သုခကမ္ဘာက ရှီဟောင် - Chapter - 1213 အတိုက်အခိုက် ရပ်စဲခြင်း
“မင်း ရပ်လိုက်တော့” ထာဝရနန်းတော်ဂိုဏ်းခေါင်းဆောင်အိုကြီးမှ အော်ဟစ်လိုက်သည်။ သူသည် ကြေးနန်းတော်ကို သူ့ရှေ့တွင်ထားတာ မိုးမခနတ်ဘုရား၏ တိုက်ခိုက်မှုများကို ခုခံနေလေသည်။
“ခင်ဗျားက ရပ်လို့ပြောတာနဲ့ ကျုပ်က ရပ်ရမှာလား” မိုးမခနတ်ဘုရား အေးစက်စွာပင် ပြန်ပြောလိုက်သည်။ ယခင်ကအတိုင်းပင် သူ၏လက်ဝါးနှင့် လက်ချောင်းများ တောက်ပလာကာ ဖီးနှစ်အစစ်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်လေ၏။ ဖီးနှစ်အတောင်ပံများ ဖြန့်ကျက်လိုက်သကဲ့သို့ သူ၏လက်ချောင်းများ မြှောက်တက်လာလေ၏။
ရွှီး..
ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး အနီရောင် ဖီးနှစ်တစ်ကောင် ကောင်းကင်ထက်သို့ တက်သွားလေသည်။
ဒုန်း.
ဖီးနှစ်နှုတ်သီးသည် နတ်ဓားတစ်ချောင်းကဲ့သို့ပင် ထိုကြေးနန်းတော်ကို ထိုးဆိတ်လိုက်သောကြောင့် ထိုကြေးနန်းတော်မှ ပြင်းထန်စွာပင် တုန်ခါသွားလေသည်။
မိုးမခနတ်ဘုရား၏ တာအိုဥပဒေသများ ပြိုင်ဘက်ကင်းရုံသာမက သူ့ထံတွင် ဖီးနှစ်အစစ် အဖိုးတန်ပညာလည်း ရှိသေးသည်။ ယခင်က ဤပညာကို အသုံးပြုရလောက်အောင် မတန်သေးဘူးဟု ခံစားရသောကြောင့် သူထုတ်မသုံးခဲ့ခြင်းပင်။
ထာဝရနန်းတော်၏ ဂိုဏ်းခေါင်းဆောင်အိုကြီးနှင့် ခေါင်းလောင်းပိုင်ရှင်တို့ကြောင့် သူ၏သစ်ကိုင်းအနည်းငယ်ကို ဆုံးရှုံးလိုက်ရသည့်အချိန်မှသာ သူအလေးအနက်ဖြစ်သွားခြင်းပင်။
ဖီးနှစ်အော်သံမှာ စမ်းရေစီးသံ၊ ဗျတ်စောင်းသံကဲ့သို့ပင် ကြည်လင်လှသည်။ အနီရောင်ဖီးနှစ်သည် နှုတ်သီးများ ချွန်ထက်သည်သာမက သူ၏အတောင်ပံတစ်စုံလည်း တောက်ပနေလေသည်။ ထိုနတ်အမွေးအတောင်များမှာ တစ်ခုပြီးတစ်ခု တောက်ပလာကာ သတ်ဖြတ်လိုသည့်စွမ်းအားမှာ ပို၍ပင် ထိတ်လန့်စရာကောင်းလာလေသည်။
ဒုန်း..
ကြေးနန်းတော်ကြီးမှာ လွင့်ထွက်သွားကာ ကောင်းကင်တစ်ခုလုံး သင်္ကေတများ ဖုံးလွှမ်းသွားလေ၏။
ထာဝရနန်းတော်၏ ဂိုဏ်းခေါင်းဆောင်အိုကြီးမှာ သူ၏မှော်ပစ္စည်း အလုခံလိုက်ရမည်စိုးသောကြောင့် သူလည်းလွင့်ထွက်သွားလေသည်။ သူ၏လက်မနှင့်လက်ညှိုးကြား ဟက်တက်ကွဲသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလာလေ၏။ အက်ကွဲကြောင်းအချို့ပင် ပေါ်လာလေသည်။
ထာဝရနန်းတော်အဆင့်လွန်သက်ရှိ၏ ခန္ဓာကိုယ် လွှဲရမ်းနေပြီး သူမတ်မတ်မရပ်နိုင်တော့ပေ။
“တစ်ခုခုတော့ မှားနေပြီ .. ထာဝရနန်းတော်က စီနီယာရဲ့ခန္ဓာကိုယ်က ဆက်မသွားနိုင်တော့ဘူး .. သူက အသက်ကြီးလွန်နေပြီ .. သူရဲ့အင်အားက အရင်လိုမဟုတ်တော့ဘူး” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။ သူတို့၏မျက်နှာလည်း ဖြူဖျော့နေလေပြီ။
အဘယ်ကြောင့်ဆိုသော် ထာဝရနန်းတော်၏ ဂိုဏ်းခေါင်းဆောင်အိုကြီးသာ ရှုံးသွားလျှင် သူတို့အလွန်အခြေအနေဆိုးသွားလိမ့်မည်ပင်။
ယခင်က ထာဝရနန်းတော်၏ ဂိုဏ်းခေါင်းဆောင်အိုကြီးသည် အလွန်စွမ်းအားကြီးခဲ့ပြီး သူ၏ရန်သူအားလုံးကို ဖိနှိပ်နိုင်ခဲ့သည်။ သူ၏သူငယ်ချင်းဟောင်းများနှင့် အုပ်စုဖွဲ့ကာ ပြိုင်ဘက်ကင်းသည့် အဆင့်လွန်သက်ရှိကိုပင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။
အဆင့်လွန်ခန်းမှ ပုဂ္ဂိုလ်မှာ တကယ်ပင် ပြိုင်ဘက်ကင်းသည့်လူတစ်ယောက်ပင်။ ထိုလောကတွင် သူနှင့်ယှဉ်ပြိုင်နိုင်သည့်သူသိပ်မရှိပေ။
သူနှင့် တိုက်နိုင်သည့်မည်သူမဆို ဂုဏ်ယူစရာကောင်းသည်ပင်။ ထိုအချိန်တွင် ထာဝရနန်းတော်၏ဂိုဏ်းခေါင်းဆောင်သည် အခြားသူနှင့်ပေါင်းကာ သူတို့၏ခွန်အားကို ပြသခဲ့ကြလေသည်။
“သူ အဆင့်လွန်ခန်းမကလူနဲ့ တိုက်တဲ့အချိန်တုန်းက အတွင်းဒဏ်ရာတွေများ ရခဲ့တာလား .. အဲဒါကြောင့်မို့လို့ သူကအခု အရင်ကလောက် ခွန်အားမရှိတော့တာလား” အချို့လူများ ကောက်ချက်ချလိုက်သည်။
ဖူး..
ထာဝရနန်းတော်မှ ဂိုဏ်းခေါင်းဆောင်အိုကြီးမှာ သူဆက်တောင့်ခံနိုင်ရန် ခက်ခဲလာသည်ကို တွေ့လိုက်ရသည်။ သူ၏သွေးစွမ်းအင်များမှာ တစ်ဖြည်းဖြည်းနည်းလာလေပြီ။ မိုးမခနတ်ဘုရား၏ရိုက်ချက်ကို ခံလိုက်ရပြီးသည့်နောက်တွင် သူသည် သွေးအန်သွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း အက်ကွဲကြောင်းများ ဖုံးလွှမ်းသွားလေ၏။
ထိုအချိန်တွင် ခေါင်းလောင်းကြီးပျံသန်းလာကာ သူ့အား ကူညီပေးလိုက်လေသည်။
ထာဝရနန်းတော်မှ ဂိုဏ်းခေါင်းဆောင်အိုကြီး လဲကျသွားလျှင် သူလည်း ပြဿနာကြီးသွားလိမ့်မည်။ ထို့ကြောင့်ပင် သူအလောတကြီး ဝင်ကူလိုက်ခြင်းပင်။
မိုးမခနတ်ဘုရား သူ၏နတ်စွမ်းရည်ကို ပြသလိုက်သည်။ အဆုံးမရှိသည့် မိုးမခရွက်များ ထွက်ပေါ်လာပြီး ခွန်ပန်များလည်း တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာလေသည်။ ထိုခွန်ပန်များကို မိုးမခသစ်ရွက်များဖြင့် ဖန်တီးထားခြင်းပင်။ ထိုသစ်ရွက်များအားလုံး ခေါင်းလောင်းထံသို့ တရှိန်ထိုး ဦးတည်သွားလေ၏။
ခဏကြာပြီးသည့်နောက်တွင် ခေါင်းလောင်းသံ ရပ်တန့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် မိုးမခသစ်ရွက်များမှ ဖြစ်လာသည့် ခွန်ပန်များသည် ခေါင်းလောင်းကို ဝိုင်းလိုက်ကာ ဤနေရာတစ်ခုလုံးကို ရွှေရောင်ပင်လယ်ဖြစ်အောင် လုပ်လိုက်ကာ ချိတ်ပိတ်လိုက်သောကြောင့်ပင်။
ဖူး..
အချို့ မိုးမခသစ်ရွက်များနှင့် ခွန်ပန်များသည် ခေါင်းလောင်းပိုင်ရှင်ထံသို့ ပြေးဝင်သွားကြလေ၏။ ထို့နောက် ထိုလူ၏ ညာဘက်ပုခုံးနှင့် လက်တစ်ခုလုံး ပေါက်ကွဲသွားလေသည်။
သူတို့ မိုးမခနတ်ဘုရား၏ ဒေါသကို မတားဆီးနိုင်တော့ပေ။ အရာအားလုံး ဤနေရာတွင် အဆုံးသတ်တော့မည်။
“တာအိုသူငယ်ချင်း မင်းဒေါသလျော့လိုက်ပါတော့” အဖြူရောင်လိပ်အိုကြီး နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ မိုးမခနတ်ဘုရား အရေးနိမ့်တုန်းကလည်း သူဤကဲ့သို့ ပြောခဲ့သည်သာ။
ရွှီး..
မိုးမခနတ်ဘုရား လက်ညှိုးထိုးလိုက်သည်နှင့် မိုးမခသစ်ရွက်များထွက်လာလေ။ ထိုသစ်ရွက်များသည် ဓားသွားများထက်ပင် ချွန်ထက်နေပြီး ထိုနှစ်ယောက်၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေသည်။
ဖူး..
အနီရောင်အလင်းထွက်ပေါ်လာပြီး သွေးများပန်းထွက်လာလေ၏။ သူတို့နှစ်ဦးလုံး ညည်းတွားလိုက်ကာ သူတို့ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သည့်ဒဏ်ရာများ ဖြစ်ပေါ်လာလေ၏။ အချို့နေရာများတွင် အရိုးများပင် မြင်နိုင်လေပြီ။
အချိန်သည် အရာအားလုံးကို ပြောင်းလဲနိုင်သည်ပင်။ ဤနှစ်ယောက်သာ ငယ်ရွယ်နေဆဲဆိုပါက သေချာပေါက် ဤကဲ့သို့ အဆုံးသတ်မည်မဟုတ်ပေ။
အခုတော့ သူတို့ ပုလ္လင်ထက်မှ ပြုတ်ကျတော့မည်မှာ သေချာသည်။
မိုးမခနတ်ဘုရားသည် ဤနှစ်ယောက်ကို အေးစက်စွာပင် ဆက်ဆံလိုက်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များကိုလည်း ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် လေဟာနယ်ထဲမှ တောက်ပနေသည့် ဥပဒေသတစ်ခု ကျရောက်လာလေသည်။
ဤသည်မှာ အလွန်ရှေးကျပြီး အနည်းငယ် စုတ်ပြတ်နေသော်လည်း ထိုဥပဒေသပေါ်တွင် ထူးဆန်းသည့် ရှေးဟောင်းစာလုံး အနည်းငယ်ရှိနေပြီး စာလုံးတစ်လုံးစီမှာလည်း တောက်ပလှလေ၏။
“အဲဒါက ဘာစာလုံးကြီးလဲ” ရှီဟောင် ထိတ်လန့်သွားရ၏။ သူဤစာလုံးကို လုံးဝမသိပေ။
“ထာဝရရှေးဟောင်းခေတ်ရဲ့ စကားလုံး” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဤနေရာတွင် ဤရှေးဟောင်းစာလုံးများကို သိနေသည့်သူများ ရှိနေသော်လည်း သူတို့စာလုံးများများစားစားမသိသောကြောင့် ဤစကားလုံး အဓိပ္ပာယ်ကို မသိကြပေ။
ဤသည်မှာ မိုးမခနတ်ဘုရားထံသို့ ရောက်သွားသောကြောင့် သူ့အား ဖတ်စေချင်သည်မှာ သိသာလှသည်။
မိုးမခနတ်ဘုရားသည် ထိုစာကို သေချာဖတ်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်သွားလေ၏။ သူအပြင်ဘက်လေဟာနယ်ကို ကြည့်လိုက်လေ၏။ ဤအမိန့်စာသည် ထိုအရပ်မှ ရောက်လာခြင်းပင်။
“သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုတာလား” သူ့ကိုယ်သူပြောလိုက်သည်။
အားလုံး စိတ်လှုပ်ရှားသွားကြရသည်။ ကောင်းကင်ထက်တွင် မည်သူရှိနေသနည်း .. ထိုသူသည် ဤကဲ့သို့သော အမိန့်စာ ဥပဒေသကိုတောင် ပစ်ချပြီး မိုးမခနတ်ဘုရားကို လက်လွှတ်ပေးရန်ပင် ပြောသေးသည်။
ထိုနေရာသို့ ကြည့်လိုက်သော်လည်း မည်သူ့ကိုမှ မတွေ့ရသောကြောင့် သူတို့အားလုံး တုန်လှုပ်သွားရသည်။
ထို့နောက်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါလာကာ ရှေးဟောင်း စစ်ပွဲပုဆိန်တစ်ခု ပေါ်လာလေ၏။ ထိုပုဆိန်သည် ပျက်စီးနေပြီဖြစ်ပြီး ဖရိုဖရဲအလင်းများ ထုတ်လွှတ်နေသည်။ ထိုပုဆိန်သည် အရှေ့ဘက်မှ တရှိန်ထိုးပြေးလာကာ လူတစ်ယောက်ကဲ့သို့ပင် ခေါင်းညိတ့်ပြီး မိုးမခနတ်ဘုရားအား နှုတ်ဆက်လိုက်လေသည်။
ထို့အပြင် ဤရှေးဟောင်းစစ်ပုဆိန်ပတ်လည်တွင်လည်း စာလုံးအချို့ပေါ်လာသေးသည်။ ဤသည်မှာလည်း ယခင်ခေတ်မှ စာလုံးများပင်။
ဤသည်မှာ အားလုံးကို ထိတ်လန့်ကြောက်ရွံ့သွားစေလေသည်။
အဲဒီမှာ ဘယ်သူရှိနေတာလဲ .. သူတို့မှာ ဘယ်လို ဂုဏ်ပုဒ်မျိုးရှိနေတာလဲ..
“ဒီမှာပဲ အဆုံးသတ်ကြတာပေါ့ .. ဒီလူတွေ နယ်ခြားစပ်ကို ချက်ချင်းသွားပြီးတော့ တစ်ခုခုကို မလုပ်ပြနိုင်ရင် ကျုပ်ဆက်တိုက်မှာ” မိုးမခနတ်ဘုရား ပြောလိုက်၏။
ထာဝရနန်းတော်မှ ဂိုဏ်းခေါင်းဆောင်အိုကြီးမှာ မျက်နှာပျက်ယွင်းနေလေပြီ။ ခေါင်းလောင်းကြီး၏ပိုင်ရှင်လည်း ထို့အတူပင်။ ယခင်က သူတို့သည် ပြိုင်ဘက်ကင်းကာ သူတို့၏အော်ရာသည်လည်း တောင်များနှင့် မြစ်များကိုပင် ဝါးမြိုနိုင်ခဲ့သည်။ သို့သော် ယနေ့တွင်တော့ သူတို့သည် တစ်ဖက်လူကို အသနားခံရကာ တစ်စုံတစ်ယောက်၏အကူအညီကို ရယူခဲ့ရသည်။
တစ်ဖက်တွင်ရှိနေသည့် မသေမျိုးသက်ရှိနှင့် ချီသော်လင်းတို့ဘက်တွင်လည်း သူတို့ကို ဝိုင်းထားသည့်သူများမှာ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေကြလေပြီ။ မိုးမခနတ်ဘုရားဘက်မှ အခြေအနေများကို မြင်လိုက်ရသည့်အချိန်တွင် သူတို့အေးခဲသွားရသည်။
အထူးသဖြင့် ရှီဟောင်ကို သတ်ချင်နေခဲ့ကြသည့် ကျွမ်းကျင်သူများပင်။ ယခုအချိန်တွင် သူတို့အမူအရာများမှာ အလွန်ပင် ရုပ်ဆိုးနေလေပြီ။
ဝုန်း..
မသေမျိုးသက်ရှိ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ သူ၏လက်အောက်တွင် သေသွားသည့် ဂိုဏ်းခေါင်းဆောင်များ ရှိသည်ပင်။ ဘယ်နှယောက် သေသွားပြီလဲဆိုတာတောင် မသိနိုင်တော့ပေ။
“မင်း..” အခြားသူများမှာ ဒေါသထွက်နေသော်လည်း သူတို့ဘာလုပ်နိုင်မည်နည်း.. တစ်ဖက်မှာ တိုက်ပွဲမှာ ပြီးသွားပြီဖြစ်ပြီး မိုးမခနတ်ဘုရားသည် ဤနေရာသို့ လျှောက်လာနေပြီဖြစ်သောကြောင့် သူတို့သည် သေချာပေါက် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
“မင်းတို့တွေက သူ့ကို အပြစ်သားသွေးမျိုးဆက်လို့ နာမည်တပ်ရအောင် ဘယ်က သတ္တိတွေ ရလာတာလဲ” မိုးမခနတ်ဘုရားသည် ဤလူများကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။
မသေမျိုးသက်ရှိ၊ ချီသော်လင်း၊ ဥဒေါင်းနတ်အရှင်၊ ဂိုဏ်းခေါင်းဆောင်ကိုးယောက်တို့နှင့် တိုက်ခိုက်နေခဲ့ကြသည့်သူများမှာ တုန်ယင်လာကြလေပြီ။
သူတို့ နောက်ပြန်ဆုတ်ချင်သော်လည်း ရန်သူများကြားတွင် ပိတ်မိနေလေပြီ။
ဖူး..
မိုးမခနတ်ဘုရားလှုပ်ရှားလိုက်သည်။ သူသည် မိုးမခသစ်ကိုင်းတစ်ခုဖြင့် လူတစ်ယောက်ကို ထိုးဖောက်ပစ်လိုက်လေသည်။
“ငါတို့ တိုက်ခိုက်မှုကို ရပ်စဲချင်တယ် .. ဒီငြင်းခုံမှုကို အဆုံးသတ်ချင်တယ်” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူတို့သာ ဆက်တိုက်နေမည်ဆိုလျှင် သူတို့ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်လိမ့်မည်ပင်။ ထာဝရနန်းတော်မှ ဂိုဏ်းခေါင်းဆောင်အိုကြီးပင် ရှုံးနိမ့်သွားသောကြောင့် မည်သူက မိုးမခနတ်ဘုရား၏ ပြိုင်ဘက်ဖြစ်နိုင်တော့မည်နည်း..
ရွှီး..
မိုးမခနတ်ဘုရား နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။ သူ၏ပစ်မှတ်များမှာ ရှီဟောင်အား အပြစ်သားသွေးမျိုးဆက်ဟု ခေါ်ခဲ့သည့်သူများပင်။ အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် နောက်ထပ်လူတစ်ယောက် သေသွားလေပြီ။
“ခင်ဗျားဘာလို့ ထပ်တိုက်နေသေးတာလဲ .. ခင်ဗျားမတိုက်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ ဆက်တိုက်ပင် နောက်ဆုတ်လိုက်ကြလေ၏။
သို့သော်လည်း မသေမျိုးသက်ရှိ၊ အစိမ်းရောင်ကောင်းကင်ပန်၊ ချီသော်လင်းနှင့် အခြားသူများမှာ တိုက်ခိုက်နေဆဲပင်။
“မင်းတို့တွေ ရပ်ချင်တာနဲ့ ရပ်သွားမှာတဲ့လား .. အခု ငါ မင်းတို့ပြောတဲ့ ‘အပြစ်သားသွေးမျိုးဆက်’ရဲ့ ခွန်အားကို ပြသနေတာလေ” မိုးမခနတ်ဘုရား တည်ငြိမ်စွာ ပြောလိုက်သည်။
ဖူး..
သူနောက်တစ်ခေါက်ထပ် လှုပ်ရှားလိုက်သည်နှင့် သူ၏လက်ဝါးမှ နတ်သက်တံ့တစ်ခု ထွက်ပေါ်လာကာ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို ပေါက်ကွဲသွားအောင် လုပ်လိုက်လေ၏။
မိုးမခနတ်ဘုရားသည် ဤနေရာသို့ ရောက်သည်နှင့် လူသုံးယောက်ကို ဆက်တိုက်သတ်လိုက်လေပြီ။
ထိုအချိန်မှသာ သူရပ်တန့်သွားလေ၏။
ထာဝရရှေးဟောင်းမြေမှလာသည့် ဂိုဏ်းခေါင်းဆောင်ကိုးယောက်မှာမူ စိတ်လှုပ်ရှားနေကြသည်။ ဤသည်မှာ သူတို့ကိုးကွယ်ခဲ့သည့် ဂါးဒီးယန်း ဝိဉာဉ်ပင်။
ထိုအချိန်တွင် မသေမျိုးသက်ရှိသည် အနည်းငယ် မကျေမနပ်ဖြစ်သွားကာ မိုးမခနတ်ဘုရားထံသို့ တိတ်တဆိတ် အသံပို့လွှတ်လိုက်သည်။ “ခင်ဗျားဘာလို့ ရပ်လိုက်တာလဲ” သူသည် နောက်ထပ်နည်းနည်းလောက်ကို ထပ်သတ်ချင်သေးသည်ပင်။
“ငါ့ရဲ့ခန္ဓာကိုယ်အစစ်လာတယ်လို့ မင်းထင်နေတာလား .. မူလဂိတ်ထဲကို ဝင်သွားရင် ဘယ်သူမှ ပြန်ထွက်မလာနိုင်ဘူး .. တကယ်လို့ မထင်မှတ်ထားတာ တစ်ခုခုမဖြစ်ရင် ငါ့ရဲ့ခန္ဓာကိုယ်အစစ်က ဒီလောကမှာ ဘယ်တော့မှာ ပြန်ပေါ်လာနိုင်တော့မှာမဟုတ်ဘူး” မိုးမခနတ်ဘုရား တိတ်တဆိတ်ပြောလိုက်သည်။
“ဘာ .. ဒါက ခင်ဗျားရဲ့ခန္ဓာကိုယ် အစစ်မဟုတ်ဘူးလား .. အဲဒါဆိုရင် ခင်ဗျားက..” သူမြင်နေရသည့် မိုးမခနတ်ဘုရားသည် ခန္ဓာကိုယ်အစစ် မဟုတ်ဘူးဟု သူတစ်ခါမှ မတွေးဖူးခဲ့ပေ။
“ငါ အရင်တုန်းက စစ်ပွဲတံဆိပ်တွေ နည်းနည်းချန်ထားခဲ့တာ .. ထာဝရရှေးဟောင်းမြေထဲက မြို့ခံတွေ ကိုးကွယ်နေတဲ့ ရွှေရောင်မိုးမခသစ်ပင်ကငါပဲ .. ငါဒီမှာ ရှိနေနိုင်တဲ့အချိန်ကလည်း အကန့်အသတ်ရှိတယ်” မိုးမခနတ်ဘုရား တိတ်တဆိတ်ပြန်ဖြေလိုက်သည်။
ရှီဟောင်လည်း ဤသည်ကို ကြားနေရသည်ပင်။ အဘယ်ကြောင့်ဆိုသော် မိုးမခနတ်ဘုရားသည် သူ့အားလည်းစကားပြောနေပြီး ဘာကိုမှ မထိန်ချန်ထားပေ။
“မိုးမခနတ်ဘုရား…” ရှီဟောင် ထိတ်လန့်သွားရသလို တစ်ချိန်တည်းမှာပင် ဝမ်းနည်းသွားရသည်။
“မိုးမခနတ်ဘုရား ကျွန်တော် မိုးမခနတ်ဘုရားတို့ရဲ့ လောကထဲ ရောက်အောင်လုပ်ပြီးတော့ မိုးမခနတ်ဘုရားကို လာရှာမယ်” ရှီဟောင် စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။
ထိုအချိန်တွင် အဖြူရောင်လိပ်အိုကြီး၊ ကောင်းကင်ခစားခြင်းဂိုဏ်း၊ နှင်းဖီးနှစ်လူမျိုးစု၏ ဂိုဏ်းခေါင်ဆောင်အိုကြီးနှင့် နတ်နန်းဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်များပင် လျှောက်လာကြလေသည်။
အမှန်တကယ်တွင် ဤနေရာသို့ လျှောက်လာသည့် အခြားလူအနည်းငယ်လည်း ရှိသေးသည်။
အချို့သူများသည် မတိုက်ခိုက်ကြသော်လည်း အဆင့်နိမ့်နယ်မြေတွင်မူ မိုးမခနတ်ဘုရားနှင့် တိုက်ခိုက်ခဲ့သည်သာ။
သို့သော် သူတို့ယခုရောက်လာရသည့် ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ သူတို့သည် ရန်စများကို ပြေလည်ရန် လာရောက်ညှိနှိုင်းခြင်းပင်။
အမှန်တကယ်တွင် ရှီဟောင်ကို ကာကွယ်ပေးချင်သည့်သူများရှိခဲ့သော်လည်း မိုးမခနတ်ဘုရား ရောက်လာသည့်အချိန်တွင် သူတို့ကာကွယ်ခွင့် မရတော့ပေ။
ယခုမှသာ သူတို့၏ရပ်တည်ချက်ကို ထုတ်ဖော်ပြလာခြင်းပင်။
“ဒီတိုက်ပွဲကို ဒီမှာပဲ အဆုံးသတ်မယ်” မိုးမခနတ်ဘုရား ပြောလိုက်သည်။
အားလုံး သဘောတူလိုက်ကြလေ၏။
“ဒါပေမဲ့ တစ်ခုကိုတော့ ရှင်းအောင်ပြောလိုက်မယ် .. ရှီဟောင်က ငါ့ရဲ့တပည့် .. ဒီနေ့ကစပြီးတော့ ငါ့တပည့်ကို အနိုင်ကျင့်ရဲတဲ့သူအားလုံး၊ ငါ့တပည့်ကို ဖိနှိပ်ဖို့ကြိုးစားတဲ့သူအားလုံးက ငါနဲ့ စစ်ကြေငြာလိုက်တာပဲ” မိုးမခနတ်ဘုရား နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး တုန်လှုပ်သွားကြလေသည်။
အချို့လူများမှာ အတွင်းသတင်းများ သိထားသောကြောင့် ရှီဟောင်နှင့် မိုးမခနတ်ဘုရားတို့ အဆင့်နိမ့်နယ်မြေတွင် ရင်းနှီးသည့် ဆက်ဆံရေး ရှိသည်ကို သိကြသည်ပင်။
သို့သော် လူအများစုမှာမူ ယခုမှ ဤအကြောင်းကို ကြားဖူးခြင်းဖြစ်သောကြောင့် သူတို့အတော်လေး တုန်လှုပ်သွားရသည်။ မိုးမခနတ်ဘုရားသည် မသေမျိုးသက်ရှိအတွက် လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သူတို့ထင်ထားခဲ့ခြင်းပင်။
“စီရင်စုသုံးထောင်ကလူတွေ .. ဘယ်မျိုးဆက်ကပဲဖြစ်ဖြစ် သူတို့ထက် အဆင့်နိမ့်တဲ့သူကို အနိုင်ကျင့်ရဲတဲ့ဘယ်သူမဆို ငါ သူတို့ဆီကို အလည်သွားပြီးတော့ သူတို့မျိုးဆက်တွေကို ရှင်းပစ်မယ်” မိုးမခနတ်ဘုရား ပြောလိုက်သည်။
အားလုံး ထိတ်လန့်သွားရ၏။ ဤလူငယ်လေးသည် မိုးမခနတ်ဘုရား၏ စိတ်ထဲတွင် မည်ကဲ့သို့သော နေရာမျိုးရနေသည်ကို စဉ်းစားကြည့်နိုင်သည်ပင်။
ဤသည်မှာ ဂိုဏ်းအားလုံးကို သတိပေးလိုက်ခြင်းပင်။ ရှီဟောင်ကို လုပ်ကြံရဲသည့်သူအားလုံးကို မိုးမခနတ်ဘုရားသည် သူတို့၏မျိုးဆက်ကို ရှင်းပစ်မည်ဖြစ်ကြောင်း ကြေငြာလိုက်ခြင်းပင်။