သုခကမ္ဘာက ရှီဟောင် - Chapter - 1208 မိုးမခနတ်ဘုရား ပေါ်လာခြင်း
ရွှေရောင်အတောင်ပံပန်နှင့် အစိမ်းရောင်ကောင်းကင်ပန်တို့မှာ ခွန်ပန်၏မျိုးဆက်များပင်။ ဤလူများ၏ သူ၏ကလေးအရင်းမဟုတ်သော်လည်း သူတို့၏ သွေးမျိုးဆက်မှာ အလွနသန့်စင်လှသည်။ အထူးသဖြင့် ဤနှစ်ယောက်ပင်။
အဘယ်ကြောင့်ဆိုသော် သူတို့ကြားတွင် မျိုးဆက်အနည်းငယ်သာ ခြားလေသည်။ ထိုကြောင့် ခွန်ပန်သားတော်အား ဦးလေးဟု ခေါ်ကြခြင်းပင်။
ဤနတ်ငှက်နှစ်ကောင်မှ အဆင့်မြင့်နယ်မြေတွင် ဂုဏ်သတင်းကြီးမားလေသည်။ သူတို့၏ကလန်နှစ်ခုလည်း အလွန်စွမ်းအားကြီးလှပြီး သူတို့ကို ရန်စရဲသည့်သူ အနည်းငယ်သာရှိလေသည်။
သို့သော်လည်း ဤသည်မှာ ဂိုဏ်းခေါင်းဆောင်အားလုံး သူတို့ကို ကြောက်ရွံ့သွားရန်မလုံလောက်ပေ။ မည်သို့ပင်ဖြစ်စေ ဤနှစ်ယောက်မှာ ကျွှမ်းကျင်သူနှစ်ယောက်တည်းပင်။
ရွှေရောင်သစ်ရွက်များ ကျလာသည့်အချိန်တွင် အားလုံး၏အမူအရာပြောင်းလဲသွားသည်။ အထူးသဖြင့် အချို့လူများပင်။ အဘယ်ကြောင့်ဆိုသော် သူတို့ဤအရွက်များကို အဆင့်နိမ့်နယ်မြေတွင် မြင်ဖူးသည်။
ဤကဲ့သို့သော အော်ရာကို သူတို့အလွန်ရင်းနှီးသည်ပင်။
“အဲဒီလူက အဲဒီဂိတ်ထဲကို ဝင်သွားပြီမဟုတ်ဘူးလား .. ဘယ်လိုလုပ်ပြန်ပေါ်လာတာလဲ” နေနတ်ဘုရားနွယ်ပင်၏အမူအရာမှာ အလွန်ပင် မသာမယာဖြစ်နေလေ၏။ ယခင်တုန်းက ဤလူကြောင့် သူအသက်လုကာ အဆင့်မြင့်နယ်မြေသို့ ပြန်ပြေးလာခဲ့ရခြင်းပင်။
“မဟုတ်တာ .. အတုပဲဖြစ်ရမယ် .. သူက မူလဂိတ်တံခါးထဲကို ပြေးဝင်သွားတာ .. ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာလဲ” အခြားလူတစ်ယောက်မှ အော်ဟစ်လိုက်သည်။
“ဘယ်သူက နတ်ဘုရားတွေနဲ့ လာဆော့နေတာလဲ” အခြားတစ်ယောက်မှ ပြောလိုက်သည်။
တစ်ယောက်ယောက်က လှည့်စားနေခြင်းဟုသာ ထင်နေကြလေသည်။
ရှီဟောင်လည်း အော်ဟစ်လုနီးပါးဖြစ်နေလေပြီ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိုးမခနတ်ဘုရား၏ သစ်ရွက်များပင်။
ကောင်းကင်ထက်တွင် အရွက်သိပ်မရှိသော်လည်း တစ်ရွက်စီတိုင်းမှာ ကြည်လင်တောက်ပကာ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေလေသည်။
“ဟက် ..ကလေးကွက်တွေ .. အဲဒီလူပြန်ပေါ်လာစရာအကြောင်းမရှိဘူး .. မင်း ငါ့ကိုဘာမှလုပ်လို့မရဘူး” သွေးလင်းနို့မှ အော်ဟစ်လိုက်သည်။
သူ့ထံတွင် အနက်ရောင်အတောင်ပံတစ်စုံရှိနေပြီး သူ၏မျက်လုံးများမှာ နီရဲနေသည်။
ဤသည်မှာ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပင်။ သူသည် စီရင်စုသုံးထောင်၏ ဂိုဏ်းကြီးတစ်ဂိုဏ်းမဟုတ်သော်လည်း သူ၏ကျင့်ကြံဆင့်မှာ နာမည်ကြီးသည့်သူများထက် မနိမ့်ပေ။
ရွှီး..
ထိုအချိန်တွင် ရွှေရောင်အရွက်တစ်ရွက် ပျံသန်းလာကာ အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ သွေးလင်းနို့နားသို့ ရောက်လာလေ၏။
သွေးလင်းနို့ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူ၏ပါးစပ်ကို ဖွင့်လိုက်သည်နှင့် အနီရောင်လှိုင်းများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ သူ၏အဖိုးတန်ပညာဖြစ်သည့် အသံနတ်စွမ်းရည်ပင်။ ထိုအသံသည် ဤနေရာတစ်ခုလုံးကို တုန်ခါသွားစေလေသည်။
သို့သော် ဤသည်မှာ အသုံးမဝင်ပေ။ ထိုရွေွှရောင်သစ်ရွက်သည် အသံလှိုင်းများကို ဖြတ်ကျော်ကာ ထိုလင်းနို့၏ မျက်ခုံးကြားကို ဖောက်ဝင်သွားလေ၏။
“အား..” ထိုလင်းနို့သည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး တတ်နိုင်သမျှ ရုန်းကန်နေသော်လည်း သူ၏မျက်လုံးများမှာ အရောင်မှိန်လာလေသည်။
မျိုးဆက်တစ်ခု၏ ကျွမ်းကျင်သူမှာ မိုးမခသစ်ရွက်တစ်ရွက်အောက်တွင် သေဆုံးသွားလေပြီ။
ထိုနေရာတွင်ရှိနေသည့် သူအားလုံး၏ အမူအရာများ ပြောင်းလဲသွားကြလေသည်။
မိုးမခသစ်ရွက်တစ်ရွက်က စွမ်းအားရှင်ကျွမ်းကျင်သူတစ်ယောက်ရဲ့ အသက်ကိုတောင် ယူနိုင်တာလား .. သူ့မှာ ဘယ်လိုမျိုးနတ်စွမ်းအင်တွေများ ရှိနေလို့လဲ..
ဤနေရာမှာ တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။
အထူးသဖြင့် အဆင့်နိမ့်နယ်မြေတွင် မိုးမခနတ်ဘုရားနှင့် တိုက်ခိုက်ခဲ့ဖူးသည့် သူအချို့ပင်။ ဤလူ မည်မျှကြောက်စရာကောင်းသည်ကို သူတို့သိသည်။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှ တိုက်ပွဲတွင် မိုးမခနတ်ဘုရားသည် တစ်ယောက်တည်းဖြင့် အားလုံးကို စိန်ခေါ်ခဲ့ခြင်းပင်။ ဂိုဏ်းခေါင်းဆောင်များစွာသည် အဆင့်နိမ့်နယ်မြေသို့ သွားကာ သူ့အားပေါင်းတိုက်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။
သူ့ကို လူများစွာ ဝိုင်းတိုက်ခဲ့ကြသော်လည်း ဂိုဏ်းခေါင်းဆောင်များစွာသာ အသတ်ခံခဲ့ရလေသည်။
ထိုတိုက်ပွဲ၏ အကျိုးသက်ရောက်မှုမှာ အတော်လေး ပြင်းထန်သည်ပင်။ ဥပမာအားဖြင့် မိုးမခနတ်ဘုရားသည် မြေအောက်ကမ္ဘာ ရှေးဟောင်းအလောင်းတစ်ခုကို သတ်လိုက်သောကြောင့် လက်ရှိမြေအောက်အရှင်သည် အဆင့်မြင့်နယ်မြေတွင် ယင်မြေပေါင်းများစွာကို ထိန်းချုပ်နိုင်သွားလေသည်။
ထိုအချိန်မှစကာ ထိုယင်နယ်မြေများကို မြေအောက်လောကအရှင်နှင့် ယှဉ်လုမည့်သူမရှိတော့ပေ။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာက တိုက်ခဲ့သည့်တိုက်ပွဲတွင် မိုးမခနတ်ဘုရားသည် လူများစွာကို စိန်ခေါ်ခဲ့လေသည်။
ထိုမိုးမခနတ်ဘုရား မည်သူဖြစ်မည်ကို ခန့်မှန်းမိသည့်သူများရှိသော်လည်း အချို့သူများမှာ မသိကြပေ။ သို့သော် နောက်ပိုင်း သူတို့စုံစမ်းပြီးသည့်နောက်တွင် သဲလွန်စအချို့ တွေ့ရှိခဲ့ကြလေသည်။
မိုးမခနတ်ဘုရားသည် ထိပ်ဆုံးသို့မရောက်နိုင်တော့သည့် ခန္ဓာကိုယ်တစ်ခုဖြစ်နေသည်ကို အားလုံး ထိတ်လန့်စွာ သိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းခေတ်တွင် သူပြန်လည်မွေးဖွားသည်ကို မြင်လိုက်ရသည့်လူအချို့ရှိသည်။ သူအစေ့အဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်သည့်သူတောင် ရှိလေသည်။
သူဘယ်နေရာကို ဖြတ်လိုက်မှန်းမသိသောကြောင့် ယခင်က မရှိခဲ့သည့်ကပ်ဆိုးကြီးကို ရင်ဆိုင်လိုက်ရသည်ဟု ပြောကြသည့်သူအချို့လည်း ရှိခဲ့သည်။ သစ်ပင်သည် ကောင်းကင်ဘုံကိုးခုမှ ထာဝရတာအိုလျှပ်စီးဒဏ်ကိုခံလိုက်ရကာ သေမလိုပင် ဖြစ်သွားခဲ့သည်။
လက်ရှိ မိုးမခနတ်ဘုရား အသက်ရှင်နေနိုင်သည်မှာ ဆန်းကြယ်မှုတစ်ခုပင်။ တစ်ဖြည်းဖြည်းပြန်ကောင်းလာသည့် ကိစ္စမှာ အားလုံးကို ထိတ်လန့်စေသည့်ကိစ္စကြီးပင်။
လုံးဝပြန်မကောင်းသေးသည့် မိုးမခနတ်ဘုရားပင်လျှင် အားလုံးကို ရင်ဆိုင်တိုက်ခိုက်နိုင်သောကြောင့် မည်သူက မကြောက်ပဲနေမည်နည်း..
နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် သူပြန်ပေါ်လာလေပြီ။ သူသည် ပို၍ပင် စွမ်းအားကြီးလာသည့်ပုံပင်။
“စီနီယာ .. စီနီယာလား..”
ထိုအချိန်တွင် ငါးရောင်စပ်ဥဒေါင်းတစ်ကောင် ပေါ်လာလေ၏။ သူ၏ခန္ဓာကိုယ်မှာ ကြီးမားလှကာ တောက်ပလှပလှသည့် အမွေးအတောင်များလည်း ကောင်းကင်ကြီးကို ထိန်လင်းနေစေလေသည်။ သူသည် ကောင်းကင်ထက်မှ ရောက်လာခြင်းပင်။
ဤသည်မှာ ဥဒေါင်းနတ်အရှင်ပင်။ သူသည် လူသားပုံစံသို့ လျင်မြန်စွာပင် ပြောင်းလိုက်လေသည်။
စွမ်းအားကြီးလှသည့် ဥဒေါင်းလူမျိုးစုအရှင်ပင်လျှင် ဤကဲ့သို့အမူအရာဖြစ်နေသောကြောင့် အားလုံး ဆွံ့အသွားရသည်။ အခြားသူများမှာ မိုးမခနတ်ဘုရားကို ပို၍ပင် လေးစားလာကြလေ၏။
ဥဒေါင်းနတ်အရှင် ဤအဆင့်ထိ ရောက်လာနိုင်ခြင်းမှာ သူငယ်စဉ်က မိုးမခသစ်ပင်နှင့်တွေ့ခဲ့ပြီး ထိုသစ်ပင်မှ သူ့အား ငါးရောင်စပ်နတ်ရည်ပေးလိုက်သောကြောင့်မှန်း အားလုံးသိကြသည်ပင်။
“နယ်ခြားစပ်က ဖရိုဖရဲဖြစ်တော့မှာ .. နေရာတိုင်းမှာ မီးတောက်တွေ ဖြစ်လာမှာ .. ငါတို့တွေ အချင်းချင်းပြန်တိုက်နေဖို့အချိန်မရှိဘူး .. အားလုံးဒီမှာပဲ ပြန်ဆုတ်လိုက်တော့”
လေဟာနယ်ထဲမှ အေးချမ်းသည့်အသံတစ်သံ ထွက်ပေါ်လာလေ၏။ ရွှေရောင်မိုးမခသစ်ရွက်များလည်း လွင့်မြောနေသောကြောင့် ဤနေရာမှာ ပို၍ပင် အံ့အားသင့်စရာကောင်းလာလေသည်။
ထိုအချိန်တွင် ထာဝရကြေးနန်းတော် တုန်ခါလာကာ အသက်ကြီးနေသည့် ချောင်းဆိုးသံထွက်ပေါ်လာလေ၏။
ဒုန်း..
တစ်ချိန်တည်းမှာပင် ရှည်လျားကာ ကျယ်လောင်လှသည့် ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာလေသည်။ ကောင်းကင်ထက်တွင် ရိုးရှင်းကာ ရှေးကျလှသည့် ခေါင်းလောင်းတစ်လုံး ပေါ်လာပြီး ထိုခေါင်းလောင်းမှ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်နေလေသည်။
ခေါင်းလောင်း၏ကိုယ်ထည်တွင် ‘မရှိခြင်း’ ဟူသည့် စကားလုံးကို ရေးထားလေသည်။
တစ်ချိန်တည်းမှာပင် တစ်ချိန်လုံး တိတ်ဆိတ်နေသည့် အနောက်ဘက်ဂိုဏ်းမှ ဂိုဏ်းခေါင်းလောင်းလည်း အဖိုးတန်ပုံရိပ်တစ်ခုကို ပြသလာလေ၏။ သူသည် လက်များစွာထုတ်လာပြီး လက်တစ်ထောင်ဘုန်းကြီးပြုလုပ်လိုက်လေသည်။
အခြေအနေမှာ ပို၍ပင် ရှုပ်ထွေးလာလေပြီ။
“ငါမယုံဘူး .. သေချာပေါက် အဲဒီလူ မဖြစ်နိုင်ဘူး .. မူလဂိတ်ထဲဝင်သွားတဲ့သူ ဘယ်သူမှ ပြန်ပေါ်မလာဖူးဘူး .. အထဲကို ဝင်သွားတဲ့ ပြိုင်ဘက်ကင်း အဆင့်လွန်သက်ရှိတွေ အားလုံး သေသွားခဲ့ကြတာ” ဓားတောင်ကြားဘုရင် ပြောလိုက်သည်။
ထိုအချိန်တွင် ခပ်ဝေးဝေးတွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ အော်ပြောလာလေသည်။ “ဓားတောင်ကြားကို သတင်းပို့ပါတယ် .. အဲဒါက အဆင့်နိမ့်နယ်မြေက မိုးမခပင်မဟုတ်ပါဘူး .. သူက ထာဝရရှေးဟောင်းမြေထဲက လာတာပါ”
ထိုစကားများကြားလိုက်ရသည့်အချိန်တွင် ဤနေရာမှာ မတည်ငြိမ်နိုင်တော့ပေ။
ဂုကျန်းယွမ်သည် ခပ်ဝေးဝေးတွင်ပေါ်လာကာ “ထာဝရရှေးဟောင်းမြေထဲမှာ မြို့ခံတစ်ချို့ စောင့်ရှောက်နေတဲ့ တောင်ကြောတစ်ခုရှိတယ် .. အဲဒီတောင်ကြောထဲမှာ သူတို့ရဲ့ ဂါးဒီးယန်းဝိဉာဉ်ဘိုးဘေးရှိတယ် .. အခုက အဲဒီရွှေရောင်မိုးမခပင်ပဲ”
ဂုကျန်းယွမ်သည် ထာဝရရှေးဟောင်းမြေမှ ပြန်ရောက်သည်မှာ မကြာသေးသောကြောင့် လျှို့ဝှက်ချက်နှင့်အမှန်တရား အနည်းငယ်ကို သိထားသည်သာ။
“ဟုတ်တယ် .. အဲဒါက စီနီယာတို့ အဆင့်နိမ့်နယ်မြေမှာ တွေ့ခဲ့တဲ့ မိုးမခသစ်ပင်မဟုတ်ပါဘူး .. အဲဒါက ပျက်စီးနေတဲ့ သစ်ကိုင်းလေးပါပဲ” ထိုအချိန်တွင် နျင်ချွမ်းလည်း ပေါ်လာလေ၏။
သူ့အနားတွင် ငွေရောင်သွေးနတ်ဆိုးသစ်ပင်ကဲ့သို့သော အခြားကျွမ်းကျင်သူ အနည်းငယ် ရှိနေလေ၏။
ဤသည်မှာ လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစု၊ မနုဿလူမျိုးစုနှင့် အခြားလူမျိုးစုများ ကာကွယ်နေသည့် သစ်ကိုင်းလေးတစ်ကိုင်းသာဖြစ်ကြောင်း ငွေရောင်သွေးသစ်ပင်မှ ပြောလိုက်သည်။ ဤသည်မှာ သစ်ပင်တစ်ပင်လုံးမဟုတ်ပေ။
“ဟား ဟား..” အချို့လူများသည် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလာလေ၏။ သူတို့သည် ချက်ချင်းပင် သက်တောင့်သက်သာ ဖြစ်သွားကြလေသည်။
ထင်ထားသည့်အတိုင်းပင် ဤသည်မှာ သစ်ပင်တစ်ပင် မဟုတ်ပေ။ ဤသစ်ကိုင်းလေးသည် အထင်ကြီးစရာကောင်းလောက်သော်လည်း သူ့ထံတွင် အမြစ်မရှိသောကြောင့် အချိန်အကြာကြီးတိုက်ခိုက်နိုင်မည်မဟုတ်ပေ။
ရှီဟောင် နှလုံးသားလေး လေးလံသွားရသည်။ ဤသို့ဖြစ်မည်မှန်း သူခန့်မှန်းမိသည်သာ။
ရှေးဟောင်းမြေတွင် သူဤသစ်ကိုင်းနှင့် စကားပြောခဲ့သေးသောကြောင့် ဤသစ်ကိုင်းသည် မိုးမခနတ်ဘုရား၏ တံဆိပ်များရှိသော်လည်း နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် သူပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်း ရှီဟောင်သိပြီးသားပင်။
ဤနှစ်များတွင် သူသည် အမြဲတမ်း အိပ်နေသောကြောင့် သူထာဝရရှေးဟောင်းမြေမှ ထွက်ပြေးရန် ပြင်ဆင်သည့်အချိန်တုန်းက သူ့အား အကူအညီမတောင်းခဲ့ခြင်းပင်။
သို့သော် ထိုသစ်ကိုင်းလေးသည် ဤအချိန်လေးတွင် ရောက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
“မလိုအပ်ပဲနဲ့ ရှုပ်ထွေးအောင် လာလုပ်နေတယ် .. မသေမျိုး၊ ချီသော်လင်းနဲ့ ပျက်စီးနေတဲ့ မိုးမခသစ်ပ်င .. မင်းတို့အားလုံး ဘယ်လိုလွတ်အောင်လုပ်မလဲ ကြည့်ကြတာပေါ့” ကောင်းကင်နိုင်ငံအရှင်မှ အေးစက်စွာ ပြောလိုက်သည်။
ရှီဟောင် သက်ပြင်းချလိုက်၏။ ထိုသစ်ကိုင်း အချိန်အကြာကြီး မတိုက်ခိုက်နိုင်သည်ကို သူသိပြီးသားပင်။
သို့သော်လည်း ချီသော်လင်းနှင့် မသေမျိုးသက်ရှိသည် အလွန်တည်ငြိမ်နေလေ၏။ စိတ်ပျက်သည့်အရိပ်အယောင်လေးပင် မပြပေ။ တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြဆဲပင်။
“အားလုံးပဲ .. အခြားလူတွေကို ခွင့်လွှတ်သင့်တဲ့အချိန်ကို မင်းတို့သိသင့်တယ်”
ထိုအချိန်တွင် ပုံရိပ်ကိုးခု ပေါ်လာလေသည်။ ဤသည်မှာ လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုနှင့် အခြားဂိုဏ်းခေါင်းဆောင်များပင်။ သူတို့ကိုးယောက်သည်လည်း ထာဝရရှေးဟောင်းမြေမှ အလောတကြီး ရောက်လာကြခြင်းပင်။
ဤသည်မှာ ဂုကျန်းယွမ်နှင့် နျင်ချွမ်းတို့၏ စကားများကို အတည်ပြုပြီးသားဖြစ်သွားသည်။ ရွှေရောင်မိုးမခသစ်ရွက်များမှာ ဤဂိုဏ်းခေါင်းဆောင်ကိုးယောက်နှင့် သက်ဆိုင်သည်သာ။ သူတို့သည် မိုးမခသစ်ပင်ကို အကူအညီတောင်းလိုက်ခြင်းပင်။
“ဟက်..” မြေအောက်လောကမှ လူများ နှာခေါင်းရှုံ့လိုက်ကြလေသည်။
“ထာဝရရှေးဟောင်းမြေရဲ့မြို့ခံတွေ .. ခင်ဗျားတို့ ကိုယ်နေရာနဲ့ကိုယ်နေသင့်တယ် .. အဲဒါမှ ကျုပ်တို့အားလုံး လိုက်လျောညီထွေနေလို့ရမှာ .. ခင်ဗျား ကျုပ်တို့ကို တားလိုက်ရင် ဒါက အဆင့်မြင့်နယ်မြေက ‘စီရင်စုသုံးထောင်’ကို စစ်ကြေငြာတာနဲ့အတူတူပဲ” ဓားတောင်ကြားအရှင်ပြောလိုက်သည်။
“ခင်ဗျားရဲ့လုပ်ရပ်တွေက ကျုပ်တို့ကို ရန်သူအဖြစ်သတ်မှတ်ကြောင်း ပြနေတာလား” နတ်ဘုရားကျောင်းမှ စွမ်းအားကြီးသည့်ပုဂ္ဂိုလ်လည်း ပြောလိုက်သည်။
“ခင်ဗျားက ကျုပ်တို့ အဆင့်မြင့်နယ်မြေက ‘စီရင်စုသုံးထောင်’ လုံးကို ကိုယ်စားပြုလို့လား” ရွှေရောင်အတောင်ပံပန်မှ အော်ဟစ်လိုက်သည်။
အစိမ်းရောင်ကောင်းကင်ပန်လည်းခေါင်းညိမ့်ကာ ထောက်ခံလိုက်သည်။
“အားလုံးပဲ ကပ်ဘေးကြီးက စတော့မှာ .. နေရာတိုင်းမှာ စစ်ပွဲမီးတောက်တွေ အစပျိုးနေပြီ .. ငါတို့ရဲ့ သဘောထားကွဲလွဲမှုတွေကို ရပ်လိုက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်” ထိုအချိန်တွင် ခပ်ဝေးဝေးတွင်ရှိနေသည့် လိပ်ဖြူအိုကြီးမှ ပြောလိုက်သည်။
နတ်နန်းဂိုဏ်းနှင့် ကောင်းကင်ခစားခြင်းဂိုဏ်းလည်း ရောက်လာတော့မည်။ သူတို့ ရပ်တည်မှုကို ပြသကြတော့မည်။
အချို့ထိပ်တန်းပုဂ္ဂိုလ်များလည်း ရောက်လာပြီဖြစ်သောကြောင့် အခြေအနေများမှာ ပို၍ပင် ရှုပ်ထွေးလာလေပြီ။ အချို့သူများသည် ပြေရာပြေကြောင်း လုပ်ချင်သော်လည်း အချို့သူများမှာမူ ရန်လိုနေကြဆဲပင်။
“ဟား ဟား .. ဂိုဏ်းခေါင်းဆောင်ကိုးယောက်လည်း ရောက်လာပြီးတော့ ကျုပ်တို့ကို သစ်ကိုင်းလေးတစ်ခုတည်းနဲ့ လာကစားနေတယ် .. ဒီနေ့တော့ ဖြေရှင်းချက်ပေးရမယ် .. ဘာကြင်နာမှုမှ မရှိတော့ဘူး” ကောင်းကင်နိုင်ငံအရှင်မှ ပြောလိုက်သည်။
“ဟုတ်တယ် .. ဒါတွေအားလုံးက ဟွမ်ကြောင့်ပဲ .. အဲဒီတော့ ဖြေရှင်းချက်တစ်ခု လိုကိုလိုတယ်” မြေအောက်အရှင်လည်း မြူခိုးများထုတ်လွှတ်ကာ ပြောလိုက်လေသည်။
“အပြစ်သားသွေးမျိုးဆက် သေရမယ်” ဓားတောင်ကြားအရှင်သည် တိုက်ရိုက်ပင် ပြောလိုက်လေ၏။
ချီသော်လင်းနှင့် မသေမျိုးသက်ရှိကို သတ်ချင်နေသည့်သူ ပို၍ပင် များနေသည်ပင်။
ထိုအချိန်တွင် မသေမျိုးသက်ရှိသည် ရိုင်းပြစွာပင် ပြုံးလိုက်ကာ “ခင်ဗျားတို့ လူလေးနည်းနည်းလောက်နဲ့ ကျုပ်ကို ခြိမ်းခြောက်ချင်နေတာလား..”
“ငါတို့က အခုတောင် မကြောက်တာ .. အခု ငါတို့မှာ ဒီတာအိုသူငယ်ချင်းအုပ်စုကြီးရှိနေပြီဆိုမှတော့ ငါတို့က ဘာကိုကြောက်ရမှာလဲ” ချီသော်လင်း ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။
ဝုန်း..
မသေမျိုးသက်ရှိ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
ယခုတော့ သူရင်ဆိုင်ရသည့်ဖိအား လျော့သွားလေပြီ။
ဝုန်း..
ရက်တရက်ပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး အက်ကွဲလာလေ၏။
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ထာဝရကြေးနန်းတော်ကြီးမှာ တုန်ခါလာကာ ရောင်စုံအလင်းများတောက်ပလာလေ၏။
ထာဝရနန်းတော်မှ နံပါတ်တစ် အဆင့်လွန်သက်ရှိ ပြန်ကောင်းလာပြီး ဤလောကသို့ ထပ်မံရောက်ရှိလာတော့မည်ကို အားလုံးသိကြသည်ပင်။
“ဟား ဟား ..မသေမျိုး၊ ထာဝရရှေးဟောင်းမြေမြို့ခံ .. ခင်ဗျားတို့ ဖိနှိပ်မှုတွေကို ဘယ်လိုတားဆီးမလဲ ကြည့်ကြသေးတာပေါ့”
ထာဝရနန်းတော်မှ ရှေးကျသည့်အသံ ထွက်ပေါ်လာလေသည်။ ထိုလူသည် အသက်ပြန်ရှင်လာသည်နှင့် ဤကဲ့သို့သော စွမ်းအားကို ထုတ်ပြလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ထိုနန်းတော်မှ အေးစက်သည့်အလင်းတန်းနှစ်ခုလည်း ထွက်ပေါ်လာလေ၏။ သူသည် ချီသော်လင်းနှင့် ရှီဟောင်ကို ကြည့်ကာ “အဆင့်လွန်တာအိုရိုးရာဆိုတာက မီးခိုးငွေ့လိုပဲ လေထဲမှ ပျောက်ကွယ်သွားလိမ့်မယ်”
“ထာဝရနန်းတော်အရှင် ပြန်ရောက်လာပြီ .. ဒါက တကယ်ကို ခမ်းနားတဲ့ အဖြစ်အပျက်ပဲ .. ဒါဆိုရင်တော့ ငါတို့ အပြစ်သားသွေးမျိုးဆက်ကို သေချာပေါက် ဖိနှိပ်နိုင်တော့မှာ” ဓားတောင်ကြားအရှင်ပြောလိုက်သည်။
“ငါက မင်းကိုကြောက်နေမယ်လို့ ထင်နေတာလား .. မင်းတို့အားလုံး ငါ့ဆီလာခဲ့လို့ရတယ်” မသေမျိုးသက်ရှိ ပြောလိုက်သည်။
“ဒီလူအိုကြီး ဒီလောကကြီးကို နောက်တစ်ခေါက် ပြန်ရောက်လာနဲ့ အားလုံးက ပိပြားသွားလိမ့်မယ်” ထာဝရကြေးနန်းတော်ထဲမှ အသက်ကြီးနေသည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ထိုနန်းတော်ကြီးသည် လှုပ်ရမ်းသွားကာ ဤနေရာသို့ လျင်မြန်စွာ ရောက်ရှိလာလေသည်။
သူ မသေမျိုးသက်ရှိ၊ ချီသော်လင်း၊ ရှီဟောင်နှင့် အခြားသူများကို ဖိနှိပ်ကာ သတ်ပစ်တော့မည်။
ထိုအချိန်တွင် ရွှေရောင်မိုးမခသစ်ပင်တစ်ပင်ရောက်လာကာ ထိုနန်းတော်ကို တားဆီးလိုက်သည်။
“ငါလာမယ်”
ဓားတောင်ကြားအရှင်နှင့် အနောက်ဘက်ဂိုဏ်းခေါင်းဆောင်တို့သည် မိုးမခသစ်ပင်အား တစ်ချိန်တည်းပင် တိုက်ခိုက်လိုက်သည်။
ရွှီး..
ကျယ်ပြန့်လှသည့် စွန့်ပစ်နယ်မြေမှ အဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက်ထွက်ပေါ်လာပြီး သူသည် စွမ်းအင်လှိုင်းများပေါ်တွင် ကျက်သရေရှိစွာပင် လျှောက်လာလေသည်။ ထိုလူအနားတွင် အလင်းလုံးပေါင်း သုံးထောင်ရှိပြီး အလင်းလုံးတစ်ခုစီမှာ ကမ္ဘာတစ်ခုစီပင်။ တိုင်းပြည်များစွာမှာ တက်လိုက်ကျလိုက်ဖြစ်နေလေသည်။ နတ်ဘုရားများနှင့် နတ်ဆိုးများသည် သူ့အား ရှိခိုးနေကြလေသည်။
ဒုန်း..
သူသည် လက်တစ်ဖက်ကို ထုတ်လိုက်ကာ ထာဝရကြေးနန်းတော်ကို အဝေးသို့လွင့်ထွက်သွားအောင် ရိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူလက်ယပ်လိုက်သည်နှင့် ထိုရွှေရောင်သစ်ကိုင်းလေး ကျုံ့သွားကာ သူ၏လက်ထဲတွင် ပေါ်လာလေသည်။ သူ၏လက်ကို ခါလိုက်သည်နှင့် ဓားတောင်ကြားအရှင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသည့် နတ်ဓားကျိုးကျသွားကာ သူလည်းလွင့်ထွက်သွားလေ၏။ သူ့တစ်ကိုယ်လုံး သွေးများစီးကျနေလေပြီ။
“မိုးမခနတ်ဘုရား” ရှီဟောင် အော်ဟစ်လိုက်၏။ ဤသည်မှာ သူ၏အကိုင်းမဟုတ်ပဲ မိုးမခနတ်ဘုရားကိုယ်တိုင် ပြန်ပေါ်လာခြင်းပင်။
ရွှီး..
မိုးမခသစ်ကိုင်းများမှာ နတ်ချိန်းကြိုးများကဲ့သို့ပင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ အနောက်ဘက်ဂိုဏ်းခေါင်းဆောင်ထံသို့ ဦးတည်သွားလေသည်။
အနောက်ဘက်ဂိုဏ်းခေါင်းဆောင်၏ လက်တစ်ထောင်လှုပ်ရှားသွားကာ သူ၏ပုံရိပ်ယောင်သည် ထိုရွှေရောင်သစ်ကိုင်းများကို ရိုက်ခတ်သွားလေသည်။
ဖူး..
ထိုအချိန်တွင် အနောက်ဘက်ဂိုဏ်းခေါင်းဆောင်၏ လက်တစ်ထောင်လုံးမှာ ရွှေရောင်သစ်ကိုင်းများဖြင့် ထိုးဖောက်ခြင်းခံလိုက်ရကာ ပြုတ်ကျလာကြလေ၏။
ဤမြင်ကွင်းမှာအားလုံးကို ထိတ်လန့်သွားစေလေသည်။
ထာဝရကြေးနန်းတော် လှုပ်ရမ်းသွားကာ ရောင်စုံအလင်းများ နောက်တစ်ကြိမ် ထွက်ပေါ်လာလေသည်။
ဒုန်း..
အဖြူရောင်ဝတ်စုံပုံရိပ်သည် ထိုနန်းတော်ကြီး လွင့်ထွက်သွားကာ မြေကြီးနှင့် ရိုက်မိသွားသည်အထိ ရိုက်ချလိုက်လေ၏။