတ်လည်ကို ရှာကြည့်သေးသော်လည်း ဘာမှမရှိသည်ကို သူတွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် ကျောက်စိမ်းသေတ္တာကို ပြန်သိမ်းလိုက်ပြီး ကြီးမားလှသည့်ပုလ္လင်ထက်မှ ခုန်ချလိုက်သည်။
ရှေးဟောင်းအခေါင်း ဒါဇင်ပေါင်းများစွာတွင် တာအိုစာအုပ်နှင့် ထာဝရမျိုးစေ့ရှိနေသည်။ ရှီဟောင် ဤအရာများကို လိုချင်သောကြောင့် မျက်လုံးများပင် အရောင်တောက်နေလေပြီ။ ငါက ဘာလို့ အခေါင်းတစ်ခုကိုမှ ရွှေ့လို့မရတာလဲ..
ဤကျောက်စိမ်းသေတ္တာထဲတွင်ရှိနေသည့်အရာမှာ ပို၍ပင်အဖိုးတန်မည်ကို သူသိသော်လည်း သူအနည်းငယ် စိတ်ပျက်နေဆဲပင်။
သူ၏အရှေ့တွင် ကျမ်းစာအများကြီးရှိနေပြီး တစ်ခုစီတိုင်းမှာ အပြင်လောကကို အုတ်အော်သောင်းတင်းဖြစ်အောင် လုပ်နိုင်သည့်အရာများပင်။
သို့သော်လည်း သူမယူနိုင်သောကြောင့် ရှီဟောင်မကျေမနပ်ဖြစ်နေရသည်။ သူကြိုးစားကြည့်နေသော်လည်း တစ်ခုကိုမှ ဖွင့်၍မရပေ။
အထူးသဖြင့် ပုလ္လင်နားတွင်ရှိနေသည့် ရှေးဟောင်းအခေါင်းတစ်ချို့ပင်။ ဤအခေါင်းသည် အလွန်ကြီးမားပြီး အထဲတွင် ရှိနေသည့်ကျမ်းစာနှင့် ထာဝရမျိုးစေ့ကိုပင် သေချာမမြင်ရတော့ပေ။ တာအိုအသံများကိုပင် ကြားနေရလေ၏။
“တကယ် မကျေနပ်ဘူး” ရှီဟောင်ပြောလိုက်၏။
ရုတ်တရက်ပင် သူ၏အမူအရာ ပြောင်းလဲသွားလေ၏။ ဝင်ပေါက်ကိုကြည့်လိုက်သည့်အချိန်တွင် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် သရဖူ ၁၀ခုဘုရင် ဝင်လာသည်ကို သူတွေ့လိုက်ရသည်။ သူတို့၏အရှိန်မှာ လျှပ်စီးများကဲ့သို့ပင် လျင်မြန်လွန်းလှပြီး အော်ရာများလည်း ကြောက်စရာကောင်းလှလေသည်။
သူသည် ရှီဟောင်ကို ချက်ချင်းတွေ့သွားပြီး သူ အခေါင်းတစ်ခုကို ဖွင့်ရန်ကြိုးစားနေသည်ကိုလည်း သူတို့တွေ့လိုက်ရသောကြောင့် သူတို့ဆွံ့အသွားရသည်။
သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် သူအသိပြန်ဝင်လာလေ၏။ သူတို့သည် ကောင်းကင်မျက်လုံးများကို အသုံးပြုကာ အခေါင်းထဲတွင်ရှိနေသည့်အရာများကို မြင်လိုက်ရသည့်အချိန်တွင် သူတို့နှစ်ယောက်လုံး ထိတ်လန့်သွားလေ၏။
“ကြီးမြတ်တဲ့တာအိုကျမ်းစာတွေလား..”
“ထာဝရသက်ရှိတွေရဲ့ အဖိုးတန်စာတွေလား..”
သူတို့နှစ်ဦးလုံးသည် တစ်ချိန်တည်းမှာပင် ရှီဟောင်အား တိုက်ခိုက်လာကြလေ၏။
အဘယ်ကြောင့်ဆိုသော် သူတို့အမြင်တွင် ရှီဟောင်ဖွင့်ရန်ကြိုးစားနေသည့် အခေါင်းမှာ သေချာပေါက် အရေးကြီးသည့်အခေါင်းဖြစ်မည်ဟု ထင်နေကြသောကြောင့်ပင်။
“မင်းတို့နှစ်ယောက်လုံးမှာ ပြဿနာရှိနေတာလား .. အဲဒီမှာ အခေါင်းတွေအများကြီးရှိနေတာကို ဘာလို့ငါ့ကို လာတိုက်နေတာလဲ..” ရှီဟောင် ဒေါသထွက်သွားရသည်။ သူသည် အစကတည်းက ဤနှစ်ယောက်ကို မကျေမနပ်ဖြစ်နေခြင်းပင်။
ဝုန်း..
ရှီဟောင်သည် သူတို့နှစ်ယောက်လုံးကို လက်သီးတစ်ယောက်တစ်ချက်စီပေးလိုက်ပြီး ဤနေရာတစ်ခုလုံးကို တုန်ခါသွားစေလေသည်။ လျှပ်စီးများထွက်ပေါ်လာပြီး ထူးဆန်းသည့်သင်္ကေတပေါင်းစုံလည်း ထွက်ပေါ်လာလေ၏။
သို့သော်လည်း ရှေးဟောင်းအခေါင်းတစ်ခုမှ မထိခိုက်မိပေ။
“ဟမ်..” ရုတ်တရက်ပင် နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိ နောက်ဆုတ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် သူ့ကိုခေါ်နေသည့် သဘာဝဥပဒေသတစ်မျိုးရှိနေသည်ဟု သူခံစားလိုက်ရသောကြောင့်ပင်။
ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ .. သူအတော်လေး ရှုပ်ထွေးသွားရသည်။
သို့သော် ထိုအချိန်တွင် သူနားလည်သွားရသည်။ ပုလ္လင်ရှေ့တွင်ရှိနေသည့် ကျောက်စိမ်းအခေါင်းတစ်ခုသည် အလင်းများတောက်ပနေကာ သူ့ကို တုံ့ပြန်နေလေသည်။
“ဒါက..” သူထိုနေရာသို့ အလောတကြီးပင်ပြေးသွားလိုက်သည်။
တစ်ချိန်တည်းမှာပင် သရဖူ ၁၀ခုဘုရင်သည်လည်း အံ့အားသင့်သည့်အမူအရာဖြစ်သွားသည်။ ပုလ္လင်ရှေ့တွင်ရှိနေသည့် ကြီးမားသည့်အခေါင်းတစ်ခုလည်း တောက်ပလာကာ သူနှင့်တုံ့ပြန်လာလေ၏။ သူနှင့်လိုက်လျောညီထွေဖြစ်နေသည့် ထူးဆန်းသည့်စွမ်းအားလှိုင်းတစ်ခု ရှိနေလေသည်။
သရဖူ ၁၀ခုဘုရင်လည်း ထိုအခေါင်းရှေ့တွင် ရပ်လိုက်လေ၏။
ဒါက ထာဝရကျမ်းစာလား.. ဒါတွေက သူတို့ကို ရွေးချယ်လိုက်တာလား..
ရှီဟောင်အလွန်ပင် ‘ကြေကွဲ’ သွားရသည်။ သူမျိုးစုံကြိုးစားသော်လည်း အခေါင်းတစ်ခုမှ သူ့အားအရေးမလုပ်ပေ။ သို့သော်လည်း ဤလူနှစ်ယောက်ဝင်လာသည်နှင့် သူတို့သည် ထူးဆန်းသည့်တုံ့ပြန်မှုများဖြစ်လာလေ၏။
ဤသည်မှာ သူ့ကို တကယ်စိတ်ရှုပ်စေ၏။ သူ၏လက်ထဲတွင် ကျောက်စိမ်းသေတ္တာရှိနေသော်လည်း သူဒေါသထွက်နေဆဲပင်။
“သူတို့တွေက ဘာလို့ငါ့ကို မရွေးကြတာလဲ..” သူဟစ်ကြွေးလိုက်သည်။ သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ပင် ဤရှေးဟောင်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေလေ၏။
ဤအော်သံမှာ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် သရဖူ ၁၀ခုဘုရင်နှစ်ယောက်လုံးကို အသိဝင်သွားစေလေ၏။ သူတို့၏ နတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အချိန်တွင် ဤနေရာတွင်ရှိနေသည့် စာအုပ်တစ်အုပ်မှ မပျောက်သေးသည်ကို သူတို့ထိတ်လန့်စွာ တွေ့ရှိသွားကြရသည်။ ဟွမ်က သူတို့ထက်အရင်ရောက်ပေမယ့် သူတစ်ခုမှ မရသေးဘူးပေါ့…
ဝုန်း..
နျင်ချွမ်းလည်း ရောက်လာလေပြီ။ သူ၏ကောင်းကင်သင်္ကေတတောက်ပနေပြီး ကြယ်များတစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။
သူဤနေရာသို့ရောက်လာသည်နှင့် ပုလ္လင်ရှေ့တွင်ရှိနေသည့် အခေါင်းတစ်ခုမှာ ချက်ချင်းပင် ရောင်စုံအလင်းများ တောက်ပလာလေ၏။ စွမ်းအင်လှိုင်းများထုတ်လွှတ်လာကာ သူ့ထံသို့ ပို့လွှတ်လာလေ၏။
သူက ချက်ချင်း အရွေးခံလိုက်ရတာလား.. ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင်၏မျက်လုံးများမှာ ပို၍ပင် နီရဲသွားရသည်။ သူ ဤအခေါင်းများကို တကယ်စိတ်တိုသွားခြင်းပင်။ အခြားသူများမှာ သူတို့ဝင်လာသည်နှင့် သူတို့၏ ‘ဆုလာဘ်’များကို တန်းရသွားလေပြီ။
“ခြောက်နှစ်သားလေး .. ငါ့လက်သီးကို မြည်းကြည့်လိုက်ဦး .. ဒီသဘာဝကံကောင်းမှုကို ငါပိုင်တာ” ရှီဟောင် ဟစ်ကြွေးလိုက်ကာ သရဖူခြောက်ခုဘုရင်နျင်ချွမ်းထံသို့ တရှိန်ထိုး ပြေးသွားလိုက်လေ၏။
နျင်ချွမ်းသည် မည်သူဖြစ်သနည်း.. အခြေအနေကို သူချက်ချင်းသဘောပေါက်သွားရသည်။ ဤနေရာတွင် ကျမ်းစာများစွာရှိနေသော်လည်း အပြစ်သားသွေးမျိုးဆက်မှာ တစ်ခုမှ မယူနိုင်ဖြစ်နေသည်။ သူကဲ့သို့ တည်ငြိမ်သည့်သူပင် အနည်းငယ် ပြုံးမိသွားလေသည်။
“မင်းက ငါ့ကို လှောင်ရဲတယ်ပေါ့ … သွားသေလိုက်တော့”
ဝုန်းဟူသည့်အသံ ထွက်ပေါ်လာပြီး ရှီဟောင်၏ ဘယ်ဘက်လက်မှ ပြန်လည်မွေးဖွားခြင်းလက်သီးဖြစ်လာပြီး ညာဘက်လက်မှာ လျှပ်စီးဧကရာဇ်၏လက်သီးဖြစ်သွားလေ၏။ အချိန်အပိုင်းအစနှင့် လျှပ်စီးများ ပေါင်းသွားကာ နျင်ချွမ်းထံသို့ ပေါက်ကွဲသွားလေသည်။
သူတို့နှစ်ဦးလုံးသည် ပြင်းထန်စွာပင် တိုက်ခိုက်နေကြလေ၏။
ထိုအချိန်တွင် ရှီယိလည်း ရောက်လာပြီး သူ့ကိုလည်း အခေါင်းတစ်ခုမှ ရွေးချယ်သွားလေပြီ။ သူသည် ထိုနေရာကို လေ့လာနေပြီး တာအိုစာအုပ်အား ရယူနိုင်ရန် ကြိုးစားနေသည်။
ထို့နောက်တွင် အခြားရှေးဟောင်းလူထူးဆန်းများလည်း ရောက်ရှိလာကာ အခေါင်းများမှာ တစ်ခုပြီးတစ်ခုပင် တောက်ပလာလေ၏။
“ငါ ဒေါသထွက်လို့သေတော့မယ် .. ထာဝရစွမ်းအင်မရှိတဲ့သူတွေတောင်မှ အရွေးခံရတယ် .. ငါ့တာအိုကျမ်းစာတွေက ဘယ်မှာလဲ” ရှီဟောင် ဒေါသတကြီးပြောလိုက်သည်။
နောက်မှရောက်လာသည့်သူအားလုံးသည်လည်း ဘာဖြစ်နေသည်ကို ချက်ချင်းနားလည်သွားပြီး အော်ကြီးဟစ်ကျယ် ရယ်ချင်မိသွားသည်။ အရင်ဆုံးရောက်လာတဲ့သူက အသိအမှတ်ပြုမခံရပဲနဲ့ ကျမ်းစာတစ်ခုမှ သူ့ကို မရွေးသေးဘူးလား..
သူတို့သည် ရယ်ချင်စိတ်ကို အောင့်အီထားသောကြောင့် သူတို့နှုတ်ခမ်းထောင့်မှာ အနည်းငယ် ကော့တက်သွားရသည်။
ရှီဟောင်မျက်နှာထက်တွင် ဒေါသထွက်သည့်အမူအရာဖြစ်နေသော်လည်း တကယ်တမ်း သူ့စိတ်ထဲတွင် ဤမျှစိတ်ပျက်မနေပေ။ သူဒေါသနည်းနည်းထွက်နေသော်လည်း သူ၏ရည်ရွယ်ချက်မှာ သရုပ်ဆောင်ရန်ပင်။ ယခု ထိုကျောက်စိမ်းသေတ္တာကို ပေါ်မသွားအောင်လုပ်ရမည်။ မဟုတ်ပါက သူကို အားလုံး ဝိုင်းတိုက်လာနိုင်သည်။
ထို့ကြောင့်ပင် ရှီဟောင်သည် အားလုံးကို စွန့်စားကာ နျင်ချွမ်းနှင့် အပြင်းအထန် တိုက်ခိုက်နေခြင်းပင်။ ပထမအချက်မှာ ကျောက်စိမ်းသေတ္တာကို ဖုံးကွယ်ရန်ဖြစ်ပြီး ဒုတိယအချက်မှာ သူ၏သေရာပါရန်သူကို ထိုပစ္စည်းများ မရစေလိုသောကြောင့်ပင်။
ထို့နောက်တွင် လူများတစ်ဖြည်းဖြည်း များလာလေသည်။ ရှီဟောင်သည် စိတ်ပျက်ခြင်းနံရံကို ချိုးဖောက်ခဲ့ပြီးသွားပြီဖြစ်သောကြောင့် သူတို့ကို တားဆီးထားသည့်အရာများ မရှိတော့ပေ။
ချန်ကုန်းယန်နှင့် ချောင်ယုရှန်းလည်းရောက်ရှိလာပြီး နယ်ခြားနံရံပျက်စီးသွားပြီဖြစ်ပြီး အပြင်ဘက်မှလူများ ရောက်လာပြီဖြစ်ကြောင်း သူ့အား အသံပို့လွှတ်လိုက်လေ၏။ ထို့ကြောင့် သူတို့အစီအစဉ်များကို ကြိုတင်စီစဉ်ရတော့မည်။
ရှီဟောင်တုန်လှုပ်သွားရကာ နျင်ချွမ်းအား လျစ်လျူရှုလိုက်တော့သည်။ သူဤနေရာတွင် ကြာကြာနေ၍မရသလို ဤကဲ့သို့ ထွက်သွား၍လည်းမရပေ။ သူအခေါင်းများကို နောက်တစ်ကြိမ်ဖွင့်ရန် ကြိုးစားလိုက်သည်။
လူများတဖွဲဖွဲရောက်လာပြီး အားလုံးမှာ ဟွမ်သည် ကျမ်းစာများကို ယူ၍မရကြောင်း သိသွားကြလေ၏။
အချို့လူများသည် သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ပဲ ရှီဟောင်၏အဖြစ်ဆိုးအား ဝမ်းမြောက်နေကြလေ၏။
အမှန်တကယ်တွင် ရှီဟောင်လည်း စိတ်ထဲတွင် ခနဲ့နေခြင်းပင်။ ‘ရယ်နေလိုက်.. တကယ့်ပစ္စည်းက ငါ့လက်ထဲမှာ’ ဟု စိတ်ထဲမှ ပြောနေသည်ပင်။
ဝုန်း..
သူသည် ကြီးမားလှသည့် အခေါင်းရှေ့တွင် ရပ်လိုက်ပြီး ထိုအခေါင်းကို အတင်းဖွင့်လိုက်သည်။ ဤအရာများကို ယူနိုင်ရန်အတွက် သူအားလုံးကို လုပ်တော့မည်ပင်။
ထိုအချိန်တွင် ဖက်တီးလေးသည် ထိုနေရာသို့အပြေးအလွှားရောက်လာလေ၏။ ဤအခေါင်းမှာ သူ့အားခေါ်နေသည့်အခေါင်းပင်။
ရှီဟောင်သည် ဘာမှမပြောပဲ အခေါင်းကိုသာ ဒေါသတကြီးကန်လိုက်လေသည်။
“ရပ်လိုက် .. ငြင်ငြင်သာသာလေး လုပ်စမ်းပါ .. ငါ ထာဝရသက်ရှိဖြစ်လာဖို့ ဒါကို အားကိုးရမှာ” ဖက်တီးလေး ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အလွန်လည်း နာကျင်သွားရလေ၏။
“မင်း .. မင်းကဘာရယ်နေတာလဲ .. မင်းက ငါ့ကို လှောင်ရယ်ရဲတယ်ပေါ့” ရှီဟောင် တစ်ဖက်လှည့်လိုက်ကာ ခပ်ဝေးဝေးတွင်ရှိနေသည့်သူများကို ကြည့်လိုက်သည်။ “မင်းသွားလို့ရပြီ .. ဒီအခေါင်းထဲမှာ ရှိနေတဲ့အရာအားလုံးကို ငါပိုင်တယ်”
ထိုလူ၏မျက်နှာမှာ ချက်ချင်းဖြူဖျော့သွားလေ၏။ သူသည် သာမန်မဟုတ်ပဲ စီရင်စုသုံးထောင်တွင် နာမည်ကြီးသည့်သူဖြစ်သော်လည်း ဟွမ်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူသည် စွမ်းအားမရှိသည့်သူဟု ခံစားနေရနေလေ၏။
ဝုန်းဟူသည့်အသံနှင့်အတူ ထိုလူလွင့်ထွက်သွားကာ ရှီဟောင် ထိုရှေးဟောင်းအခေါင်းရှေ့တွင် ရပ်လိုက်လေ၏။ သို့သော် သူဘယ်လိုလုပ်လုပ် အသုံးမဝင်ပေ။
“မုန်းစရာကောင်းလိုက်တာ” ရှီဟောင်သည် ထိုအခေါင်းကို အားပြင်းပြင်းဖြင့် ကန်ထည့်လိုက်ပြီး တစ်ခြားတစ်ဖက်သို့ လှည့်သွားကာ အခြားသူများကို ကြည့်လိုက်လေ၏။
ယခုအချိန်တွင် မည်သူမှ မရယ်ရဲတော့ပေ။ ဤနတ်ဆိုးဘုရင်ကြီးသာ သူတို့ကို ပစ်မှတ်ထားလာရင် သူတို့ ကံဆိုးသွားလိမ့်မယ်..
“မင်းဖယ်စမ်း .. ငါဒီအခေါင်းကိုကြည့်မယ်” ရှီဟောင် အရှေ့ဘက်သို့ လက်ညှိုးထိုးလိုက်သည်။ သူသည် အခြားသူများ၏ အခေါင်းများစွာကို လုယူခဲ့သော်လည်း ဘာမှမရခဲ့ပေ။
ဝုန်း..
ရုတ်တရက်ပင် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် သရဖူ ၁၀ခုဘုရင်တို့၏ ရှေးဟောင်းအခေါင်းများပွင့်လာပြီး ထိုကျောက်စိမ်းစာအုပ်နှင့် ထာဝရမျိုးစေ့တို့သည် သူတို့လက်ထဲသို့ လွင့်ပျံထွက်လာလေ၏။
သို့သော်လည်း သူတို့မည်သို့ပင် ကြိုးစားနေပါစေ သူတို့သည် ကျမ်းစာအုပ်ကို မဖွင့်နိုင်ပဲ ထိုထဲမှ စာလုံးများကိုလည်း မဖတ်နိုင်ဖြစ်နေလေသည်။
ထို့နောက်တွင် နျင်ချွမ်း၊ ရှီယီ၊ ချောင်ယုရှန်းနှင့် ချန်ကုန်းယန်တို့လည်း အောင်မြင်သွားကြလေ၏။
ဖူး..
ရုတ်တရက်ပင် သူတို့ဘေးမှ အသံတစ်သံ ထွက်လာလေသည်။ တစ်စုံတစ်ယောက်သည် အသိအမှတ်ပြုမှုကို ရရှိလိုက်ပြီး အခေါင်းကို ဖွင့်လိုက်နိုင်သော်လည်း ထိုကျောက်စိမ်းစာအုပ်ကို ရသည်နှင့် သူတို့ချက်ချင်းပေါက်ကွဲသွားလေသည်။
ထိုရှေးဟောင်းစာအုပ်နှင့် ထာဝရမျိုးစေ့တို့သည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားလေ၏။ ထိုအလင်းတန်းသည် မြေအောက်နန်းတော်ကို ဖောက်ထွက်သွားကာ ပျောက်ကွယ်သွားလေသည်။ အခြားသူများမှာ ဤသည်ကို ရပ်တန့်ရန်ကြိုးစားကြသော်လည်း မအောင်မြင်ကြပေ။
ထို့နောက်တွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဆက်တိုက်ဖြစ်လာလေသည်။
ထို့နောက်တွင် အားလုံးသိသွားရသည်မှာ သူတို့သည် ကျင့်ကြံခြင်းတာအိုနှင့်ကိုက်ညီပြီး အခေါင်းကိုဖွင့်ပြီးနောက် ရှေးဟောင်းစာအုပ်ကို ရရှိလျှင်ပင် သူတို့ထံ၌ ထာဝရမရှိလျှင် သူတို့သည် ဤစာအုပ်ကို မယူနိုင်ပဲ ပေါက်ကွဲသွားရမည် ဟူသောအချက်ပင်။
အားလုံး၏အမူအရာများ ပြောင်းလဲသွားလေ၏။
“ဘယ်သူငါနဲ့ ပူးပေါင်းရဲလဲ .. မင်းတို့ရှေးဟောင်းအခေါင်းကို ဖွင့်နိုင်ရင် ငါကျမ်းစာတွေကို ဖိနှိပ်ထားပေးမယ်” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အလွန်လည်း စိတ်လှုပ်ရှားနေလေ၏။
လူများစွာမှာ တိတ်ဆိတ်သွားကြလေ၏။ မည်သူက ပူးပေါင်းရဲမည်နည်း.. လူအချို့သည် အနောက်ပင် ဆုတ်သွားကြလေ၏။ ကျမ်းစာများမှာ ကောင်းမွန်လှသော်လည်း သူတို့အသက်က ပို၍အရေးကြီးသည်ပင်။
“ဟမ် ..မင်းဘယ်သွားမလို့လဲ” ရှီဟောင် အော်ဟစ်လိုက်သည်။
နောက်မှရောက်လာသည့်သူများမှာ သူတို့ထံတွင် ထာဝရစွမ်းအင်မရှိလျှင် အခေါင်းကိုဖွင့်၍ စာအုပ်ယူ၍မရကြောင်း မသိကြသေးသောကြောင့် နောက်ဆုံးတွင် ပေါက်ကွဲသွားကြလေသည်။ ထိုကျမ်းစာအပေါ်သို့ တက်သွားသည်နှင့် ရှီဟောင်လည်း အပေါ်သို့ တရှိန်ထိုး တက်သွားလိုက်လေသည်။
ရွှီး..
ထင်မှတ်မထားသည်မှာ ဤရှေးဟောင်းကျမ်းစာသည် ထွက်ပြေးမသွားပဲ အခေါင်းထဲသို့ ပြန်ဝင်သွားလေသည်။
ဖုန်း..
ရှီဟောင် အခေါင်းကို ရိုက်ချလိုက်သည်နှင့် အဆုံးမရှိသည့်အလင်းများ ထွက်ပေါ်လာလေသည်။
ထို့အပြင် ယခုတစ်ကြိမ်တွင် ရှေးဟောင်းအခေါင်းမှာ အကြိမ်အနည်းငယ်မျှ လှုပ်ခါသွားလေ၏။
“အခေါင်းပွင့်သွားတာနဲ့ ချိတ်ပိတ်ထားတာက ပျက်သွားပြီ .. ငါဒါကို ယူသွားလို့ရပြီလား” ရှီဟောင် စိတ်လှုပ်ရှားနေမိသည်။ သို့သော်လည်း သူမည်မျှပင် ကြိုးစားနေပါစေ ထိုအခေါင်းကို သူပြန်မဖွင့်နိုင်တော့ပေ။
နောက်ဆုံးတွင် သူသည် ဟစ်ကြွေးလိုက်ကာ ရှိသမျှခွန်အားဖြင့် ထိုအခေါင်းကို မလိုက်လေ၏။
ဤကဲ့သို့သော နတ်ခွန်အားမှာ အားလုံးကို ထိတ်လန့်သွားစေသည်။ သူထုတ်လွှတ်လိုက်သည့် သွေးစွမ်းအင်မှာ နတ်ဘုရားအစစ်များကို တုန်ယင်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားအောင် လုံလောက်လေသည်။
သူဤအခေါင်းကို မနိုင်ခြင်းမှာ ချိတ်ပိတ်ထားသည့်စည်းပျက်သွားသောကြောင့်ပင်။ ထိုသို့သော်လည်း သူသည် ဤအခေါင်းကို ခက်ခက်ခဲခဲဖြင့် မနေရဆဲပင်။ သူ့မျက်နှာတစ်ခုလုံး ချွေးများ စိုရွှဲနေလေပြီ။
“ငါ့ကို ဒေါသထွက်ပြီးသေအောင် လုပ်နေတာပဲ .. သွားစမ်း..” ရှီဟောင်သည် အခေါင်းကို မလျက်ပင် အပြင်ဘက်သို့ ပြေးသွားလေ၏။
အပြင်လောကမှလူများ ထာဝရရှေးဟောင်းမြေထဲသို့ ဝင်လာပြီဖြစ်သောကြောင့် သူအချိန်ဆွဲ၍မရတော့ပေ။ သူဤနေရာမှ ထွက်သွားရမည်။
အားလုံး ဆွံ့အသွားရလေ၏။ အားလုံး ကျမ်းစာများ၊ ထာဝရမျိုးစေ့များ ရနေသည့်အချိန်တွင် သူသည် အခေါင်းကြီးကို သယ်ပြီး ထွက်ပြေးသွားလေပြီ။
ဤသတင်းကို ကြားလိုက်ရသည့်အချိန်တွင် လူများမှာ သူ၏ကံဆိုးမှုအတွက် ရယ်ရမည်လား သူ၏ခွန်အားကို လန့်ရမည်လားပင် မသိတော့ပေ။