သုခကမ္ဘာက ရှီဟောင် - Chapter - 1184 ဂိုဏ်းခေါင်းဆောင်များကို စိန်ခေါ်ခြင်း
မည်သူက ဤကဲ့သို့ ရဲတင်းလွန်းစွာ ပြုမူရဲသနည်း.. ဤကဲ့သို့ရွံစရာကောင်းသည့်အပြုအမူဖြင့် ဂိုဏ်းခေါင်းဆောင်များကို ရန်စနေသည်။ ကောင်းကင်နတ်ဘုရားတစ်ယောက်၏ ဦးခေါင်းကို သုံးပြီး စစ်ကြေငြာနေသည်။
မြေအောက်လောကအရှင်မှာ ဤနေရာတွင် ရှိနေလေသည်။ သူသည် စကားတစ်ခွန်းမှမပြောသော်လည်း သူထိုင်နေသည့် အရိုးဖြူတောင်ကြီး ပတ်လည်တွင် အပူချိန်များ ထိုးကျသွားပြီး ကျောချမ်းစရာကောင်းလာလေသည်။
ဤသည်မှာ သူ၏တိုက်ရိုက်တပည့်ပင်။ အသတ်ခံရသည်မှာ ကိစ္စတစ်ခုဖြစ်သော်လည်း ယခုအချိန်တွင် သူ၏ဦးခေါင်းကို ယခုကဲ့သို့ ပစ်ခံလိုက်ရသေးသည်။ ဤသည်မှာ သူ့ကို စိန်ခေါ်ခြင်းမဟုတ်ပါက ဘာဖြစ်မည်နည်း..
စွန့်ပစ်နယ်မြေတွင် အုတ်အော်သောင်းတင်းဖြစ်လာလေသည်။
အားလုံးမှာ ဤသည်ကို မည်သူလုပ်သလဲဟု ဆွေးနွေးနေကြလေသည်။
အခြားဂိုဏ်းခေါင်းဆောင်များ၏ အမူအရာများလည်း ကောင်းမနေပေ။
ဝုန်း…
မြေအောက်ကလန် ဂိုဏ်းခေါင်းဆောင် လှုပ်ရှားလာသည်။ သူ၏မျက်ခုံးကြားမှ တောက်ပလာကာ အနက်ရောင်မီးတောက်တစ်ခု ထွက်ပေါ်လာလေ၏။ ထိုမီးတောက်သည် လှိုင်းလုံးကြီးတစ်ခုကဲ့သို့ပင် ထိုအက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားလေ၏။ ဤသည်မှာ ဂိုဏ်းခေါင်းဆောင်များကိုပင် လောင်ကျွမ်းသေဆုံးစေနိုင်သည့် မြေအောက်မီးတောက်ပင်။
သို့သော် ထိုနယ်ခြားနံရံတောက်ပလာကာ သင်္ကေတများ ထွက်ပေါ်လာကာ ထိုမီးတောက်ကို တားဆီးလိုက်ကြလေသည်။
နောက်ဆုံးတွင် မီးတောက်အနည်းငယ်သာ ရှေးဟောင်းမြေထဲသို့ ဝင်ရောက်သွားနိုင်လေသည်။
“ဘယ်အိမ်ကကလေးက မီးနဲ့ဆော့နေတာလဲ .. ထိန်းပေးမယ့် အကြီးတွေ မရှိဘူးလား” ရှီဟောင် အထဲဘက်မှ ပြောလိုက်သည်။
ရှီဟောင် စိတ်ထဲတွင် ဒေါသလှိုင်းများ ထွက်ပေါ်နေသည်။ ဂိုဏ်းများစွာသည် သူ့အား ကြိုးစားနေကြသည်။ တပည့်များကို လွှတ်လိုက်သည်မှာ ကိစ္စမရှိသော်လည်း ယခုတော့ သူ့ကိုသတ်ရန်အတွက် ကောင်းကင်နတ်ဘုရားများကိုပင် လွှတ်လိုက်လေပြီ။
ထို့အပြင် အဆင့်နိမ့်နယ်မြေမှာကတည်းက မြေအောက်လောကကလန်နှင့် ထာဝရနန်းတော်မှလူများသည် သူ့အား သတ်ရန် ကြိုးစားခဲ့ကြသည်။ နတ်ဘုရား ၇ ယောက်ကြောင့် သူသေဆုံးခဲ့ရပြီး အဝါရောင်မြေကြီးထဲတွင် တစ်နှစ်ခန့် နှစ်မြှုပ်ခံရပြီးမှသာ သူပြန်ရှင်လာခဲ့ခြင်းပင်။
ယခုတစ်လောတွင် ဤဂိုဏ်းများသည် ပို၍အတင့်ရဲလာကြပြီး လူတစ်ယောက်ပြီးတစ်ယောက် လွှတ်နေသည်။ သူက ဤသည်ကို မည်ကဲ့သို့ သည်းခံရမည်နည်း..
ထို့ကြောင့်ပင် သူသည် စကားကိုပင် ထိန်းမပြောတော့ပေ။
စွန့်ပစ်နယ်မြေတွင်ရှိနေသည့် လူများမှာမူ ထိတ်လန့်သွားကြလေ၏။
ဂိုဏ်းခေါင်းဆောင်အချို့၏ နှုတ်ခမ်းများပင်လျှင် ကွေးတက်သွားရလေ၏။ အချို့လူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ဘာမှမပြောကြပေ။
မြေအောက်ကလန်မှလူများမှာ ငြိမ်ငြိမ်မနေနိုင်တော့ပေ။ အချို့သူများသည် လည်ချောင်းရှင်းလိုက်ကာ သူတို့ကို အမိန့်ပေးရန် တောင်းဆိုလိုက်သည်။ သူတို့ကို အထဲဝင်ပြီး မြေအောက်ကလန်၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ရန်အတွက် အားလုံးကို ရှင်းပစ်မည်။
ဤလူမှာ စိတ်ကြီးဝင်လွန်းလှသည်။ မြေအောက်အရှင်ကိုပင် ကလေးဟု ခေါ်ရဲသေးသည်။
မြေအောက်အရှင်ဘာမှမပြောသော်လည်း အရိုးဖြူတောင်နားတွင် ထွက်ပေါ်နေသည့် အနက်ရောင်မြူများနှင့် ကြောက်စရာကောင်းလှသည့် မျက်လုံးတစ်စုံကိုကြည့်ချင်းအားဖြင့် သူ၏သတ်ဖြတ်လိုစိတ်မှာ မည်မျှပင် စွမ်းအားကြီးနေသည်ကို သိနိုင်သည်။
ဒီလူက ဘယ်သူလဲ .. အားလုံးခန့်မှန်းနေကြသော်လည်း သူတို့သည် ထာဝရတာအိုပွင့်ဖတ်များမှတစ်ဆင့် မြင်ကွင်းများကို မမြင်ရပေ။
အက်ကွဲကြောင်းကြီး ဖြစ်လာပြီး ကောင်းကင်နတ်ဘုရားတစ်အုပ်စု ဝင်သွားကတည်းက ထာဝရရှေးဟောင်းမြေတွင် ထူးဆန်းသည့်ပြောင်းလဲမှုများ ဖြစ်လာပြီး ပို၍ပင် ခန့်မှန်းမရနိုင်တော့ပေ။ ဘာကိုမှလည်း မမြင်ရတော့ပေ။
ထာဝရတာအိုပွင့်ဖတ်များမှာ မှုန်ဝါးနေပြီး အထဲဘက်တွင်ဖြစ်ပျက်နေသည့်မြင်ကွင်းများကို မပြတော့ပေ။
ထို့ကြောင့်ပင် အပြင်မှလူများမှာ စိတ်ရှည်ရှည်စောင့်ဆိုင်းရန်သာ တတ်နိုင်တော့လေသည်။
အက်ကွဲကြောင်းနားလာပြီး သတင်းပို့သည့် ကောင်းကင်နတ်ဘုရားများ ရှိသော်လည်း သတင်းမှာ ချက်ချင်း ရောက်မလာခဲ့ပေ။
လွန်ခဲ့သည့်ရက်အနည်းငယ်က ရခဲ့သည့် လျှို့ဝှက်သတင်းများအရ အရာအားလုံးမှာ သူတို့ထိန်းချုပ်မှုအောက်တွင် ရောက်သွားပြီဟု အားလုံးယုံကြည်နေကြခြင်းပင်။ သရဖူ ၁၀ခုဘုရင်ဖြစ်စေ၊ နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိဖြစ်စေ အားလုံးမှာ ပုန်းအောင်းနေကြပြီး နောက်တစ်ခေါက် ထပ်ထွက်မလာတော့ပေ။ ထို့အပြင် အချို့ကောင်းကင်နတ်ဘုရားများသည် ထူးခြားသည့်တာအိုစာအုပ်များကိုပင် အောင်မြင်စွာ ထုတ်ယူလာနိုင်ခဲ့သည်။
အရာအားလုံး အကောင်းဘက်သို့ ဦးတည်နေသော်လည်း ဘာကြောင့် ဤကဲ့သို့ ရုတ်တရက်ပြောင်းလဲသွားမှန်း မည်သူမှ မသိပေ။
ဟွမ်ဖြစ်လိမ့်မည်ဟု ထင်ကြသည့်သူများရှိသော်လည်း ဤအသံကို သူတို့ယခင်က မကြားဖူးသောကြောင့် အတည်မပြုနိုင်ဖြစ်နေကြသည်။
ဤသည်မှာ ရှီဟောင်ဖြစ်ကြောင်း အချို့လူများသာ သိကြသည်။
“တာအိုသူငယ်ချင်းတို့ ငါ့ကို ကူညီပေးကြပါဦး … ဒီ နယ်ခြားနံရံကို ဖွင့်လိုက်ကြရအောင် .. အဲဒါဆိုရင် ငါ့တို့ရဲ့ခန္ဓာကိုယ်အစစ်လည်း သွားလို့ရပြီ” မြေအောက်ကလန် ဂိုဏ်းခေါင်းဆောင်မှ ပြောလိုက်သည်။
ထိုအချိန်တွင် လူအချို့အရှေ့တက်လာကြပြီး သူတို့၏ အဖိုးတန်ပညာများကို ပြသလိုက်ကြလေသည်။ သင်္ကေတများစွာ ထွက်ပေါ်လာပြီး ထိုဝင်ပေါက်ထံသို့ ထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် ဤနေရာ၌ ထာဝရအသံများ ထွက်ပေါ်လာပြီး လေထဲတွင်လည်း တာအိုစွမ်းအင်များ ထွက်ပေါ်လာလေသည်။
နယ်ခြားနံရံမှာ အက်ကွဲကြောင်းများ ပေါ်လာပြီး တကယ်ဖွင့်ရန်မှာ ခက်ခဲလှသည်။
“မီးနဲ့ဆော့တဲ့ကလေးက အနှောက်အယှက်တွေ လုပ်နေပြန်ပြီ .. သူ့ရဲ့သူငယ်ချင်းတစ်ချို့နဲ့ပေါင်းပြီးတော့ ပြဿနာလာရှာနေတယ် … အဲဒီမှာ သူတို့ကို ထိန်းမယ့်လူ မရှိဘူးလား .. အဲဒီကလေးက ဘယ်သူ့ကလေးတွေလဲ မြန်မြန်လာခေါ်သွားကြတော့ .. လူမြင်ကွင်းမှာ ဆိုးဆိုးရွားရွားတွေ လုပ်မနေနဲ့တော့” ရှီဟောင် အသံသေဖြင့်ပြောလိုက်သော်လည်း ဤစကားလုံးများမှာ လူများစွာကို ဒေါသထွက်သွားစေရန် လုံလောက်လေသည်။
ဤဂိုဏ်းခေါင်းဆောင်များမှာ စိတ်တည်ငြိမ်သောကြောင့်သာ မဟုတ်ပါက သူတို့ဒေါသတကြီး ပေါက်ကွဲပြီး တိုက်ခိုက်နေလောက်လေပြီ။
ထိုသို့ဆိုသော်လည်း ထိုဂိုဏ်းခေါင်းဆောင်များ၏မျက်လုံးများမှာ အေးစက်နေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေလေသည်။ ဤကောင်ကိုသာ ဖမ်းမိပါက ရှင်လျက်နှင့်သေသည့်ခံစားချက်ကို ခံစားရအောင် လုပ်ပေးဦးမည်။
အဘယ်ကြောင့်ဆိုသော် ဤကောင်၏ပါးစပ်မှာ ညစ်ပတ်လှပြီး သူတို့ကိုပင် စော်ကားရဲသေးသည်။
“အားလုံးပဲ ဒါက ဟွမ်ဖြစ်နိုင်တယ်” အာကာသကလန်မှ ကောင်းကင်နတ်ဘုရားတစ်ယောက်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်၏မျက်လုံးများ အေးစက်သွားရသည်။ ဤကလန်မှာ ကျေးဇူးတရားကို မသိတတ်ပေ။ ယခင်က သူ့အားအနက်ရောင်အကျဉ်းထောင်တွင် ဖမ်းထားပြီး သူ့ကို ကောင်းကင်ဘုံမြို့တွင် သေလုနီးပါးဖြစ်အောင် လုပ်ခဲ့သေးသည်။ ယခုလည်း သူ့ကို ပစ်မှတ်ထားနေဆဲဖြစ်ပြီး ရန်စနေသည့်သူမှာ သူဖြစ်ကြောင်း အားလုံးကို ပြောပြနေသေးသည်။
ရှီဟောင် ထာဝရရှေးဟောင်းမြေထဲမှ ထွက်လာသည်နှင့် ဤကလန်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရမည်ပင်။
အပြင်ဘက်မှ ဂိုဏ်းခေါင်းဆောင်များမှာ ဘာမှမပြောပေ။ ဤသည်မှာ ဟွမ်ဖြစ်နိုင်မှန်း သူတို့သံသယဝင်နေကြသော်လည်း ဘာအမူအရာမှ မပြပေ။
လူငယ်တစ်ယောက်နှင့် ပြိုင်ပြောနေလျှင် သူတို့အရှက်ရလိမ့်မည်။ သူ့ကို ဖမ်းမိသွားသည့်အချိန်မှသာ သူတို့ သူ့အားနှိပ်စက်တော့မည်။
“ကလေးတွေက ဒီကိုလာချင်သေးတာလား .. ကျုပ်ခင်ဗျားတို့အားလုံးကို စောင့်နေမယ်” ရှီဟောင် အရှက်မရှိပြောပြီး သူတို့အား စိန်ခေါ်နေဆဲပင်။
“ဂိုဏ်းခေါင်းဆောင် ကျွန်တော့်ကို အထဲသွားခွင့်ပေးပါ” မြေအောက်ကလန်မှ တစ်စုံတစ်ယောက် ခွင့်တောင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရောင်စုံအလင်းများ တောက်ပနေပြီး သူလျှောက်လာခဲ့သည့်လမ်းတစ်လျှောက်မှာ မမှတ်မိနိုင်လောက်အောင်ပင် ပျက်စီးသွားလေပြီ။
ဤသည်မှာ အဆိပ်ပိုးကောင်ပင်။ သူသည် လူသားပုံစံဖြစ်နေသော်လည်း သူ၏မွေးရာပါ နတ်စွမ်းရည်များ ရှိနေဆဲဖြစ်ပြီး သူဖြတ်လာသည့်လမ်းတစ်လျှောက်ရှိ အရာအားလုံး ပျက်စီးသွားလေသည်။
“ပိုးကောင်ဘုရင် ထားလိုက်ပါ .. ခင်ဗျားဒီအတိုင်းဝင်သွားရင် ပြဿနာတွေ ဖြစ်လာလိမ့်မယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ပိုးကောင်ဘုရင်သည် ပိုးကောင်းတစ်သောင်းဧကရာဇ်ပြီးလျှင် ဒုတိယအဆင့်တွင်ရှိသောကြောင့် သေချာပေါက် ကြောက်စရာကောင်းသည့်သူပင်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားဖြစ်သွားသည့် ရှေးဟောင်းပိုးကောင်အလောင်းတစ်ခုပင်။
“ကလေးလေး .. မင်းက ပိုးကောင်တစ်ကောင်ကို လွှတ်ဦးမလို့လား .. ဝင်ခိုင်းလိုက်လေ .. ငါဆော့လို့ရတာပေါ့” ရှီဟောင်သည် အလွန်မုန်းစရာကောင်းအောင် ပြောနေဆဲပင်။
သူသည် မြေအောက်အရှင်နှင့် အခြားသူများကို ကလေးဟု ရည်ညွှန်းနေပြီး ပိုးကောင်ဘုရင်ကိုလည်း သာမန်ပိုးကောင်တစ်ကောင်အဖြစ် ရည်ညွှန်းနေသေးသည်။ ဤသည်မှာ သူတို့ကို အရေးမလုပ်ဘူးဟု ပြောနေခြင်းပင်။
“ဂျူနီယာလေး ငါတို့ ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်တဲ့အချိန်တုန်းကတောင်မှ မင်းဘိုးဘေးက ဘယ်ရွှံ့ထဲ လူးနေမှန်းမသိဘူး .. မင်းက ကိုယ့်နေရာကိုယ်မသိဘူးပဲ .. မင်းက ကိုယ့်ကိုကိုယ် ဖျက်ဆီးနေတာပဲ” ပိုးကောင်ဘုရင်မှ အေးစက်စွာ ပြောလိုက်သည်။ သူသည် ထာဝရရှေးဟောင်းမြေထဲသို့ ဝင်ရန်အတွက် မြေအောက်အရှင်ကို နောက်တစ်ကြိမ် တောင်းဆိုလိုက်သည်။
ဤပိုးကောင်ဘုရင်မှာ သာမန်ကောင်းကင်နတ်ဘုရားမဟုတ်ပေ။ မြေအောက်ကလန်မှ ဂိုဏ်းခေါင်းဆောင်သည် ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်ဖြင့် သူ့ထံအသံပို့လွှတ်လိုက်သည်။ သူ၏မူလခန္ဓာကိုယ်ကို ဝင်မသွားစေပဲ သူ၏ကိုယ်ပွားကိုသာ သွားခိုင်းလိုက်ခြင်းပင်။
ဝုန်း..
ဂိုဏ်းခေါင်းဆောင်များ ပူးပေါင်းလိုက်ကာ သူ၏ကိုယ်ပွားကို ပံ့ပိုးပေးလိုက်သည်။
“ပြဿနာရှာတဲ့ ကောင်စုတ်လေးတွေ .. မင်းတို့က လူကြီးတစ်ယောက်ကို ဝင်ခိုင်းမလို့လား .. ကိုယ့်နေရာကိုယ် မသိကြဘူးလား” ရှီဟောင် ပြောလိုက်လေသည်။
ထိုအချိန်တွင် နယ်ခြားနံရံမှ ပိုးကောင်တစ်ကောင်၏ခေါင်း ထွက်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင်သည် စွမ်းအားအကြီးဆုံးပညာများကို အသုံးပြုကာ လက်ဝါးဖြင့် ရိုက်ချလိုက်လေ၏။
ဖူး..
ပိုးကောင်ဘုရင်တောက်ပလာကာ သူ၏ပါးစပ်မှ ရောင်စုံနတ်အလင်းတန်းများကို ထွေးထုတ်လိုက်လေ၏။ ဤသည်မှာ အလွန်အဆိပ်ပြင်းသည့် အဆိပ်များပင်။ ဤအဆိပ်များနှင့်ထိမိသည်နှင့် ကောင်းကင်နတ်ဘုရားများပင် သေသွားလိမ့်မည်ပင်။
ကံဆိုးစွာဖြင့်ပင် ထိုအဆိပ်များသည် ရှီဟောင်၏ခန္ဓာကိုယ်ကို မဖောက်ထွင်းနိုင်ပေ။ ထာဝရစွမ်းအင်သည် ထူးဆန်းသည့်အရာများစွာကို တားဆီးနိုင်လေသည်။
ထိုလက်ဝါးသည် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ပိုးကောင်ဘုရင် ယုံကြည်နေခြင်းပင်။ သို့သော် ထိုလက်မှာ ဘာမှပြောင်းလဲမသွားပေ။
ဖုန်း..
ထိုလက်ဝါးကြီး ကျရောက်လာကာ သူ၏ခန္ဓာကိုယ်မှ အသွေးအသားများ လွင့်စင်ထွက်သွဦးလေသည်။
ဤပိုးကောင်ဘုရင်သည် ကောင်းကင်နတ်ဘုရားအဆင့်ချပ်ဝတ်တန်ဆာထက် ပိုမာကျောသည့် အကြေးခွံချပ်ဝတ်တန်ဆာတစ်ခုကို ဝတ်ဆင်ထားသော်လည်း ထိုချပ်ဝတ်တန်ဆာအက်ကွဲသွားကာ သူ့အား ဒဏ်ရာပြင်းထန်စွာ ရရှိစေဆဲပင်။
ရှီဟောင်လည်း ထိတ်လန့်သွားရသည်။ အခြားသူများသာဆိုပါက ချက်ချင်းပင် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားလောက်လေပြီ။
ဖူး..
ကံဆိုးစွာဖြင့်ပင် ပိုးကောင်ဘုရင်သည် အထင်ကြီးစရာကောင်းသော်လည်း ရှီဟောင်၏ ဆက်တိုက်ရိုက်နှက်မှုအောက်တွင် သွေးမိုးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
အပြင်ဘက်တွင်ရှိနေသည့်သူများမှာ ဒေါသထွက်ကာ ထိတ်လန့်သွားရ၏။ အထူးသဖြင့် ပိုးကောင်ဘုရင်၏ မူလခန္ဓာကိုယ်ပင်။ သူသည် စကားကြီးစကားကျယ်ပြောထားသော်လည်း နောက်ဆုံးတွင် သူ၏ကိုယ်ပွားသာ ရှင်းခံလိုက်ရသည်။
ထာဝရရှေးဟောင်းမြေထဲတွင်ရှိနေသည့် ရှီဟောင်၏ခန္ဓာကိုယ်မှာ လွှဲရမ်းနေလေပြီ။ ရောင်စုံအလင်းများမှာ သူ့ခန္ဓာကိုယ်ကို မထိသော်လည်း သူမူးဝေလာရသည်။
မိုးမခနတ်ဘုရား၏ ပညာကို အသက်သွင်းလိုက်သည်နှင့် ရွှေရောင်သင်္ကေတများ ထွက်ပေါ်လာပြီး သူသည်ချက်ချင်းပင် လုံးဝပြန်ကောင်းသွားလေ၏။
အပြင်ဘက်ကမ္ဘာတွင် အားလုံး တိတ်ဆိတ်နေကြလေသည်။
ဂိုဏ်းခေါင်းဆောင်များ မျက်နှာပျက်သွားရသည်။ ဝင်ပေါက်တွင် သူတို့ကို တားဆီးနေခြင်းမှာ ပြဿနာကြီးတစ်ခုပင်။ သူတို့တစ်ယောက်မှ ဝင်၍ရတော့မည်မဟုတ်ပေ။
ဂိုဏ်းများစွာမှာ အချင်းချင်းပြောပြီးသားပင်။ အထဲဘက်သို့ ကောင်းကင်နတ်ဘုရားများကို ပို့ပြီးသွားပြီဖြစ်သော်လည်း သူတို့သတ်မှတ်ထားသည့်အရေအတွက်တော့ မရောက်သေးပေ။
လမ်းကြောင်းမှာ သိပ်မတည်ငြိမ်သောကြောင့် တစ်ခေါက်လျှင် လူနည်းနည်းသာ ပို့နိုင်သည်။ အထဲသို့ ဝင်ရန်စောင့်နေသည့် လူများစွာ ရှိနေသေးသည်။ သို့သော်လည်း ဤလူက ဝင်ပေါက်ကို ပိတ်ထားလေပြီ။
“သတင်းပို့ပါတယ် .. သတင်းဆိုးပါ .. ကောင်းကင်နတ်ဘုရားတွေ အသတ်ခံလိုက်ရပါပြီ..”
ထာဝရရှေးဟောင်းမြေထဲတွင် တစ်စုံတစ်ယောက်သည် ဝင်ပေါက်ထံသို့ ဦးတည်ပြေးလာပြီး အော်ဟစ်လိုက်လေသည်။
ဝုန်း..
ထိုအချိန်တွင် ကောင်းကင်ထက်မှ ရွှေရောင်လက်ကြီးတစ်ဖက် ကျလာပြီး ထိုလူကို ဆွဲဆောင့်လိုက်ကာ ဖူးဟူသည့်အသံနှင့်အတူ ထိုလူ ပျက်စီးသွားလေသည်။
ဂိုဏ်းခေါင်းဆောင်များ၏ သံသယမှာ မှန်ကန်လေပြီ။ ဤကောင်သည် ဝင်လာသမျှလူများကို သတ်ရန်အတွက် ဝင်ပေါက်တွင် စောင့်နေခြင်းပင်။
ထို့နောက်တွင် သတင်းတင်ပြရန်အတွက် ရောက်လာကြသည့်အခြားလူများရှိသော်လည်း သူတို့အားလုံးကို လက်ကြီးတစ်ဖက်မှ တားဆီးလိုက်ကာ သူတို့ သွေးမြူများ ဖြစ်သွားကြလေ၏။
ထာဝရရှေးဟောင်းမြေမှ ကိစ္စများကို အပြင်ဘက်လောကသို့ သတင်းပို့ရန်အတွက် အချို့ ကောင်းကင်နတ်ဘုရားများပင် ကိုယ်တိုင်ရောက်လာကြလေသည်။
ရလဒ်များမှာ အလွန်ပင် သနားစရာကောင်းလွန်းလှသည်။
ထိုကောင်းကင်နတ်ဘုရားများအားလုံး အသတ်ခံလိုက်ရပြီး ရှီဟောင်သည် ထိုသူများ၏ခေါင်းများကို အပြင်ဘက်သို့ လွှင့်ပစ်လိုက်လေသည်။
မြေအောက်ကလန်၊ အာကာသကလန်နှင့် အခြားကလန်များမှာ ဒေါသထွက်လာကြပြီး သူတို့၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များပင် ပေါက်ကွဲလုနီးပါး ဖြစ်နေလေပြီ။ သို့သော်လည်း သူတို့သည် ကူကယ်ရာမဲ့နေဆဲဖြစ်ပြီး ထိုလူကို ဘာမှမလုပ်နိုင်သေးပေ။
“အားလုံးပဲ .. လူတွေကို ထပ်ပို့ဦးမှာလား .. မဟုတ်ရင် ကျုပ် သန့်ရှင်းရေးလေး လုပ်လိုက်ဦးမယ် .. ဘာကောင်းကင်နတ်ဘုရား၊ ဘာလက်ရွေးစင်တပည့်လဲ .. ကျုပ် သူတို့အားလုံးကို ထာဝရရှေးဟောင်းမြေကနေ ရှင်းပစ်မယ်” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။
ယခုတော့ သတင်းပို့မည့်သူမရှိတော့ပေ။ ဝင်ပေါက်သို့ ဦးတည်လာသည့်သူအားလုံးမှာ အသတ်ခံလိုက်ရလေပြီ။
ထာဝရရှေးဟောင်းမြေကို ရှင်းပစ်မယ်ဟုတ်လား .. အပြင်ဘက်တွင်ရှိနေသည့်သူများ အမူအရာပြောင်းလဲသွားသည်။ ဒါက ဘယ်လောက်တောင်မှ နိုင်လိုမင်းထက်ဆန်တဲ့လေသံကြီးလဲ..
သို့သော်လည်း ဤလူစနောက်နေသည်ဟု သူတို့မထင်မိပေ။ အထဲဘက်တွင်ရှိနေသည့် တပည့်များ ဒုက္ခရောက်နေလောက်လေပြီ။
သူတို့ဘာလုပ်ရတော့မည်နည်း.. ဂိုဏ်းခေါင်းဆောင်များ မဝင်နိုင်သလို မည်သူမှလည်း သူ့ပြိုင်ဘက်မဖြစ်နိုင်ပေ။
“အားလုံးပဲ .. ငါတို့စီရင်စုသုံးထောင်ထဲကို ရောက်လာတဲ့ ထူးဆန်းတဲ့ဧည့်သည်တွေကို မှတ်မိသေးလား .. သူတို့တွေက အရမ်းကို စွမ်းအားကြီးကြတယ် .. အဲဒီလူငယ် လေးယောက် ငါးယောက်လောက်က ထာဝရစွမ်းအင်ကို ကျင့်ကြံထားတဲ့ ကောင်းကင်နတ်ဘုရားတွေပဲ .. သူတို့တွေကိုသာ ခေါ်လာရင် သူတို့တွေ အားလုံးကို ရှင်းနိုင်လောက်တယ်” တစ်စုံတစ်ယောက်မှ အကြံပေးလိုက်သည်။
ဤသည်မှာ လူအများစု၏ မျက်လုံးကို တောက်ပသွားစေလေသည်။
သို့သော်လည်း အားလုံး သဘောမတူပေ။ “သူက ဟိုဘက်က လူဆိုးတွေနဲ့ ပူးပေါင်းသွားမှာ ကြောက်မိတယ်” အချို့လူများမှ ပြောလိုက်သည်။
“အားလုံးပဲ ခင်ဗျားတို့အကောင်းဆုံးလုပ်ကြ .. ကျုပ် ထာဝရရှေးဟောင်းမြေကို ရှင်းဖို့ သွားလိုက်ဦးမယ်” အထဲဘက်မှ ရှီဟောင့်အသံ ထွက်ပေါ်လာလေသည်။