သုခကမ္ဘာက ရှီဟောင် - Chapter - 1178 မြင့်မြတ်သော စတေးခြင်း
ဤသူတော်စင်သစ်တောမှာ သူမြင်ခဲ့ဖူးသည့် သစ်တောများထက် အတော်လေး သက်တမ်းရင့်နေသည်မှာ သေချာသည်။ သက်တံ့ပေါင်း ထောင်ပေါင်းများစွာ စုစည်းနေသကဲ့သို့ပင် တောက်ပသည့်အရောင်များ တောက်ပနေလေသည်။
သာမန် သူတော်စင်အပင်များမှာ တစ်ပေခန့်သာရှိသော်လည်း ယခုအပင်များမှာ လူတစ်ယောက် အရပ်ခန့်ရှိပြီး သစ်ခေါက်များမှာလည်းနဂါးအကြေးခွံများကဲ့သို့ပင်။
ရွှီး..
ရွှေရောင်ချည်ကြိုးတစ်ခုသည် လျှပ်စစ်မီးပွားတစ်ခုကဲ့သို့ပင် လျင်မြန်စွာ ပျံသန်းလာပြီး လေဟာနယ်ကို မှုန်ဝါးသွားအောင် လုပ်လိုက်လေသည်။
ဒုန်း..
ရှီဟောင်လက်မြှောက်ကာ ထိုကြိုးကို ရိုက်ချလိုက်သည်နှင့် မီးပွားများထွက်ပေါ်လာလေ၏။ ဤသည်မှာ လက်မအရွယ်အစားခန့်ရှိသည့် ရွှေရောင်ပိုးမျှင်ကောင်ပင်။ သို့သော်လည်း ဤအကောင်သည် မာကျောလှကာ သာမန်နတ်ဘုရားအစစ်သာဆိုပါက ပေါက်ကွဲသွားလောက်လေပြီ။
ရှီဟောင်မျက်မှောင်ကြုတ်သွားရ၏။ သူတော်စင်သစ်တောထဲတွင် ဤကဲ့သို့သောပိုးကောင် အနည်းငယ် ရှိနေသည်။
သို့သော်လည်း လိပ်ပြာဧကရာဇ်ရှိနေသောကြောင့် သူသိပ်စိတ်ပူစရာမလိုပေ။ သို့သော်လည်း သူမသက်မသာခံစားနေရဆဲပင်။ ဤနေရာမှာ တိတ်ဆိတ်လွန်းလှသည်။ အန္တရာယ်တစ်ခုခုရှိနေသလိုပင်။
ဤသည်မှာ ရှီဟောင်ဤနေရာသို့ ရောက်လာကတည်းက ခံစားနေရသည့်ခံစားမှုပင်။ သူ ဤနေရာ၌ ကျင့်ကြံချင်သော်လည်း ဤနေရာတွင် အန္တရာယ်အချို့ရှိနေသည်။ ထိုပြဿနာကို သူအရင်ရှင်းရမည်။
“ဟမ် .. မှော်စွမ်းအားတွေ ပြန်သုံးလို့ရနေပြီ”
သူသစ်တောအတွင်းပိုင်းသို့ ဝင်လိုက်သည်နှင့် သူ၏မှော်စွမ်းအားများ ပြန်ရသွားသည်။ သူသည်ချက်ချင်းပင် ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်ပြီး သူ့အားကာကွယ်ထားလိုက်သည်။
ရွှီး..
လေထဲတွင် ကျောချမ်းစရာကောင်းသည့်အသံတစ်သံ ထွက်ပေါ်လာပြီး ခရမ်းရောင်အလင်းတန်းတစ်ခုလည်း ထွက်ပေါ်လာလေ၏။ ဤသည်မှာ ဖျံကောင်ပင်။ သူ၏မျက်လုံးများမှာ နီရဲနေပြီး သူရူးနေလေပြီ။
ဤဖျံကောင်တွင် ကြောက်စရာကောင်းသည့်အော်ရာများရှိနေပြီး သူသည် ကောင်းကင်နတ်ဘုရားပင် ဖြစ်နေလေပြီ။
ရှီဟောင်တုန်လှုပ်သွားကာ ချက်ချင်း လှည့်ပြေးသွားလိုက်၏။ ဤကဲ့သို့ ရူးနေသည့် ကောင်းကင်နတ်ဘုရားများမှာ ကြောက်စရာအကောင်းဆုံးပင်။
ဝူး ဝူး..
သားရဲအော်သံများ ထွက်ပေါ်လာပြီး ခရမ်းရောင်အလင်းများ ထွက်ပေါ်လာလေ၏။ နောက်ဆုံးတွင် ဖျံကောင် ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး အားလုံးမှာ နတ်ဘုရားများပင်။
ကြောက်စရာအကောင်းဆုံးမှာ ထိုထဲတွင် ရူးနေသည့် ကောင်းကင်နတ်ဘုရားသုံးကောင်ပါလေသည်။
ဤသည်မှာ ဤသူတော်စင်သစ်တောတွင်နေထိုင်သည့် စွမ်းအားကြီးသည့်လူမျိုးစုပင်။ ဤသည်မှာ သူတို့အသိုက်ဖြစ်သောကြောင့် ဤနေရာတွင် နေချင်လျှင် ခက်ခဲလိမ့်မည်ပင်။
ရှီဟောင် လျင်မြန်စွာပင် ပြေးသွားလိုက်သည်။
ဖူး..
သူ့အနားတွင် သူတော်စင်စွမ်းအင်သုံးကြောင်း ရစ်ပတ်နေသော်လည်း သူ၏ပုခုံးမှာ ခရမ်းရောင်လက်သည်းဖြင့်ကုတ်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်တွင် အပေါက်များစွာ ရှိနေလေပြီ။
သာမန်လူသာဆိုပါက ကောင်းကင်နတ်ဘုရား၏ ရိုက်ချက်ကိုခံလိုက်ရပါက သွေးပုံကြီးဖြစ်ပြီး သေသွားလောက်လေပြီ။
ရှီဟောင်သည် ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်းနတ်စွမ်းရည်ကို အသုံးပြုပြီး သစ်ပင်များကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ အပြင်ဘက်တွင် သူ၏မှော်စွမ်းအားများကို အသုံးပြု၍မရတော့ပေ။ ထွက်ပြေးရန်အတွက် သူ၏ခြေထောက်များကိုသာ အသုံးပြုလိုက်ရသည်။
သူသည် ထိုကောင်းကင်နတ်ဘုရားသုံးကောင်ကို ခက်ခက်ခဲခဲဖြင့် မျက်ခြေဖြတ်လိုက်ရသည်။
ကံကောင်းစွာဖြင့်ပင် ဤအကောင်များမှာ ရူးနေသောကြောင့်သာ။ မဟုတ်ပါက သူအလွန်အန္တရာယ်များလိမ့်မည်ပင်။
အချိန်အတော်ကြာမှသာ ရှီဟောင် ဤနေရာသို့ ပြန်လာလိုက်သည်။ ဤနေရာမှာ ပြန်လည်တည်ငြိမ်သွားလေပြီ။ သို့သော်လည်း ဘေးပတ်လည်ကို သေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် သူ၏အသက်ရှူသံများ အေးခဲသွားရသည်။
ဖျံသိုက်ကြီးကို သူတွေ့လိုက်ရသည်။ ရူးနေသည့် ကောင်းကင်နတ်ဘုရားသုံးကောင်သည် အန္တရာယ်အများဆုံးမဟုတ်ပဲ ထိုနေရာတွင် ခရမ်းရောင်အမွေးတွင် အဖြူရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် ဖျံအိုကြီးတစ်ကောင်ရှိနေသေးသည်။ သူသည် အလွန်အသက်ကြီးနေပြီဖြစ်ပြီး ဤနေရာတွင် အိပ်နေခြင်းပင်။
“ဂိုဏ်းခေါင်းဆောင်..”
ဤသည်မှာ အလွန်ထူးခြားသည့် လူမျိုးစုတစ်ခုဖြစ်သည်မှာ သေချာသည်။ သူတို့ထံတွင် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပင် ရှိနေသည်။
ဒီကောင်တွေကို သူဘယ်လိုရှင်းရမှာလဲ .. ရှီဟောင် ခေါင်းကိုက်လာရသည်။
ယခင်က လျှို့ဝှက်နည်းလမ်းများကို အသုံးပြုကာ ကောင်းကင်နတ်ဘုရားများကို အဝေးသို့ နှင်ထုတ်လိုက်နိုင်သော်လည်း ယခုတော့ သူတကယ်စိတ်ပျက်သွားရသည်။ ဤဖျံအိုကြီး ဤနေရာကို စောင့်ကြပ်နေသောကြောင့် သူသာ သူတို့ကို ရန်စလိုက်လျှင် သူဤနေရာတွင်ပင် သေသွားလိမ့်မည်။
ရှီဟောင် အရှုံးမပေးချင်သောကြောင့် ဤနေရာတွင် ထပ်စောင့်နေလိုက်၏။ ရက်အနည်းငယ်ကြာသည့်အချိန်တွင် ထူးဆန်းသည့် စွမ်းအားလှိုင်းတစ်ခု ရောက်လာပြီး ထိုအကောင်များအားလုံး မြေကြီးအပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ရှီဟောင်လည်း တုန်လှုပ်သွားရသည်။ ဤနေရာမှာ အလွန်ထူးဆန်းလှသည်။ ခပ်ဝေးဝေးတွင် ရွှံအိုင်တစ်ခုရှိနေပြီး ယခုအချိန်တွင် ထိုရွှံ့အိုင်အက်ကွဲလာပြီး ထိုထဲမှ တောက်ပသည့်အလင်းတန်းတစ်ခုနှင့်အတူ ထူးဆန်းသည့်စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
“အဲဒါက ဘာကြီးလဲ..” ရှီဟောင်၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။
“အစီအရင်..” ရှီဟောင် ထိတ်လန့်သွားရ၏။ ဤသည်မှာ ယခင်ခေတ်မှ အစီအရင်ပင်။
ထိုအစီအရင်ထွက်ပေါ်လာသည်နှင့် ရွှေရောင်ပိုးကောင်များ၊ အဆိပ်ပိုးကောင်များနှင့် အခြားအကောင်များအားလုံး အိပ်မောကျသွားလေသည်။ ပိုးကောင်အများစုမှ သူတို့အသိုက်ထဲသို့ လျင်မြန်စွာ ပျံပြေးသွားကြလေ၏။
ရှီဟောင် ဤနေရာတွင် အိပ်မနေချင်။ သူသည် ဝိဉာဉ်တစ်သောင်းသင်္ကေတကို ထုတ်လိုက်ပြီး သူ့ကိုယ်သူ ကာကွယ်လိုက်ပြီး သစ်တောအပြင်ဘက်သို့ တရှိန်ထိုး ပြေးထွက်သွားလိုက်သည်။
သို့သော်လည်း စွမ်းအင်လှိုင်းမှာ လျင်မြန်လွန်းလှပြီး တစ်ခဏအတွင်းမှာပင် ရှေးဟောင်းမြေတစ်ခုလုံးကို လွှမ်းခြုံသွားလေပြီ။ သူလည်း ထိုထဲတွင် ပိတ်မိသွားလေပြီ။
ထို့နောက်တွင် အခြားပိုးကောင်များအားလုံးမှာ သေဆုံးသွားသကဲ့သို့ပင် လှုပ်ရှားမှုမရှိတော့ပဲ အိပ်ပျော်သွားသည်ကို သူတွေ့လိုက်ရသည်။
“ထူးဆန်းလိုက်တဲ့ အစီအရင် .. လူတစ်ယောက်ကို အိပ်နေရင်းနဲ့သေသွားအောင် လုပ်နိုင်တယ်” ရှီဟောင် ထိတ်လန့်သွားရသည်။ ယခုအချိန်တွင် ဝိဉာဉ်တစ်သောင်း သင်္ကေတတောက်ပနေပြီး အလင်းလုံးလေး ဖြစ်နေသည်။ ဝိဉာဉ်တစ်သောင်းပေါ်လာပြီး ထိုလှိုင်းကို တားဆီးနေလေ၏။
ထိုရွှံ့အိုင်ထဲမှ ရောင်စုံအလင်းများမှာ မတည်ငြိမ်ပေ။ ဒီရေကဲ့သို့ပင် တက်လိုက်ကျလိုက်ဖြစ်နေသည်။
ထိုထူးဆန်းသည့်စွမ်းအားလှိုင်းနောက်ပြန်ဆုတ်သွားသည့်အချိန်တွင် အပေါက်အနည်းငယ်မှ ပိုးကောင်များ ထွက်လာပြီး သေနေသည့်အကောင်များကို စားသုံးကြလေသည်။
“ဒီနေရာက တကယ်ကိုထူးဆန်းတာပဲ .. မြေအောက်မှာ အစီအရင်တွေရှိနေတယ် .. အစီအရင်က ကျောက်တုံးတွေနဲ့ တစ်ခြားအစိတ်အပိုင်းတွေကို မသက်ရောက်နိုင်ဘူး .. အဲဒီတော့ အဲဒီထဲမှာ ပုန်းနေရင် တော်တော်လေး လုံခြုံတယ်” ရှီဟောင်ပြောလိုက်သည်။
သူသည် ထိုနေရာတွင် အချိန်ဆွဲမနေပဲ သူတော်စင်သစ်တောရှိနေသည့်နေရာသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
ဤနေရာတွင်ရှိနေသည့် ဖျံများမှာ ထွက်မလာရဲတော့ပဲ သူတို့၏တွင်းပေါက်များထဲတွင် ပုန်းနေလေပြီ။
“ငါ ဒီနေရာမှာ သီးသန့်ကျင့်ကြံရမယ်”
ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။ အလွန်အန္တရာယ်များသော်လည်း သူ့ထံတွင် အခြားရွေးချယ်စရာမရှိပေ။ ထိုဖျံများထွက်လာသည်နှင့် သူအခွင့်အရေး ရှိတော့မည်မဟုတ်ပေ။
သူ့ထံတွင် လိပ်ပြာဧကရာဇ်နှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ရှိနေသည်။ တစ်ခုခုဖြစ်လျှင် သူတို့ သူ့ကို နှိုးလိမ့်မည်။
ဤနေရာတွင် တကယ်ကို သူတော်စင်သစ်ပင်များ များစွာ ရှိနေခြင်းပင်။ အချို့အပင်များမှာ ရွှေရောင်ဖြစ်ပြီး အချို့အပင်များမှာ အစိမ်းရောင်၊ အချို့မှာ ငွေရောင်ပင်။
သူကျင့်ကြံရန်အတွက် ဤအပင်များကို လိုအပ်သည်။
ဤအပင်များကို အသုံးပြုပြီး ခန္ဓာကိုယ်ကို လောင်ကျွမ်းအောင်လုပ်နိုင်သည်။ သို့သော်လည်း ဤသည်မှာ တောက်လောင်ခြင်းအစစ်အမှန်မဟုတ်ပေ။ ဤသည်မှာ မီးတောက်နှင့်တူသည့်အလင်းကို ထုတ်လွှတ်နေခြင်းပင်။ ဤသည်မှာ ကောင်းကင်နှင့်မြေကြီးတာအိုမှ ဖြစ်ပေါ်လာသည့် အလင်းတစ်မျိုးပင်။ ဤအလင်းမှာ ခန္ဓာကိုယ်ကို ပြုပြင်နိုင်သည့် တာအိုပင်။
မြင့်မြတ်သည့်စတေးခြင်း .. ရှီဟောင်သည် ဤသည်ကို အသုံးပြုကာ ဤကျင့်ကြံဆင့်ကို ဖြတ်သန်းမည်ပင်။
ဤကျင့်ကြံခြင်းနယ်ပယ်မှာ အလွန်ထူးဆန်းလှသည်။ ကျင့်ကြံသူများစွာသည် ဤအဆင့်ကို မကျင့်ကြံပဲ ကျော်သွားလိုက်ကြသည်သာ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အန္တရာယ်များလွန်းသောကြောင့်ပင်။
နတ်ဘုရားအဆင့်ကို ဖြတ်ပြီးသွားသည်နှင့် လုံလောက်အောင် ထူးချွန်နေလျှင် ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ တိုက်ရိုက်တက်သွားနိုင်သည်သာ။
သို့သော်လည်း မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်ကို ဖြတ်သန်းသည့်သူများသာလျှင် နတ်ဘုရားများကြားမှ ဘုရင်အစစ်ဖြစ်သည်ဟူသော ဒဏ္ဍာရီများလည်း ရှိနေသောကြောင့် အထူးချွန်ဆုံးသူများမှာ ဤအဆင့်ကို လျှောက်လှမ်းရန် ရွေးချယ်ကြလေသည်။
မြင့်မြတ်သည့်စတေးခြင်းအဆင့်ကို မဖြတ်ပါက နောင်တွင် နတ်တာအိုအထွဋ်အထိပ်ရောက်ရန် ခက်ခဲသည်ဟု ပြောကြသည်။ သူတို့သည် နောက်ဆုံးအဆင့်ကို မဖြတ်သန်းနိုင်ပဲ ထာဝရအသက်ရှည်ခြင်းကိုလည်း ရရှိမည်မဟုတ်ပေ။
လက်ရှိလောကတွင်ရှိနေသည့်သူများအတွက်မူ ဤထာဝရအသက်ရှည်ခြင်းကို စဉ်းစားစရာမလိုပေ။ ခေတ်တစ်ခုလုံးကို ရှာကြည့်လျှင်ပင် သူတို့မသေမျိုး ဘယ်နှယောက်ကို တွေ့ရသနည်း.. နောက်ဆုံးတွင် အားလုံးမှာ ဖုန်မှုန့်များဖြစ်သွားမည်သာ။
ထို့ကြောင့်ပင် ကျင့်ကြံသူ ၉၀ ရာခိုင်နှုန်းခန့်မှာ မြင့်မြတ်သည့်စတေးခြင်းအဆင့်ကို မကျင့်ကြံကြပေ။
ဤကျင့်ကြံဆင့်မှာ အတော်လေး ထူးဆန်းသည်။
ကျင့်ကြံသည့်သူများမှာ မတည်မငြိမ်ဖြစ်လာပြီး တစ်ခါတစ်ရံတွင် ကောင်းကင်နတ်ဘုရားကဲ့သို့ အဆုံးမရှိသည့် ခွန်အားများ ပိုင်ဆိုင်ထားသော်လည်း တစ်ခါတစ်ရံတွင် နတ်မီးတောက်နယ်ပယ်ထက်နိမ့်ကျသွားလောက်အောင်ပင် အန္တရာယ်များလှသည်။
ကျင့်ကြံဆင့်များမှာ မတည်ငြိမ်သောကြောင့် ရန်သူများတိုက်ခိုက်လာပါက အလွန်ကြောက်စရာကောင်းလိမ့်မည်ပင်။
ဤသည်မှာ ထူးဆန်းကာ အန္တရာယ်များသော်လည်း ရှီဟောင် ရွေးချယ်စရာမရှိပေ။ သူ နတ်တာအို၏ အမြင့်ဆုံးသို့ ရောက်ချင်သောကြောင့် သူဤကျင့်ကြံဆင့်ကို လျစ်လျူရှု၍ မရပေ။
သူမပြောနှင့် ရှေးခေတ်မှလူများပင်လျှင် ရည်ရွယ်ချက်ကြီးသည့်သူများသည် ဤအဆင့်ကို ဖြတ်သန်းကြသည်သာ။
အဘယ်ကြောင့်ဆိုသော် ဤအဆင့်ကို ဖြတ်ပြီးသည်နှင့် ပို၍စွမ်းအားကြီးလာမည်ပင်။
အခြားသူများမှာ ဤသည်ကို ကျင့်ကြံဆင့်တစ်ဆင့်ဟု မသတ်မှတ်ကြပေ။ အဘယ်ကြောင့်ဆိုသော် မြင့်မြတ်သည့်စတေးခြင်းနယ်မြေမှလူများမှာ ကောင်းကင်နတ်ဘုရားများကို သတ်နိုင်သောကြောင့်ပင်။
ဤသည်မှာ ကောင်းကင်နတ်ဘုရားနယ်ပယ်ကို ရောစပ်ခြင်းဟု ပြောကြသည်။
သို့သော်လည်း ဤရောစပ်ခြင်းမှာ အန္တရာယ်များလှသည်ပင်။
ဤအဆင့်ကို အောင်မြင်စွာ ဖြတ်နိုင်လျှင် ပို၍အားကြီးလာပြီး အခြားသူများကို လွှမ်းမိုးနိုင်လိမ့်မည်။ ထို့ကြောင့်ပင် ‘နတ်ဘုရားများ၏ ဘုရင်’ ဟူသော စကားထွက်ပေါ်လာခြင်းပင်။
သို့သော်လည်း ကျရှုံးသွားသည်နှင့် သူတို့သည် အစစ်အမှန်နယ်ပယ်နှင့် နတ်မီးတောက်နယ်ပယ်များထက်ပင် နိမ့်ကျသွားနိုင်သည်။
ထို့ကြောင့်ပင် သာမန်လူများ ဤအဆင့်ကို မဖြတ်ရဲကြခြင်းပင်။
ဤနယ်ပယ်မှလူများကို ရည်ညွှန်းသည့် အခြားစကားလုံးများလည်းရှိသေးသည်။ ဥပမာအားဖြင့် သူတော်စင်၊ နတ်ဘုရင်ကဲ့သို့သော အသုံးအနှုန်းများပင်။
ဤကျင့်ကြံဆင့်တွင် အားလုံးသည် လက်နက်မျိုးစုံကို ပြင်ဆင်ထားကြသည်။ ထိုလက်နက်များဖြင့် သူတို့ခန္ဓာကိုယ်အစားထိုးပြီး အတိဒုက္ခများကို ခံယူစေကြသည်။
ထို့ကြောင့်ပင် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်နိုင်သည့် လက်နက်များ မှိန်ဖျော့သွားပြီး ပျက်စီးသွားခြင်းပင်။ သို့သော်လည်း အချို့လက်နက်များမှာ အနည်းငယ်ပိုကောင်းသည့် ‘မြင့်မြတ်ပစ္စည်းများ’ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
“ကျင့်ကြံခြင်းက အနိမ့်အမြင့် အတက်အကျရှိတယ် .. တစ်ချို့လူတွေက နဂါးလိုမျိုး တရှိန်ထိုး တက်သွားနိုင်ပြီးတော့ တစ်ချို့လူတွေက အဆုံးမရှိတဲ့ချောက်နက်ကြီးထဲ ကျသွားသလိုမျိုးဖြစ်သွားလိမ့်မယ်”
ဤသည်မှာ သူသတိလက်လွတ်နေ၍မရကြောင်း ရှီဟောင် သူ့ကိုယ်သူ သတိပေးလိုက်ခြင်းပင်။
သူသည် ဝိဉာဉ်စွမ်းအင်များ များပြားလှသည့် ဤသစ်တောထဲတွင် ကျင့်ကြံလိုက်သည်။ သူသည် အရင်ဆုံး နတ်ဘုရားအစစ်နယ်ပယ်၏ အမြင့်ဆုံးသို့ ရောက်အောင် အရင်လုပ်လိုက်သည်။
ဤသည်မှာ သိပ်မကြာပေ။ သူသည် အစကတည်းက အမြင့်ဆုံးသို့ ရောက်ခါနီးပင်။
သူသည် လဝက်အတွင်းမှာပင် အမြင့်ဆုံးအဆင့်သို့ ရောက်သွားပြီး ယခု မြင့်မြတ်သည့်စတေးခြင်းကို စတင်၍ရလေပြီ။
“မင်းတို့အားလုံး ငါ့ကို သတိကြီးကြီးနဲ့ ကာကွယ်ပေးကြနော်” ရှီဟောင် လိပ်ပြာဧကရာဇ်နှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို ပြောလိုက်သည်။
“စိတ်ချ .. အဲဒီဖျံကောင်တွေ ထွက်မလာခင် ငါတို့မင်းကို မပြေးမယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အရှက်မရှိစွာဖြင့်ပင် ပြေးမည့်ကိစ္စကို ပြောနေလေ၏။
ဝုန်း..
ရှီဟောင်၏အော်ရာ ပြောင်းလဲသွားသည်။ သူသည် သူတော်စင်သစ်တောမှ စွမ်းအင်အားလုံးကို စုတ်ယူလိုက်သည်နှင့် မီးတောက်အလင်းထွက်ပေါ်လာပြီး သူ့အားဖုံးလွှမ်းသွားလေ၏။
ဤသည်မှာ မီးမဟုတ်ပဲ တာအို၏အလင်းဖြစ်သလို သဘာဝဥပဒေသအပိုင်းအစများလည်းဖြစ်သည်။
“အမ်.. ဘာဖြစ်နေတာလဲ .. ဟေ့ကောင် မင်းတက်တော့မလို့လား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ထူးဆန်းသည့်အသံဖြင့် အော်လိုက်သည်။
ရှီဟောင်အနားရှိ လေဟာနယ် အက်ကွဲလာပြီး အလင်းမိုးရွာသွန်းလာသည်ကို တွေ့လိုက်ရသည်။
ရှီဟောင်သည်လည်း အံ့အားသင့်သွားသည်သာ။
ဤကျင့်ကြံဆင့်တွင် စတေးပါက နားမလည်နိုင်သည့်အဖြစ်အပျက်များ ဖြစ်လာနိုင်သည်သာ။ ဥပမာအားဖြင့် အထက်သို့တက်သည့်အလင်းမိုးလည်း ပေါ်လာနိုင်သည်။
အရိုးစာအုပ်မှတ်တမ်းများအရဆိုလျှင် ရက်စက်သည့်အရာများစွာလည်း ပေါ်လာနိုင်သည်။ ဥပမာအားဖြင့် လေဟာနယ်ထဲတွင် ထူးဆန်းသည့်လမ်းကြောင်းများပေါ်လာပြီး ထိုလမ်းကြောင်းထဲသို့ ဝင်သွားသည်နှင့် ပျောက်ကွယ်သွားကြလေသည်။
ယခင်က ထိုလမ်းကြောင်းများမှတစ်ဆင့် ဤလောကထဲမှ ပျောက်ကွယ်သွားသည့် ထူးခြားသည့်သူများ ရှိဖူးသည်။ သူတို့ဘယ်တော့မှ ပြန်ပေါ်မလာသောကြောင့် သူတို့သေသလားရှင်သလား မသိရပေ။