သုခကမ္ဘာက ရှီဟောင် - Chapter - 1215 မိုးမနတ်ဘုရား၏ နှလုံးသားထဲမှ လောက
“မိုးမခနတ်ဘုရား အဲဒါက ဘယ်လိုလောကမျိုးလဲ” ရှီဟောင် သိချင်မိပြီး ဤအဖြေကိုလည်း အမြဲတမ်း ရှာဖွေနေခဲ့သည်။
“ငါရင်းနှီးခဲ့တဲ့ လောကကြီးက မရှိတော့ဘူး .. ငါ့ရဲ့အမိမြေလည်း လောင်ကျွမ်းသွားခဲ့ပြီ … ငါသိတဲ့လူတွေလည်း သေကုန်ပြီ” မိုးမခနတ်ဘုရားသည် မိုးကုပ်စက်ဝန်းတွင်ရှိနေသည့် တောင်တန်းများကိုကြည့်ကာ ညှိုးငယ်စွာ ပြောလိုက်သည်။
သူဤကဲ့သို့ ညှိုးငယ်နေသည်ကို ယခု ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူ၏ သူငယ်ချင်းဟောင်းများ အသက်ရှင်ရန် ရုန်းကန်နေရသည့်ပုံကို ပြန်မြင်ယောင်လာသကဲ့သို့ပင်။
“မိုးမခနတ်ဘုရား” ရှီဟောင် ခေါ်လိုက်သည်။ ထိုမျက်လုံးများမှာ မြူများဆိုင်းနေသည်ကို တွေ့လိုက်ရသည်။ ထိုမျက်လုံးများသည် ယခင်က ရေကဲ့သို့ ကြည်လင်နေသော်လည်း ယခုမူ ချောက်နက်ကြီးကဲ့သို့ပင်။
ခပ်ဝေးဝေးတွင်ရှိနေသည့် မသေမျိုးသက်ရှိနှင့် ချီသော်လင်းတို့သည် ဤနေရာတွင်ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို မသိပဲ စောင့်ဆိုင်းနေကြဆဲပင်။
မိုးမခနတ်ဘုရားသည် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်ပြီး သက်ပြင်းချလိုက်သည်။
“ငါသွားနေတဲ့ နေရာက ဘယ်လောက်ဝေးမှန်း ငါလည်းမသိဘူး .. လမ်းကရှည်လျားလွန်းလှတယ် .. မူလဂိတ်ကို ဖြတ်ပြီးသွားတာတောင်မှ ရောက်ချင်မှ ရောက်မယ်ထင်တယ် .. ငါ့ရဲ့ခန္ဓာကိုယ်အစစ်က သွေးအိုင်အဖြစ် ပြောင်းရင်လည်း ပြောင်းသွားလောက်ပြီ” မိုးမခနတ်ဘုရားပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် တုန်လှုပ်သွားရသည်။ မိုးမခနတ်ဘုရားကဲ့သို့ စွမ်းအားကြီးသော သူမျိုးပင် မအောင်မြင်နိုင်ပါက မည်သူက အောင်မြင်နိုင်ဦးမည်နည်း..
သို့သော်လည်း သူထိုနေရာကို သွားကာ မိုးမခနတ်ဘုရားနှင့်အတူတူ လေ့လာချင်သေးသည်။ မိုးမခနတ်ဘုရားမှ သူ့အား ထိန်းကျောင်းခဲ့ခြင်းဖြစ်သောကြောင့် မိုးမခနတ်ဘုရားနှင့်အတူတူ တိုက်ခိုက်ချင်သေးသည်။
“ထာဝရရှေးဟောင်းခေတ်မှာတုန်းက ထာဝရသက်ရှိတွေ ရှိတယ် .. ဒါပေမဲ့ သူတို့တွေ အကုန်လုံး ကျရှုံးသွားပြီ .. ဒီခေတ်မှာ တကယ်အသက်ရှည်တဲ့သူကို မမြင်ရတော့ဘူး .. အဲဒီတော့ ဘာများလုပ်နိုင်ဦးမှာလဲ” မိုးမခနတ်ဘုရား တီးတိုးပြောလိုက်သည်။
“ကျွန်တော့်ကို အချိန်ပေးပါ .. ကျွန်တော် သေချာပေါက် အဲဒီတိုက်ပွဲတွေမှာ ဝင်ပါဖို့ အရည်အချင်းပြည့်လာမှာပါ” ရှီဟောင် ပြောလိုက်သည်။
“အရင်တုန်းက ထာဝရသက်ရှိတွေတောင်မှ အားလုံး တိုက်ပွဲမှာ သေသွားပြီ .. မင်းအဲဒီအဆင့်ရောက်ရင်တောင်မှ အားလုံးကို ပြောင်းလဲနိုင်မယ်လို့ ထင်နေတာလား” မိုးမခနတ်ဘုရား ပြန်မေးလိုက်သည်။
ရှီဟောင် တိတ်ဆိတ်သွားရ၏။ ထာဝရရှေးဟောင်းမြေထဲတွင် တွေ့ခဲ့ရသည့်အရာများကို သူပြန်စဉ်းစားမိသွားသည်။ သူနောက်ဆုံး သဘာဝကံကောင်းမှုရှိသည့်နေရာသို့ သွားသည့်အချိန်တွင် ‘စိတ်ပျက်ခြင်းနံရံ’ ကို တွေ့ခဲ့သေးသည်။
ဤသည်မှာ အတိတ်မှ မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများ၏ စိတ်ပျက်မှုများပင်။ ယခင်ခေတ်မှ ချန်ထားခဲ့သည့် သဘာဝကံကောင်းမှုများကို ရရှိလျှင်ပင် သူတို့ဘာကိုမှ ပြောင်းလဲနိုင်မည်မဟုတ်မှန်း ခံစားနေခဲ့ကြရခြင်းပင်။
ယခုအချိန်တွင် မိုးမခနတ်ဘုရားသည်လည်း အနည်းငယ် စိတ်ပျက်နေသည်ပင်။ ဤသည်မှာ ကျွမ်းကျင်သူများ ထွက်ပေါ်လာလျှင်ပင် ကောင်းကင်ကိုဆန့်ကျင်နိုင်ရန် ခက်ခဲကြောင်း ပြသနေခြင်းပင်။
“ကျွန်တော် ပိုပြီး သန်မာလာအောင် လုပ်ပါ့မယ် .. ကျွန်တော် ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာလောက ၁၀ခုက ရန်သူတွေအားလုံးကို ရှင်းပစ်မယ် .. ကျွန်တော် လုံးဝအကြောက်တရားမရှိအောင် နေမယ်” ရှီဟောင် ပြောလိုက်၏။
“အဲဒါလည်း မလုံလောက်သေးဘူး .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာလောက ၁၀ ခုမှာ ပြိုင်ဘက်ကင်းတယ်ဆိုတာက ဒီစုတ်ပြတ်နေတဲ့ ကမ္ဘာလောကမှာ စွမ်းအားအကြီးဆုံးဖြစ်နေရုံလေးပဲ ရှိသေးတာ” မိုးမခနတ်ဘုရား ခေါင်းခါကာ ပြောလိုက်သည်။
“ကျွန်တော် ပိုပြီး သန်မာအောင်လုပ်မှာ .. ကျွန်တော်တစ်ယောက်တည်းနဲ့ တိုက်ပွဲတစ်ခုရဲ့ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်တဲ့အထိ .. ပြိုင်ဘက်တွေအားလုံးရဲ့ အထက်မှာ ရှိအောင် လုပ်မှာ” ရှီဟောင် ပြောလိုက်သည်။
အဲဒီနေ့ တကယ်ရောက်လာမှာလား .. မိုးမခနတ်ဘုရားသည် ထိုနေရာတွင်သာ ရပ်နေပြီး ကောင်းကင်ထက်သို့ ကြည့်နေလေ၏။ ရှီဟောင်၏စကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင့်ကို ကြည့်လာပြီးနောက် သက်ပြင်းချလာလေ၏။
ဤလမ်းမှာ ခက်ခဲလွန်းလှပြီး လမ်းတစ်လျှောက်တွင်လည်း လူများစွာကို ဆုံးရှုံးရလိမ့်မည်။
“နှစ်ပေါင်းများစွာ ကြာပြီးရင်တော့ အဲဒီလိုလူ ရှိရင်ရှိလာမှာပေါ့ … သူ့နောက်မှာ အဆုံးမရှိတဲ့အချိန်တွေ ထားခဲ့ပြီးတော့ သူ့ရဲ့ နတ်တာအိုတွေနဲ့အတူ အချိန်မြစ်ပေါ်မှာ တစ်ယောက်တည်းရပ်နိုင်တဲ့သူ ..” မိုးမခနတ်ဘုရား ပြောလိုက်သည်။
ထို့နောက်တွင် သူသည် ရှီဟောင်ဘက်သို့ လှည့်လိုက်ကာ “ဒါပေမဲ့ ငါမင်းကို အဲဒီလမ်း မလျှောက်စေချင်ဘူး .. ဘာလို့လဲဆိုတော့ မင်း အများ အများကြီး ဆုံးရှုံးရလိမ့်မယ်”
“မိုးမခနတ်ဘုရား ကျွန်တော့်ကို ပြောပြလို့ရမလား … မိုးမခနတ်ဘုရား ဘယ်လောကကို သွားနေတာလဲ” ရှီဟောင် မေးလိုက်၏။
“ထာဝရရှေးဟောင်းစစ်မြေပြင်က အရမ်းကို ခါးသီးတဲ့နေရာတစ်ခု .. အဲဒီကို ရောက်သွားတဲ့သူတွေထဲမှာ ဘယ်သူမှ နောက်ဆုံးနေရာထိကို မရောက်ဖူးသေးဘူး … ငါလည်း အဲဒီနောက်ဆုံးအဆင့်ကို ရှာနေတုန်းပဲ” မိုးမခနတ်ဘုရား ပြောလိုက်၏။
ရှီဟောင် နားလည်သွားလေပြီ။ မိုးမခနတ်ဘုရား ပြောသည့်နေရာမှာ ထိုပြိုင်ဘက်များ ရှိနေသည့်နေရာပင် ဖြစ်လိမ့်မည်။ ထိုသူများသည် စီရင်စုသုံးထောင်နှင့် မသက်ဆိုင်သလို အခြားနေရာများနှင့်လည်း မသက်ဆိုင်ပေ။
“ကျွန်တော် လုံလုံလောက်လောက် သန်မာလာအောင် လုပ်ပါ့မယ် .. ကျွန်တော် အဲဒီနေရာကို ရောက်အောင်လုပ်ပြီး မိုးမခနတ်ဘုရားနဲ့အတူတူ တိုက်ခိုက်မယ်” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အဲဒီနေရာက ဘယ်လိုနေရာလဲဆိုတာ မင်းသိလား .. အဲဒီကိုရောက်ဖို့ ဘယ်လောက်ကြာမလဲဆိုတာကိုရော .. ဝင်ပါနိုင်ဖို့အတွက် ကျင့်ကြံဆင့်က ဘယ်လောက်ရှိရမလဲဆိုတာကိုရော မင်းသိလား” မိုးမခနတ်ဘုရားသည် ခေါင်းခါလိုက်ကာ “မင်းမသိဘူး .. မင်းဘာမှ နားမလည်ဘူး..”
“ဘာပဲဖြစ်ဖြစ် ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ”
မိုးမခနတ်ဘုရားသည် ခေါင်းခါလိုက်ကာ “ကောင်းကင်ကြီးပြိုကျသွားပြီးတော့ ကမ္ဘာကြီးပြောင်းပြန်ဖြစ်သွားတဲ့ အချိန်ကျရင် မင်းတစ်ယောက်တည်းပဲ ကျန်ခဲ့တော့မယ် .. မင်းက ပြိုင်ဘက်ကင်းတယ်ဆိုပေမယ့် မင်းနောက်လှည့်ကြည့်လိုက်တဲ့အချိန်ကျရင် အမှတ်တရတွေပဲ ရှိတော့မယ် .. မိန်းမလှလေးတွေက ဆံပင်တွေဖြူပြီးတော့ မြေကြီးအောက်ထဲ မြှုပ်ခံရမယ်.. သူငယ်ချင်းဟောင်းတွေကလည်း ဆုတ်ယုတ်လာပြီးတော့ အုတ်ဂူထဲမှာ ထာဝရအိပ်စက်နေမယ်ဆိုရင်ရော ထိုက်တန်တယ်လို့ မင်းခံစားရလား”
ရှီဟောင် အံကြိတ်လိုက်သည်။ ထူးခြားသည့် မိုးမခနတ်ဘုရားသည် အဘယ်ကြောင့် ဤမျှ ယုံကြည်ချက်ကင်းမဲ့နေသလဲဆိုသည်ကို သူမသိ။ သူက ဘာကြောင့် သူ့ကို ဒီလိုမျိုးတွေ လာပြောနေတာလဲ..
မိုးမခနတ်ဘုရားသည် ပြိုင်ဘက်ကင်းကာ အားလုံးအထက်တွင်ရှိနေသင့်သည့် သူတစ်ယောက်ဖြစ်သော်လည်း ယခုတော့ သူ့ကို ပြန်လမ်းမရှိသည့်လမ်းပေါ် အလောတကြီး မလျှောက်ရန် သတိပေးနေသည်။
“ကျွန်တော့်ဆုံးဖြတ်ချက်က သံမဏိလိုပဲ ခိုင်မာပါတယ် .. ကျွန်တော် ခြေလှမ်းကျယ်ကျယ်လှမ်းမယ် .. သတ္တိရှိရှိ ရှေ့ဆက်သွားမယ်” ရှီဟောင် ကျယ်လောင်စွာ ပြောလိုက်သည်။
“အဲဒါဆိုရင် မင်းလုံလောက်တဲ့အဆင့်ထိရောက်အောင် ငါတို့စောင့်မယ် .. အဲဒီအချိန်ကျရင် ငါဘာမှမပြောရင်တောင် မင်းအဲဒီအရာတွေ တွေ့ကြုံရပြီး အားလုံးနားလည်သွားလိမ့်မယ်” မိုးမခနတ်ဘုရား ပြောလိုက်၏။
“ကျွန်တော် အဲဒီလောကကို ဘယ်လိုဆက်သွားရမလဲ” ရှီဟောင် မေးလိုက်၏။
“နယ်ခြားစပ် စစ်ဆေးမှုကို အရင်ဖြတ်လိုက်ပါ” မိုးမခနတ်ဘုရား ပြောလိုက်သည်။
ရှီဟောင် တုန်လှုပ်သွားရသည်။ မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများသည် ထိုနယ်ခြားစပ်ကို မည်သူမှ ဖြတ်သန်းမသွားစေရန် စောင့်ကြပ်နေကြသည်။ သို့သော်လည်း ယခုတော့ သူထိုနယ်ခြားစပ်ကို ဖြတ်သန်းကာ သူ့လမ်းကို ဖောက်ရတော့မည်။
ဤသည်မှာ ခက်ခဲလွန်းလှသည်။
အဆင့်မြင့်နယ်မြေမှာ အဲဒီလိုမျိုးလုပ်နိုင်တဲ့သူရော ရှိရဲ့လား .. အနည်းဆုံးတော့ အခုအချိန်ထိ ဘယ်သူမှ အဲဒီအဆင့်ကို မရောက်သေးဘူး..
“အဲဒါဆိုရင်လည်း ကျွန်တော် ထူးခြားဆန်းကြယ်မှုတစ်ခုကို လုပ်မယ် .. သမိုင်းကြောင်းကို ပြောင်းလဲပြီးတော့ အားလုံးရဲ့အထက်မှာ ရှိနေအောင် လုပ်မယ် .. ကျွန်တော့် တစ်နေ့တော့ အနှေးနဲ့အမြန် အဲဒီနေရာကို ရောက်မှာ” ရှီဟောင် ကျိန်ဆိုလိုက်သည်။
ထို့နောက်တွင် မိုးမခနတ်ဘုရားသည် သူ့အား ကျောက်တုံးကျေးရွာ၏ အတိတ်အကြောင်း၊ အဆင့်နိမ့်နယ်မြေမှ သူ၏သူငယ်ချင်းဟောင်းများအကြောင်းအပါအဝင် အကြောင်းအရာများစွာကို ပြောပြနေလေသည်။ ဝမ်းနည်းရမည့်အရာများကို သူဆက်မပြောချင်တော့။
ဤတံဆိပ်မှာ မိုးမခနတ်ဘုရား မူလဂိတ်တံခါးထဲသို့ မဝင်မှီက ချန်ထားခဲ့သည့် တံဆိပ်ပင်။ သူ့ထံတွင် အချိန်သိပ်မရှိတော့ .. သူပြိုကွဲသွားတော့မည်။
ရှီဟောင် အလွန်ဝမ်းနည်းသွားရသည်။ မိုးမခနတ်ဘုရား၏ ခန္ဓာကိုယ်အစစ်လည်း ထိုအရိုးဖြူဂိတ်တံခါးထဲသို့ ဝင်သွားပြီး ပြန်ထွက်မလာနိုင်မည်ကို သူကြောက်မိသည်။
ထို့ကြောင့်ပင် မိုးမခနတ်ဘုရား အရေးကြီးသည့် အကြောင်းအရာများကို မပြောလျှင်ပင် သူမေးခွန်းထုတ်နေဆဲပင်။
“ကောင်းပြီလေ ..ငါ လွင့်ပြယ်တော့မယ် .. ငါထွက်မသွားခင် ငါမင်းကို နောက်ဆုံးပညာတစ်ခု ပြခဲ့မယ် .. နောင်အနာဂတ်မှာ တစ်ခုခု ဖြစ်လာနိုင်လားဆိုတာ ကြည့်ကြတာပေါ့” မိုးမခနတ်ဘုရား ပြောလိုက်သည်။
ဒါက ဘာနည်းလမ်းလဲ .. သူအနာဂတ်ကို မြင်ရမှာလား .. ရှီဟောင် တုန်လှုပ်လာရသည်။
မိုးမခနတ်ဘုရား ဤပညာကို အသုံးပြုနိုင်သည့် အကြိမ်အရေအတွက်မှာ အကန့်အသတ်ရှိသည်ပင်။
ယခု ရှီဟောင်တစ်ယောက်တည်းကို သပ်သပ်ပြမည်ဖြစ်သောကြောင့် သူရှီဟောင်အား မည်မျှအလေးထားနေသည်ကို သိနိုင်ပေသည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် မသေမျိုးသက်ရှိ၏ အမူအရာ ပြောင်းလဲသွားသည်။ ချီသော်လင်းသည်လည်း ဘာဖြစ်လာမည်မှန်း မသိရသောကြောင့် စိတ်ရှည်လက်ရှည်ပင် စောင့်နေလေသည်။
“မင်းကြည့်ချင်တာ သေချာလား” မိုးမခနတ်ဘုရား မေးလိုက်သည်။
“ကျွန်တော်…” ရှီဟောင် နည်းနည်းကြောက်နေမိသည်။ သူတကယ် အနာဂတ်ကို မြင်ရတော့မှာလား .. သူကြိုမြင်လိုက်ရရင် သူ့အတွက် ဘာသက်ရောက်မှုတွေ ဖြစ်သွားနိုင်သလဲ … သူနဲ့ မိုးမခနတ်ဘုရားအတွက် ကောင်းတာလား ဆိုးတာလား..
“ကျွန်တော် ကြည့်ချင်တာ သေချာပါတယ်” နောက်ဆုံးတွင်တော့ သူဆုံးဖြတ်ချက်ချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသို့ကြည့်မှသာလျှင် သူကိစ္စများကို ပို၍နားလည်ပြီး မိုးမခနတ်ဘုရား၏စိတ်ကိုလည်း ပို၍နားလည်လိမ့်မည်။
“ကောင်းပြီလေ .. ငါနည်းနည်းလောက် ပြင်ဆင်လိုက်ဦးမယ်” မိုးမခနတ်ဘုရား ခေါင်းညိမ့်လိုက်၏။
ခဏကြာပြီးသည့်နောက်တွင် မိုးမခနတ်ဘုရားသည် တောင်ထိပ်ပေါ်တွင် ထိုင်ချလိုက်ပြီး နေနှင့်လစွမ်းအင်များကို စုတ်ယူလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် စကြာဝဠာကြီးနှင့် ပဲ့တင်ရိုက်ခတ်နေသကဲ့သို့ ကောင်းကင်ထက်ရှိကြယ်များကဲ့သို့ စည်းချက်ကျလာလေ၏။
သူ၏အဖြူရောင်အဝတ်အစားများသည် ထာဝရစွမ်းအင်ကဲ့သို့ အဖြူရောင်မြူများဖြစ်သွားပြီး သူ၏ပုံရိပ်လည်း မှုန်ဝါးသွားလေသည်။ လောကကြီးပင် အရောင်အဆင်းကင်းမဲ့သွားသလိုပင်။
ထိုအချိန်တွင် မိုးမခနတ်ဘုရားကို ဗဟိုပြုကာ ထူးဆန်းသည့်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာလေ၏။ သူတို့သည် ကမ္ဘာဦးအစသို့ ပြန်ရောက်သွားသလိုပင်။
ဖရိုဖရဲမြူများကျဆင်းလာကာ လေထဲတွင်လည်း ထာဝရစွမ်းအင်များ ထွက်ပေါ်လာလေသည်။ ကမ္ဘာမပွင့်မီက ရှိနေခဲ့သည့် သက်ရှိများကိုပင် သူမြင်လိုက်ရသည်။ အတော်လေး ဝေးသည့်နေရာတွင် တိုက်ပွဲတစ်ခု ဖြစ်နေလေ၏။
“အမ်..” ရှီဟောင် ဆွံ့အသွားရ၏။ သူမြင်လိုက်ရတဲ့မြင်ကွင်းက အစစ်လား..
ဝုန်း..
ရုတ်တရက်ပင် မိုးကြိုးသံတစ်ခု ထွက်ပေါ်လာပြီး သူ၏အတွေးများကို ဖြတ်တောက်လိုက်လေ၏။
မိုးမခနတ်ဘုရားသည် တံဆိပ်များကို ဆက်တိုက်ပြုလုပ်ပြီး ကျမ်းစာများကိုလည်း ရွတ်ဖတ်နေလေသည်။ ရုတ်တရက်ပင် လေပြင်းများလည်း တိုက်ခတ်လာပြီး အချိန်အပိုင်းအစများ လွင့်မြောလာလေ၏။
အားလုံး ပြောင်းလဲသွားလေပြီ။ မိုးမခနတ်ဘုရားသည် ရှီဟောင်သိချင်နေသည့် အနာဂတ်အကြောင်းအရာများကို သိနိုင်ရန်အတွက် နတ်စွမ်းရည်တစ်မျိုးကို ပြသနေလေပြီ။
ဝုန်း..
ထိုအချိန်တွင် ထာဝရသက်ရှိနှင့် နတ်ဆိုးများ ဟစ်ကြွေးလာပြီး အားလုံးမှာ လေဟာနယ်ပုံရိပ်များ၊ တံဆိပ်များပင်။ ဤသည်မှာ တိုက်ပွဲထဲတွင် သေဆုံးသွားသည့်သူများ၏ ဝိဉာဉ်များပြန်ပေါ်လာခြင်းပင်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် ပုံမှန်မဟုတ်သည့် မြင်ကွင်းမျိုးစုံ ပေါ်လာလေပြီ။
“မင်းဘာမြင်ချင်တာလဲဆိုတာ နက်နက်နဲနဲတွေးလိုက်” မိုးမခနတ်ဘုရား အော်ပြောလိုက်သည်။
သူသည် သူ၏နောက်ဆုံးလက်ကျန်အင်အားလေးဖြင့် ဤပညာကို အသက်သွင်းလိုက်ခြင်းပင်။
ဝုန်း..
သူတို့မျက်စိရှေ့တွင် မြစ်ကြီးတစ်ခု ပေါ်လာလေသည်။
ဒါက အချိန်မြစ်လား .. ရှီဟောင်မသိသော်လည်း သူ၏စိတ်ကို တုန်လှုပ်စေသည့် မြင်ကွင်းအချို့ကို သူတွေ့လိုက်ရသည်။
ဒါက ရှေးခေတ်ကလူတွေလား .. တစ်ခဏအတွင်းမှာပင် သူတို့သည် ငယ်ရွယ်နုပျိုသည့်အရွယ်မှ တစ်ဖြည်းဖြည်း အသက်ကြီးလာကာ အကျဘက်သို့ ရောက်လာလေ၏။
သူတို့ အသက်ကြီးသည်ဆိုသည်မှာလည်း နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာသည်သာ။
“အချိန်အများကြီး မကျန်တော့ဘူး .. မြန်မြန်လုပ်” မိုးမခနတ်ဘုရား ဆော်ဩလိုက်သည်။
ရှီဟောင်သည် ဘေးဘက်မှ မြင်ကွင်းများကို ကြည့်မနေတော့ပဲ နောက်ဆုံး ဦးတည်ချက်ကိုသာကြည့်ချင်တော့သည်။
ဝုန်း..
အချိန်မြစ် ထွက်ပေါ်လာပြီး မြင်ကွင်းအားလုံး ပြောင်းလဲသွားသည်။ သူသည် အရှေ့ဘက်သို့ ပြေးနေသလိုပင်။
သူအမြင်ချင်ဆုံး အနာဂတ်၊ သူနားအလည်ချင်ဆုံး အနာဂတ်ကို သူမြင်လိုက်ရသည်။
ထိုအချိန်တွင် ရှီဟောင်သည် သူနှင့်တစ်ပုံစံတည်းတူသည့် အခြားတစ်ယောက်ကို မြင်လိုက်ရသည်။ သို့သော် ဤတစ်ယောက်သည် ပို၍ အတွေ့အကြုံများပြားသည်ပင်။
ဤလူမှာ အလွန်ငယ်ရွယ်သေးသော်လည်း သူ၏မျက်လုံးများတွင်မူ အဆုံးမရှိသည့် ပြောင်းလဲမှုများ ရှိနေသည်။ သူသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို မြင်နေရသလိုပင်။
ရှီဟောင် ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏အခြားတစ်ယောက်မှာ လက်ရှိသူ့အား မြင်နေရသလိုပင်။ သူ၏မျက်လုံးထဲတွင် အထီးကျန်မှုများ ရှိနေသည်။
ဒီလောကမှာ တစ်ယောက်တည်း..
သူသည် တာအိုပေါင်းတစ်သောင်းထက်တွင် ရပ်နေပြီး နှစ်ပေါင်းများစွာမှ ဝမ်းနည်းမှုများကို သည်းခံနေရသည်။ သူနောက်ကြည့်လိုက်သည့်အချိန်တွင် တကယ်ကို ဘာမှမရှိတော့ပေ။
ဤမြင်ကွင်းမှာ ရှီဟောင်အား အတော်လေး တုန်လှုပ်သွားရသည်။
“မဟုတ်ဘူး .. ဘာလို့ငါတစ်ယောက်တည်း ကျန်ခဲ့တာလဲ .. ငါ မိုးမခနတ်ဘုရားရဲ့အရာအားလုံးကို တွေ့ချင်တယ် .. သူက ဘယ်ရောက်နေတာလဲ” ရှီဟောင် အော်ဟစ်လိုက်သည်။
ထို့နောက်တွင်တော့ သူ မိုးမခနတ်ဘုရားကို မြင်လိုက်ရလေပြီ။
မည်းတူးနေသည့် မိုးမခနတ်ဘုရားမှာ ထိုနေရာတွင် တိတ်တဆိတ်ပင် ရှိနေလေသည်။
ထိုလောကတွင်ရှိနေသည့် ထိုလူသည် ထိုနေရာတွင်ရပ်ကာ ကောင်းကင်ထက်သို့ ဟစ်ကြွေးလိုက်လေ၏။ သူ၏အသံမှာ တစ်ဖက်ခြမ်းကိုပင် တုန်ခါသွားစေနိုင်လေသည်။
“ငါမယုံဘူး” လက်ရှိလောကတွင်ရှိနေသည့် ရှီဟောင်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဘာလို့ ဒီလိုမြင်ကွင်းမျိုးဖြစ်နေတာလဲ..
ထိုလောကတွင် သူသည် နတ်တာအို၏ ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်သည်။ သူသည် အလွန်လည်း အထီးကျန်နေလေသည်။
သူ၏ဘေးတွင် မည်းနက်နေသည့် မိုးမခသစ်ပင်သာရှိတော့သည်။ သို့သော်လည်း ထိုသစ်ပင်သေဆုံးမှာလည်း သေဆုံးနေပြီဖြစ်ပြီး ထင်းပုံကြီအဖြစ်သာ ကျန်ရစ်ခဲ့ခြင်းပင်။
ဤမြင်ကွင်းမှာ သနားစရာ ကောင်းလွန်းလှသည်။
ဤလောကကြီးတွင် မည်သည့်သက်ရှိမှ မရှိတော့ပဲ သူတစ်ယောက်တည်းသာ မတ်တပ်ရပ်နေသည်။ မိုးမခနတ်ဘုရားပင်လျှင် ထင်းပုံအဖြစ်နှင့် သူ့အား အဖော်ပြုပေးနေသည်။
“ဒီလိုမဖြစ်ရဘူး .. အရာအားလုံး ပြောင်းလဲလို့ရတယ် .. အနာဂတ်ကို ငါပြောင်းလဲပစ်မယ်” ရှီဟောင် ဟစ်ကြွေးလိုက်၏။ ဤကဲ့သို့သော အဆုံးသတ်မျိုးကို သူလက်မခံနိုင်။ သူအရာအားလုံးကို ပြောင်းလဲပစ်မယ်…