သုခကမ္ဘာက ရှီဟောင် - Chapter - 1175 ဖိနှိပ်ခြင်း
“လူငယ်လေး .. ငါက အရမ်းသဘောကောင်းတဲ့ပုံ ပေါ်နေလို့လား” ထိုကောင်းကင်နတ်ဘုရား ပြောလိုက်သည်။
“ငါလည်း သဘောကောင်းမနေဘူး .. အဲဒါကြောင့်မို့လို့ သူ့ကို သတ်လိုက်တာ” ရှီဟောင် ပြန်ပြောလိုက်၏။
အားလုံးဆွံ့အသွားကြလေ၏။ ဟွမ်သည် တကယ်ကို အကြောက်အလှန့် ကင်းလှသည်။ ကောင်းကင်နတ်ဘုရားများကိုပင် ဤသို့ ပြောရဲသေးသည်။
အမှန်တကယ်တွင် ကောင်းကင်နတ်ဘုရားခြောက်ယောက်ကို တွေ့လိုက်ရသည်နှင့် သူတို့ကြား၌ ငြိမ်းချမ်းသော ဆက်ဆံရေးမရှိနိုင်သည်ကို ရှီဟောင်သိပြီးသားပင်။ သူတို့ ဤလူများကို ဦးညွှတ်ညွှတ်မညွှတ်ညွှတ် အဆုံးသတ်မှာ အတူတူပင်ဖြစ်မည်ပင်။
“သေခြင်းနဲ့ရှင်ခြင်းရဲ့ ကွာခြားချက်ကို မသိသေးတဲ့ကောင်ပဲ” ထိုကောင်းကင်နတ်ဘုရားသည် လက်တစ်ဖက်ကို ဆန့်တန်းလိုက်ကာ ထိုစင်မြင့်ကို ဖမ်းဆုတ်လိုက်လေ၏။
“တာအိုသူငယ်ချင်း .. မင်းဒေါသတွေ လျှော့လိုက်ပါ” လေဟာနယ်ထဲမှ အော်သံတစ်သံ ထွက်ပေါ်လာလေ၏။ သင်္ကေတတစ်ခု ထွက်ပေါ်လာကာ ထိုလက်ဝါးကို တားဆီးလိုက်လေ၏။
သို့သော်လည်း သူတို့ကိုကူညီသည့်သူမှာ ထွက်မလာပေ။ သူသည် အပြင်လောကမှ ကောင်းကင်နတ်ဘုရားများနှင့် ထိပ်တိုက်မတွေ့ချင်သောကြောင့် သင်္ကေတများဖြင့်သာ ရပ်တန့်လိုက်ခြင်းပင်။
“တာအိုသူငယ်ချင်းကို ငါတို့ကိစ္စတွေမှာ ဝင်မပါဖို့အကြံပေးလိုက်မယ် .. ထာဝရရှေးဟောင်းမြေက ပွင့်တော့မှာ .. အဲဒီအချိန်ကျရင် အပြင်လောကက လူတွေလည်းဝင်လာမှာ .. အဲဒီတော့ ကောင်းကောင်းပြုမူတာက ပိုကောင်းမယ်လို့ထင်တယ်” ထိုကောင်းကင်နတ်ဘုရားသည် သူ၏လက်ဝါးကို ပြန်ရုတ်ပြီး ပြောလိုက်သည်။
သူ၏အသံမှာ ထိုမျှမကျယ်သော်လည်း ခြိမ်းခြောက်မှုတစ်မျိုးပါနေသောကြောင့် ဤအသံကို ကြားလိုက်ရသည့် မြို့ခံများအားလုံးကို တုန်လှုပ်သွားစေလေသည်။
မြို့ခံများအတွက်မူ ထာဝရရှေးဟောင်းမြေသာ ပွင့်သွားပါက သူတို့ကြားတွင် သေချာပေါက် တိုက်ခိုက်မှုများ ရှိလာမည်သာ။ အပြင်လောကမှ ဂိုဏ်းများ သူတို့အား မည်ကဲ့သို့ ဆက်ဆံမည်ကို သူတို့မသိသေးပေ။
အခြား ကောင်းကင်နတ်ဘုရားတစ်ယောက်လျှောက်လာကာ ထိုပြိုင်ကွင်းကို ကြည့်လိုက်ပြီး “သဘာဝကံကောင်းမှုတွေ ထားခဲ့ပြီး မင်းတို့အားလုံး သွားလို့ရပြီ”
ထိုအချိန်တွင် အလင်းဂိတ်တံခါးမှ လူများစွာ ရောက်လာပြီး ပြိုင်ကွင်းပေါ်သို ပြန်ရောက်လာလေ၏။ သူတို့ရှေ့တွင်ရှိနေသည့် လမ်းပိတ်ခံထားရသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့အားလုံး ဖိအားတစ်မျိုးကို ခံစားလိုက်ရသည်။
“မင်းကဟွမ်လား..” ထိုကောင်းကင်နတ်ဘုရား၏မျက်လုံးများ အေးစက်လာပြီး ရှီဟောင်အား ကြည့်လိုက်လေ၏။ “ကျောက်စိမ်းအခေါင်းကို ပေးလိုက်…”
“ဘာလို့ ပေးရမှာလဲ” ရှီဟောင်ပြန်မေးလိုက်သည်။
“မင်းက ငါ့ကို အကြောင်းပြချက်မေးနေတာလား” ထိုကောင်းကင်နတ်ဘုရား ကျယ်လောင်စွာပင် ရယ်မောလိုက်၏။ သို့သော်လည်း သူ၏အသံမှာ ချက်ချင်းပင် အေးစက်သွားကာ “နယ်ခြားနံရံက ပေါက်သွားပြီ ..အဲဒီတော့ မင်းရဲ့ကြိုးစားမှုကလည်း အဆုံးသတ်ပြီ”
ဤသည်မှာ အေးစက်မှုတစ်မျိုးဖြစ်ပြီး စိတ်ကြီးဝင်မှုတစ်မျိုးလည်း ရှိနေလေသည်။
ကောင်းကင်နတ်ဘုရားတစ်ယောက်အတွက် ဂျီးနီးယပ်စ်တစ်ယောက်မှာ မည်မျှပင် စွမ်းအားကြီးနေပါစေ သူတို့အလွယ်တကူ သတ်လိုက်နိုင်သည်သာ။
ကောင်းကင်နတ်ဘုရားနယ်ပယ်နှင့် အခြားကျင့်ကြံဆင့်နယ်ပယ်၏ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။
“မင်းတို့နှစ်ယောက်လည်းလာခဲ့ .. မင်းတို့လည်း ထွက်သွားလို့မရဘူး” အခြား ကောင်းကင်နတ်ဘုရားများ ပေါ်လာပြီး နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိနှင့် သရဖူ ၁၀ခုဘုရင်တို့အား တားဆီးလိုက်လေသည်။
“သခင်လေးကို သတင်းပို့ပါတယ် .. ထာဝရရှေးဟောင်းမြေရဲ့ သဘာဝကံကောင်းမှုက အဲဒီအခေါင်းတစ်ခုတည်းမဟုတ်ပါဘူး .. တစ်ခြား ကျောက်စိမ်းစာအုပ်တွေ အများကြီးရှိပါသေးတယ် .. အနည်းဆုံးတော့ စာအုပ် ၁၀ခုလောက် ထုတ်လာပြီးပါပြီ” ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ဤကောင်းကင်နတ်ဘုရားများကို မျက်နှာချိုသွေးလိုက်လေ၏။
ဖုန်း..
သရဖူ ၁၀ခုဘုရင်သည် လက်သီးတစ်ချက်တည်းဖြင့်ပင် ထိုလူပေါက်ကွဲသွားအောင် လုပ်လိုက်ပြီး မြေပြင်ပေါ်တွင် သွေးများနှင့် အရိုးများသာ ကျန်ခဲ့လေသည်။
“ဟား ဟား .. စိတ်ဝင်စားစရာပဲ .. ရှေးဟောင်းကျမ်းစာတွေ အများကြီးရှိနေတာလား” သူတို့အားလုံးသည် တည်ငြိမ်နိုင်ရန် ခက်ခဲနေကြလေသည်။
“သဘာဝကံကောင်းမှုဆိုတာက ရှေးဟောင်းကျမ်းစာတွေပဲ .. ဒီကျမ်းစာတွေကလည်း သေချာပေါက်ကို ထာဝရတာအိုနဲ့ ဆက်စပ်နေရမယ်”
“ကျမ်းစာတွေကို ရိုရိုသေသေပေးခဲ့လိုက် .. ပြီးရင် မင်းတို့အားလုံး သွားလို့ရပြီ” ကောင်းကင်နတ်ဘုရားတစ်ယောက် ပြောလိုက်၏။
“ငါပြောတာ မကြားကြဘူးလား .. ဟွမ် .. မင်းကနေစမယ် .. အဲဒီအခေါင်းကို ပေးမလား အသေခံမလား” ကောင်းကင်နတ်ဘုရားတစ်ယောက် ပြောလိုက်ခြင်းပင်။
“လိုချင်ရင်လာယူလေ .. မင်းတို့အားလုံးက ကောင်းကင်နတ်ဘုရားတွေလို့ထင်နေတာလား .. ငါ့အတွက်တော့ အရှက်မရှိတဲ့ကောင်အုပ်စုထက်မပိုဘူး” ရှီဟောင်ပြောလိုက်၏။
“ရဲတင်းလွန်းတယ် .. မင်းကငါတို့ကို ဒီလိုမျိုးပြောရဲတယ်ပေါ့ .. မင်းကိုယ်မင်း လေတွေ တိမ်တွေကို ပြောင်းလဲနိုင်တဲ့ ဂျီးနီးယပ်စ်တစ်ယောက်လို့ ထင်နေတာလား .. ငါ့မျက်လုံးထဲမှာတော့ ကောင်းကင်နတ်ဘုရားအဆင့်ကို မရောက်သေးသရွေ့ စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ်တစ်ယောက်တောင်မှ မြက်ပင်တစ်ပင်ထက်မပိုဘူး .. မင်းကို ဖယ်ရှားလိုက်ရင် ဘာမှကျန်တော့မှာ မဟုတ်ဘူး” ထိုလူအော်ဟစ်လိုက်သည်။
“ခင်ဗျားက အသက်ကြီးတာကလွဲရင် ကျုပ်ထက်ဘာ,သာနေလို့လဲ .. ကျုပ်တို့သာ အသက်အတူတူပဲဆိုရင် ခင်ဗျားကို လက်ညှိုးတစ်ချောင်းတည်းနဲ့ သတ်လိုက်လို့ရတယ်” ရှီဟောင်လှောင်ရယ်၍ ပြောလိုက်သည်။
ဤစကားများကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး ထိတ်လန့်သွားရသည်။
ရှီဟောင်မှာ စွမ်းအားကြီးလှသည်။ ကောင်းကင်နတ်ဘုရားများနှင့် ရင်ဆိုင်ရသော်လည်း သူသည် ဤကဲ့သို့ စိန်ခေါ်ရဲသေးသည်။
“အပြင်ဘက်မှာရှိတဲ့ ဂိုဏ်းတွေက မင်းကို ချက်ချင်းသတ်ပစ်ချင်နေတာ .. မင်းကို ဒီမှာ သတ်လိုက်ရင် အားလုံးက ငါ့ကို ကျေးဇူးတင်ကြလိမ့်မယ် .. ဟွမ် .. မင်းအသက်ဆက်ရှင်ဖို့ မလိုတော့ဘူး” ထို ကောင်းကင်နတ်ဘုရားသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အရှေ့သို့တိုးလာကာ လက်သီးဖြင့် ထိုးလိုက်လေ၏။
ထိုအချိန်တွင် ရှီဟောင်သာမက နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် သရဖူ ၁၀ခုဘုရင်တို့လည်း လှုပ်ရှားလာကြသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်သာအဖမ်းခံလိုက်ရလျှင် သူတို့လည်းသက်သာမည်မဟုတ်သည်ကို သိကြသောကြောင့်ပင်။
သူတို့နှစ်ယောက်လုံးသည်လည်း သူတို့၏ အဆင့်လွန်ရတနာများကို အသက်သွင်းလိုက်ကြလေသည်။
ရွှီး..
ထိုကောင်းကင်နတ်ဘုရားနောက်ပြန်ဆုတ်သွားကာ ထိုတိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။ ယခုလေးတင် သူ၏နှလုံးခုန်နှုန်းများ မြန်ဆန်သွားရကာ အနည်းငယ် ကြောက်သွားလေသည်။
သူသည် သရဖူ ၁၀ခုဘုရင်လက်ထဲမှ လောကသစ်ပင်၊ နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိလက်ထဲမှ ဦးချိုနှင့် ရှီဟောင်လက်ထဲတွင်ရှိနေသည့် နဂါးအကြေးခွံကို ကြည့်ပြီး သူ၏အမူအရာများ အေးခဲသွားလေ၏။
“မင်းတို့က ပုန်ကန်ချင်တာလား” ကောင်းကင်နတ်ဘုရားတစ်ယောက်တည်းဖြင့် မနိုင်တော့သဖြင့် အခြားသူများလည်း ရောက်လာကြလေ၏။ ဘာပဲဖြစ်ဖြစ် သူတို့ကျင့်ကြံဆင့်က ပိုမြင့်သည်သာ။
“ငါမင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးမယ် .. ဟွမ် .. မင်းသာ ကျောက်စိမ်းအခေါင်းကို ရိုရိုသေသေနဲ့ပေးလိုက်မယ်ဆိုရင် မင်းကို ထွက်သွားခွင့်ပေးမယ်” ကောင်းကင်နတ်ဘုရားတစ်ယောက်သည် အခြားသူများကိုလည်း ကြည့်လိုက်ကာ “မင်းတို့အားလုံးလည်း အတူတူပဲ”
“ငါအရင်တုန်းက သတ်ခဲ့တဲ့သူတွေသာ ခင်ဗျားတို့အသက်အရွယ်ရောက်နေရင် ခင်ဗျားတို့ထက် ပိုပြီးတော့ ၁၀ဆလောက် စွမ်းအားကြီးနေလောက်ပြီ” သရဖူ ၁၀ခုဘုရင် လှောင်ရယ်သည့်အသံဖြင့် ပြောလိုက်သည်။
ဤကောင်းကင်နတ်ဘုရားများ ဒေါသထွက်သွားရလေသည်။ သူတို့ကို ဤကဲ့သို့ပြောသည့်သူမရှိသည်မှာ ဘယ်နှနှစ်တောင်ရှိနေပြီနည်း..
သို့သော် သေချာစဉ်းစားကြည့်လိုက်သည့်အချိန်တွင် သရဖူ ၁၀ခုဘုရင်မှာ အပိုပြောနေခြင်းမဟုတ်ပေ။ သူသည် တွေ့ကရာလူကို သတ်ခြင်းမဟုတ်ပဲ သူအာရုံစိုက်သည့်ဂျီးနီးယပ်စ်များမှာလည်း သေချာပေါက် ကြောက်စရာကောင်းသည်သာ။ သူတို့သာ အသက်ရှင်နေလျှင် တကယ်ကိုပင် ကောင်းကင်နတ်ဘုရားများထက်သာမည်ပင်။
“တိုက်မယ်”
ထိုကောင်းကင်နတ်ဘုရားများ တစ်ချိန်တည်း လှုပ်ရှားလာကြလေ၏။
ဝုန်း..
ရှီဟောင်၊ နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိ၊ သရဖူ ၁၀ခုဘုရင်နှင့် ရှီယိတို့လည်း သူတို့၏လျှို့ဝှက်ရတနာများကို ထုတ်လာကြလေ၏။
အခြားသူများ .. ဥပမာအားဖြင့် ပြန်လည်ဝင်စားခြင်းစက်ဝန်း၊ ချန်ကုန်းယန်နှင့်အခြားသူများမှာ နောက်မှ ကူညီပေးနေလေ၏။
လောကသစ်ပင်သည် သူ၏ခွန်အားကို ပြသကာ လေဟာနယ် ပျက်စီးသွားအောင်လုပ်လိုက်သည်။ ပြန်လည်ဝင်စားခြင်းစက်ဝန်းလည်း ကြောက်စရာကောင်းလှပြီး ဖရိုဖရဲစွမ်းအင်များမှာ နေရာအနှံ့သို့ ပျံ့လွင့်သွားလေသည်။
“အမ်.. မကောင်းတော့ဘူး” ကောင်းကင်နတ်ဘုရားတစ်ယောက် ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့အစောပိုင်းက ပြုလုပ်ထားသည့် အဆီးအတားကျိုးပေါက်သွားလေပြီ။
လူသားပုံရိပ်များသည် ကောင်းကင်ထက်သို့ တရှိန်ထိုး ပြေးတက်သွားကြလေ၏။ စင်မြင့်ပေါ်တွင်ရှိနေသည့် ဂျီးနီးယပ်စ်များအားလုံးသည် ဤနေရာမှ ထွက်ပြေးသွားကြလေ၏။
“လူငယ်လေး .. ဒီလမ်း..” တစ်စုံတစ်ယောက်မှ ရှီဟောင်ထံ အသံပို့လွှတ်လိုက်သည်။ ဤသည်မှာ လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားအိုကြီးပင်။ အစောပိုင်းက လက်ကိုတားဆီးလိုက်သည့်သူလည်း သူပင်။
ရှီဟောင်သည် သူ၏အော်ရာကို အာရုံခံမိသောကြောင့် ထိုနေရာသို့ လျင်မြန်စွာ ပျံပြေးသွားလိုက်သည်။ သူသည် ထာဝရဓားကို ဝေ့ရမ်းလိုက်ပြီး လေဟာနယ်ကို ထိုးခွဲလိုက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားလေ၏။
“ပြိုင်ဘက်ကင်းတဲ့ဓား..”
“သူ့နောက်လိုက်..”
ကောင်းကင်နတ်ဘုရားနှစ်ယောက်၏ မျက်လုံးများမှာ လောဘရောင်တောက်လာကြသည်။ သူတို့သည် အစောကြီးကတည်းက ရှီဟောင်ကို ချိတ်ပိတ်ထားပြီးသားဖြစ်သောကြောင့် သူထွက်ပြေးသွားနိုင်လျှင်ပင် သူတို့သည် ရှီဟောင်၏အော်ရာကို အာရုံခံ၍ရသေးသည်သာ။ သူတို့သည် ရှီဟောင်နောက်သို့ လိုက်လာကြလေ၏။
အခြား ကောင်းကင်နတ်ဘုရားလေးယောက်သည်လည်း သူတို့ပစ်မှတ်များ ရှိနေကြသည်သာ။
“သူကဘာလို့ပျောက်သွားတာလဲ” အချိန်တစ်ခုကြာပြီး၊ လောကလေးခုကို ဖြတ်ပြီးသည့်နောက်တွင် ထိုကောင်းကင်နတ်ဘုရားနှစ်ယောက်၏ အမူအရာများ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရှီဟောင်၏အော်ရာကို ခြေရာခံ၍မရတော့ပေ။
“သူ့ကို ကူညီခေါ်ပေးသွားတဲ့ ကောင်းကင်နတ်ဘုရားတစ်ယောက်ရှိနေတယ်” အခြား ကောင်းကင်နတ်ဘုရားတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
“သူထွက်ပြေးနိုင်မှာမဟုတ်ဘူး .. သူ့ကို ဘယ်သူခေါ်သွားတာလဲ .. ငါတို့ ထာဝရရှေးဟောင်းမြေရဲ့ အခြေအနေကို နည်းနည်းလောက်နားလည်သွားရင် ငါတို့ခန့်မှန်းလို့ရပြီ .. အဲဒီအချိန်ကျရင် ငါတို့ သွားတောင်းလို့ရပြီ”
ယနေ့တွင် ထာဝရရှေးဟောင်းမြေ ဖရိုဖရဲဖြစ်သွားရသည်။ ပထမဆုံး ကောင်းကင်နတ်ဘုရားခြောက်ယောက်ပေါ်လာပြီးနောက် အခြား ခြောက်ယောက်လည်းရောက်လာကြသည်။ ကောင်းကင်နတ်ဘုရား ၁၂ ယောက်သည် ထာဝရရှေးဟောင်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ဤလူများသည် နေရာအနှံ့မှ ဂျီးနီးယပ်စ်များနောက်လိုက်ကာ သူတို့၏ သဘာဝကံကောင်းမှုကို ယူလိုက်ကြလေ၏။
အချို့ ကောင်းကင်ဘုရင်များ ဖမ်းခံလိုက်ရကာ သူတို့၏ တာအိုစာအုပ်များကို ဆုံးရှုံးလိုက်ရလေ၏။
အချို့သူများမှာ တာအိုစာအုပ်များမရှိသော်လည်း ရက်ရက်စက်စက် အသတ်ခံလိုက်ရလေ၏။
ထို့အပြင် ကောင်းကင်နတ်ဘုရားများသည် ကမ္ဘာငယ်လေးများအားလုံးသို့ အသံပို့လွှတ်ကာ ဟွမ်ကို လက်လွှဲပေးရန် ပြောလိုက်လေသည်။ သူ့ကို ဖုံးကွယ်ထားဖို့ မကြိုးစားရန် မြို့ခံများအား ပြောလိုက်လေ၏။
အမှန်တကယ်တွင် မြို့ခံများလည်း မတည်ငြိမ်နိုင်တော့ပေ။ အချို့သူများသည် ထိုဂျီးနီးယပ်စ်များကို စတင်ရှာဖွေနေကြလေ၏။ သူတို့မျက်စိရှေ့တွင် ထာဝရရှေးဟောင်းမြေ၏ ကံကောင်းမှုကြီး ရှိနေသောကြောင့် သူတို့ဘယ်လိုလုပ် စိတ်မလှုပ်ရှားပဲနေမည်နည်း..
“ဟွမ် .. မြန်မြန်ထွက်လာခဲ့ .. မင်းဘယ်မှာ ပုန်းပုန်း အသုံးမဝင်ဘူး .. မင်း ကျောက်စိမ်းအခေါင်း၊ ထာဝရမျိုးစေ့နဲ့ တစ်ခြားပစ္စည်းတွေကိုပေးရင် ငါတို့မင်းအသက်ကို ချမ်းသာပေးလိုက်မယ်”
နျင်ချွမ်း၊ ဂုချန်းယွမ်ကဲ့သို့သော ဘုရင်များကိုမူ ကောင်းကင်နတ်ဘုရား ၁၂ ယောက် လွန်လွန်ကျူးကျူးမလုပ်ရဲပေ။ သူတို့သည် ဤလူများနောက်သို့ပင် မလိုက်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ဆရာများမှာ စွမ်းအားကြီးလွန်းလှသောကြောင့်ပင်။
ဟွမ်ကိုဂိုဏ်းများစွာမှ မုန်းတီးနေသောကြောင့် ဤကောင်းကင်နတ်ဘုရားများမှာ ဘာကိုမှတွန့်ဆုတ်မနေပေ။ သူတို့သည် ရှီဟောင်အားသတ်ပြီး သူ့ထံတွင်ရှိနေသည့်အရာအားလုံးကို လိုချင်နေကြလေသည်။
နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိနှင့် သရဖူ ၁၀ခုဘုရင်လည်း အန္တရာယ်များနေသည်သာ။ သူတို့နှစ်ယောက်၏နောက်ခံများမှာ ထူးဆန်းလှပြီး သူတို့ကို ကာကွယ်ပေးနေသည့် စွမ်းအားကြီးသည့်သူများရှိသည်ဟုလည်း မကြားဖူးသေးပေ။
“ဟွမ် မင်းထွက်မလာရင် မင်းနဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေ ထိခိုက်လိမ့်မယ်နော်” ထိုနေ့တွင် ကောင်းကင်နတ်ဘုရားတစ်ယောက်၏ အေးစက်စက်အသံ ထွက်ပေါ်လာလေ၏။
“ဆူညံလိုက်တာ” ရှီဟောင်သည် လက်ရှိတွင် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုထံတွင် ရှိနေခြင်းပင်။
အမှန်တကယ်တွင် လူအနည်းငယ်သည် ရှီဟောင် ဤနေရာတွင်ရှိနေလောက်သည်ဟု သိထားပြီးသားပင်။ သူထွက်လာသည်ကို စောင့်နေကြခြင်းသာ။
“သူတို့အားလုံးကို ရှင်းပေးဖို့ စီနီယာကို အကူအညီတောင်းပါတယ်” ရှီဟောင်ပြောလိုက်၏။ သူနှင့်မျက်နှာချင်းဆိုင်တွင် ရှိနေသည့်သူမှာ ဝိဉာဉ်မျိုးနွယ်စုမှ ရှေးဟောင်းဘိုးဘေးကြီးပင်။
“လူငယ်လေး .. ငါတို့အဲဒီလိုမျိုးလုပ်လိုက်ရင် ငါတို့နဲ့ အပြင်လောကက မျိုးဆက်တွေကြားမှာ အငြိုးအတေးတွေ ဖြစ်သွားလိမ့်မယ်” လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ နံပါတ်တစ်ကျွမ်းကျင်သူမှ ပြောလိုက်သည်။
“စီနီယာ .. စီနီယာက ဂိုဏ်းခေါင်းဆောင်အဆင့်သက်ရှိပါ .. စီနီယာက ဘာတွေကို ကြောက်နေတာလဲ .. သူတို့က ဝိဉာဉ်လူမျိုးစုကို မလိုလားမှာကို ကြောက်နေတာလား .. သူတို့ဒီလိုမျိုးလုပ်ရဲရင် သူတို့ရဲ့တပည့်တွေအကုန်လုံးကိုပါ သတ်ပစ်လိုက် .. ဘယ်သူက အသတ်ခံရမှာကို မကြောက်ပဲနေမှာလဲ..” ရှီဟောင်ပြောလိုက်သ်ည။
“စီနီယာ အပြင်လောကက ဂိုဏ်းခေါင်းဆောင်တွေကို စီနီယာကြောက်စရာမလိုပါဘူး .. မကြာခင်မှာ ကျွန်တော် ဂိုဏ်းတွေက ရှေးဟောင်းဘိုးဘေးတွေ အသက်ပြန်ရှင်လာပြီး သူတို့ကျိန်စာပြေသွားအောင် လုပ်ပေးမှာ” ရှီဟောင် ဂတိပေးလိုက်သည်။
“လူငယ်လေး .. မင်းပြောချင်တာက…”
ရှီဟောင်ဆက်ပြောလိုက်သည်။ “သိပ်မကြာခင်မှာ ကျွန်တော် နောက်ထပ်အဆင့်တက်နိုင်တော့မှာ .. အဲဒီအချိန်ကျရင် ကျွန်တော် အတိဒုက္ခကို နောက်တစ်ခေါက် ထပ်ရင်ဆိုင်မှာ .. ဒီတစ်ခေါက် အတိဒုက္ခရည်က ပိုပြီးတော့ကို စွမ်းအားကြီးပြီးတော့ ကျွမ်းကျင်သူအများကြီးကို အသက်ပြန်ရှင်လာအောင် လုပ်နိုင်မှာ”
လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ ဘိုးဘေးကြီး စိတ်လှုပ်ရှားသွားရသည်။ သူသာ သူ၏သူငယ်ချင်းဟောင်းများကို အသက်ပြန်ရှင်အောင်လုပ်နိုင်ပြီး သူတို့နှင့်သာ ပူးပေါင်းလိုက်လျှင် အပြင်လောကမှ တိုက်ခိုက်မှုများကို သူကြောက်စရာမလိုတော့ပေ။
ထို့အပြင် ဘယ်လိုဖြစ်ဖြစ် သူသည် ရှီဟောင်အား စွန့်ပစ်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏ကယ်တင်ခြင်းကို စောင့်နေသည့် သူ့ကလန်သားများ ရှိနေသေးသည်။
“ကောင်းပြီလေ … လူငယ်လေး .. ငါမင်းအတွက် သူတို့ကို သတ်ပေးမယ်” ဝိဉာဉ်လူမျိုးစုမှ ဘိုးဘေး သဘောတူလိုက်၏။
“စီနီယာ ထပ်တိုက်စရာမလိုတော့ပါဘူး .. ကျွန်တော် အတိဒုက္ခကို ဖြတ်ပြီးတာနဲ့ ထာဝရရှေးဟောင်းမြေထဲကို ဝင်လာရဲတဲ့ ဘယ်ကောင်းကင်နတ်ဘုရားကိုမဆို ကျွန်တော်တစ်ယောက်ချင်းစီ သတ်ပေးမယ်” ရှီဟောင်ပြောလိုက်သည်။
“ဟား ဟား .. လူငယ်လေး ဒီလောကကြီးကို အုပ်စိုးမယ့်အချိန်ကို ငါစောင့်နေပါ့မယ်” လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုဘိုးဘေးကြီး ရယ်မောကာ ပြောလိုက်သည်။
“ဟွမ်ကိုသာ ပေးလိုက်မယ်ဆိုရင် ငါတို့ဂိုဏ်းရဲ့အသိအမှတ်ပြုမှုကို ရပြီးတော့ ငါတို့နဲ့ မိတ်ဖက်ဖြစ်လာမယ်” ကောင်းကင်နတ်ဘုရားတစ်ယောက်မှ ထပ်မံအသံပို့လွှတ်လာလေ၏။
“ဟွမ် သေရမယ် .. အပြင်ဘက်မှာ သူ့ကို အသက်ဆက်မရှင်စေချင်တဲ့ ဂိုဏ်းတွေအများကြီးပဲ” အခြားကောင်းကင်နတ်ဘုရားတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
ဤအသံများသည် ကမ္ဘာငယ်လေးများသို့ ပျံ့နှံ့သွားလေ၏။ ဤသည်မှာ မြို့ခံများကို သတိပေးလိုက်ခြင်းဖြစ်သလို သူတို့၏ ဟွမ်ကို သတ်မည့်ဆုံးဖြတ်ချက်အား ဖော်ပြလိုက်ခြင်းပင်။
“မင်းလိုလူမျိုးက ငါ့အတိဒုက္ခကို ဖြတ်ပြီးသွားတဲ့အချိန်ထိ စောင့်နေလိုက် .. ဆန်ကုန်မြေလေးကောင်” ရှီဟောင်သည် ဝိဉာဉ်ကျွန်းမှ ပေါ်လာလေ၏။
“မကောင်းဆိုးဝါးလေး .. မင်းထွက်လာရဲသေးတယ်ပေါ့ .. မင်းကဘယ်သွားချင်နေတာလဲ” ချက်ချင်းပင် ကောင်းကင်နတ်ဘုရားလေးယောက် ရောက်လာပြီး သူ့အားဝိုင်းလိုက်လေသည်။
“မင်းထွက်လာပြီဆိုမှတော့ ပြန်သွားဖို့ မစဉ်းစားနဲ့တော့ .. မင်း ကိုယ့်ကိုကိုယ် သတ်သေမလား .. ငါတို့သတ်တာကို စောင့်မလား” ကောင်းကင်နတ်ဘုရားတစ်ယောက်မှ တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျုပ်လည်း ခင်ဗျားတို့ကို အဲဒီမေးခွန်းမေးချင်နေတာ .. ခင်ဗျားတို့ ကိုယ့်လည်ကိုကိုယ်လှီးမလား .. မဟုတ်ရင် ကျုပ်ခင်ဗျားတို့အားလုံးကို သတ်ပေးမှာကို စောင့်မလား” ရှီဟောင်ပြောလိုက်၏။
“မင်းက သေချင်နေတာပဲ” သူတို့ထဲမှ တစ်ယောက် အော်ဟစ်လိုက်သည်။
သို့သော်လည်း သူတို့ချက်ချင်းပင် ထိတ်လန့်သွားရသည်။ လက်ကြီးတစ်ဖက်ရောက်လာပြီး သူတို့ကို တစ်လက်မမှမရွေ့နိုင်အောင် လုပ်လိုက်လေသည်။ ထို့နောက်တွင် သူတို့အားလုံးကို ဖမ်းခေါ်သွားလေ၏။
“ဂိုဏ်းခေါင်းဆောင်လား..”
“မြို့ခံ ဂိုဏ်းခေါင်းဆောင်တွေအားလုံးကို သီးသန့်ကျင့်ကြံနေရတာ မဟုတ်ဘူးလား”
သူတို့ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ယခုအချိန်တွင် သူတို့အားလုံး ထိတ်လန့်နေလေပြီ။
ဂိုဏ်းခေါင်းဆောင်ထွက်လာလျှင်ပင် ဤလူသည် သူတို့ကို မခုခံသင့်ပေ။ ဤလူက သွေးပူလွယ်သည့်သူလား .. သူက ဂိုဏ်းခေါင်းဆောင်တွေ လက်တုံ့ပြန်မှာကို မကြောက်တာလား..
“လူငယ်လေး .. မင်းကို လွှဲပေးလိုက်ပြီ” လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ ဘိုးဘေးသည် ဤလူများကို ရှီဟောင်ထံသို့ ပစ်ပေးပြီး ပြောလိုက်လေသည်။
အပြောင်းအလဲများမှာ မြန်ဆန်လွန်းလှသောကြောင့် ဤကောင်းကင်နတ်ဘုရားများ လက်ခံနိုင်ရန် ခက်ခဲနေလေသည်။
“ဟွမ် မင်းအဲဒီမှာ ငြိမ်ငြိမ်ရပ်နေလိုက် .. မင်းကို ဒီကိုလာခွင့်မပြုဘူး” သူတို့ထဲမှ တစ်ယောက် အော်ဟစ်လိုက်သည်။
“မင်းဘာလုပ်ဖို့ စဉ်းစားနေတာလဲ” အခြားတစ်ယောက်မှ ထိတ်လန့်စွာပြောပြီးရုန်းလိုက်သော်လည်း သူ၏ခန္ဓာကိုယ်မှာ ချိတ်ပိတ်ခံထားရပြီး တစ်လက်မမျှပင် လှုပ်၍မရပေ။
“ဆူညံလိုက်တာ .. ကျုပ်အရင်ကတည်းက ပြောထားပြီးသားပဲ .. ခင်ဗျားတို့အားလုံး ကိုယ့်ကိုကိုယ်သတ်သေလို့ရတယ် .. မဟုတ်ရင် ကျုပ်သတ်တာကို ခံရမယ်” ရှီဟောင်ပြောလိုက်၏။
ချွမ်း…
သူသည် ထာဝရဓားကို ထုတ်လိုက်ကာ ပြတ်ပြတ်သားသားပင် တိုက်ခိုက်လိုက်လေ၏။
ဖူး..
ဓားချက်ကျရောက်လာပြီး ဦးခေါင်းတစ်လုံး လွင့်ထွက်သွားလေသည်။
ဖူး..
အခြားဓားချက်တစ်ခု ကျရောက်လာပြီး ထိုလူသည် နှစ်ပိုင်းကွဲသွားလေ၏။
ရှီဟောင်သည် ဆက်တိုက်ပင် ဓားကို လွှဲရမ်းလိုက်ကာ ကောင်းကင်နတ်ဘုရားလေးယောက်ကို ခုတ်ချလိုက်သည်။ အလောင်းလေးခု မြေပြင်ပေါ်သို့ ကျသွားပြီး ကောင်းကင်ကြီးလည်း သွေးရောင်နီရဲသွားလေ၏။
“အား..” ကောင်းကင်နတ်ဘုရားလေးယောက်၏ မူလဝိဉာဉ်များ ဒေါသတကြီး ဟစ်ကြွေးလိုက်ကြသည်။
ကံမကောင်းစွာဖြင့်ပင် သူတို့၏ မူလဝိဉာဉ်များလည်း အသတ်ခံလိုက်ရလေသည်။ ရှီဟောင်၏ဓားသည် သူတို့ဝိဉာဉ် တစ်ခုပြီးတစ်ခုကို ဖြတ်သွားလေသည်။