သုခကမ္ဘာက ရှီဟောင် - Chapter - 1202 ထာဝရရှေးဟောင်းမြေ ပွင့်လာခြင်း
နျင်ချွမ်းမှာ ဆက်ပြေးနေရဆဲဖြစ်ပြီး တည်ငြိမ်နိုင်ရန် ခက်ခဲနေလေသည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် ကျင့်ကြံဆင့်သူသည့်သူကို ပတ်ပြေးနေရသည်မှာ ပထမဆုံးအကြိမ်ပင်။
“သရဖူ ခြောက်ခုဘုရင် ရှုံးသွားပြီ .. သူက ဟွမ်ကြောင့် ဒဏ်ရာရသွားပြီးတော့ ဒီလိုမျိုး ပတ်ပြေးနေရတယ် .. ငါယုံတောင် မယုံနိုင်ဘူး”
“ပြိုင်ဘက်ကင်းတဲ့ဒဏ္ဍာရီရှိတဲ့ အဖြူရောင်အဝတ်အစားနဲ့နျင်ချွမ်းက ဒီနေ့တော့ ရှုံးသွားပြီ .. တကယ်နှမြောဖို့ကောင်းလိုက်တာ”
လူများစွာသည် ဤအကြောင်းကိုသာ တီးတိုးပြောနေကြလေ၏။
ဤတိုက်ပွဲမှာ စီရင်စုသုံးထောင်မှ ဂျီးနီးယပ်စ်များကိုပင် တုန်လှုပ်သွားစေလေသည်။
အဖြူရောင်အဝတ်အစားဒဏ္ဍာရီက ဒီမှာပဲ အဆုံးသတ်တော့မှာလား … သရဖူခြောက်ခုဘုရင်ကို လေးစားနေခဲ့သည့်သူများသည် မသက်မသာပင် ခံစားနေကြရလေသည်။
သို့သော် ဤသည်မှာ အမှန်တရားပင်။ သူတို့နှစ်ဦးလုံး အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။
“လိုက်မယ်”
ဂိုဏ်းခေါင်းဆောင်များအားလုံး သူတို့နှစ်ယောက်နောက်သို့ လိုက်သွားကြလေသည်။ လျှပ်စီးအတိဒုက္ခရည်မှာ သူတို့အားလုံး၏ မျှော်လင့်ချက်ပင်။ ထို့ကြောင့် သူတို့ဤအရည်ကို အဆုံးရှုံးခံမည်မဟုတ်ပေ။
လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုဘိုးဘေး၊ လှပခြင်းလူမျိုးစုမှ ကလန်အကြီးအကဲနှင့် အခြားသူတို့မှာ ကျိန်စာများကို ချေဖျက်ပြီးသွားပြီဖြစ်သောကြောင့် သူတို့ကလန်သားအတွက် လိုက်နေခြင်းပင်။
ငွေရောင်သွေးနတ်ဆိုးသစ်ပင်၊ သက်တံ့ကျားနှင့် အခြားသူများမှာလည်း နီရဲနေသည့် မျက်လုံးများဖြင့် ထိုနှစ်ယောက်နောက်သို့ လိုက်နေကြလေသည်။ ကံမကောင်းစွာဖြင့်ပင် သူတို့လူအရေအတွက်မှာ လက်ရှစ်ဖက်ဝိဉာဉ်မျိုးနွယ်စုထက် ပိုနည်းနေသည်။
ဖူး..
နောက်ဆုံးတွင် နျင်ချွမ်းဖက်မှ ဂိုဏ်းခေါင်းဆောင်တစ်ယောက် အသတ်ခံလိုက်ရလေ၏။
“နျင်ချွမ်း .. မင်းဘယ်သွားနေတာလဲ..”
ကမ္ဘာငယ်လေးတစ်ခုထဲတွင် သူတို့နှစ်ဦးလုံး လေဟာနယ်ထဲမှ ပြန်ထွက်လာပြီး တိုက်ခိုက်လိုက်ကြသည်။
နျင်ချွမ်းသည် ထာဝရအရိုးကို အသုံးပြုကာ ရှီဟောင်သေအောင် ရိုက်ပစ်လိုက်ချင်သော်လည်း ထိုအရိုးကို အသုံးပြုရန် စွမ်းအင်များစွာကို အသုံးပြုရမည်ပင်။ ထို့အပြင် ထိုရိုက်ချက်မှာ သူ၏ပြိုင်ဘက်ကို မထိနိုင်လောက်ပေ။ ထို့ကြောင့် သူသည် ပြေးနေရုံသာ တတ်နိုင်တော့လေ၏။
သို့သော်လည်း ရှီဟောင်က ဘယ်လိုလုပ် သူ့အား အခွင့်အရေးပေးမည်နည်း..
ဝုန်း..
ရှီဟောင်လက်မြှောက်လိုက်သည်နှင့် သူ၏လက်ဝါး တောက်ပလာပြီး လျှပ်စီးတန်းများ ထွက်ပေါ်လာလေသည်။
နျင်ချွမ်း၏ခန္ဓာကိုယ် တုန်ယင်သွားရ၏။ သူဘယ်လောက်ပင် မြန်နေပါစေ လျှပ်စီးထက်တော့ မြန်နိုင်မည်မဟုတ်ပေ။ သူ့တစ်ကိုယ်လုံး မည်းတူးသွားပြီး သူ၏ဒေါသလည်း ပိုများလာသည်။
“မင်းပြေးလို့မရပါဘူး” ရှီဟောင် အော်ဟစ်လိုက်သည်။
နျင်ချွမ်း ပို၍ပင် ဒေါသထွက်လာရသည်။ သူ၏ဘဝတစ်လျှောက်တွင် ‘ထွက်ပြေးခြင်း’ ဟူသည်မှာ သူနှင့်သက်ဆိုင်သည့်စကားလုံး မဟုတ်ပေ။ သို့သော် ယနေ့တော့ သူပြေးနေရလေပြီ။
ရွှီး..
မိုးမခသစ်ကိုင်း ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းများလည်း တောက်ပလာလေသည်။ ဤသည်မှာ လေဟာနယ်ထဲသို့ နတ်ချိန်းကြိုးများစွာ ထိုးဖောက်သွားသကဲ့သို့ပင်။ ထိုသစ်ကိုင်းများသည် နျင်ချွမ်း၏ကျောကို ထိုးဖောက်သွားလေသည်။
နျင်ချွမ်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင် အပေါက်အနည်းငယ် ဖြစ်သွားသော်လည်း သူဆက်ပြေးနေဆဲပင်။
“နျင်ချွမ်း .. မင်း ရှက်တယ်လို့မခံစားရဘူးလား .. မင်းငါနဲ့ သူသေကိုယ်သေ တိုက်ရဲလား” ရှီဟောင် ဟစ်ကြွေးလိုက်၏။
ဝုန်း..
ရှီဟောင် နီးကပ်လာသည့်အချိန်တွင် နျင်ချွမ်းသည် ရုတ်တရက် နောက်လှည့်လိုက်ကာ တိုက်ခိုက်လိုက်လေ၏။ သူ၏လက်သည် ကြည်လင်တောက်ပလာကာ အရိုးများကိုပင် မြင်နေရလေသည်။
ထာဝရအလင်းများ ထွက်ပေါ်လာပြီး အော်ရာမှာလည်း ကြောက်စရာကောင်းလွန်းလှသည်။ ထိုလက်ဝါးသည် ရှီဟောင်ထံသို့ ဦးတည်လာနေလေ၏။
ရှီဟောင်သည် ထိုလက်ဝါးကို ရှောင်ရင်းဖြင့်ပင် ဝိဉာဉ်တစ်သောင်းသင်္ကေတကို အသက်သွင်းလိုက်ပြီး စွမ်းအင်လှိုင်းများကို ခုခံလိုက်သည်။
“အမ် .. ရပ်သွားပြီ..” ရှီဟောင် ပျော်သွားရသည်။
ရွှီး..
ရှီဟောင်သည် သူ၏မူလနေရာတွင် ပုံရိပ်ယောင်တစ်ခုကို ထားခဲ့ကာ ဝိဉာဉ်တစ်သောင်းသင်္ကေတနှင့်အတူ အရှေ့ဘက်သို့ တရှိန်ထိုး ပြေးထွက်သွားလိုက်သည်။
ဝုန်း..
သူသည် လက်သီးတံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး တိုက်ခိုက်လိုက်သည်။
ဖူး..
ထိုလက်သီးချက်သည် နျင်ချွမ်း၏ ရင်ဘတ်ကို ထိသွားကာ သူသွေးအန်သွားကာ သူ၏ခန္ဓာကိုယ်လည်း တုန်ယင်သွားလေသည်။
ဤသည်မှာ သူ့ကို ထိတ်လန့်သွားစေသည်ပင်။ ဟွမ်က ထာဝရတာအိုလက်ရိုးရဲ့ စွမ်းအားကိုတောင် ခုခံပြီး သူ့ကို လာတိုက်ခိုက်နိုင်တယ် .. ဤသည်မှာ အတော်လေး ကြမ်းတမ်းလှသည်။
နျင်ချွမ်း၏ရင်ဘတ်သည် အရှေ့အနောက် အပေါက်ကြီးဖြစ်သွားပြီး သွေးများလည်း ရေပန်းကဲ့သို့ပင် တစ်လဟောစီးကျလာလေ၏။
ထို့အပြင် သူ၏ရင်ဘတ်ရိုးများစွာလည်း ကျိုးသွားလေပြီ။
“အဆင့်လွန်တာအိုခြောက်ခု လက်ကောက်” နျင်ချွမ်း လက်ကောက်တစ်ခုကို ထုတ်လိုက်၏။ ဤသည်မှာ သူ၏ အဆင့်လွန်ရတနာပင်။
ဤသည်မှာ ခေတ်တစ်ခေတ်စီတွင် သူသတ်ခဲ့သည့် စွမ်းအားအကြီးဆုံးရန်သူများ၏ အဖိုးတန်အရိုးများဖြင့် ပြုလုပ်ထားသည့် လက်ကောက်ပင်။
ဤအရိုးများကို နှစ်ပေါင်းများစွာ ပြုပြင်ပြီးသည့်နောက်တွင် ဤအဆင့်လွန်လက်ကောက်မှာ အလွန်ပင်စွမ်းအားကြီးလာသည်။
အဘယ်ကြောင့်ဆိုသော် ဤအရိုးများသည် သေဆုံးမသွားပဲ အသက်ဓာတ်ရှိနေသေးသည်။ သူတို့သည် နျင်ခွမ်း၏ အသွေးအသားနှင့်အတူ ရှိနေပြီး အချိန်ကြာလာသည်နှင့်အမျှ စွမ်းအားကြီးလာသည်ပင်။
အဆင့်လွန်အဖိုးတန်ပညာ ခြောက်ခုကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်လျှင် မည်မျှကြောက်စရာကောင်းမည်ကို စဉ်းစားကြည့်နိုင်ပါသည်။
ရှီဟောင်၏ မျက်နှာထက်ရှိ အမူအရာ ပြောင်းလဲသွားပြီး ထိုလက်ကောက်ကို ရှောင်လိုက်သည်။
ရှီဟောင်အေးခဲသွားရ၏။ သူသည် ယခင်က ဒုတိယအဆင့်လက်ကောက်ကို ရခဲ့ဖူးသော်လည်း ဤအဓိကလက်ကောက်နှင့်ယှဉ်လျှင် အကွာကြီး ကွာလွန်းလှသည်။
“မင်းက ဒီလက်ကောက်ကို သုံးပြီးတော့ တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းကောင်းကင်ပညာကို လေ့လာနေတာလား” ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။
နျင်ချွမ်းဘာမှမပြောပေ။ တိုက်ခိုက်ပြီးသည့်နောက်တွင် သူနောက်တစ်ကြိမ် ထွက်ပြေးသွားပြန်လေသည်။
ဝုန်း..
ရှီဟောင် သူ၏ ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်၏။ ထို့နောက်တွင် ပြန်လည်ဝင်စားခြင်းပညာ၊ ကောင်းကင်ကပ်ဘေးအလင်း၊ လျှပ်စီးဧကရာဇ်လျှို့ဝှက်ပညာ၊ မိုးမခနတ်ဘုရားအဖိုးတန်ပညာနှင့် အခြားပညာများကိုအားလုံးကို သူ၏ကောင်းကင်လမ်းကြောင်းထဲသို့ ထည့်သွင်းလိုက်သည်။
ရှီဟောင် နျင်ချွမ်းနောက်သို့ နောက်တစ်ခေါက် ထပ်လိုက်သွားလိုက်သည်။ သူတို့နှစ်ဦး တိုက်ခိုက်သည့်အချိန်တွင် ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းမှာ အလွန်ပင် တောက်ပလာလေသည်။ ဤသည်မှာ ရွှေရောင်ခေါင်းလောင်းကြီး ပေါ်လာသကဲ့သို့ပင်။ ထိုခေါင်းလောင်း၏ကိုယ်ထည်တွင်လည်း အရိုးစာသားများစွာ ထွက်ပေါ်လာလေသည်။
ဝုန်း..
အဆင့်လွန်တာအိုခြောက်ခု လက်ကောက်သည် ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းကို ထိခတ်မိသွားသည်နှင့် မိုးကြိုးများပစ်ချလိုက်သကဲ့သို့ပင် တုန်ခါသံများ ထွက်ပေါ်လာလေသည်။
ဖူး..
နျင်ချွမ်းသည် သွေးအန်သွားကာ နောက်ထပ်လွင့်ထွက်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ဒဏ်ရာများမှာ တဖြည်းဖြည်းဆိုးရွားလာပြီး ဤအတိုင်းသာ ဆက်သွားလျှင် သူသေသွားလိမ့်မည်။
နျင်ချွမ်းသည် နောက်ဆုံးတွင် ထာဝရလက်ရိုးကို နောက်တစ်ကြိမ် ပြန်အသုံးပြုလိုက်သည်။ ယခုတစ်ခေါက်တွင် သူသည် ရှီဟောင်ကို မရိုက်တော့ပဲ ထာဝရရှေးဟောင်းမြေရှိ အက်ကွဲကြောင်းကို ဦးတည်လိုက်သည်။
ရလဒ်အနေဖြင့် ကြီးမားသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာကာ ထိုအက်ကွဲကြောင်းမှ နတ်ဥပဒေသအလင်းတန်းများ ထွက်ပေါ်လာလေ၏။
ခွပ်..
အက်ကွဲကြောင်းမှာ ပို၍ပင် ကြီးမားလာလေသည်။
“မကောင်းတော့ဘူး .. အပြင်လောကက ဂိုဏ်းခေါင်းဆောင်တွေ ဝင်လာတော့မယ်”
ခဏကြာပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုထာဝရတာအိုလက်ရိုးသည် အက်ကွဲကြောင်းကို ပိုကြီးအောင် ထပ်လုပ်နေလေသည်။
“မကောင်းတော့ဘူး .. ဂိုဏ်းခေါင်းဆောင်တွေရဲ့ လက်နက်တွေ အထဲဘက်ကို ဝင်လာပြီ .. သူတို့တွေ ထာဝရရှေးဟောင်းမြေထဲကို တကယ်ဝင်လာတော့မယ်”
ကြားရသည့်သတင်းများမှာ ရှီဟောင် အတွက် အလွန်ဆိုးသည့်သတင်းများပင်။
ဝုန်း..
ရုတ်တရက်ပင် ထိုအက်ကွဲကြောင်းကြီး ပေါက်ကွဲသွားကာ ထာဝရရှေးဟောင်းမြေကို တုန်ခါသွားစေလေသည်။
အပြင်ဘက်ကနေ တစ်ယောက်ယောက် တိုက်လိုက်တာလား..
သို့သော်လည်း ထိုအက်ကွဲကြောင်းသည် သဘာဝဥပေဒသများနှင့် နောက်တစ်ကြိမ် ပြန်ပိတ်သွားလေ၏။ သို့သော်လည်း အပြင်ဘက်တွင် ဂိုဏ်းခေါင်းဆောင်အနည်းငယ်ရှိနေသည်ကို ရှီဟောင် တွေ့လိုက်ရသည်။
နျင်ချွမ်းသည် သူ၏ခန္ဓာကိုယ်ကို ဂရုမစိုက်တော့ပဲ ထာဝရတာအိုလက်ရိုးကို နောက်တစ်ကြိမ် အသက်သွင်းလိုက်လေ၏။
ဝုန်း..
အက်ကွဲကြောင်း နောက်တစ်ကြိမ်ပေါ်လာသည့်အချိန်တွင် နျင်ချွမ်းသည် စဉ်းစားမနေတော့ပဲ ထိုအက်ကွဲကြောင်းထဲသို့ ပြေးဝင်သွားလိုက်သည်။
ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ဤသည်မှာ ကောင်းသည့်ကိစ္စမဟုတ်ပေ။
ဤနေရာမှာ အစကတည်းကပွင့်တော့မည်ဖြစ်ပြီး ယခုတော့ နျင်ချွမ်း အောင်မြင်စွာ ထွက်သွားနိုင်လေပြီ။
ရှီဟောင် ထာဝရရှေးဟောင်းမြေရှိ ဂိုဏ်းခေါင်းဆောင်များထံသို့ ပြန်လှည့်သွားလိုက်သည်။
အချိန်အလွန်နီးကပ်နေလေပြီ။ ထာဝရရှေးဟောင်းမြေပွင့်လာပြီး ထိုဂိုဏ်းခေါင်းဆောင်များဝင်လာတော့မည်။
နောက်ဆုံးတွင်တော့ ရှီဟောင် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးမှ ဘိုးဘေးနှင့် အခြားသူများကို ရှီဟောင်တွေ့လေပြီ။ သူတို့သည် ဝိဉာဉ်ကျွန်းစုသို့သာ လျင်မြန်စွာ ပြန်လာလိုက်ကြသည်။ ရှီဟောင်သည် ကွေ့ဝိုက်မနေတော့ပဲ လျှပ်စီးအတိဒုက္ခရည်ကို သူ့အတွက် နည်းနည်းချန်ထားကာ အားလုံးကို ပေးလိုက်သည်။
ယခုတစ်ခေါက်တွင်တော့ ရှီဟောင် မသိသည့် ဂိုဏ်းခေါင်းဆောင်လေးယောက် ရောက်နေလေသည်။ ရှီဟောင့်ထံမှ လျှပ်စီးအတိဒုက္ခရည်ကို ရလိုက်သည်နှင့် သူတို့သည် ချက်ချင်းသောက်ကာ ထိုနေရာတွင် ထိုင်လိုက်ပြီး ကျိန်စာကို ချေဖျက်လိုက်သည်။
ယခင်တစ်ခေါက်က ဂိုဏ်းခေါင်းဆောင်ငါးယောက်နှင့်ဆိုလျှင် ယခု သူ့ဘက်၌ ဂိုဏ်းခေါင်းဆောင်ကိုးယောက်ရှိသွားလေပြီ။
သူ့ဘက်တွင် ဂိုဏ်းခေါင်းဆောင်အများကြီး ရှိနေသောကြောင့် ရှီဟောင်ပို၍ ယုံကြည်ချက်ရှိလာသည်။ ဤဂိုဏ်းခေါင်းဆောင်များနှင့်ဆိုလျှင် သူထွက်သွား၍ရနိုင်လောက်သည်။
ထိုဝင်ပေါက်ကို ဖြတ်ကျော်နိုင်သည်နှင့် သူဘာကိုမှ ကြောက်စရာမလိုတော့ပေ။
ဝုန်း..
ရုတ်တရက်ပင် ကမ္ဘာမြေကြီး ပြောင်းပြန်လှန်သွားလောက်သည့် ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာလေ၏။
ထိုအချိန်တွင် တာအိုသဘာဝဥပဒေသအားလုံး ပေါ်လာပြီး အရိုးစာသားများလည်း ထွက်ပေါ်လာလေသည်။ ထိုအက်ကွဲကြောင်းကြီး ပေါက်ကွဲသွားကာ ထာဝရရှေးဟောင်းမြေသည် အပြင်လောကနှင့် ချိတ်ဆက်သွားလေပြီ။
“အပြင်ကလူတွေ ဝင်လာပြီ..”
ထိုအော်သံမှာ အားလုံးကို တုန်လှုပ်သွားစေလေ၏။
ဝုန်း..
ကောင်းကင်နှင့်မြေကြီး ပြင်းထန်စွာ တုန်ခါလာပြီး လေဟာနယ်လည်း အက်ကွဲသွားလေသည်။ ထာဝရရှေးဟောင်းမြေမှာ ထိုဂိုဏ်းခေါင်းဆောင်များ ဝင်ရောက်လာသည်ကို မတားဆီးနိုင်တော့ပေ။
“စီနီယာတို့ .. ကျွန်တော် ထာဝရရှေးဟောင်းမြေက ထွက်နိုင်ဖို့ ကူညီပေးကြပါဦး” ရှီဟောင်ပြောလိုက်၏။
“အမ်..” ရုတ်တရက်ပင် ရှီဟောင် ထိတ်လန့်သွားရ၏။
အလင်းတန်းတစ်ခုပေါ်လာကာ ရှီဟောင်သည် ထိုဂိုဏ်းခေါင်းဆောင်ကိုးယောက်ရှေ့တွင် ပျောက်ကွယ်သွားလေသည်။
“လူငယ်လေး..”
“ညီလေး..”
သူတို့ကိုးယောက်လုံး ထိတ်လန့်သွားရသည်။ တစ်ယောက်ယောက် တိုက်လိုက်တာလား..
တစ်ခုခုတော့ မှားနေပြီ..
သူတို့လုံးဝပင် ဆွံ့အနေလေ၏။ အဘယ်ကြောင့်ဆိုသော် ဤအလင်းမျိုးမှာ ထာဝရရှေးဟောင်းမြေ၏ နေရာတိုင်းတွင်ရှိနေသည်။ ထိုအလင်းတန်းများသည် စီရင်စုသုံးထောင်မှ ဂျီးနီးယပ်စ်များကို ခေါ်ဆောင်သွားလေသည်။
“တာအိုသုံးထောင်ပွင့်ဖတ်က အသက်ရှင်နေတဲ့ ဂျီးနီးယပ်စ်အားလုံးကို အပြင်ပို့လိုက်ပြီ..”
“သူတို့လာခဲ့တဲ့နေရာကို ပြန်ရောက်သွားကြပြီ”
ခဏကြာပြီးသည့်နောက်တွင် ထာဝရရှေးဟောင်းမြေ၏ လေ့ကျင့်ရေး ပြီးဆုံးသွားပြီဖြစ်မှန်း အားလုံးသိလိုက်ရသည်။ ထို တာအိုသုံးထောင်ပွင့်ဖတ်များ တောက်ပလာကာ ကျင့်ကြံသူအားလုံးကို အပြင်ဘက်သို့ ပြန်ပို့ပေးလိုက်လေ၏။
“ဟွမ် .. ဘယ်မှာလဲ..”
“မြန်မြန်ထွက်လာပြီးတော့ လာအသေခံလိုက်တော့”
အပြင်ဘက်မှ လူများသည် ဝင်လာပြီးသည်နှင့် ရှီဟောင်ကိုချက်ချင်းရှာနေလေသည်။
ခဏကြာပြီးသည့်နောက်တွင် ဝင်လာသည့် ဂိုဏ်းခေါင်းဆောင်များနှင့် ကောင်းကင်နတ်ဘုရားများမှာ ဤမြင်ကွင်းကို သတိပြုမိသွားသည်။ အလင်းတန်းများ တစ်ခုပြီးတစ်ခု ပေါ်လာကာ စီရင်စုသုံးထောင်မှ ကျွမ်းကျင်သူများကို ရစ်ပတ်ကာ ပျောက်ကွယ်သွားလေသည်။
အချို့သူများသည်လည်း ထာဝရရှေးဟောင်းမြေ အတွင်းပိုင်းသို့ ပြေးဝင်သွားလိုက်ကာ သဘာဝကံကောင်းမှုကို ရှာဖွေနေကြလေ၏။
အချို့သူများမှာမူ ချက်ချင်းပင် နောက်ပြန်လှည့်သွားလေ၏။
ရှီဟောင်နှင့်အခြားသူများသည် ထာဝရတာအိုပွင့်ဖတ်မှဖြစ်လာသည့် တံခါးများမှ ထွက်လိုက်သည်နှင့် ပြင်းထန်လှသည့် စွမ်းအားလှိုင်းများ ထွက်ပေါ်လာလေသည်။ ဂိုဏ်းခေါင်းဆောင်တစ်စုလည်း ရောက်လာကြလေသည်။
ဤလူများသည် ကြောက်စရာကောင်းလှပြီး သူတို့သည် တစ်ခဏအတွင်းမှာပင် အကန့်အသတ်မရှိ သွားလာနိုင်လ၏။ သူတို့သည် ထာဝရတာအိုပွင့်ဖတ်မှ ထွက်လာသည့် ဂျီးနီးယပ်စ်များထက် နောက်မကျစေပဲ ဤနေရာသို့ ရောက်လာလေသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် အားလုံးထွက်မသွားနိုင်အောင် လေဟာနယ်ကို ချိတ်ပိတ်လိုက်လေ၏။
အဘယ်ကြောင့်ဆိုသော် ဤလူအုပ်ထဲတွင် သဘာဝကံကောင်းမှု ရရှိခဲ့သူများ ရှိနေသည်ကို သူတို့သိနေသည်ပင်။
သို့သော်လည်း သူတို့၏ အဓိကရည်ရွယ်ချက်မှာမူ ဟွမ်အားဖမ်းပြီး သူ့ထံတွင်ရှိနေသည့် ‘ထာဝရမျိုးစေ့’၊ ထာဝရကျမ်းစာ၊ နဂါးအကြေးခွံနှင့် အခြားအရာများကို ရယူရန်ပင်။
ထို့အပြင် အခြားဂိုဏ်းများမှာ သူ့ကို သတ်ပစ်ချင်လောက်အောင် မုန်းတီးနေသည်ပင်။
“ဟွမ် .. မင်းပြေးမလွတ်တော့ပါဘူး .. မင်းကို ဘယ်သူကယ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့” ဂိုဏ်းခေါင်းဆောင်တစ်ယောက်သည် ဖိအားများ ထုတ်လွှတ်ကာ ပြောလိုက်လေ၏။