သုခကမ္ဘာက ရှီဟောင် - Chapter - 1322 လေဟာနယ်ဘုရင် သားရဲ
ရှီဟောင်၏လက်ဝါးချက် လေဟာနယ်ထဲသို့ ရောက်သွားသည်နှင့် လေဟာနယ်မှာ မှန်တစ်ချပ်ကဲ့သို့ပင် ကွဲအက်သွားလေ၏။ နေရာအနှံ့သို့ အနက်ရောင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး အဆုံးမရှိသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေ၏။ ထို့အပြင် ထိုသက်ရှိ၏ ခန္ဓာကိုယ်အစစ်လည်း ပေါ်လာလေသည်။
ရှီဟောင် နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။ သူ၏လက်ချောင်းများမှာ အလင်းတန်းများထွက်ပေါ်လာကာ ဤနေရာပြိုကျသွားအောင်လုပ်လိုက်လေသည်။
သို့သော်လည်း သူ ထုတ်ဖော်လိုက်သည့်သက်ရှိမှာ ဤမျှကြီးမားလိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့ပေ။
ဤသည်မှာ ကြံ့ခန္ဓာကိုယ်ရှိသည့် သတ္တဝါကြီးပင်။ သူ၏ဦးခေါင်းထက်တွင် ဦးချို ၁၈ ခုရှိနေပြီး တောင်ငယ်လေးတစ်လုံးကဲ့သို့ ကျန်းပေါင်းများစွာ မြင့်မားနေသည်။
ခြေထောက်ခြောက်ချောင်းရှိကာ တစ်ချောင်းစီမှာလည်း တိုင်လုံးကဲ့သို့ ကြီးမားတုတ်ခိုင်နေလေ၏။ သူ၏ခြေထောက်အရေပြားများမှာ ကြံ့အရေပြားကဲ့သို့ထူမနေပဲ ချီလင်းအကြေးခွံဖြင့် ဖုံးလွှမ်းနေလေသည်။ သူ့နောက်တွင် မိကျောင်းအမြှီးလည်း ရှိနေလေ၏။
တစ်ချိန်တည်းမှာပင် သူသည် အစောပိုင်းက တိုက်ပွဲနေရာတွင်ရှိနေခြင်းမဟုတ်တော့သည်ကို ရှီဟောင် ထိတ်လန့်စွာ သိလိုက်ရသည်။ သူသည် ထိုလက်သီးချက်ကို ထုတ်ပြီးသည်နှင့် ထိုထူးဆန်းသည့်သားရဲနောက်လိုက်လာကာ တောအုပ်တစ်ခုထဲသို့ ရောက်လာလေပြီ။
“လေဟာနယ်သားရဲ..”
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤသည်မှာ ရှေးဟောင်စာများထဲတွင် မှတ်တမ်းတင်ထားသည်နှင့်အလွန်တူနေသည့် လေဟာနယ်သားရဲပင်။
အသက်ရှိနေတဲ့ လေဟာနယ် သားရဲ..
ဤသည်မှာ ရှေးဟောင်းစာများထဲတွင် မှတ်တမ်းတင်ထားသည့်သားရဲဖြစ်ပြီး လက်တွေ့တွင်ရှာတွေ့နိုင်ရန် မဖြစ်နိုင်တော့ပေ။ လေဟာနယ်သားရဲအစစ်ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ရှီဟောင် နယ်မြေ ၈ ခုတွင် ရှိနေစဉ်၌ ပျက်စီးနေသည့် လေဟာနယ်သားရဲအရေခွံကို တွေ့ခဲ့ရသည်။ ထို့နောက် စီရင်စုသုံးထောင်သို့ ရောက်သည့်အချိန်တွင် သူ ရှားပါးသည့်အရိုးလက်နက်များကိုသာ တွေ့ခဲ့ရသည်။ အသက်ရှိနေသည့် သက်ရှိကို မမြင်ဖူးခဲ့။
ဤသက်ရှိမှာ မျိုးတုန်းသွားပြီဟု ပြောကြလေသည်။ ရှေးခေတ်မှာပင် သိပ်မတွေ့ရပေ။
တောအုပ်အနားတွင် တိုက်ခိုက်နေကြသည့်သူများလည်း ဤမြင်ကွင်းကိုမြင်လိုက်သည်နှင့် ထိတ်လန့်သည့်အမူအရာ ဖြစ်သွားကြလေသည်။
အခြားတစ်ဖက်မှ ကျင့်ကြံသူများပင်လျှင် ထိတ်လန့်သွားကြလေ၏။ သူတို့ဘက်တွင် ဤမျှထူးဆန်းသည့်သက်ရှိ ပုန်းနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
“အဲဒီလိုလား .. ဒီလိုမျိုး သက်ရှိ ဘာလို့ အဲဒီလောက်ရှားပါးနေတာလဲလို့ အံ့ဩနေတာ လက်စသပ်တော့ တစ်ဖက်ခြမ်းက မျိုးစိတ်ဖြစ်နေတာကိုး..” ရှီဟောင် ရုတ်တရက် စဉ်းစားမိသွားသည်။
“အရူး .. ဒီနိမ့်ကျတဲ့ရှေးဟောင်းနယ်မြေဘက်ကို ရောက်လာတဲ့ လေဟာနယ်သားရဲတွေက သားရဲတွေဖြစ်သွားပြီ .. မင်းတို့နယ်မြေရဲ့ နိမ့်ကျတဲ့သွေးမျိုးဆက်နဲ့ပေါင်းလိုက်လို့ သူတို့သွေးမျိုးဆက်တွေက ငါတို့ထက် အများကြီး နိမ့်သွားပြီ .. သူတို့တွေက ဘယ်လိုလုပ် ငါ့ရဲ့ဘုရင်သွေးမျိုးဆက်နဲ့ ယှဉ်နိုင်မှာလဲ..” ထိုသက်ရှိမှ အေးစက်စွာ ပြောလိုက်သည်။ သူသည် ဤနယ်မြေရှိသက်ရှိများကို အထင်သေးနိမ့်ချနေခြင်းပင်။
ဤစကားလုံးများမှာ ကောာင်းကင်နတ်ဘုရားကျောင်းမှ တပည့်များကို ဒေါသထွက်စေသည်။ သို့သော်လည်း ဤသည်မှာ တကယ်ကို ထိတ်လန့်စရာကောင်းလှသည်။ လေဟာနယ်သားရဲမှာ အရှားပါးဆုံးနတ်သားရဲပင်။ သူတို့သည် လေဟာနယ်ကို ထိန်းချုပ်နိုင်ပြီး သူတို့အသုံးပြုသည့်ပညာများမှာ ထာဝရတာအိုအဆင့်ပင်။
ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင်ရှိနေသည့် သားရဲများမှာ တကယ်ကိုပင် ဤမျိုးဆက်မှ မသန့်စင်သည့်မျိုးဆက်များ ဖြစ်သွားလေပြီ။ လေဟာနယ်ဘုရင်လူမျိုးစုနှင့် မဆိုင်တော့။
ဤလေဟာနယ်သားရဲ အလွန်စွမ်းအားကြီးမည်မှာ ပြောစရာပင် မလို။
ဤကဲ့သို့သောစကားမျိုးအတွက် ရှီဟောင် တုံ့ပြန်ချက်မှာ ဤသားရဲအား သတ်ရန်ပင်။
ယခုအချိန်တွင် ဘာပြောပြော အသုံးဝင်မည် မဟုတ်။ ဤသားရဲကို သူ့ခြေထောက်အောက်တွင် ဖိထားလိုက်ပါက စကားများဖြင့်ပြောနေသည်ထက် ပို၍ အသုံးဝင်လိမ့်မည်။
သူ၏လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် ဘေးပတ်လည်ရှိ လေဟာနယ် ပျက်ယွင်းသွားလေသည်။ သူ၏လက်ချောင်းများမှာ ကျောက်စိမ်းများကဲ့သို့ပင် အနာအဆာ ကင်းမဲ့လှသည်။ သူသည် လက်ကို လွှဲရမ်းကာ အရှေ့ဘက်သို့ တိုက်ခိုက်လိုက်သည်။
ဒုန်း..
ဤလက်သီး၏စွမ်းအားမှာ ကြောက်စရာကောင်းလှပြီး ဤလက်သီးချက်ကို ခုခံနိုင်သည့်သူ အနည်းငယ်သာရှိသည်။
ဝုန်းဟူသည့်အသံ ထွက်ပေါ်လာပြီး အရပ်မျက်နှာပေါင်းစုံ တုန်ခါသွားလေ၏။
သို့သော်လည်း ရှီဟောင်သည် လေကိုသာ ရိုက်မိသွားလေသည်။
ထိုလေဟာနယ်သားရဲမှာ မူလနေရာတွင် မရှိတော့ပေ။ သူသည် အရိပ်တစ်ခုကဲ့သို့ပင် ပျောက်ကွယ်သွားလေ၏။
ဤသားရဲကြီးသည် ကျန်းပေါင်း ရာပေါင်းများစွာ မြင့်မားသော်လည်း သူ၏လှုပ်ရှားမှုများမှာ သွက်လက်လှသည်။
ရှီဟောင်၏လက်သီးတစ်ဝိုက်တွင် မီးတောက်များကဲ့သို့ နတ်အလင်းများထွက်ပေါ်လာကာ အပေါ်ဘက်သို့ တက်သွားလေသည်။ သူ့နောက်တွင် ပို၍ကြီးမားသည့် နတ်ခွန်အားလှိုင်းများထွက်ပေါ်လာပြီး တိမ်များထံသို့ တရှိန်ထိုး ဦးတည်သွားလေသည်။
ဤလက်သီးမှာ အံ့အားသင့်ရလောက်အောင် စွမ်းအားကြီးသည်။ သို့သော်လည်း သူ့ပြိုင်ဘက်ကို မထိနိုင်သေး။
“ငါတို့သွေးမျိုးဆက်က အားလုံးရဲ့ဘုရင်တွေပဲ .. အားလုံးရဲ့အထက်မှာရှိနေတာ … ကောင်းကင်ဘုံတောင်မှ ငါတို့ကို မျက်နှာသာပေးရတယ် .. မင်းလိုမျိုးနိမ့်ကျတဲ့သွေးမျိုးဆက်က ငါ့ကို သတ်ဖို့ကြိုးစားရဲတယ်ပေါ့..”
လေဟာနယ်သားရဲ၏အသံမှာ ထူးမခြားနားပင်။ သူသည် ဤလောကရှိသက်ရှိများကို ဘာမှသဘောမထားသကဲ့သို့ပင်။
“ငါ့ဖင်ကိုပဲ ဘုရင်လုပ်နေလိုက် .. ခင်ဗျားလိုမျိုး သက်ရှိတွေက စီးတော်ယာဉ်လုပ်ဖို့ အသင့်တော်ဆုံးပဲ” ရှီဟောင် ပြောလိုက်သည်။
ရှီဟောင် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ သူ့ဘေးနားတွင် နတ်အမွေးအတောင်များ တစ်ခုပြီးတစ်ခုပေါ်လာပြီး စုစုပေါင်း ၈၁၀၀ ပေါ်လာလေသည်။ ထိုအမွေးအတောင်များသည် တောက်ပစွာပင် လောင်ကျွမ်းနေလေ၏။
ကန္တာရတွင် တိုက်ခိုက်နေသည့်သူများသည် ဤသည်ကိုမြင်ကာ ထိတ်လန့်သွားရသည်။ မသေမျိုးထာဝရမီးဖိုတစ်ခု ပေါ်လာသကဲ့သို့ တောင်ဘက်မှ တောက်ပသည့်ရွှေရောင်အလင်းများတောက်ပလာသည်ကို သူတို့တွေ့လိုက်ရသည်။
“အဲဒါ ဘယ်သူလဲ..”
“စွမ်းအားလှိုင်းတွေက အားကြီးလိုက်တာ .. တကယ်ကြောက်စရာကြီး..”
အားလုံးစိတ်လှုပ်ရှားသွားကြရ၏။ ဤသည်မှာ သေချာပေါက် အလွန်စွမ်းအားကြီးသည့် ကျွမ်းကျင်သူဖြစ်လိမ့်မည်။
တောအုပ်ထဲတွင် ရှီဟောင်ပတ်လည်၌ မီးတောက်များထွက်ပေါ်လာသည်။ သူသည် မီးတောက်များကြားမှ စစ်နတ်ဘုရားနှင့်ပင် တူနေသည်။
“နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ .. မင်းယုံကြည်ချက်ရှိရင် အစွမ်းကုန်တိုက်လို့ရတယ်…” လေဟာနယ်သားရဲက ပြောလိုက်သည်။
ရွှီး.။
ထို့နောက်တွင် ထိုရွှေရောင်အမွေးအတောင်များသည် ကောင်းကင်ဓားများအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ဤသည်မှာ ခွန်ပန်ပညာကို ဆင့်ကဲပြောင်းလဲထားသည့် ပန်၏အမွေးအတောင်များပင်။ ယခုအချိန်တွင် ဤပညာမှာ အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီး လေဟာနယ်ကို ထိုးဖောက်သွားလေပြီ။
တစ်ဖက်သားရဲသည် လေဟာနယ်ကို ဆုတ်ကိုင်ထားပြီး လေဟာနယ်ထဲတွင် ကြိုက်သည့်အချိန် သွားလာနိုင်သည်ကို သူ သိသည်။ ထို့ကြောင့်ပင် သူသည် နေရာအနှံ့သို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်းပင်။
ထို့ကြောင့် အမွေးအတောင် ၈၁၀၀ မှာ လေဟာနယ်ကို ထိုးဖောက်သွားလေ၏။
ဤရိုက်ချက်မှာ စွမ်းအားကြီးလှပြီး စွမ်းအင်လှိုင်းမှာ ခပ်ဝေးဝေးတွင်ရှိနေသည့်သူအားလုံးကိုပင် တုန်လှုပ်သွားစေလေ၏။
တောင်များပြိုကျသွားကာ ကျောက်တုံးကြီးများအဖြစ်သို့ ပြောင်းလဲသွားကာ ကန်ကြီးများလည်း ရေငွေ့များအဖြစ် ပြောင်းလဲသွားသည်ကို မြင်နိုင်သည်။ လေဟာနယ်တွင် အက်ကွဲကြောင်းများ ပို၍များပြားလာလေ၏။
သို့သော်လည်း ဤသည်မှာ အစသာရှိသေးသည်။
ထိုအချိန်တွင် မြူများ ထွက်ပေါ်လာလေ၏။ ဤနေရာမှာ တစ်စစီဖြစ်သွားပြီး အရာအားလုံးကို မမြင်ရတော့။
ဤသည်မှာ နတ်ဆိုးနှင့်နတ်ဘုရားများကိုပင် ရိုက်ချနိုင်သည့် တိုက်ခိုက်မှုပင်။ ရှီဟောင် ထာဝရစွမ်းအင်သုံးကြောင်းကို အသုံးပြုထားပြီး သူ၏စွမ်းအားမှာ ဤမျိုးဆက်တစ်ခုလုံးကို တုန်လှုပ်စေနိုင်သည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် ကျင့်ကြံသူများ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသော်လည်း အနီးအနားတွင်ရှိနေသည့်သူများအားလုံး ဆွံ့အသွားရ၏။
ဒီလူက ဘယ်သူလဲ..
ဤလူမှာ ကျောင်းမှ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့် ထူးချွန်သည့်သူများထက် အားမနည်းသောကြောင့် အားလုံး ထိတ်လန့်သွားရသည်။
ဒုန်း..
မြူထဲတွင် ကျယ်လောင်လှသည့်အသံတစ်သံ ထွက်ပေါ်လာလေ၏။ ရှီဟောင်၏ ရွှေရောင်အမွေးအတောင်အများစုသည် လေကိုသာ ထိခတ်သွားသော်လည်း အချို့အမွေးအတောင်များမှာ တစ်ခုခုကို ထိသွားလေ၏။
လေဟာနယ်သားရဲ၏မျက်လုံးများ အေးစက်နေသည်။ သူ၏ဦးခေါင်းထက်တွင် ဦးချို ၁၈ ချောင်းရှိပြီး အချို့မှာ အနက်ရောင်၊ အချို့မှာသွေးကဲ့သို့နီရဲနေပြီး အချို့မှာ ဖြူဖွေးနေလေ၏။ ယခုအချိန်တွင် ထိုဦးချိုများတောက်ပလာကာ ရွှေရောင်အမွေးအတောင်များကို ကာဆီးသည့် အရံအတားတစ်ခု ဖန်တီးလိုက်လေသည်။
“ခွန်ပန်မျိုးဆက်လား .. ငါ ဒီသွေးမျိုးဆက်ကို ရွံတယ်..” ထိုသားရဲ အေးစက်စွာ ပြောလိုက်လေ၏။
တောင်ကြောဘက်တွင်ရှိနေသည့်သူအားလုံး ထိတ်လန့်သွားရ၏။ ဤမျှစွမ်းအားကြီးသည့် တိုက်ခိုက်မှုပင်လျှင် ဤသားရဲအား ဒဏ်ရာရအောင် မလုပ်နိုင်။ ဤသားရဲမှာ ကြောက်စရာကောင်းလွန်းလှသည်။
အားလုံး အတော်ဝေးဝေးသို့ နောက်ဆုတ်သွားကြလေ၏။
ရှီဟောင်၏တိုက်ခိုက်မှုမှာ ကြောက်စရာကောင်းသော်လည်း လေဟာနယ်သားရဲကို ထိခိုက်အောင် မလုပ်လိုက်နိုင်ပေ။
လေဟာနယ်သားရဲကြီး၏ ကြီးမားလှသည့်ခန္ဓာကိုယ်မှ ဖိအားပေးသည့်အော်ရာတစ်မျိုးကိုပင် ထုတ်လွှတ်နေလေသည်။ ယခုတစ်ခေါက်တွင်တော့ သူ့ဘက်မှ စတင်တိုက်ခိုက်လာလေသည်။
” ခွန်ပန်မျိုးဆက် .. ငါ မင်းကို သတ်မယ်..”
ဘေးပတ်လည်တွင်ရှိနေသည့်သူများ စိတ်လှုပ်ရှားသွားရ၏။ ဒီလူက ခွန်ပန်ရဲ့ အမွေကို ဆက်ခံထားရတာလား .. သူက ခွန်ပန်ရဲ့မျိုးဆက်လား..
ဤသတင်းသာ အပြင်ဘက်သို့ ပေါက်ကြားသွားပါက အခြားသူများ သေချာပေါက် ထိတ်လန့်သွားမည်ပင်။ သို့သော်လည်း ဤလူသည် ကျောင်းတွင် သိုသိုသိပ်သိပ်သာ နေခဲ့သည်။
“ငါ သူ့ကို မှတ်မိပြီ .. သူက ဝမ်ရှီး နောက်လိုက်..”
“အာ.. ပြဿနာလိုက်ရှာတဲ့တစ်ယောက်လား..”
ကောင်းကင်နတ်ဘုရားကျောင်းမှာ အလွန်ကျယ်ပြောလှသောကြောင့် ရှီဟောင်ကို အားလုံးမမြင်ဖူးသေးပေ။ သူနှင့် စိန်ခေါ်တိုက်ခိုက်ခဲ့ဖူးသည့်သူများသာ ရှီဟောင်ကို သိနေခြင်းပင်။ ယခုတော့ တောင်ကြောတွင်ရှိနေသည့်သူအားလုံး အံ့အားသင့်သွားကြလေပြီ။
“ဝိညာဉ်ပျက်စီးခြင်း လေဟာနယ်..”
ထိုအချိန်တွင် လေဟာနယ်သားရဲ တိုက်ခိုက်လာသည်။ သူ၏လက်ကြီးများကို မြှောက်လိုက်သည်နှင့် အံ့အားသင့်စရာကောင်းလောက်သည့် သတ်ဖြတ်လိုသည့်စွမ်းအင်များ ကောင်းကင်ထက်သို့ လျှံတက်လာလေ၏။
မသေမျိုးအလင်းကဲ့သို့သော တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။
ခွပ်.
ဤအလင်းတန်းသည် လေဟာနယ်ကို ဖြတ်ဖောက်သွားသည်မှာ လီပေါင်း မည်မျှရောက်သွားမှန်းပင် မသိရ။
လေဟာနယ်ကို ဓားသွားအဖြစ်အသုံးပြုလိုက်ပြီး လမ်းတစ်လျှောက်တွင်ရှိနေသည့်အရာအားလုံးကို ဖြတ်သွားလေ၏။ ယင်နှင့်ယန်ကိုပင် ထိုးဖောက်သွားပြီး အချိန်ကို ဖျက်ဆီးပစ်လေသည်။
ဝုန်း..
ရွှေရောင်အမွေးအတောင်များ လေထဲသို့ တက်သွားကာ သူ၏အတောင်ပံများလည်း ကောင်းကင်ကို ထိခတ်သွားသည်။ သူသည် ဤတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရုံသာမက လေဟာနယ်သားရဲထံသို့လည်း တရှိန်ထိုးပြေးသွားလေသည်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီးတစ်ခုလုံးကို အဖြူရောင်အလင်းတန်းများဖုံးလွှမ်းသွားလေ၏။
ရှီဟောင်သည် အက်ကွဲကြောင်းကြီးကို ခုန်ကျော်သွားလိုက်သည်။
ဤနေရာမှာ ဖရိုဖရဲဖြစ်လာလေသည်။ တစ်ခုသေးကာ တစ်ခုကြီးသည့် ပုံရိပ်နှစ်ခုသည် လျှပ်စီးကဲ့သို့ လျင်မြန်လှပြီး ပေါ်လိုက်ပျောက်လိုက်ပင် ဖြစ်နေလေ၏။ သူတို့သည် ထာဝရအစစ်များက ပြင်းထန်သည့်တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေသကဲ့သို့ပင်။