သုခကမ္ဘာက ရှီဟောင် - Chapter - 1328 ခန္ဓာကိုယ် ပညာ
စစ်မြေပြင်တွင်ရှိနေသည့်လူအုပ်စုသည် သူ့အား စိုက်ကြည့်နေကြလေ၏။ ဤကောင်သည် အနည်းငယ်ထူးဆန်းနေသည်။ သူက တကယ် စွမ်းအားကြီးတဲ့ကျွမ်းကျင်သူလား..
သို့သော်လည်း မည်သို့ပင်ဖြစ်စေ ဤလူ လေဟာနယ်သားရဲကိုသတ်လိုက်သည်ဟု သူတို့ မယုံကြည်ကြသေးပေ။
လေဟာနယ်သားရဲသည် ကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်နိုင်သည်။ သူ ရှုံးနိမ့်သွားသည်ဆိုလျှင်ပင် သူ ထွက်ပြေး၍ရသေးသည်။ သူ လွယ်လွယ်ကူကူအသတ်ခံရမည် မဟုတ်ပေ။
“ခန္ဓာကိုယ်ကျင့်ကြံခြင်း..” ထိုအချိန်တွင် ရှီဟောင် ဘာကိုအားထားနေသည်ကို တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
အားလုံးသည် ကောင်းကင်မျက်လုံးများကိုဖွင့်ကာ ရှီဟောင်အားအတည်ပြုလာကြလေ၏။ သူတို့သည် ထာဝရစွမ်းအင်နှစ်ကြောင်းအပြင် ပုန်းကွယ်နေသည့် ‘တတိယမြောက်တာအို’ကိုလည်း တွေ့လိုက်ရလေ၏။
တစ်ချိန်တည်းမှာပင် ရှီဟောင်၏အသားအရေတောက်ပနေသည်ကို အားလုံးသတိပြုမိသွားသည်။ ဤသည်မှာ လူတစ်ယောက်၏အသွေးအသား ထိပ်ဆုံးအဆင့်သို့ရောက်သွားလျှင် ထွက်ပေါ်လာသည့်တောက်ပမှုပင်။
“ကောင်းကင်နတ်ဘုရားနယ်ပယ်အောက်က အကောင်းဆုံးခန္ဓာကိုယ်ကျင့်ကြံခြင်း..” တစ်စုံတစ်ယောက်မှ အေးခဲစွာ ပြောလိုက်သည်။
ရှီဟောင်၏ခန္ဓာကိုယ်နှင့် သွေးသားသည် အပြစ်အနာအဆာတစ်ခုမှမရှိပဲ ကျောက်စိမ်းကဲ့သို့တောက်ပနေသည်။ ပြောရမည်ဆိုလျှင် သူသည် ဤနေရာတွင်ရှိနေသည့် နတ်သမီးများထက်ပင် ပြီးပြည့်စုံနေသည်။
၆ ကျန်းရွှေရောင်ခန္ဓာကိုယ်ပင်လျှင် သူ့ထက် အားမကောင်းနိုင်တော့။
ဤသည်မှာ ရှေးဟောင်းပညာတစ်ခုဖြစ်သည့် ခန္ဓာကိုယ်ပညာပင်။
မှော်စွမ်းအားကိုကျင့်ကြံသည့်သူများရှိသော်လည်း ခန္ဓာကိုယ်ကို ကျင့်ကြံသည့်သူများမှာ ရှားပါးလှကာ ခက်ခဲလှသည်။
မှော်စွမ်းအားကို ကျင့်ကြံနိုင်ရန် အဖိုးတန်ပညာများစွာရှိပြီး ရှေးကတည်းက အောင်မြင်မှုရခဲ့သည့်သူများစွာလည်း ရှိခဲ့သည်။ သို့သော်လည်း ခန္ဓာကိုယ်ကျင့်ကြံခြင်းကို အောင်မြင်သည့်သူမှာ အလွန်ရှားပါးလှသည်ပင်။ ဤလမ်းမှာ အလွန်ကျဉ်းမြောင်းကာ လူဘယ်နှစ်ယောက်များ အဆုံးထိရောက်ခဲ့သနည်း…
ခန္ဓာကိုယ်ကျင့်ကြံခြင်းမှာ လူတစ်ယောက်၏အသွေးအသားကို စွမ်းအားအကြီးဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံခြင်းပင်။ ဤလမ်းကြောင်း၏ခက်ခဲမှုမှာ မယုံကြည်နိုင်လောက်အောင်ပင် တစ်ဆင့်စီတိုင်းတွင် ပေးဆပ်မှုများစွာလိုအပ်သည်။
ဥပမာအားဖြင့် ကြွက်သားများနှင့်အရိုးများကို ပြုပြင်ရန်အတွက် နတ်ဆေးပင်များ လိုအပ်ပြီး သွေးကြောများကို ပြုပြင်ရန်အတွက် သက်ရှည်ဆေးပင်များလိုအပ်သည်။ ချဉ်ဆီနှင့် သွေးပြန်ကြောများကို သန့်ရှင်းရန်အတွက် မသေမျိုး၏သွေး လိုအပ်သည်ပင်။
သာမန်လူများ ဘယ်လိုလုပ် ဤပစ္စည်းများ ရှိနိုင်မည်နည်း..
ခန္ဓာကိုယ်ပညာကို ကျင့်ကြံရန်ပင် ခက်ခဲနေလေပြီ။ ဤပစ္စည်းများပါ လိုအပ်လာသည့်အချိန်တွင် ဤလမ်းကြောင်းမှာ မဖြစ်နိုင်သည့်လမ်းကြောင်းဖြစ်လာသည်။
ထို့အပြင် ဤပစ္စည်းများရှိလျှင်ပင် အောင်မြင်သည်ထက် ကျရှုံးနိုင်ချေ ပိုများသည်။ ဂျီးနီးယပ်စ် ၉၀ ရာခိုင်နှုန်းမှာ ဤလမ်းကြောင်းတွင် လက်လျော့သွားကြသည်။
ထို့ကြောင့် ဤပစ္စည်းများ ရှိနိုင်သည့် သက်ရှည်မိသားစုများပင်လျှင် ဤလမ်းကြောင်းကို လျှောက်သည့် တပည့်အနည်းငယ်သာရှိသည်။
“သူက တကယ်ခန္ဓာကိုယ်ကို ကျင့်ကြံထားတာ .. သူအောင်မြင်သွားပြီ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချလိုက်၏။
အားလုံး ရှီဟောင်ကို စိုက်ကြည့်လာကြသည်။ ယခုအချိန်တွင် သူ၏အသွေးအသားများမှာ စွမ်းအားကြီးကာ အံ့အားသင့်စရာကောင်းလောက်သည်။
သူ၏ဘေးပတ်လည်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးဝိညာဉ်စွမ်းအင်များ သူ့အလိုလိုပေါ်လာကာ သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးနေလေ၏။ ဤသည်မှာ မသေမျိုးခန္ဓာကိုယ်ဖြစ်အောင် လုပ်သည့်လမ်းကြောင်းပင်။ ယခုပင်လျှင် အနည်းငယ်ပေါ်လာလေပြီ။
အားလုံး သက်ပြင်းချကာ ချီးကျူးလိုက်ကြသည်။ ဤခန္ဓာကိုယ်ကျင့်ကြံခြင်းသာ အောင်မြင်သွားပါက သူအလွန်ကြောက်စရာကောင်းသွားမည်ပင်။
မင်းသမီးယောင်ယွဲ့၏မျက်လုံးများတောက်ပလာလေ၏။ သူမသည် ရှီဟောင်အား ထပ်ခါတလဲလဲ ကြည့်ပြီးနောက် နှစ်လိုဖွယ် ပြုံးလိုက်လေသည်။
“ညီမလေးဝမ်ရှီးက ရှင့်ကို ရတနာတစ်ခုလိုမြင်နေတာ မထူးဆန်းတော့ပါဘူး .. ခန္ဓာကိုယ်ကျင့်ကြံသူဟုတ်လား .. နူးညံ့ပုံပေါ်တဲ့လူငယ်လေးက တကယ်တော့ တောင့်တင်းခိုင်မာနေတာပဲ…”
သူမသည် သူမ၏ပြိုင်ဘက်အား လှောင်ပြောင်ရန် တမင်သက်သက်ပြောလိုက်ခြင်းပင်။
ထိုစကားကိုကြားသည်နှင့် ဝမ်ရှီး သူမအား ကြည့်လိုက်လေသည်။
“ရှင် ဒီရတနာကို လိုချင်ရင် ကျွန်မ ငှားပေးမယ်လေ..” ထိုသို့ပြောပြီးသည်နှင့် သူမ စကားမှားသွားသည်ဟု ခံစားလိုက်ရကာ သူမ မျက်နှာနီရဲသွားလေသည်။ “သူက ရှင့်အပိုင်ပဲ .. ကျွန်မက ဘာလို့ သူ့ကို လိုချင်ရမှာလဲ..”
“ဒီလိုမျိုးနူးညံ့ပြီး လှပပေမယ့် တောင့်တင်းတဲ့ခန္ဓာကိုယ်ရှိတာက တော်တော်လေးကို ရှားပါးတယ် သိလား .. ညီမလေး သူ့ကို မလိုချင်တာ သေချာပြီလား..” မင်းသမီးယောင်ယွဲ့ စနောက်လိုက်သည်။
သူတို့နှစ်ယောက်ပြောနေသည့်စကားများကို ကြားလိုက်ရသည်နှင့် အားလုံး ဆွံ့အသွားရသည်။ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ကြသည့် နတ်သမီးနှစ်ယောက်သည် ဤကဲ့သို့သောအရာများပင် ပြောကြသလား..
“ဒီလူရဲ့ခန္ဓာကိုယ်ပညာက အမြင့်ဆုံးရောက်နေပြီ .. သူဒီလောက်စွမ်းအားကြီးနေတာ အံ့ဩစရာ မရှိတော့ပါဘူး .. သူက အခုလေးတင် သူ့ခွန်အားကို သုံးပြီးတော့ ခေါင်းသုံးလုံးလက်ခြောက်ဖက်သက်ရှိကို သတ်လိုက်တာပဲ.. အထင်ကြီးစရာကောင်းလိုက်တာ..”
“ဒီလိုလူနားကို ကပ်သွားလို့ မရဘူး .. သူတို့နားကို ကပ်လိုက်တာနဲ့ ခန္ဓာကိုယ်က တစ်စစီဖြစ်သွားလိမ့်မယ်..”
အချို့လူများအချင်းချင်းဆွေးနွေးနေကြလေ၏။ ဤလူများအားလုံးမှာ တစ်ဖက်မှ လူများပင်။
ရှီဟောင် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောတော့ပဲ ပြန်ပိတ်လိုက်သည်။ သူတို့နားလည်ချင်သလို နားလည်ပါစေတော့။
သူက ဘယ်လိုလုပ် ခန္ဓာကိုယ်ကျင့်ကြံသူ ဖြစ်သွားတာလဲ..
သို့သော်လည်း သေချာတွေးကြည့်လျှင် ဤသည်မှာ လုံးဝမှားနေသည်တော့ မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်မှာ ခန္ဓာကိုယ်ကျင့်ကြံထားသည့်သူ၏ လက္ခဏာများနှင့် ကိုက်ညီနေသည်။
သူ၏လက်ရှိအောင်မြင်မှုမှာ ကောင်းကင်နတ်ဘုရားနယ်ပယ်မှလူများထက်ပင် ကျော်လွန်နေလေပြီ။
“ခန္ဓာကိုယ်ကျင့်ကြံထားတော့ရော ဘာဖြစ်လဲ .. မင်းတို့အားလုံး မယုံသေးဘူးလား .. မယုံသေးတဲ့လူတွေ လာလို့ရတယ် .. ငါ မင်းတို့ကို ခုတ်ပိုင်းပေးမယ်..” ရှီဟောင်နှုတ်ခမ်းတွန့်ကွေးကာ ပြောလိုက်သည်။.
အားလုံး သူ့အား ကြည့်လာကြသည်။
“သူက တကယ်ကို မကောင်းတဲ့ကောင်ပဲ..”
တစ်စုံတစ်ယောက်မှ လှောင်ပြောင်သရော်လာလေသည်။
ထိုစကားကြားလိုက်ရသည်နှင့် လူများစွာ ခေါင်းညိမ့်လာလေသည်။ ဒီကောင်က နွားပေါက်လေး ကျားတစ်ကောင်ကို မကြောက်သလို အရမ်းကို ကလေးဆန်လွန်းနေတယ်..
သူက ဘယ်သူ့ကို စိန်ခေါ်ချင်နေတာလဲ .. ဤနေရာသို့ရောက်လာသည့်သူများအားလုံးမှာ စွမ်းအားကြီးသည့်သူများဖြစ်ပြီး ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံထားသည့်သူများလည်း မရှားပေ။
“ဟေး .. အင်္ကျီဖြူနဲ့ကလေး … မင်း ဘယ်သူ့ကို စိုက်ကြည့်နေတာလဲ .. လာခဲ့ .. ငါ မင်းဖင်ကို ရိုက်ပေးမယ်..”
ရှီဟောင် ပါးစပ်ဟလိုက်ကာ ဝမ်ရှီးကို စိန်ခေါ်သည့်လူငယ်လေးကို ပစ်မှတ်ထားလိုက်လေသည်။
ဝတ်စုံဖြူနှင့်လူငယ်လေးမှာ ထူးချွန်သည့်ဂျီးနီးယပ်စ်ပင်။ သူ၏စိတ်အခြေအနေမှာ အတော်လေး ဆိုးဝါးနေလေပြီ။ သူက ဘယ်လိုလုပ် ဒီကောင်ပစ်မှတ်ထားတာကို ခံလိုက်ရတာလဲ .. သူ လှောင်ပြောင်တဲ့စကားနည်းနည်းလောက်ပဲ ပြောလိုက်တာမဟုတ်ဘူးလား..
ဤလူနှင့်ပြိုင်ပြောနေပါက သူ့အဆင့်အတန်းနိမ့်ကျသွားလိမ့်မည်ဟု သူ ခံစားနေရသည်။ အထူးသဖြင့် တစ်ဖက်လူမှာ အသက် ၂၃ နှစ်ခန့်သာရှိသေးသည့်လူငယ်လေးပင်။ တစ်ဖက်လူက တစ်ယောက်ယောက်ဟန်ဆောင်နေတာများလား..
“ကလေးစုတ်လေး .. မင်း ဖင်ကို ဒီကို ရွေ့လာခဲ့လိုက်..” ရှီဟောင် ထိုလူကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် ရှီဟောင်အား အမြဲတမ်းအထင်သေးခဲ့သော်လည်း သူ သည်းခံ၍ ရသေးသည်။ သို့သော်လည်း ယခု သူ့အား ဤကဲ့သို့လက်ညှိုးထိုးလာသည့်အချိန်တွင် သူ သည်းမခံနိုင်တော့။
“ဘာမှကောင်းကျိုးမပေးတဲ့ကောင် .. ငါ မင်းကို အစောကြီးကတည်းက သတ်ချင်နေတာ .. မင်း သေချင်နေတာဆိုရင်တော့ ကောင်းကင်ဘုံတောင် မင်းကိုကယ်နိုင်မှာ မဟုတ်တော့ဘူး..” ဝတ်စုံဖြူနှင့်လူငယ်လေးသည် ဝမ်ရှီးနားမှထွက်လာကာ ရှီဟောင်ထံသို့ ဦးတည်လာနေလေ၏။
“ဖင်ရိုက်ခံရဖို့အတွက် မင်း တကယ်လာတာလား .. ငါမင်းကို တစ်ချက်တည်းကန်ပြီးတော့ သတ်ပေးမယ်..” ရှီဟောင် အော်ဟစ်လိုက်သည်။
လူအုပ်ကြီး ဆွံ့အသွားရ၏။
ဒီကောင်က ငတုံးလား .. ဒါမှမဟုတ် သူ့ခွန်အားက တကယ်သန်မာလွန်းတာလား..
လူအချို့မျက်မှောင်ကြုတ်လိုက်ကာ ခန္ဓာကိုယ်ပညာကျင့်ကြံထားသည့်သူ၏ ခွန်အားကို လေ့လာနေလေသည်။ သူ၏ခွန်အားမှာ အံ့အားသင့်စရာကောင်းသည်ဟု ကောက်ချက်ချလိုက်ကြသော်လည်း သူသည် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူကိုတော့ ယှဉ်နိုင်မည် မဟုတ်ပေ။
“ငါ မင်းကိုသတ်မယ်..” ဝတ်စုံဖြူနှင့်လူငယ်လေး အေးစက်စွာ ပြောလိုက်သည်။ သူသည် ရှီဟောင်နှင့်အကွာအဝေးတစ်ခုသို့ရောက်သည်နှင့် ရပ်တန့်လိုက်ကာ သင်္ကေတများကို စတင်ပြုလုပ်လာလေ၏။
“ရှင် ကြောက်နေတာလား .. ထာဝရစွမ်းအင်သုံးကြောင်းကိုသုံးပြီးတော့ ထာဝရစွမ်းအင်နှစ်ကြောင်းပဲရှိတဲ့သူကို အနိုင်ကျင့်မလို့လား .. ရှင်လည်း သူ့လိုမျိုးထာဝရစွမ်းအင် နှစ်ကြောင်းနဲ့ တိုက်ရဲလား..” ဝမ်ရှီးပြောလိုက်သည်။
သူသည် ဝတ်စုံဖြူနှင့်လူငယ်လေးကို ဆန့်ကျင်ကာ ရှီဟောင်အား ကူညီပေးနေခြင်းပင်။
“ဟုတ်တယ် .. မင်းတို့ကောင်တွေက ကိုယ့်ကိုကိုယ်စွမ်းအားအကြီးဆုံးလို့ ခေါ်နေကြတာမလား .. အခြေအနေတူရင် မင်းတို့ ဘယ်လောက်သန်မာလဲဆိုတာ ကြည့်ကြသေးတာပေါ့…” ကောင်းကင်နတ်ဘုရားကျောင်းမှ တစ်စုံတစ်ယောက်လည်း ထောက်ခံလိုက်၏။
“မင်းတို့ဘာသာမင်းတို့ ထိန်းချုပ်ထားတာကို သူက ဘာလို့ ထာဝရစွမ်းအင်နှစ်ကြောင်းပဲ သုံးရမှာလဲ..” တစ်ဖက်မှ လူများက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အဲဒါဆိုရင်လည်း သူ့ကိုရင်ဆိုင်ဖို့အတွက် ထာဝရစွမ်းအင်နှစ်ကြောင်းကိုပဲ သုံးလိုက်မယ် .. ခန္ဓာကိုယ်ပညာဆိုတာကလည်း ကျင့်ကြံနည်းတစ်မျိုးသာသာပဲ .. ပညာလေးတစ်ခုက ကျင့်ကြံတဲ့သူကို ဘယ်လိုလုပ် အဆင့်မြင့်စေနိုင်မှာလဲ..” ဝတ်စုံဖြူနှင့်လူငယ်လေးမှ လက်ဝေ့ရမ်းကာ ပြောလိုက်သည်။
“ဒီနေ့ ခန္ဓာကိုယ်ကျင့်ကြံသူလို့ခေါ်တဲ့သူကို ငါ့ရဲ့အဆင့်လွန်ခွန်အားကို သုံးပြီးတော့ ဖိနှိပ်ပြမယ်.. မင်းတို့အားလုံးကို ငါတို့ရဲ့ကြီးမြတ်မှုကို ပြပေးမယ်..” သူ အေးစက်စွာပင် ပြောလိုက်သည်။
ဤလူသည် သူတို့လောကတွင်လည်း ကောင်းမွန်သည့်နောက်ခံရှိသည့်သူပင်။ သူ့အသက်မှာ ရှီဟောင်နှင့် မတိမ်းမယိမ်းပင်။ လပိုင်းသာကြီးလိမ့်မည်။
သို့သော်လည်း သူသည် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံပြီးသွားပြီဖြစ်သောကြောင့် သူသည် အလွန်မာနကြီးကာ အားလုံးကို အထင်သေးနေသည်။
“မိုမိသားစုက မောင်နှမနှစ်ယောက်က ပြိုင်ဘက်ကင်းပြီးတော့ အံ့အားသင့်ဖို့ကောင်းတယ်”
ဧည့်သည်များသည် သူတို့အချင်းချင်းဆွေးနွေးနေကြလေ၏။ သူတို့သည် ဤဝတ်စုံဖြူနှင့်လူငယ်လေးကို အကောင်းမြင်ကြသည်။
ဤလူ၏နာမည်မှာ မိုတောင်ဖြစ်ပြီး သူသည် ကျောက်စိမ်းကဲ့သို့ ချောမောလှကာ နယ်ခြားစပ်တစ်ဖက်လောကတွင် အလွန်နာမည်ဂုဏ်သတင်းကြီးသည့်သူပင်။ မသေမျိုးတောင်နှင့်ဆက်စပ်နေသည့် ရှေးဟောင်းနယ်မြေရှိ သက်ရှိများပင် သူ့အား သိကြလေ၏။
ထို့အပြင် သူ့ထံတွင် မိုရှန်းဟုခေါ်သည့် အစ်မတစ်ယောက်ရှိပြီး သူမသည်လည်း ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားခြင်းပင်။ နယ်ခြားစပ်တစ်ဖက်တွင်ရှိနေသည့် လောကကြီးမပြောနှင့် မသေမျိုးတောင်နှင့်ချိတ်ဆက်နေသည့် ရှေးဟောင်းနယ်မြေကိုပင် ဤနှစ်ယောက်က လှုပ်ခတ်နိုင်သည်။
သို့သော် ယခုတစ်ခေါက်တွင် သူ့အစ်မ လိုက်မလာပေ။
“ရှေးခေတ်ကတည်းက ဒီအဆင့်ထိရောက်လာတဲ့သူက သိပ်မရှိဘူးဆိုတော့ ငါ မင်းကို မသတ်ချင်ဘူး .. မင်းလိုမျိုးအရေထူတဲ့ကောင်ကို ငါ့ဘေးနားမှာ အစေခံအနေနဲ့ထားရင်လည်း ငါ့အဆင့်အတန်းနဲ့ဆိုရင် မဆိုးဘူး..” ဝတ်စုံဖြူနှင့်လူငယ်လေးသည် ဤအခြေအနေကို လေးလေးနက်နက် မတွေးထားပေ။ သူသည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင်ရပ်ကာ ရှီဟောင်အား စီးမိုး ကြည့်နေလေ၏။
ဤသည်ကိုကြားသည်နှင့် ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။
” မင်းလိုမျိုး ချောချောလှလှ အစေခံတစ်ယောက်ကို ငါ့ဘေးနားထားရင် ငါမျက်နှာပွင့်မယ်ထင်တယ် .. ဘာပဲဖြစ်ဖြစ် မင်းက ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတာပဲလေ .. ငါတို့လောင်းကြေးထပ်ရင်ရော .. ရှုံးတဲ့သူက လိုလိုလားလားနဲ့ တစ်ဖက်လူရဲ့အစေခံဖြစ်ပေးရမယ်..”
ဤစကားကြားလိုက်သည်နှင့် အားလုံးကြက်သေသေသွားကာ ဘာပြောရမှန်းပင် မသိတော့။