သုခကမ္ဘာက ရှီဟောင် - Chapter - 1181 ကောင်းကင်ဘုံသို့ မတက်လိုခြင်း
“ငါသာဆိုရင်တော့ သေချာပေါက် ငါ့ခန္ဓာကိုယ်ကို မစွန့်ပစ်ဘူး” ရှီဟောင် ခိုင်မာစွာ ပြောလိုက်သည်။
သူ၏ခန္ဓာကိုယ်မှာ သူ၏တာအိုအရင်းအမြစ်ပင်။ သူ၏မူလဝိဉာဉ်သာ သူ၏ခန္ဓာကိုယ်ကို စွန့်ခွာလိုက်သည်နှင့် ဤသည်မှာ အမြစ်မရှိတော့သည့် မြက်ပင်ကဲ့သို့ ဖြစ်သွားလိမ့်မည်။
ထာဝရသက်ရှိဖြစ်သွားလျှင် မည်သို့ဖြစ်မည်မှန်း ရှီဟောင်မသိသော်လည်း ခန္ဓာကိုယ်ရှိသည့် ထာဝရသက်ရှိများကို သူကြားဖူးသည်။ ထိုသူများမှာ သူတို့၏ခန္ဓာကိုယ်ကို စွန့်ပယ်စရာမလိုပေ။
သူ၏အရှေ့မှ ခန္ဓာကိုယ်များကို မြင်လိုက်ရသည့်အချိန်တွင် သူစိတ်လှုပ်ရှားသွားရသည်။ ဒါတွေက အရင်တုန်းက အထူးချွန်ဆုံးသူတွေလား.. သူတို့နောက်ကျောဘက်တွင်ရှိနေသည့် အက်ကွဲကြောင်းကြောင့်သာမဟုတ်ပါက သူတို့ကို အသက်ရှင်လျက်ရှိနေသေးသည်ဟု ထင်မိမည်ပင်။
“ဒီမိန်းကလေးတွေက တကယ်လှတာပဲ .. သူတို့ရဲ့ပုံစံက ပြိုင်ဘက်ကင်းပဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး အံ့အားတကြီး ပြောလိုက်သည်။
ဤနေရာတွင် လူအို၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးတို့အားလုံး ရှိနေသည်။ ဤနေရာတွင်ရှိနေသည့် မိန်းမငယ်လေးအားလုံးမှာ မတူညီသည့်အလှတရားများ ရှိနေကြသည်သာ။
“ဒီလောက်တောင်ရောက်လာပြီဆိုတော့ ဒီကျောက်နံရံကို ဖြတ်ပြီးသွားရင် ငါ ထာဝရသက်ရှိဖြစ်သွားမှာလား..” ရှီဟောင် ပြောလိုက်သည်။
သူ ဤနေရာသို့ ရောက်လာပြီဖြစ်သောကြောင့် စမ်းကြည့်ရမည်သာ။ ထို့အပြင် သူနောက်ပြန်လှည့်စရာလမ်းမရှိတော့သဖြင့် လမ်းသစ်ဖောက်ရမည်သာ။
တတိယမြောက်အဖိုးတန်ပညာ နိုးထလာလေပြီ။ ဤပညာမှာ မပြည့်စုံသေးသော်လည်း အခြားအဖိုးတန်ပညာများနှင့်အတူ သုံးလိုက်လျှင် ထိုပညာများမှာ အဆပေါင်းများစွာ စွမ်းအားကြီးသွားမည်သာ။
ဝုန်း..
ထာဝရစွမ်းအင်သုံးကြောင်းသည် နဂါးအစစ်သုံးကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရှီဟောင်၏လက်မောင်းကို ရစ်တွယ်နေလေသည်။ ရှီဟောင်သည် ထိုလက်ဖြင့် နံရံကို ထိုးလိုက်သောကြောင့် နားကွဲလောက်သည့်အသံများ ထွက်ပေါ်လာလေ၏။
ရှစ်ချက်ဆက်တိုက်ရိုက်ပြီးသည့်နောက်တွင် နံရံများအက်ကွဲသွားပြီး ယိမ်းယိုင်လာသည်။ ထို့နောက်တွင် ရှီဟောင်သည် ကြီးမားလှသည့်အော်ရာတစ်ခုကို အာရုံခံမိလိုက်သည်။ ဤသည်မှာ လောကကြီးတစ်ခု ပွင့်သွားပြီး သူ့အားခေါ်နေသကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ် အလွန်နာကျင်လာပြီး သူ၏မူလဝိဉာဉ်မှာ သူ၏ခန္ဓာကိုယ်မှ ထွက်ပြီး ထိုနယ်မြေထဲသို့ သွားချင်နေသည်။
“ဒီလို အခြေအနေမျိုး ရှိနေတာလား..” ရှီဟောင် သတိကြီးကြီးဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ နာကျင်လှပြီး ပေါက်ကွဲထွက်တော့မည်။ သူ၏မူလဝိဉာဉ်မှာ စုတ်ယူခံနေရသည်။
ဤသည်မှာ သူလုပ်နေသည်မဟုတ်ပဲ ရုတ်တရက်ကြီး သူ့ဘာသာသူ ဖြစ်လာခြင်းပင်။
“ဖိနှိပ်မယ်” ရှီဟောင် အော်ဟစ်လိုက်၏။
သူသည် ချက်ချင်းပင် ထိုင်ချလိုက်ကာ မူလရှေးဟောင်းမှတ်တမ်းကို ရွတ်ဆိုလိုက်ကာ အရိုးစာသားများကို အသက်သွင်းလိုက်သည်။ သူသည် သူ့ကိုယ်သူ ဖိနှိပ်ကာ ထိုကြောက်စရာကောင်းသည့်စုတ်အားကို ခုခံနေရသည်။
ဤသည်မှာ အလွန်ပင်ခက်ခဲလှသည်။ ရှီဟောင်၏နောက်ကျောဘက်တွင် ရွှေရောင်အက်ကွဲကြောင်းပေါ်လာပြီး သူ၏မူလဝိဉာဉ်သည် စွမ်းအင်အားလုံးကို စုတ်ယူကာ ခေါင်းမှဆင်းသွားလေပြီ။
“ဒါက ဘယ်လိုနေရာမျိုးကြီးလဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး အော်ဟစ်လိုက်ကာ ရှီဟောင်ကို ကူညီရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူလုပ်နိုင်တာ ဘာမှမရှိပေ။
“ပိတ်မယ်” ရှီဟောင် အံကြိတ်ကာ ပြောလိုက်သည်။
သူသည် မိုးမခနတ်ဘုရား၏ပညာများကို အသုံးပြုလိုက်ပြီဂ သူ၏သွေးစွမ်းအင်ကို အသုံးပြုကာ သူ၏နောက်ကျောမှ ဒဏ်ရာကို ပိတ်စေလိုက်သည်။ သူ၏မူလဝိဉာဉ်တည်ငြိမ်စေရန်အတွက် သူ၏ကိုယ်ပိုင်အုတ်မြစ်စွမ်းအင်ကိုပင် ပို့လွှတ်ခဲ့သေးသည်။ သူ၏မူလဝိဉာဉ်ကို သူထွက်သွားခွင့်မပြုနိုင်။
ဝုန်း..
ထိုနံရံကြီးသည် သူ့ဘာသာသူပင် ပျက်စီးပြိုကျသွားကာ အလင်းမိုးနှင့် ပွင့်ဖတ်များ ကျလာပြီး ထူးဆန်းသည့်နေရာတစ်ခု ပေါ်လာလေသည်။
လူအများစုအမြင်တွင် ထာဝရတရားကို ရရှိမည်ဖြစ်သောကြောင့် မည်သူက ငြင်းဆန်မည်နည်း.. သူတို့ရှောရှောရှူရှူပင် သွားခွင့်ပြုမည်သာ။ သို့သော် ရှီဟောင်သည် ဤသည်ကို အတင်းခုခံနေရသောကြောင့် သူ၏ခေါင်းမှာ ချွေးပြန်နေလေပြီ။
“ငါသွားလို့မရဘူး .. အဆင့်မြင့်နယ်မြေနဲ့ အဆင့်နိမ့်နယ်မြေမှာ ငါ့ရဲ့သူငယ်ချင်းဟောင်းတွေ ရှိသေးတယ် .. ငါကဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ”
ရှီဟောင် ရုန်းကန်နေဆဲပင်။
“အမ် .. ဒါက…”
တစ်ချိန်တည်းမှာပင် ရှီဟောင်သည် လေဟာနယ်နတ်ဘုရားနယ်မြေနှင့် ဝိဉာဉ်နယ်မြေတို့နှင့်ဆင်တူသည့် ထူးဆန်းသည့်ခံစားချက်တစ်မျိုးရနေသည်။ ဤသည်မှာ နံရံနောက်မှ လာခြင်းပင်။
ထိုအချိန်တွင် ရွှေရောင်အလင်းများ တောက်ပလာလေသည်။ နံရံပေါ်တွင်ရှိနေသည့်အက်ကွဲကြောင်းများမှာ လျှပ်စီးကြောင်းများ တစ်ခုပြီးတစ်ခု လှုပ်ရှားနေသကဲ့သို့ပင် အလွန်တောက်ပလာသည်။
ရှီဟောင် ထိတ်လန့်သွားရသည်။ ဤကျောက်နံရံနောက်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေသည့်ပုံပင်။ ဒါက ကောင်းကင်ဘုံတက်တဲ့နေရာလား .. ဒါပေမဲ့ ဘာလို့ ဝိဉာဉ်နယ်မြေအော်ရာရှိနေတာလဲ ..
ရှီဟောင် ဆံပင်မွေးများပင် ထောင်ထသွားရသည်။
သူ၏စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်လာသည်။ ဝိဉာဉ်နယ်မြေက ဒီလိုမျိုးလုပ်ထားတာလား .. သူက ရှေးခေတ်နတ်ဘုရားရဲ့အော်ရာတွေနဲ့ ဖွဲ့စည်းထားတာလား..
သူသည် ဤစွမ်းအင်အရင်းအမြစ်ကို တွေ့လိုက်ရပြီဟု အဘယ်ကြောင့်ထင်နေရသနည်း..
သို့သော်လည်း ရှီဟောင် ဝင်မသွားပေ။ သူဝင်သွားလျှင် သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးရမည်ဟု သူ၏မသိစိတ်မှ ပြောနေသည်။
ဤနေရာတွင်ရှိနေသည့် ခန္ဓာကိုယ်များကို သူကြည့်လိုက်သည်။ ဒီလူတွေက ထာဝရတရားကို တကယ်ရသွားတာလား .. ဒါမှမဟုတ် သူတို့မူလဝိဉာဉ်တွေ ဖမ်းခံလိုက်ရတာလား .. သူတို့ဒီလောကကြီးထဲမှာ နောက်တစ်ခေါက် ထပ်ပေါ်လာနိုင်သေးလား..
အချိန်ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် မူးဝေလာသည်။ ကျောက်နံရံနောက်တွင်ရှိနေသည့်နေရာသည် သူ့အား မတည်မငြိမ်ဖြစ်အောင် လုပ်နေသည်။
“နောက်တစ်ခေါက် ဖိနှိပ်မယ်”
ရှီဟောင်ယခု တကယ်ကို စိုးရိမ်နေလေပြီ။ သူ၏မူလဝိဉာဉ်သည် သူ့ခန္ဓာကိုယ်ကို စွန့်ခွာကာ ထိုကျောက်နံရံထဲသို့ ဝင်သွားတော့မည်။
သူ၏နတ်စွမ်းရည်အားလုံးကို အသုံးပြုပြီးသည့်နောက်တွင် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လုပ်လိုက်နိုင်သည်။ သူ၏ခန္ဓာကိုယ် ပြန်ပိတ်သွားပြီး သူ၏မူလဝိဉာဉ်လည်း မူလနေရာသို့ ပြန်ရောက်သွားလေပြီ။
ထိုနံရံများ တစ်ဖြည်းဖြည်း ပြန်ကောင်းသွားကာ အက်ကွဲကြောင်းများ ပျောက်ကွယ်သွားသည်။ အလင်းများလည်း မှေးမှိန်သွားလေသည်။
“ဒါက အဆင်တက်တာရော ဟုတ်ရဲ့လား .. ဒါမှမဟုတ် ကပ်ဆိုးကြီးလား” ရှီဟောင်၏ခန္ဓာကိုယ်မှာ အေးစက်နေလေပြီ။ သူကြုံတွေ့လိုက်ရသည့်အရာများမှာ ထူးဆန်းလှသည်။
ရှီဟောင်သည် ဤနေရာကို လေ့လာမနေတော့ပဲ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူယနေ့ရလိုက်သည့်အကျိုးကျေးဇူးများမှာလည်း မနည်းလှပေ။ ထူးဆန်းသည့်အကြောင်းအရာများကို သူသိလိုက်ရသည်။
“စီရင်စုသုံးထောင်ကို ပြန်ရောက်ရင် ဝိဉာဉ်နယ်မြေအကြောင်းလေ့လာပြီးတော့ သဲလွန်စရှာရမယ် .. ငါဝင်သွားတော့မလို ဖြစ်သွားတဲ့နေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ ရှာကြည့်ရမယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် သူလာခဲ့သည့်ဘက်မှနံရံကို ထိုးခွဲလိုက်သည်။
နောက်ဆုံးတွင် ထိုနံရံပြိုကျသွားပြီး သူလာခဲ့သည့် ရှေးဟောင်းလမ်းကြောင်း ပြန်ပေါ်လာလေပြီ။ ရှီဟောင်သည် နောက်ပြန်လှည့်မကြည့်တော့ပဲ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် လိပ်ပြာဧကရာဇ်ကိုခေါ်ကာ ပြန်လာခဲ့လိုက်သည်။
ထိုနေရာတွင်ရှိနေသည့် ခန္ဓာကိုယ်များကို သူတစ်ခုမှ မယူခဲ့ပေ။ တကယ်သေသေ မသေသေ သူမည်သည့်အပြစ်မှ မလုပ်ချင်။
ရှီဟောင် ပြန်ရောက်လာလေပြီ။ သူသည် ထိုရှေးဟောင်းသစ်တောထဲတွင် ရှိနေဆဲသာ။ သူတော်စင်သစ်ပင်များသည် သူ့အား ဝန်းရံထားဆဲပင်။
ရုတ်တရက်ပင် တာအိုအသံများထွက်ပေါ်လာပြီး သင်္ကေတများ ရောယှက်လာကာ သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်လာသည်။
ဖုန်း…
ရှီဟောင် လက်ဖြင့်ကာလိုက်သည့်အချိန်တွင် သူ၏ညာလက်တစ်ခုလုံးအရောင်မှိန်သွားကာ ထူးဆန်းသည့်စွမ်းအားလှိုင်းများကို ထုတ်လွှတ်လာလေ၏။ ရှီဟောင် ချက်ချင်း နောက်ပြန်ဆုတ်လိုက်ရဿည်။
ယခုအချိန်တွင် သူ၏ညာလက်မောင်းမှ မှော်စွမ်းအားများ အတော်လေး ကုန်ခမ်းသွားသည်ဟု သူခံစားလိုက်ရသည်။ သူ၏ကျင့်ကြံမှာ နတ်မီးတောက်နယ်မြေသို့ ပြန်ကျသွားသလိုပင်။
ဤသည်မှာ အလွန်အန္တရာယ်များသည့် မြင့်မြတ်သည့်စတေးခြင်းပင်။ မအောင်မြင်သေးသည်ကို မပြောနှင့် ယခုကဲ့သို့ တိုက်ခိုက်ခံလိုက်ရလျှင်ပင် လူတစ်ယောက်၏ကျင့်ကြံဆင့် လျော့ကျသွားနိုင်သည်။
သာမန်လူများသည် သူတို့ကိုယ်စား ကပ်ဆိုးများကို ခံယူရန်အတွက် စွမ်းအားကြီးသည့် လက်နက်များကို ပြင်ဆင်ထားကြသည်သာ။
သို့သော်လည်း ရှီဟောင်သည် လက်နက်များကို အသုံးမပြုခဲ့ပေ။ ထိုအစား ထိုတိုက်ခိုက်မှုများကို အသုံးပြုကာ သူ့ကိုယ်သူပိုကောင်းလာအောင် လုပ်လိုက်သည်။ မြင့်မြတ်သည့်စတေးခြင်း၏ အန္တရာယ်ကို နားလည်အောင်လုပ်လိုက်သည်။
ထို့နောက်တွင် ရှီဟောင်သည် သူ၏နတ်ခွန်အားကို အသက်သွင်းလိုက်သောကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတောက်ပလာပြီး မီးတောက်များ ထွက်ပေါ်လာလေ၏။ အရောင်မှိန်သွားသည့် ညာဘက်လက်လည်း အရောင်ပြန်တောက်လာကာ မူလအတိုင်း ပြန်ဖြစ်သွားသည်။
ဤသည်မှာ အလွန်အန္တရာယ်များသော်လည်း လူတစ်ယောက်ကို ပို၍ တိုးတက်လာအောင် လုပ်ပေးနိုင်သည်။ သူသာ ဤသည်ကို ဖြတ်ကျော်နိုင်လျှင် ဤသည်မှာ ပြုပြင်ခြင်းကို ထပ်ခါတလဲလဲ ဖြတ်သန်းသကဲ့သို့ ဖြစ်သွားမည်ပင်။
ထို့နောက်တွ၍် ပျက်စီးနေသည့် အစီအရင်၏စွမ်းအင်လှိုင်း ပျောက်ကွယ်သွားကာ ရှဉ့်များ နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။
ရှီဟောင်သည်လည်း ပုန်းနေရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ ရက်ပေါင်းများစွာကြာပြီးနောက် ထိုအကောင်များ နောက်တစ်ကြိမ် ပြန်ပုန်းသွားမသာ သူသီးသန့်ကျင့်ကြံလိုက်သည်။
ဝုန်း..
ထို့နေ့တွင် လျှပ်စီးတန်းတစ်ခု ကျရောက်လာလေ၏။ ဤသည်မှာ လျှပ်စီးတန်းအစစ်မဟုတ်သော်လည်း အစစ်ထက်ပင်ပို၍ ကြောက်စရာကောင်းသေးသည်။ ဤသည်မှာ သဘာဝဥပဒေသကြီးပင်။
သူ၏ရင်ဘတ်ပေါက်ကွဲထွက်သွားပြီး သူ၏ကျင့်ကြံဆင့်လည်း ကျသွားလေပြီ။
ရှီဟောင်၏အမူအရာပြောင်းလဲသွားလေ၏။ ဤသည်မှာ အန္တရာယ်များလွန်းလှသည်။ သူ့နေရာတွင် လက်နက်များကို အသုံးမပြုပါက သူသည် အချိန်မရွေး ပြိုလဲသွားနိုင်သည်။
ယခုတစ်ကြိမ်တွင်တော့ သူ၏ရင်ဘတ် အရောင်ပြန်တောက်လာရန်အတွက် ရှီဟောင် အချိန်အတော်ကြာ ရုန်းကန်လိုက်ရသည်။ သူ၏ကျင့်ကြံဆင့်ကို ပြန်ထိန်းလိုက်သည်။ ဤသည်မှာ သူ၏တာအိုကို ပို၍သန့်စင်လာအောင် ပြုလုပ်သည့်နည်းတစ်နည်းပင်။
ဤလောကတွင် စွန့်ပစ်ထားသည့်ပစ္စည်း၊ အကြွင်းအကျန်ပစ္စည်းနှင့် မြင့်မြတ်ပစ္စည်းများရှိသည်။ ဤသည်မှာ မြင့်မြတ်သည့်စတေးခြင်းမှ အတိဒုက္ခကို ဖြတ်သန်းခဲ့သည့် လက်နက်များပင်။
ရှီဟောင်သည် သူ့ကိုယ်သူ လက်နက်တစ်ခုဟု သဘောထားနေခြင်းပင်။ ဤသည်မှာ နမော်နမဲ့နိုင်လှသော်လည်း သူ့ကိုယ်သူ ပို၍စွမ်းအားကြီးအောင် လုပ်ချင်သည်။
ဒုန်း..
ဗုံသံများမှာ အံ့အားသင့်စရာကောင်းလှသည်။ ဤသည်မှာ အပြင်ဘက်မှ ကောင်းကင်နတ်ဘုရားများ လုပ်လိုက်ခြင်းပင်။ ရှီဟောင်သည် နှောက်ယှက်ခံလိုက်ရကာ သူ၏ချီနှင့်သွေးများပင် အန်ထွက်လာမတတ်ပင်။
အဘယ်ကြောင့်ဆိုသော် သူသည် မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်မှ တိုက်ခိုက်မှုများကို အချိန်နှင့်အမျှ ခုခံနေရသောကြောင့် ဤကဲ့သို့သော ပြင်ပမှတိုက်ခိုက်မှုများမှာ သူ့အား သက်ရောက်သည်သာ။
“ဒါကို လေ့ကျင့်မှုတစ်မျိုးလို့ပဲ သဘောထားလိုက်မယ်” ရှီဟောင်၏မျက်လုံးများမှာ လေးနက်လှသည်။ သူသည် အရာအားလုံးကို ဘေးဖယ်ထားလိုက်ပြီး မြင့်မြတ်သည့်စတေးခြင်းကို ရင်ဆိုင်ရန်သာ အာရုံစိုက်ထားလိုက်သည်။
“အဲဒီလူငယ်က တကယ်အထဲမှာလား” တစ်စုံတစ်ယောက်မှ မေးလိုက်၏။
ထို့နောက်တွင် လေထဲမှ ကျမ်းစာရွတ်ဖတ်သံများ ထွက်ပေါ်လာလေ၏။ ဤအသံမှာ ထာဝရရှေးဟောင်းမြေ အတွင်းဘက်မှ ထွက်လာခြင်းဖြစ်ပြီး တစ်ဖြည်းဖြည်းချင်း ပို၍ ကြောက်စရာကောင်းလာလေ၏။
ကောင်းကင်ဘုံကိုးခုကမ္ဘာမြေဆယ်ခုကျမ်းစာကို ရွတ်ဖတ်နေသည့် ကောင်းကင်နတ်ဘုရားတစ်ယောက်ရှိလေသည်။ နေရာတိုင်းတွင် ပုံရိပ်ယောင်များ ထင်ဟပ်လာပြီး အကန့်အသတ်မရှိသည့် အားတစ်ခု ရှီဟောင်ထံသို့ ရောက်ရှိလာပြီး နေရာတိုင်းကို လွှမ်းခြုံသွားလေသည်။
ဤသည်မှာ နတ်ဘုရားကျောင်းမှ ကောင်းကင်နတ်ဘုရားပင်။
အန္တရာယ်များသည့်နေရာတွင် သင်္ကေတများ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် ရှီဟောင် သီးသန့်ကျင့်ကြံနေသည်မှာ ရှစ်ကြိမ်ရှိသွားလေပြီ။ အကြိမ်တိုင်းတွင် သူသည် နာကျင်ရသည်ထက် ကြောက်ရွံ့စွာ ဖြတ်သန်းနေရသည်ကို ရှီဟောင် သတိထားမိသွားသည်။
ဤအချိန်အတောအတွင်းတွင် ရှီဟောင်သည် ထိတ်လန့်စရာကောင်းလောက်သည့် ပြောင်းလဲမှုများကို တွေ့ကြုံလိုက်ရသည်။ သူ၏အသွေးအသားသည် ခေါင်းစခြေဆုံး ပြုပြင်ခံလိုက်ရပြီး သူ၏တာအိုလည်း အကြိမ်ပေါင်းများစွာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။
ဤအတောအတွင်းတွင် မြေအောက်လောကမှ ကောင်းကင်နတ်ဘုရား၊ နတ်ဆိုးနေကြာဥယျာဉ်မှ ကောင်းကင်နတ်ဘုရားနှင့် အခြားသူများသည် ရှီဟောင် ထိုနေရာတွင်ရှိနေဆဲဖြစ်ကြောင်း အတည်ပြုကြပြီး သူ့အား မကြာခဏ နှောက်ယှက်နေလေသည်။
ထာဝရနန်းတော်မှ ကောင်းကင်နတ်ဘုရားသည် ဟွမ်အား သတ်ကိုသတ်ရမည်ဟု ကြေငြာနေလေ၏။
ကိုးကြိမ် .. ဆယ်ကြိမ်..
နောက်ဆုံးတွင်တော့ ရှီဟောင် သီးသန့်ကျင့်ကြံနေသည်မှာ ၁၀ ကြိမ်မြောက် ရောက်သွားလေပြီ။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးတောက်ပနေလေပြီ။ ကောင်းကင်နတ်ဘုရားဖြစ်မသွားစေရန်အတွက် သူသတိကြီးကြီးဖြင့် ထိန်းချုပ်နေရသည်။ ယခုတော့ သူ မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်သို့ တက်တော့မည်။
ဝုန်း..
လေထဲတွင် ကြီးမားလှသည့် ပေါက်ကွဲသံထွက်ပေါ်လာပြီး ရှီဟောင်၏ခန္ဓာကိုယ် တုန်ယင်သွားကာ မီးတောက်များ ထွက်ပေါ်လာလေ၏။ ရှီဟောင်၏ခန္ဓာကိုယ်မှ ထူးဆန်းသည့်အသံများ ထွက်ပေါ်လာလေသည်။
သူအောင်မြင်သွားပြီ .. သူ ဤထူးဆန်းသည့်နယ်ပယ်သို့ ရောက်သွားလေပြီ..
ထိုအချိန်တွင် သူ၏ကျင့်ကြံဆင့်မှာ လျင်မြန်စွာ တိုးတက်လာပြီး သူ၏ခန္ဓာကိုယ်လည်း အဆပေါင်းများစွာ စွမ်းအားကြီးလာသည်။
ဤနယ်ပယ်မှာ ထူးဆန်းလှသည်သာ။ ဤအဆင့်သို့ ရောက်သွားသည်နှင့် ကောင်းကင်နတ်ဘုရားများကို ယှဉ်နိုင်ပြီး သူတို့နှင့် တိုက်ခိုက်နိုင်လေပြီ။
“ငါ သူတို့ကို အရင်သတ်ရမလား .. လျှပ်စီးအတိဒုက္ခရည်ကို အရင်ယူရမလား” ရှီဟောင် ကောင်းကင်ကြီးကို ငေးမောလိုက်ပြီးနောက် ဤအန္တရာယ်များသည့်နေရာ၏ အပြင်ဘက်ကို ကြည့်လိုက်သည်။
ဤအတောအတွင်းတွင် သူသသည် အန္တရာယ်များသည့်အခြေအနေများစွာနှင့် ကြုံတွေ့ခဲ့ရပြီး ထိုအခြေအနေများမှာလည်း အပြင်ဘက်မှလူများ၏ နှောက်ယှက်မှုကြောင့်သာ။