သုခကမ္ဘာက ရှီဟောင် - Chapter - 1323 တာအိုခြောက်ခုနှင့် ပြောင်းလဲခြင်းကိုးမျိုး အားပြိုင်ခြင်း
- Home
- သုခကမ္ဘာက ရှီဟောင်
- Chapter - 1323 တာအိုခြောက်ခုနှင့် ပြောင်းလဲခြင်းကိုးမျိုး အားပြိုင်ခြင်း
ဟူး… လေဟာနယ်သားရဲကြီး၏ ကြီးမားလှသည့် အနက်ရောင်ခန္ဓာကိုယ်ကြီးမှာ တောင်တစ်လုံးကဲ့သို့ လေးလံလှသည်။ သူခေါင်းမော့ကာ ဟစ်ကြွေးလိုက်သည်နှင့် ပါးစပ်ထဲမှ အလင်းဓားများစွာ ထွက်ပေါ်လာလေ၏။ ထိုဓား အားလုံးမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ဖြတ်ဖောက်ပစ်နိုင်သည့် အကွာအဝေးဓားများပင်။
ထိုဓားများသည် ရှီဟောင်အား ဝန်းရံသွားလေ၏။
ဖွင့်မယ်..။
ရှီဟောင် သူ၏ကောင်းကင်လမ်းကြောင်းကို ဖွင့်လိုက်ကာ ဤအကွာအဝေး ဥပဒေသများကို ကာကွယ်ရုံသာ တတ်နိုင်တော့သည်။ ထို့အပြင် သူ့တစ်ကိုယ်လုံးလည်း အလင်းတန်းကဲ့သို့ ပြောင်းလဲသွားကာ အရှေ့ဘက်သို့ တရှိန်ထိုးပြေးထွက်လာလေသည်။
ကျယ်လောင်လှသည့် ထိခတ်သံကြီး ထွက်ပေါ်လာလေသည်။ သူသည် ကောင်းကင်ထက်မှနေ၍ လေဟာနယ်သားရဲ၏ဦးခေါင်းထက်သို့ လက်သီးဖြင့် ထိုးချလိုက်ခြင်းပင်။ သူသည် သတ္တုတစ်ခုကို ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရပြီး တောင်ကြောတစ်ခုလုံး ဆူညံသံများ ဖုံးလွှမ်းသွားလေ၏။
ကျွမ်းကျင်သူနှစ်ယောက်၏တိုက်ပွဲမှာ အမြင့်ဆုံးသို့ ရောက်နေလေပြီ။ လေပြင်းများ တိုက်ခတ်နေပြီး လျှပ်စီးများလည်းထွက်ပေါ်နေကာ မိုးခြိမ်းသံများလည်း မြည်ဟီးနေသည်။ နတ်စွမ်းရည်မျိုးစုံကို မြင်နေရပြီး ဤတောင်ကြောတစ်ခုလုံး လှုပ်ခါနေလေပြီ။
ရှီဟောင်သည် လျှပ်စီးဧကရာဇ်၏ ပညာကို အသုံးပြုလိုက်ပြီး သူ့လက်သီးတွင် တံဆိပ်များဖြစ်ပေါ်လာလေ၏။
ဤသည်မှာ အကွာအဝေး နတ် ဥပဒေသများကို ရင်ဆိုင်ရန်အတွက် အကောင်းဆုံးပညာပင်။ လျှပ်စီးသည် အချိန်တိုင်းရှိနေပြီး သူ၏ဖျက်ဆီးနိုင်စွမ်းမှာလည်း အံ့အားသင့်စရာကောင်းလှသည်။
လေဟာနယ်သားရဲဟစ်ကြွေးလိုက်ပြီး သူ၏မျက်လုံးများလည်း အေးစက်နေသည်။ ယခုအချိန်တွင် သူ၏ဦးချို ၁၈ ခုလုံးတောက်ပနေလေ၏။
ဝုန်း..။
လေဟာနယ်ကြီးပေါက်ကွဲသွားကာ စွမ်းအင်မုန်တိုင်းသည် ပင်လယ်လှိုင်းများကဲ့သို့ပြောင်းလဲသွားကာ ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြီး အပေါ်ဘက်သို့ တက်သွားလေသည်။
ထိုစွမ်းအားလှိုင်းနှင့် လျှပ်စီးများထိခတ်သွားသည်နှင့် ကြယ်များတစ်လုံးပြီးတစ်လုံး ပေါက်ကွဲလာသကဲ့သို့ပင်။ ဤမြင်ကွင်းမှာ အံ့အားသင့်စရာကောင်းလွန်းလှပြီး မိုးခြိမ်းသံများလည်း နားကွဲမတတ်ပင်။
ဤကဲ့သို့သောစွမ်းအားမှာ အားလုံးကို ထိတ်လန့်သွားစေသည်။
ရှီဟောင်ပင်လျှင် ကြက်သေသေသွားရ၏။ လေဟာနယ်သားရဲမှာ စွမ်းအားကြီးလှသည်။ သူ၏လျှပ်စီးပင်လယ်ကို ရင်ဆိုင်ရန်အတွက် လေဟာနယ် ပင်လယ်ကို အသုံးပြုလိုက်ခြင်းပင်။
ဝုန်း..
ကောင်းကင်ကြီးပေါက်ကွဲသွားကာ လူနှင့်သားရဲကွဲသွားလေ၏။ သူတို့နှစ်ယောက်လုံး နောက်ပြန်ဆုတ်သွားကာ ရှီဟောင်၏ဆံပင်များမှာ လုံးဝဖရိုဖရဲဖြစ်နေလေပြီ။
သူတို့နှစ်ယောက်လုံးသည် တစ်ဖက်လူ၏ခွန်အားကို အံ့အားသင့်နေကြလေ၏။
ဤနေရာမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေ၏။ သူတို့ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသော်လည်း တကယ်တမ်း သူတို့တိုက်ခိုက်ခဲ့ကြသည်မှာ ပိုးစုန်းကြူး တစ်ကြိမ် တောက်ပလောက်သည့်အချိန်သာရှိသည်။ အချိန်လည်း ရပ်တန့်သွားသလိုပင်။
ဘေးနားတွင်ရှိနေသည့်သူအားလုံး ဆွံ့အသွားရသည်။
ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့် အဆင့်လွန်လူငယ်လေးတစ်ယောက်သည် ဒဏ္ဍာရီလာ လေဟာနယ်ဘုရင်သားရဲကြီးနှင့် တိုက်ခိုက်နေသောကြောင့် ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့်တိုက်ပွဲကြီးပင်။ သူတို့အားလုံး စိတ်လှုပ်ရှားသွားကာ အခြားသူများအား ပြောပြချင်လာကြသည်။
“အမှိုက်တွေ .. စိတ်တိုလိုက်တာ..” လေဟာနယ်သားရဲ ထိုသို့ပြောလိုက်ပြီးနောက် သူ၏မူလနေရာမှ ရုတ်တရက်ပျောက်ကွယ်သွားလေ၏။
အား..
ခပ်ဝေးဝေးရှိတောင်ထိပ်တွင်ရှိနေသည့် လူငယ်လေးတစ်ယောက်၏ အော်သံထွက်ပေါ်လာသည်။ သူ၏လည်ပင်းမှာ ချွန်ထက်သည့်လက်သည်းများ၏ ဖွင့်ဖောက်ခြင်းခံထားရပြီး သွေးများလည်း လေထဲသို့ ပန်းထွက်လာသည်။
သူ၏သူရဲကောင်းဝိညာဉ်မှာ ခန့်ညှားလှပြီး ခွန်အားအရာလည်း ထူးခြားသော်လည်း ယခုအချိန်တွင်တော့ သူ၏ခေါင်း ပြုတ်ထွက်သွားလေပြီ။ သူ၏မျက်နှာထက်တွင် မလိုလားမှုများ ရှိနေသည်။ သူ အသက်မရှင်နိုင်တော့သည်ကို သူ သိသည်။
ထင်ထားသည့်အတိုင်းပင် သူ့မျက်ခုံးကြားမှာ ဓားအလင်းတန်းတစ်ခု၏ ထိုးဖောက်ခြင်းခံလိုက်ရကာ သူ၏မူလဝိညာဉ်လည်း လွင့်ပြယ်သွားကာ သူ့ဘဝလည်း အဆုံးသတ်သွားလေပြီ။
ဤသည်မှာ ဂျီးနီးယစ်တစ်ယောက်ပင်။ သူသည် ထာဝရစွမ်းအင်တစ်ကြောင်းကို ကျင့်ကြံထားပြီး နယ်မြေတစ်ခုကို လွှမ်းမိုးနိုင်သော်လည်း ယခုတော့ အလကားသက်သက်သေသွားရလေပြီ။ သူသည် နည်းနည်းလေးမှပင် ပြန်မတုံ့ပြန်လိုက်နိုင်။
ဤသည်မှာ လေဟာနယ်ဘုရင်သားရဲမှ အလွန်သန်မာနေသောကြောင့်ပင်။ ဤသားရဲသည် လေဟာနယ်ကို ထိန်းချုပ်နိုင်သောကြောင့် သူမပြောနှင့် ရှီဟောင်ပင်လျှင် ရင်ဆိုင်ရန် ခက်ခဲသည်။
“ခွေးကောင် .. ခင်ဗျားက သေချင်နေတာပဲ..”
ရှီဟောင် ဆဲဆိုလိုက်၏။ သူပြေးသွားသော်လည်း ခြေတစ်လှမ်းနောက်ကျသွားလေပြီ။ ထူးချွန်သည့်လူငယ်လေး ကြွေလွင့်သွားသည်ကိုသာ သူ ကြည့်လိုက်ရသည်။ သူ မကယ်လိုက်နိုင်။
“နိမ့်ကျတဲ့သွေးမျိုးဆက်က သတ္တဝါတွေ ငါ့ကို မြင်ခွင့်ရဖို့အတွက် မထိုက်တန်ဘူး .. တိုက်ခိုက်ကြ..”
ထိုသားရဲကြီးအေးစက်စွာ ပြောလိုက်သည်။
အခြားတစ်ဖက်မှ ကျင့်ကြံသူများပင်လျှင် ဦးရေပြားများ ထုံကျဉ်သွားရ၏။ ဤ ‘အရှင်’၏ ကျင့်ကြံဆင့်မှာ ကြောက်စရာကောင်းလွန်းလှသည်။
ဤအရှင်သည် တစ်ဖက်ပြိုင်ဖက်ကို ဒေါသထွက်အောင် တမင်သက်သက်လုပ်နေခြင်းဖြစ်သည်ဟု အများက ယုံကြည်ထားကြလေသည်။
အရှင် ဤကဲ့သို့လုပ်နေခြင်းမှာ အရှင်သည် သူ၏ပြိုင်ဘက်ကို ချက်ချင်းမဖိနှိပ်နိုင်သည်ကို အခြားသူများအား မမြင်စေချင်သောကြောင့်ဟု ခံစားနေကြရသည်။ အခြားသူများအား မမြင်စေသောကြောင့် အားလုံးကို လိုက်သတ်နေခြင်းပင်။
ရွှီး..
လေဟာနယ်သားရဲ ပျောက်ကွယ်သွားပြန်သည်။ သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် လူငယ်တစ်ယောက်မျက်ခုံးကြားတွင် အက်ကွဲသွားပြီး အက်ကွဲကြောင်းမှာ ခြေထောက်ထိပင် ရောက်သွားလေ၏။ ထို့နောက် တစ်ကိုယ်လုံးနှစ်ပိုင်းကွဲသွားလေသည်။ သူ၏မူလဝိညာဉ်လည်း နှစ်ပိုင်းကွဲသွားခြင်းပင်။
ရှီဟောင်၏မျက်လုံးများမှ မီးတောက်များထွက်ပေါ်လာသည်။ ဤသားရဲကြီးသည် သူ့အရှေ့တွင် လာပြီးသတ်ဖြတ်နေသည်။
ဝုန်း..
သူလည်း လှုပ်ရှားလိုက်သည်။ သူ့ဘက်မှလူများ အန္တရာယ်မဖြစ်စေရန်အတွက် သူ့ဘက်မှလူများထံသို့ တရှိန်ထိုးပြေးသွားလိုက်သည်။
ဤလူများသည်လည်း တောင်ကြောမှ ပြေးထွက်လာကြသည်။
သို့သော်လည်း ဤနေရာရှိ လေဟာနယ် ထိန်းချုပ်ခံလိုက်ရသည်။ ဤလူများ မလှုပ်ရှားနိုင်တော့။ အချို့မှာ တိုက်ခိုက်နေရင်းဖြင့်ပင် အေးခဲသွားခြင်းပင်။
ဖူး..
သွေးအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။ လေဟာနယ်သားရဲကြီးမှာ နောက်ထပ်လေးယောက်ကို သတ်ပြီးသွားလေပြီ။
ရှီဟောင်လည်း ကန့်သတ်ခံလိုက်ရသည်။ သူသည် မှော်ခွန်အားဖြင့် ရုန်းထွက်နိုင်ရန် ကြိုးစားလိုက်သည်။
“ထင်ထားတဲ့အတိုင်း အားလုံးအမှိုက်တွေပဲ .. ခြောက်ယောက်သတ်ပြီးသွားတာတောင်မှ တစ်ဝက်လောက်က ထာဝရစွမ်းအင်ကို မကျင့်ကြံထားဘူး .. ဒီလူတွေတောင်မှ စစ်မြေပြင်ထဲကို ဝင်လာတာလား .. မျိုးဆက်တိုင်း တကယ်ကို ဆိုးရွားလာတာပဲ .. မင်းတို့ရဲ့လောကကြီးက တစ်ဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာပြီ..” လေဟာနယ်သားရဲကြီးက ခေါင်းခါကာ ပြောလိုက်သည်။
သူ၏လက်သည်းမှ သွေးတစ်စက်စက်ကျနေလေသည်။ သူသည် ဤစကားများကိုအလွန်တည်ငြိမ်စွာ ပြောနေခြင်းပင်။ သူသတ်လိုက်သည့်လူများကို သူ ဘာမှ အလေးမထားပေ။
“လေဟာနယ်ဘုရင် သားရဲ..”
ကောင်းကင်ထက်မှ နောက်ဆုံးတစ်ယောက် ဤကဲ့သို့အော်ဟစ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ် တစ်စစီဖြစ်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် အကွာအဝေး ဓားပေါင်းများစွာမှ သူ့အား ထိုးနှက်လာသောကြောင့်ပင်။
“ဘာ..” ခပ်ဝေးဝေးရှိ စစ်မြေပြင်တွင်ရှိနေသည့် လူများအားလုံး သူ၏ဟစ်ကြွေးသံကိုကြားပြီးနောက် ကောင်းကင်ထက်တွင် သွေးမိုးများရွာသွန်းလာသောကြောင့် အားလုံးတုန်လှုပ်သွားကြသည်။
မည်ကဲ့သို့သော ကျွမ်းကျင်သူမျိုးရောက်လာသည်ကို အားလုံးနားလည်သွားလေပြီ။ တောင်ကြောဘက်တွင်ရှိနေသည့်သူများအားလုံး သေဆုံးသွားလောက်လေပြီ။ မည်သူကများ လေဟာနယ်သားရဲဘုရင်ကို တားဆီးနိုင်မည်နည်း..
ဤဘက်တွင်ရှိနေသည့် အဆင့်လွန်လူငယ်များလည်း ရန်သူများနှင့် ရင်ဆိုင်နေရသောကြောင့် သူတို့ကို မကူညီနိုင်ပေ။
“အရှင်က တကယ်ကို စွမ်းအားကြီးတာပဲ..” အခြားတစ်ဖက်မှလူများ ဟစ်ကြွေးလိုက်ကြလေ၏။
ရှီဟောင် ဒေါသထွက်လာရ၏။ တစ်စုံတစ်ယောက် သူ့ရှေ့တွင် ရဲတင်းစွာ သတ်ဖြတ်နေသည်ကို သူ ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်။ သူလည်း ပစ်မှတ်ပြောင်းလဲလိုက်၏။
ဖူး..
ပထမရိုက်ချက်တွင် မိုးမခသစ်ကိုင်းတစ်ကိုင်းထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်၏ မျက်ခုံးကြားကို ထိုးဖောက်သွားကာ ထိုလူမှာ ချက်ချင်းပင် ပေါက်ကွဲသွားလေ၏။
“မင်းက ငါ့အတိုင်း လိုက်လုပ်ချင်တာလား .. အဲဒီလောက် မလွယ်ဘူး..”
လေဟာနယ်သားရဲသည် နှာခေါင်းရှုံ့လိုက်ကာ လေဟာနယ်ကို ချိတ်ပိတ်လိုက်ပြီး ရှီဟောင်အား တားဆီးလိုက်သည်။
သို့သော်လည်း ရှီဟောင်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာလေသည်။ ထိုအချိန်တွင် ထာဝရစွမ်းအင်သုံးကြောင်း ထွက်ပေါ်လာသည့်အပြင် သူသည် လျှပ်စီးဧကရာဇ်ချပ်ဝတ်တန်ဆာကိုလည်း ဝတ်ဆင်လိုက်ကာ လက်ထဲတွင်လည်း ထာဝရဓားပေါ်လာလေ၏။ ဤသည်မှာ သူ အမှန်တကယ် ဒေါသထွက်နေသည်ဟု ဆိုလိုခြင်းပင်။
ရွှီး..
သူ့လက်ထဲတွင် ဓားပေါ်လာသည်နှင့် ရွှေရောင်နတ်အမွေးအတောင် ၈၁၀၀ ထပ်ပေါ်လာပြီး နေရာအနှံ့သို့ ပျံ့နှံ့သွားလေသည်။ လေဟာနယ်သားရဲကြီး၏ အကွာအဝေးဥပဒေသပင်လျှင် အမွေးအတောင်အားလုံးကို မတားဆီးနိုင်ပေ။
“ချိုးဖျက်မယ်..”
လေဟာနယ်သားရဲ ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ အားကုန်တိုက်ခိုက်လိုက်၏။
သို့သော်လည်း ရွှေရောင်အမွေးအတောင်များမှာ ပျက်စီးမသွားပဲ ရန်သူများထံသို့ ဆက်လက်ဦးတည်သွားနေလေသည်။
အခြားတစ်ဖက်မှသက်ရှိများ သနားစဖွယ်အော်ဟစ်လိုက်ကြပြီး ပြူးကျယ်နေသည့်မျက်ဝန်းများဖြင့်ပင် သွေးအိုင်ထဲသို့ လဲကျသွားကြလေ၏။
“မင်းက ငါ့အစေခံတွေကို သတ်ရဲတယ်ပေါ့..” လေဟာနယ်သားရဲက အော်ဟစ်လိုက်၏။ သေဆုံးသွားသည့်သူများထဲတွင် သူ့၏အစေခံများပါဝင်နေသည်ပင်။
“အဲဒီလိုလား .. အဲဒါဆိုရင် ကျုပ် နည်းနည်း စိတ်အေးသွားပြီ..” ရှီဟောင်ပြောလိုက်၏။ သူ ဤလူများကို မသတ်ချင်။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ သက်ရှိများနှင့် အတူတူပဲဟု သူ ခံစားနေရသောကြောင်ပင်။ သို့သော်လည်း သူသည် ဒေါသထွက်လွန်းသွားပြီး သူ့ကိုယ်သူ မထိန်းလိုက်နိုင်။
“မကောင်းတဲ့သွေးတွေစီးဆင်းနေတဲ့ ပိုးမွှားလေးတွေ မရှိတော့ဘူးဆိုတော့ အခု ငါ မင်းနဲ့ ကောင်းကောင်းရှင်းလို့ရပြီ..” လေဟာနယ်သားရဲ နှုတ်ခမ်းသပ်ကာ ပြောလိုက်လေ၏။
သူတို့အနားတွင် ဆူညံသံများထွက်ပေါ်လာကာ ပျက်စီးသွားသည့်တောင်တန်းများပြန်လည်ကောင်းမွန်သွားလေ၏။ ဤသည်မှာ နယ်မြေ ၁၀ ခုသင်္ကေတနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်မှ ဖန်တီးထားသည့်လောကဖြစ်နေသောကြောင့်ပင်။
“တစ်ခြားပိုးမွှားလေးတွေ မနှောက်ယှက်နိုင်အောင်လို့ ငါတို့တစ်ခြားနေရာမှာ သွားတိုက်ကြမယ်..”
ထိုသို့ပြောပြီးနောက် လေဟာနယ်သားရဲ၏ခန္ဓာကိုယ်တစ်ခုလုံးတောက်ပလာကာ ရှီဟောင်ကို ဤနေရာမှ ခေါ်ထုတ်သွားလေသည်။ သူတို့တောင်တန်းအစပ်သို့ ရောက်လာသည်။
ရှီဟောင်သည် ခုခံမနေပဲ သူနှင့်လိုက်လာလိုက်သည်။
“ဝိုး .. မင်းက တကယ် ငါတို့လောကကို ရောက်လာတဲ့သူပဲ .. မင်းမှာ လျှို့ဝှက်ချက်တွေ ရှိနေရမယ် .. အခု ငါတို့ စစ်မြေပြင်နဲ့ဝေးနေပြီဆိုတော့ မင်းမှာရှိတဲ့အခွင့်အရေးတွေ လျှို့ဝှက်ချက်တွေ အကုန်လုံး ငါ့ဟာပဲ..”
လေဟာနယ်သားရဲ သူ့ကိုယ်သူပြောလိုက်သည်။ သူသည် ရှီဟောင်အား တောက်ပစွာ စိုက်ကြည့်နေလေ၏။
ဤသည်မှာ သူရှီဟောင်ကို ခေါ်ထုတ်လာသည့်အကြောင်းပြချက်ပင်။ ရှီဟောင်၏လျှို့ဝှက်ချက်ကို သူ ကိုယ်တိုင် လိုချင်နေသည်။
သူပြောသည့် လောကနယ်စပ်ဆိုသည်မှာ အနက်ရောင်မသေမျိုးတောင်ဖြစ်မည်ကို ရှီဟောင် သိသည်။ “ခင်ဗျားက တော်တော်လေးကို ယုံကြည်ချက်ရှိနေတာပဲ .. ခင်ဗျား ကျုပ်ကိုဖမ်းနိုင်မယ်လို့ ထင်နေတာလား .. ကျုပ်ရဲ့ရွယ်တူတွေထဲမှာ ကျုပ်ကို အထင်သေးရဲတဲ့သူ တစ်ယောက်မှ မရှိဘူး..” ရှီဟောင် အေးစက်စွာ ပြောလိုက်၏။
ထိုသို့ပြောပြီးသည်နှင့် ရှီဟောင်၏ အသံကြမ်းတမ်းလာသည်။ သူ့ဘက်မှသေသွားသည့်သူများအတွက် သူလက်စားချေရမည်။
“တာအို .. ခြောက်ခု .. ပြန်လည်ဝင်စားခြင်း..”
ရှီဟောင် စကားလုံးတစ်လုံးချင်းစီကို လေသံခြားကာ ပြောလိုက်သည်။ သူသည် လူတစ်ယောက်အရပ်သာရှိပြီး တောင်ကဲ့သို့ကြီးမားလှသည့် လေဟာနယ်သားရဲထက် များစွာသေးငယ်နေသော်လည်း သူ၏ခံ့ညားမှုမှာ မနှိုင်းယှဉ်နိုင်လောက်အောင်ပင်။
ယခုအချိန်တွင် မှော်တံဆိပ်ခြောက်ခုသည် ပြီးပြည့်စုံအောင် ပေါင်းစည်းသွားပြီဖြစ်ပြီး ဝုန်းဟူသည့်အသံနှင့်အတူ ကောင်းကင်ကြီးကို တုန်လှုပ်စေသည့်ရိုက်ချက်ကြီး ထွက်ပေါ်လာလေသည်။
“ဒီလိုမျိုး ရှေးဟောင်းကောင်းကင်ပညာမျိုးလား..”
လေဟာနယ်သားရဲ ထိတ်လန့်သွားရ၏။ သူ ဟစ်ကြွေးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ လေဟာနယ်အရေပြားတောက်ပလာကာ သူ၏ဦးခေါင်းထက်ရှိ ဦးချို ၁၈ ခုလည်း တုန်ခါလာပြီး နတ်အလင်းတန်းများထုတ်လွှတ်လာလေသည်။
“ပြောင်းလဲခြင်းကိုးမျိုး ကောင်းကင်ပညာ..” သူအော်ဟစ်လိုက်သည်။
ဝုန်း..
သူတို့နှစ်ဦးထံမှ နတ်ခွန်အားလှိုင်းများ ထွက်ပေါ်လာပြီး တောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုလှိုင်းများဖြတ်သန်းသွားသည့်နေရာရှိ အရာအားလုံးပျက်စီးသွားလေ၏။
ရှီဟောင်ထံတွင် ဤကဲ့သို့ ပြိုင်ဘက်ကင်း ကောင်းကင်ပညာရှိလိမ့်မည်ဟု လေဟာနယ်သားရဲ မထင်ထားခဲ့ပေ။ ယခင်ခေတ်က ဤကောင်းကင်ပညာကြောင့် သူ့ဘက်မှ စွမ်းအားရှင် အတော်များများသေဆုံးသွားခဲ့ရသည်။
ယခု ဤကောင်းကင်ပညာ နောက်တစ်ကြိမ်ပေါ်လာသောကြောင့် သူ၏အမူအရာ လေးနက်သွားလေသည်။
ထို့ကြောင့်ပင် သူသည် တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းကို ရပ်တန့်ရန်အတွက် အားကုန်တိုက်ခိုက်နေလေ၏။
အနက်ရောင်တွင်းပေါက် ခြောက်ခုပေါ်လာကာ လေဟာနယ်ကို စုတ်ယူစားသုံးလိုက်လေသည်။
သို့သော်လည်း ပြောင်းလဲခြင်း ကိုးမျိုး ကောင်းကင်ပညာမှာ အန္တရာယ်များသည့်အခြေအနေမှ လွတ်မြောက်သွားဆဲပင်။ ဤသည်လည်း ရှေးဟောင်းပညာတစ်ခုပင် ဖြစ်သည်။
ဝုန်း..
နောက်ဆုံးရိုက်ချက်အပြီးတွင် သူတို့နှစ်ဦးလုံး၏ခန္ဓာကိုယ်များ ပြန်ပေါ်လာလေ၏။ နှစ်ဦးလုံး၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး ခန္ဓာကိုယ်လည်း ယိုင်ထိုးနေသည်။
သို့သော်လည်း ရှီဟောင်၏မျက်လုံးများတောက်ပနေဆဲပင်။ ထို့နောက် သူ အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်သည်။
ဝုန်း..
ထိုလက်သီးချက်သည် လေဟာနယ်သားရဲ၏ ဦးခေါင်းခွံပေါ်သို့ ရောက်သွားလေသည်။
ဝူး..
လေဟာနယ်သားရဲကြီး ဟစ်ကြွေးလာကာ တစ်ကိုယ်လုံး တောက်ပလာလေ၏။ သို့သော်လည်း သူ့ထံမှ ညည်းတွားသံ ထွက်ပေါ်လာဆဲပင်။
ရှီဟောင်၏လက်သီးမှာ စွမ်းအားပြင်းလှသလို သူတို့နှစ်ဦး၏အကွာအဝေး အလွန်နီးကပ်နေသောကြောင့် သူ့ဦးခေါင်းထက်ရှိ အကြေးခွံများ ပျက်စီးသွားကာ သွေးစီးကြောင်းရှည်ကြီး ထွက်ပေါ်လာလေ၏။
ရှီဟောင်၏ခန္ဓာကိုယ်ထက်သို့လည်း လေဟာနယ်ဓားသွားများ ကျရောက်လာသည်။ လျှပ်စီးဧကရာဇ်ချပ်ဝတ်တန်ဆာ၏ ပျက်စီးနေသည့်နေရာများတွင် သွေးများစီးကျလာလေသည်။
ဒုန်း..
ရှီဟောင်၏ခြေထောက်များသည် ထိုကြီးမားလှသည့်ဦးခေါင်းကို နင်းချလိုက်လေ၏။ သူ၏ခြေထောက်တွင် ခွန်အားများစွာ ပါရှိနေသည့်ပုံပင်။
“သတ်..”
လေဟာနယ်သားရဲ ဟစ်ကြွေးလိုက်သည်။ သူ၏ဦးခေါင်းထက်ရှိ ဦးချို ၁၈ ခုတောက်ပလာကာ အလင်းတန်း ၁၈ ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ရှီဟောင်ကို ဖမ်းချုပ်လိုက်လေသည်။
“မကောင်းဆိုးဝါးကောင် သွားသေလိုက်တော့..”
ရှီဟောင်လည်း ဟစ်ကြွေးလိုက်လေ၏။ ရှီဟောင်၏လက်တွင် တံဆိပ်တစ်ခု ဖြစ်ပေါ်လာပြီး သူ၏ကောင်းကင်ပညာကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။