သုခကမ္ဘာက ရှီဟောင် - Chapter - 1330 ဖမ်းဆီးခြင်း
ရှီဟောင်သည် ဥက္ကာခဲသို့ပင် တရှိန်ထိုးပြေးဝင်သွားလေ၏။ လေထဲတွင် ထာဝရစွမ်းအင်များထွက်ပေါ်လာပြီး သန့်စင်သည့်အလင်းတန်းများလည်း ထွက်ပေါ်လာသည်။ သူ၏လက်ထဲတွင် မှော်တံဆိပ်များဖြစ်ပေါ်လာပြီး အဖြူရောင်ဝတ်စုံနှင့်မိုတောင်ကို ဖောက်ခွဲလိုက်လေသည်။
ယခုအချိန်တွင် သူ၏စွမ်းအားမှာ သေချာပေါက် အမြင့်ဆုံးသို့ ရောက်နေလေပြီ။ အနည်းဆုံးတော့ အခြားသူများအား ထာဝရစွမ်းအင်နှစ်ကြောင်း၏အမြင့်ဆုံးစွမ်းအင်ကို ပြသနိုင်သည်ပင်။
ဤသည်မှာ ရှေးဟောင်းထာဝရအစစ် အသက်ဝင်လာသကဲ့သို့ပင်။ နတ်အလင်းများတောက်ပနေပြီး ကြောက်စရာကောင်းသည့်စွမ်းအင်လှိုင်းများလည်း ထွက်ပေါ်လာလေသည်။
ရှီဟောင်မှာ လျင်မြန်လွန်းလှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏မှော်တံဆိပ်များဖြင့် အောက်သို့ ရိုက်ချလိုက်လေသည်။
မိုတောင်၏အမူအရာ လေးနက်သွား၏။ သူလက်မြောက်လိုက်သည်နှင့် တံဆိပ်ကိုးခုပေါ်လာလေသည်။
သူသည် ရှေးဟောင်းပညာတစ်ခုကို အသုံးပြုလိုက်ကာ မှော်တံဆိပ်ကိုးခုကို တစ်ပြိုင်နက်တည်းပြုလုပ်လိုက်ခြင်းပင်။ ထို့နောက် ထိုတံဆိပ်များကို ပေါင်းစည်းလိုက်လေ၏။
နတ်စွမ်းရည်ကိုးခု ပေါင်းစည်းသွားကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးပွင့်ထွက်လာသကဲ့သို့ တောက်ပသည့်အလင်းများထွက်ပေါ်လာလေသည်။
အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။ ဤသည်မှာ ထူးဆန်းသည့် ရှေးဟောင်းကောင်းကင်ပညာပင်။ ဤပညာသည် အဖိုးတန်ပညာ ကိုးမျိုးကို ထုတ်လွှတ်နိုင်ပြီး ထိုကိုးမျိုးကို တစ်မျိုးတည်းအဖြစ်ပေါင်းစည်းနိုင်လေသည်။
ဝုန်း..
သူတို့နှစ်ဦးကြားတွင် ကြောက်စရာကောင်းသည့်စွမ်းအားများထွက်ပေါ်လာကာ အားလုံးကို ထိတ်လန့်သွားစေလေ၏။
ထိုပေါက်ကွဲမှုအောက်တွင် ထူးဆန်းသည့်စွမ်းအင်လှိုင်းပျံ့နှံ့လာကာ မုတောင်၏အမူအရာ ဖြူဖျော့သွားသည်။ သူသည် ထိတ်လန့်တကြားဖြင့်ပင် နောက်ပြန်ဆုတ်သွားလေသည်။
ရှီဟောင် လျင်မြန်စွာ ရောက်ရှိလာပြီး သူ့အားတိုက်ခိုက်လာလေ၏။
မိုတောင်သည် ခန္ဓာကိုယ်ကျင့်ကြံသူကို ကြောက်သောကြောင့် အမြဲတမ်းအကွာအဝေးတစ်ခု ထားထားသည်ပင်။ မဟုတ်ပါက သူ ယခု အလွန်အန္တရာယ်များနေလေပြီ။
အဘယ်ကြောင့်ဆိုသော် သူ၏အဖိုးတန်ပညာချက်ချင်းအားနည်းသွားသည်ကို သူ ခံစားလိုက်ရသောကြောင့်ပင်။
ထို့ကြောင့် ခပ်ဝေးဝေးသို့ ချက်ချင်းဆုတ်သွားလိုက်ခြင်းပင်။
သူ ယခင်က ဤကဲ့သို့ တွေ့ကြုံဖူးသည်။
မိုတောင်သည် ပါရမီရှင်တစ်ယောက်ဖြစ်ကာ မသေမျိုးတောင်သို့ တက်ခွင့်ရခဲ့ပြီး ထူးဆန်းသည့်ရှေးဟောင်းနယ်မြေသို့ ဝင်ခွင့်ရခဲ့ကာ ပြိုင်ဘက်ကင်းသည့်အရှင်များ၏ လမ်းညွှန်မှုကို ရရှိခဲ့သည်။
ထိုရှေးဟောင်းနယ်မြေတွင် ရှေးဟောင်းဧကရာဇ်လူမျိုးစုအဖွဲ့ဝင်တစ်ယောက်နှင့် တွေ့ခဲ့ပြီး ထိုကလန်တွင် မှော်ခုခံနိုင်စွမ်းရှိကြောင်း သိခဲ့ရခြင်းပင်။
မာနကြီးကာ စိတ်ကြီးဝင်သည့် မိုတောင်သည် ထိုအချိန်က ပထမဆုံးတိုက်ကွက်၌ ဆုံးရှုံးမှုကြီးမားသွားကာ တိုက်ကွက် အနည်းငယ်အတွင်းမှာပင် ရှုံးနိမ့်မလိုဖြစ်သွားလေ၏။
ဤသည်မှာ ပညာဖလှယ်သည်ဆိုသော်လည်း သူ့စိတ်ကို အတော်လေးရိုက်ခတ်သွားခဲ့သည်။
နောက်ပိုင်းတွင် သူသည် ထိုမှော်ခုခံနိုင်စွမ်းကို ဖြေရှင်းမည့်နည်းလမ်းကို စဉ်းစားနေခဲ့သည်။ ထို့ကြောင့် သူတို့နှင့်နီးကပ်လာသည်နှင့် အကွာအဝေးတစ်ခုထားရန် သူဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက မှော်ခုခံနိုင်စွမ်းအောက်တွင် သူ့ကိုယ်သူ ပိတ်မိနေသကဲ့သို့ဖြစ်သွားလိမ့်မည်။
ထို့အပြင် သူ ရှေးဟောင်းစာသားအချိုု့ကို လေ့လာခဲ့သေးသည်။
သူသည် သေချာဆန်းစစ်ပြီးနောက် ထိုဧကရာဇ်လူမျိုးစုအဖွဲ့ဝင်ကို ထပ်မံ စိန်ခေါ်ခဲ့သည်။
ထို့ကြောင့် ရှီဟောင် သူ၏စွမ်းရည်ကိုပြသသည်နှင့် မိုတောင် ချက်ချင်းအာရုံခံမိသွားကာ လျင်မြန်စွာ ရှောင်လိုက်ခြင်းပင်။
ထိုသို့ကြောင့်သာ သူ ဤကပ်ဆိုးကြီးကို ရှောင်လိုက်နိုင်ခြင်းပင်။
မိုတောင် မသေချာသော်လည်း သူ၏အလိုလိုသိစိတ်မှ ဤလူ အလွန်အန္တရာယ်များကြောင်း၊ သူနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမလုပ်ပဲ ရှောင်လိုက်သင့်ကြောင်း ပြောနေသည်။
ဤသည်မှာ အကောင်းဆုံးလုပ်ရပ်လားဆိုသည်ကိုတော့ သူလည်း မသေချာပေ။
ရှီဟောင်လည်း အတော်လေးထိတ်လန့်သွားသည်။ သူတစ်ချက်တည်းဖြင့် အနိုင်လိုချင်သော်လည်း တစ်ဖက်လူ ချက်ချင်းရှောင်လိုက်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။ အခြားသူများသာဆိုပါက သူတို့ဖမ်းခံရလောက်လေပြီ။
“ဝိုး .. မင်း ဘာလို့ အဲဒီလောက်တောင် သွေးကြောင်နေတာလဲ .. ဘာလို့ပြေးနေတာလဲဟ .. ငါ့ကိုဖိနှိပ်မယ်လို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလား .. ဒီလိုလုပ်တာ မကောင်းဘူးနော်..” ရှီဟောင်ပြောလိုက်၏။
မိုတောင်သည် အေးစက်နေသည့်မျက်လုံးများဖြင့် ရှီဟောင်အား စိုက်ကြည့်နေလေ၏။ ဘာဖြစ်နေသည်ကို သူ သိချင်သည်။ မဟုတ်ပါက သူ စိတ်သက်သာမည်မဟုတ်ပေ။
ရှီဟောင် ထိုစွမ်းရည်ကို ပြန်ရုတ်သိမ်းလိုက်၏။ ဤစွမ်းရည်သည် သူ၏ကျင့်ကြံဆင့်နှင့်အတူ နေ့တိုင်းတိုးတက်လာသည်ပင်။ သူ ယခုလေးတင်မှ စသုံးလိုက်ခြင်းဖြစ်သော်လည်း တစ်ဖက်လူမှ ထွက်ပြေးသွားပြီဖြစ်သောကြောင့် သူထိုစွမ်းရည်ကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
ယခင်က သူ ဤကဲ့သို့လုပ်နိုင်မည် မဟုတ်ပေ။ ဤစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် အချိန်မကုန်မချင်း ဆက်သွားနေမည်ပင်။
“မင်းက လူသားအစစ် မဟုတ်ဘူး .. ဧကရာဇ်ကလန်တစ်ခုရဲ့ မျိုးဆက်လား..” မိုတောင်၏အမူအရာများ လေးနက်နေလေသည်။
ထိုစကားကိုကြားလိုက်သည်နှင့် အားလုံး ထိတ်လန့်သွားရသည်။ သူ ဘာပြောလိုက်တာလဲ…
“မင်း ဘာတွေပြောနေတာလဲ .. ဘာဧကရာဇ်ကလန်လဲ .. ငါကိုယ်တိုင်က ဧကရာဇ်ကလန်ပဲ .. ဘာဧကရာဇ်ကလန်ရဲ့မျိုးဆက်လဲ .. အဓိပ္ပာယ်မရှိတာ..” ရှီဟောင်ပြန်ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရားကျောင်းမှသူများဖြစ်စေ တစ်ဖက်လောကမှလူများဖြစ်စေ အားလုံးထိတ်လန့်သွားကြကာ ရှုပ်ထွေးသည့်အမူအရာများဖြစ်သွားကြလေ၏။ ဘာလို့ ဧကရာဇ်ကလန်အကြောင်းက ပါလာတာလဲ..
ရွှီး.
ရှီဟောင် နောက်တစ်ကြိမ်လှုပ်ရှားလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ရေနဂါးတစ်ကောင်ကဲ့သို့ပင် လေဟာနယ်ကို ထိုးဖောက်သွားကာ မိုတောင်ထံသို့ ဦးတည်သွားလေသည်။
မိုတောင်သည် ရှောင်တိမ်းလိုက်ကာ တံဆိပ်များသာ ဆက်တိုက်ထုတ်လွှတ်နေသည်။ သူ ဤလူနှင့် ကိုယ်ခန္ဓာအားချင်း ယှဉ်မည် မဟုတ်။ ဤလူနှင့်ဝေးကွာရန်အတွက် စွမ်းအားကြီးသည့်မှော်တံဆိပ်များကိုသာ အသုံးပြုလိုက်မည်။
လေထဲတွင် မိုးခြိမ်းသံများထွက်ပေါ်လာပြီး စွမ်းအားကြီးသည့် နတ်ခွန်အားလှိုင်းများလည်း ထွက်ပေါ်လာလေ၏။
သို့သော် သေချာသည်မှာ ရှီဟောင်နှင့် မိုတောင် နှစ်ယောက်လုံးသည် သဘောတူထားသည့်အတိုင်း ထာဝရစွမ်းအင်နှစ်ကြောင်းသာ အသုံးပြုကြသည်။
မိုတောင်သည် မာနကြီးကာ သူ့ကိုယ်သူ မရှုံးနိုင်ဘူးဟု ယုံကြည်နေသကဲ့သို့ ရှီဟောင်သည်လည်း ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိကာ တစ်ဖက်လူ၏စွမ်းအားအစစ်အမှန်ကို သိရန်အတွက် စွမ်းအားပြင်းစွာ တိုက်ခိုက်နေလေသည်။
သူတို့နှစ်ဦးလုံးသည် တစ်ဖက်လူကို အနိုင်ယူနိုင်ရန်အတွက် သတ်ဖြတ်သည့်နည်းလမ်းများကို အသုံးပြုနေကြသည်။
ဖုန်း..
သူတို့နှစ်ယောက်၏ခန္ဓာကိုယ်ချင်း မတိုက်ခိုက်ကြသော်လည်း သူတို့ပြုလုပ်သည့် လက်သီးနှင့်လက်ကြီးများမှာမူ အချိန်နှင့်အမျှထိတွေ့နေကြ၏။ ဤသည်မှာ သူတို့၏ခန္ဓာကိုယ်အစစ် တိုက်ခိုက်နေသကဲ့သို့ပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့တိုက်ခိုက်နေသည်မှာ အချက်ရေ ၁၀၀ ကျော်သွားလေပြီ။
သူတို့နှစ်ဦး လက်ရည်တူနေလိမ့်မည်ဟု မထင်ထားသောကြောင့် အားလုံးထိတ်လန့်သွားရသည်။
အခြားတစ်ဖက်မှလူများလည်း ထိတ်လန့်သွားကြသည်။ မိုတောင်မှာ မည်သူနည်း .. သူသည် ဤခေတ်တွင် ထူးခြားသည့်သူဖြစ်ပြီး ကောင်းကင်ဘုံ၏ဆုလာဘ်ဟု သတ်မှတ်ခံထားရသည့်သူပင်။ သို့သော်လည်း သူ ဤခန္ဓာကိုယ်ကျင့်ကြံသူကို အနိုင်ယူရန် ခက်ခဲနေသည်။
မိုတောင်သည် ရှီဟောင်အား ၁၀ ချက်အတွင်း အနိုင်ယူလိမ့်မည်ဟု ဟစ်ကြွေးခဲ့သည့် မိန်းမပျိုလေးများမှာ ဆွံ့အနေကာ စိုးရိမ်နေကြလေပြီ။
ကောင်းကင်နတ်ဘုရားကျောင်းမှတပည့်များမှာ ပို၍ ထိတ်လန့်နေသည်။ ဝမ်ရှီး၏ ထိုတာအိုရောင်းရင်းမှာ ဤဝတ်စုံဖြူနှင့်လူငယ်လေးကိုပင် ယှဉ်တိုက်နေနိုင်သည်။
ဝတ်စုံဖြူနှင့်လူငယ်လေးမှာ ထာဝရစွမ်းအင်နှစ်ကြောင်းကိုသာ အသုံးပြုသော်လည်း သူ့ထံတွင် ပြိုင်ဘက်ကင်းသည့်ပညာများ ရှိနေသေးသည်။
အားလုံးမှာ စိုးရိမ်စွာဖြင့်ပင် တိုက်ပွဲအား ကြည့်နေကြလေ၏။
“မကောင်းတော့ဘူး..”
“မင်း သူ့နားကပ်သွားလို့ မရဘူး .. သူက ခန္ဓာကိုယ်ကျင့်ကြံသူ..”
လူငယ်လေးတစ်ယောက်မှ စိုးရိမ်တကြီးအော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦး အတော်လေးနီးကပ်သွားသောကြောင့်ပင်။ ဤကဲ့သို့သော အခြေအနေမျိုးမှာ ဝတ်စုံဖြူနှင့်လူငယ်လေးအတွက် မကောင်းပေ။
သို့သော်လည်း ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူများ ဘာမှမပြောကြပေ။ သူတို့သည် တောက်ပနေသည့်မျက်လုံးများဖြင့်သာ တိုက်ပွဲကို ကြည့်နေလေ၏။
ဒုန်း..
သူတို့ခန္ဓာကိုယ်နှစ်ခု ပထမဆုံးအကြိမ်အဖြစ် ထိတွေ့သွားခြင်းပင်။ သို့သော်လည်း မထင်မှတ်စွာဖြင့်ပင် ဝတ်စုံဖြူနှင့်လူငယ်လေး ဒဏ်ရာ မရလိုက်။
“ဘုရားရေ .. ခန္ဓာကိုယ်နဲ့တိုက်ခိုက်တာ..”
“ဘာဖြစ်နေတာလဲ .. စီနီယာအစ်ကိုမိုက စွန့်စားနေတာလား .. ဒါက အန္တရာယ်များလွန်းတယ်..”
မိန်းမပျိုလေးနှစ်ယောက် အော်ဟစ်နေကြကာ သူတို့မျက်နှာများလည်း ဖြူဖျော့နေလေသည်။
“အော်ဟစ်မနေကြနဲ့ .. ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံထားတဲ့သူက ခန္ဓာကိုယ်ကျင့်ကြံသူ မဟုတ်ဘူးဆိုရင်တောင်မှ သူတို့ခန္ဓာကိုယ်က အဲဒီလောက်မနိမ့်ဘူး .. မာကျောမှုက အတူတူပဲ .. တစ်ဖက်လူက သူ့ကိုအချိန်တိုအတွင်း အနိုင်ယူနိုင်စရာ အကြောင်းမရှိဘူး ..”
တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်၏။ ဤသည်မှာ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့် မိန်းကလေးတစ်ယောက်ပင်။ သူမ၏အော်ရာမှာ ကျားသစ်တစ်ကောင်ကဲ့သို့ပင်။ သူမသည် အစောပိုင်းက လုထော်နှင့်တိုက်ခိုက်နေခြင်းပင်။
ဤသည်မှာ အမှန်တရားပင်။ ရှီဟောင်၏ခန္ဓာကိုယ်မှာ စွမ်းအားကြီးသော်လည်း ထာဝရစွမ်းအင်သုံးကြောင်းရှိသည့်သူကိုတော့ တစ်ခဏအတွင်း မသတ်နိုင်ပေ။
“ဟမ် .. အဲဒါက ဘယ်လိုမှော်တံဆိပ်မျိုးလဲ..” လူအုပ်ကြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
မိုတောင်၏လှုပ်ရှားမှုများမှာ အလွန်ထူးဆန်းလှသည်။ မှော်တံဆိပ်များစွာ ပေါင်းစည်းသွားပြီးနောက် လောကကြီးကိုပင် ထိခိုက်လာသည့်စွမ်းအားကြီးထွက်ပေါ်လာလေ၏။
တစ်ခဏအတွင်း ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဥပဒေသများ ရောယှက်သွားသလိုပင်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဒါက ဘယ်လိုရှေးဟောင်းပညာလဲ..
ရှီဟောင် မှော်ခုခံနိုင်စွမ်းကိုအသုံးပြုကာ ရန်သူအားသတ်ချင်သော်လည်း ရန်သူ၏လက်တံဆိပ်အောက်တွင် မသက်မသာဖြစ်နေရသည်။
ဤသည်မှာ သူ ယခင်က တစ်ခါမှမကြုံဖူးသည့်အရာပင်။
မိုတောင်သည်လည်း ထိတ်လန့်နေသည်။ တစ်ဖက်လူသည် မသေမျိုးတောင်နောက်တွင်ရှိနေသည့် လောကကြီးမှ ထိုရှေးဟောင်းဧကရာဇ်ကလန်ပိုင်ဆိုင်ထားသည့် ကြောက်စရာကောင်းသည့်စွမ်းရည်ကို ပိုင်ဆိုင်ထား၏။
ရှီဟောင် ယခု ရင်ဆိုင်နေရသည်မှာ မှော်ခုခံနိုင်စွမ်း,စွမ်းရည်ကို ပြန်ဖိနှိပ်နိုင်သည့် ရှေးဟောင်းထာဝရတာအိုမှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည့် ပညာအချို့ပင်။
ဤရှေးဟောင်းပညာကိုရရှိရန်အတွက် မိုတောင် ရှေးဟောင်းစာများစွာကို လေ့လာခဲ့ရပြီး လမ်းညွှန်မှုများလည်း တောင်းခံခဲ့ရသည်။ သို့မှသာ အခြားဧကရာဇ်ကလန်မှ နာမည်ကြီးသည့်ပုဂ္ဂိုလ်တစ်ယောက်ထံမှ ဤရှေးဟောင်းအမွေများကို ရခဲ့ခြင်းပင်။
သို့သော် ဤနတ်စွမ်းရည်ကို လုံးဝချေဖျက်ပေးနိုင်သည့် မှော်တံဆိပ်တော့ မရှိတော့ပေ။ မိုတောင်၏ပညာမှာ ဤစွမ်းရည်ကို အားပျော့သွားအောင်လုပ်ရုံသာ တတ်နိုင်သည်။
ထာဝရရှေးဟောင်းခေတ်တွင် တစ်စုံတစ်ယောက်သည် ဤတာအိုကို ဖိနှိပ်နိုင်သည့် မှော်တံဆိပ်တစ်ခုအား ဖန်တီးခဲ့သည်ဟူသော ကောလဟာလများရှိခဲ့သော်လည်း ထိုတံဆိပ်မှာ ပျောက်ဆုံးသွားလေပြီ။
ဤနည်းလမ်းကို ချေဖျက်နိုင်သည့် အခြားနည်းလမ်းတစ်ခု ရှိသေးသည်။ ဤသည်မှာ ခန္ဓာကိုယ်ကျင့်ကြံခြင်းပင်။ အဖိုးတန်ပညာများကို အသုံးမပြုပဲ ခွန်အားကိုအသုံးပြုကာ တိုက်ခိုက်ရန်ပင်။
ယခုအချိန်တွင် ကောင်းကင်ကြီးကွဲထွက်သွားကာ ကမ္ဘာမြေကြီးလည်း အက်ကွဲနေလေပြီ။
မိုတောင်သည် မပြည့်စုံသည့်မှော်တံဆိပ်များစွာကို စုပေါင်းသုံးလိုက်သောကြောင့် ဤနေရာရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှာ ဟန်ချက်ပျက်သွားသလိုပင်။ သာမန်လုပ်ငန်းဆောင်တာများရပ်တန့်သွားပြီး ပုံမှန်မဟုတ်သည့်မြင်ကွင်းပေါင်းစုံ ထွက်ပေါ်လာလေ၏။
ရှီဟောင်၏ခန္ဓာကိုယ်လည်း ထိုကဲ့သို့ပင်။ မှော်ခုခံနိုင်စွမ်းမှာ ကောင်းကောင်းအလုပ်မလုပ်တော့။
မိုတောင်သည် ဤအခွင့်အရေးကို အသုံးချကာ သူ၏ကောင်းကင်ပညာကို အသုံးပြုပြီး တရှိန်ထိုးတိုက်ခိုက်လာလေသည်။ သူသည် အဖိုးတန်ပညာကိုးခုကို ပေါင်းစပ်ကာ ရှီဟောင်ကို အနိုင်ယူရန် ကြိုးစားလိုက်၏။
“ဒီလောက်နဲ့မလုံလောက်သေးဘူး..” ရှီဟောင် အော်ဟစ်လိုက်သည်။
သူ၏မှော်စွမ်းရည်ခုခံနိုင်စွမ်း တားဆီးခံလိုက်ရသော်လည်း သူ့ထံတွင် နတ်စွမ်းရည်ရှိနေသေးသည်။ သူသည်လည်း စွမ်းအားအကြီးဆုံးပညာဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။
ရှီဟောင် တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကို အသုံးပြုချင်သော်လည်း အားလုံးရှေ့တွင် မသုံးချင်သောကြောင့် သူ သည်းခံထားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် မိုတောင်၏ တံဆိပ်အားပျော့သွားသည်နှင့် သူ၏မှော်စွမ်းအင်ခုခံနိုင်စွမ်း ပြန်ကောင်းမွန်သွားလေပြီ။
ဝုန်း..
မြင်ကွင်းတစ်ခုလုံး ပေါက်ကွဲသွားလေ၏။ သူ၏မှော်ခုခံနိုင်စွမ်း အသက်ဝင်သွားသည်နှင့် သူသည် အကြောက်တရားကင်းမဲ့စွာဖြင့်ပင် သူ့ပြိုင်ဘက်ထံသို့ တရှိန်ထိုးပြေးသွားလေ၏။
မိုတောင်၏အမူအရာပြောင်းလဲသွားကာ သက်ပြင်းချလိုက်သည်။ ကြည့်ရသည်မှာ သူ ဒုက္ခရောက်တော့မည်ထင်သည်။
သူ၏မှော်ပညာများ အကျိုးသက်ရောက်မှု မရှိတော့သည်နှင့် သူ ရှီဟောင်နှင့် ဘယ်လိုလုပ် ဤမျှ နီးနီးကပ်ကပ် တိုက်ခိုက်နိုင်မည်နည်း.. သူ ဤသည်ကို ရှောင်လွဲ၍ မရနိုင်တော့။
ဒုန်း..
သူတို့နှစ်ဦး၏ လက်ဝါးချင်းထိတွေ့သွားသည်နှင့် သတ္တုချင်းထိခတ်သွားသကဲ့သို့ မီးပွားများလွင့်ထွက်လာလေ၏။
လူများစွာ ထိတ်လန့်သွားရသည်။ မိုတောင်ရဲ့ခန္ဓာကိုယ်က ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်နဲ့ယှဉ်လို့ ရလောက်အောင် စွမ်းအားကြီးလာတာလား..
“ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံထားတဲ့လူက ဘယ်လိုလုပ်အားလုံးနဲ့တူနိုင်မှာလဲ .. သူခန္ဓာကိုယ်ကျင့်ကြံထားတာမဟုတ်ဘူးဆိုရင်တောင်မှ သူ့ခန္ဓာကိုယ်က ဒီလောကမှာ တွေ့နိုင်ဖို့ ရှားပါးတယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
သို့သော်လည်း ဤဟန်ချက်မှာ ကြာကြာမခံပေ။ ခဏကြာပြီးသည့်နောက်တွင် မိုတောင်၏ လက်မနှင့်လက်ညှိုးကြား ကွဲလာကာ သူ့လက်နှစ်ဖက်လုံး သွေးများလွှမ်းလာကာ သူ့လက်မောင်းများလည်း တုန်ခါလာလေ၏။
သူ အန္တရာယ်တွေ့နေလေပြီ။
ဝုန်း..
မိုတောင် သွေးအန်ကာ လွင့်ထွက်သွားလေ၏။
ရှီဟောင်သည် တံဆိပ်များကို ဆက်တိုက်ပင် ပြုလုပ်ပြီး မိုတောင်အား ပြင်းထန်စွာ ဒဏ်ရာရရှိစေလေသည်။
ထို့နောက် ဖုန်းဟူသည့်အသံနှင့်အတူ သူက တစ်ဖက်လူကို ပိတ်လှောင်ထားလိုက်၏။ သူသည် မှော်စွမ်းအားခုခံနိုင်စွမ်းဖြင့်ပင် တစ်ဖက်လူအား ဖမ်းလိုက်လေ၏။
“ငါ့အစေခံလေး .. အရှုံးကို ဝန်ခံမလား မခံဘူးလား..” ရှီဟောင်အပြုံးလေးဖြင့် မေးလိုက်သည်။
အားလုံးဆွံ့အသွားကြလေ၏။ မိုတောင် ဖမ်းခံရပြီ .. သူ အခု အကျဉ်းသားဖြစ်သွားပြီ .. သူအရှုံးကို ဝန်ခံလိုက်ပြီးတော့ တကယ်ပဲ ဒီလူငယ်လေးရဲ့ အစေခံကောင်လေးဖြစ်လာမှာလား..
မိန်းမပျိုလေးများမှာ ငိုချင်လာကြလေ၏။ ပုံမှန်အားဖြင့် သူတို့သည် မိုတောင်အား အလွန်အထင်ကြီးကြသော်လည်း ယခုသူ ဖမ်းခံလိုက်ရသည့်အချိန်တွင် သူတို့အားလုံး ဆွံ့အသွားရကာ မိုတောင်အတွက် စိုးရိမ်လာကြလေ၏။ သူတို့မျက်ရည်များပင် ကျလာတော့မည်။