သုခကမ္ဘာက ရှီဟောင် - Chapter - 1331 လောင်းကြေး ထပ်ထားရင် ပေးရမယ်
သူ အဖမ်းခံလိုက်ရပြီ..
မိုတောင် ဆွံ့အနေလေ၏။ သူတစ်လက်မမျှပင် ရွေ့၍ မရတော့ပေ။ ရုပ်တုတစ်ခုကဲ့သို့ပင် တစ်ကိုယ်လုံး ခဲနေလေပြီ။
သူက ဘယ်သူလဲ .. သူ့ရဲ့နယ်မြေမှာ အဆင့်လွန်လူငယ်တစ်ယောက်ဖြစ်ပြီးတော့ မသေမျိုးတောင်ကို တက်ပြီး ထူးဆန်းတဲ့ရှေးဟောင်းနယ်မြေကို ဝင်ခွင့်ရပြီး မသေမျိုးသက်ရှိတွေနဲ့ တွေ့ခွင့်ရခဲ့တဲ့လူ..
သူက ဒီလိုမျိုး အဖမ်းခံလိုက်ရတယ်..
သူ ဘယ်လိုလုပ်အညံ့ခံနိုင်မည်နည်း.. နှစ်ပေါင်း ၂၀ ကျော်အထိ သူ့ကို တားနိုင်သည့်သူ မရှိ။ သူ့အစ်မမှလွဲလျှင် သူ ဘယ်တုန်းက ဤကဲ့သို့ ရှုံးနိမ့်ခဲ့ဖူးသနည်း.. ဤသည်မှာ လက်ခံနိုင်ရန် ခက်ခဲလှသည်။
မိုတောင် ကောင်းကင်ထက်သို့ ဟစ်ကြွေးလိုက်ကာ ရုန်းကန်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ပြိုင်ဘက်၏ပညာမှာ ထူးဆန်းလှပြီး သူ ဤအဆီးအတားကို မချိုးဖျက်နိုင်ဖြစ်နေသည်။
“ငါ မကျေနပ်ဘူး..” မိုတောင် အော်ဟစ်လိုက်သည်။
ယခုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ လူများလည်း ဆွံ့အနေကြလေ၏။ ဒီကောင်က မိုတောင်ကို နိုင်သွားတာလား..
တစ်ဖက်မှသက်ရှိများမှာ လုံးဝမယုံကြည်နိုင်ဖြစ်နေကြလေ၏။ နယ်ခြားစပ်၏ အခြားတစ်ဖက်တွင် ခမ်းနားတောက်ပခဲ့သည့် မိုတောင်က ဤကဲ့သို့အဖမ်းခံလိုက်ရသည်လား..
တိုက်ခိုက်သည့်သူမှာ အသက်ကြီးသည့်သူဆိုပါက တစ်မျိုး။ သို့သော်လည်း ယခုမှာ မိုတောင်ထက်ပင် ပိုနူးညံ့ပြီး ပိုငယ်သည့်ကောင်လေးတစ်ယောက်ပင်။
“စီနီယာ အစ်ကိုမို..” လူအချို့ ကျယ်လောင်စွာအော်ဟစ်လာကြသည်။
“စီနီယာအစ်ကိုမို ရှုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး .. ဒီကောင်သေချာပေါက် လှည့်စားနေတာ .. သူ နတ်ဆိုးပစ္စည်းတစ်ခုခုသုံးထားတာနေမှာ .. အားလုံးပဲ စီနီယာအစ်ကိုမိုကို မြန်မြန်ကယ်ကြ..” မိန်းမပျိုလေးအချို့က လက်မခံနိုင်ဖြစ်နေကြကာ ကျယ်လောင်စွာ အော်ဟစ်လာလေ၏။
ဤနေရာသည် ဖရိုဖရဲဖြစ်လာကာ အလယ်တွင်ရှိနေသည့် လူနှစ်ယောက် ဝိုင်းခံလိုက်ရလေ၏။
“အရှုံးကို လက်မခံတတ်ဘူးလား..” ဝမ်ရှီး ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုရားကျောင်းမှလူများလည်း အသိပြန်ဝင်လာကာ တရှိန်ထိုးပြေးလာကြလေ၏။ ရှီဟောင်ကို မုန်းနေသည့်လူအချို့ရှိနေသော်လည်း သူနှင့်ရန်ငြိုးရန်စမရှိသည့်သူ များစွာရှိနေသည်။
သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာပြီး နတ်ခွန်အားလည်း ထကြွလာသည်။ ကြောက်စရာကောင်းသည့်စစ်ပွဲတစ်ခု အချိန်မရွေး ဖြစ်လာတော့မည်။
နှစ်ဘက်လုံးမှာ အစကတည်းက ရန်သူများပင်။ ယခုဤကဲ့သို့ဖြစ်သွားသည့်အချိန်တွင် မီးတောက်ထဲသို့ လောင်စာထည့်သလို ဖြစ်သွားလေသည်။
“စီနီယာအစ်ကိုမိုကို လွှတ်လိုက်..”
သူတို့အော်ဟစ်နေကြသော်လည်း ရှီဟောင် သူတို့ကို သတ်မည်စိုးသောကြောင့် ပြေးမလာရဲကြပေ။
“ရှင် သူရဲကောင်းဆိုရင် တရားနည်းလမ်းကျကျတိုက်ခိုက် .. ယုတ်မာတဲ့နည်းလမ်းတွေ မသုံးနဲ့ .. အခု ရှင် ဘာလျှို့ဝှက်လက်နက်နဲ့ စီနီယာအစ်ကိုမိုကို တိုက်လိုက်တာလဲ..” မိန်းမပျိုလေးအချို့ အော်ဟစ်လိုက်ကြသည်။
ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သော်လည်း ဘာမှပြန်မပြောလိုက်ပေ။ သူ၏လက်များကို မိုတောင်ပုခုံးပေါ်တွင် တင်ထားပြီး သူအားအနည်းငယ်ထည့်လိုက်ရုံပင် စွမ်းအားကြီးသည့်နတ်စွမ်းရည်များ ထွက်ပေါ်လာနိုင်ပြီး တစ်ဖက်လူအား ပေါက်ကွဲသွားစေနိုင်သည်။
တစ်ဖက်လူများမှာ အနည်းငယ်စိုးရိမ်နေကြလေသည်။ ဤလူသာ လက်ရဲဇက်ရဲလုပ်လိုက်ပါက သူတို့ဆုံးရှုံးမှု ကြီးမားသွားလိမ့်မည်။
“လျှောက်မလုပ်နဲ့..” လူများစွာ အော်ဟစ်လာကာ စိုးရိမ်ကြသည့်ပုံစံ ဖြစ်လာကြလေ၏။
“မင်းလျှောက်လုပ်တာနဲ့ ငါ မင်းကို သတ်ပစ်မယ်..”
“အဲဒါဆိုလည်းလုပ်လေ .. ငါ့လောကကသူရဲကောင်းတွေက သေရမှာကြောက်တယ်လို့ ထင်နေတာလား .. မင်းတို့တိုက်ခိုက်ရင် ငါလည်း မင်းတို့အသက်ကို ချက်ချင်း ယူမှာပဲ..”
အချို့လူများ ခြိမ်းခြောက်လိုက်သည်။
“မင်း ဘာပြောချင်တာလဲ .. မင်း မညီမညွတ်ဖြစ်အောင် လုပ်ချင်နေတာလား .. မင်းက ငါ့ကလန်က ထူးခြားတဲ့ ပါရမီရှင် မိုတောင်ကို သတ်ပြီးတော့ ငါ့လောကက လူတွေကို ရန်စချင်တာလား..”
တစ်ဖက်လူများထဲတွင်လည်း မကောင်းသည့်ရည်ရွယ်ချက်များဖြင့် ဆူဆူပူပူဖြစ်အောင် လုပ်နေသည့်သူများလည်း ရှိနေသည်။
“တာအိုရောင်းရင်း .. ကျေးဇူးပြုပြီးတော့ မိုတောင်ကိုလွတ်ပေးပါ .. ငါတို့ ကောင်းကောင်းမွန်မွန်ဆွေးနွေးလို့ရပါတယ်..” လူအိုတစ်ယောက်မှ ပြောလိုက်သည်။
“ဟုတ်တယ် .. မင်းသာ စီနီယာအစ်ကိုမိုကို မကောင်းတဲ့နည်းလမ်းတွေနဲ့ အနိုင်ယူတားတာသာမဟုတ်ရင် သူ့ကိုလွတ်ပေးလိုက်ရင်လည်း သူထွက်ပြေးသွားမှာကို မင်းကြောက်မှာ မဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။
ရှီဟောင် ကျယ်လောင်စွာရယ်မောလိုက်ကာ သူတို့ကို အာရုံစိုက်မနေတော့ပေ။
ယခုအချိန်တွင် လူအချို့ သူတို့ကိုချဉ်းကပ်လာကာ အခွင့်အရေးရှာလာကြလေပြီ။
“မင်းတို့အားလုံး ဆင်ဆင်ခြင်ခြင်နေရင် ကောင်းမယ် .. မဟုတ်ရင်တော့ ငါ မယဉ်ကျေးတာကို အပြစ်မတင်နဲ့..”
ကောင်းကင်နတ်ဘုရားကျောင်းမှလူများလည်း ရှေ့တက်လာကြလေ၏။ အများစုမှာ သူတို့၏အဖိုးတန်ပညာကို အသက်သွင်းလိုက်ကာ ဤနေရာကို စောင့်ကြပ်နေကြလေသည်။
“ဘာကို ထောင်ချောက်ဆင်တာလဲ .. ပြိုင်ဘက်ကင်းတဲ့သူက မင်းတို့ဘက်က ကျင့်ကြံသူဆိုတာ မင်းတို့ မမြင်ဘူးလား .. အဲဒါတောင်မှ မင်းတို့အနိုင်ကျင့်ခံရပါတယ်ဆိုပြီး နေ့ခင်းကြောင်တောင် လာပြောနေသေးတယ် .. မင်းတို့ မရှက်ကြဘူးလား..” ထိုမိန်းမပျိုလေးများအား တစ်စုံတစ်ယောက်မှ လှောင်ရယ်လိုက်လေသည်။
ယခုအချိန်တွင် ဝမ်ရှီး၊ လုထော်၊ ရွှမ်ခွန်နှင့်အခြားသူများလည်း ရောက်လာကြလေသည်။ သူတို့ ရှီဟောင်ကို မုန်းသည်ဖြစ်စေ နှစ်သက်သည်ဖြစ်စေ ယခုတော့ သူတို့ ရှေ့ထွက်ရမည့်အချိန်ပင်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ ကြီးကျယ်သည့်အောင်မြင်မှုတစ်ခုပင်။ ရန်သူဘက်မှ အလွန်စွမ်းအားကြီးသည့် အဆင့်လွန်လူငယ်တစ်ယောက်ကို ဖမ်းမိခြင်းမှာ မယုံကြည်နိုင်လောက်အောင် ကြီးကျယ်ခမ်းနားသည့်အောင်မြင်မှုပင်။
အဘယ်ကြောင့်ဆိုသော် ဤလူသည် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူပင်။ သာမန်ပြင်းထန်သည့်တိုက်ပွဲများဆိုလျှင် ဤကဲ့သို့သောလူမျိုးကို ဖမ်းနိုင်ရန် ခက်ခဲလိမ့်မည်ပင်။
သို့သော်လည်း သူသည် သူ့ကိုယ်သူထိန်းချုပ်ကာ တစ်ဖက်လူနှင့် အဆင့်အတူတူတိုက်မည်ဟု ကတိပေးလိုက်သောကြောင့် အဆုံးတွင် ပိုးအိမ်ထဲမှ လူကဲ့သို့ဖြစ်သွားလေပြီ။
ဤသည်မှာ မျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ ကောင်းကင်နတ်ဘုရားကျောင်းမှ လူများမှာ ဤအခွင့်အရေးကို လက်လွတ်မည် မဟုတ်ပေ။ သူတို့ ဤသုံ့ပန်းကို ရှင်းပစ်ရလိမ့်မည်။
ထို့အပြင် ဤသည်မှာ မည်သည့်လုပ်ကြံမှုမှ မရှိပဲ မိုတောင်အား ဖမ်းလိုက်နိုင်ခြင်းဆိုသည်ကို အားလုံးမြင်လိုက်ရသည်။
“စီနီယာအစ်ကိုမိုက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ .. လမ်းဖယ်စမ်း..” အခြားတစ်ဖက်မှ မိန်းမပျိုလေးများစွာ အော်ဟစ်လာကြသည်။ သူတို့သည် မိုတောင်အား ကိုးကွယ်သည့်သူများဖြစ်သောကြောင့် ဤရလဒ်ကို လက်မခံနိုင်ဖြစ်နေကြလေသည်။
နှစ်ဘက်လုံးမှာ စစ်ပွဲအငွေ့အသက်များထွက်ပေါ်လာပြီး လေထုမှာလည်း တစ်စထက်တစ်စ တင်းမာလာလေသည်။
“တကယ်ဟာသပဲ … မင်းတို့ရှုံးရင်ရှုံးလို့ပေါ့ .. ငါက ပြိုင်ဘက်တစ်ယောက်မဟုတ်ရင် ငါ ချက်ချင်းဝန်ခံလိုက်မယ် .. မင်းတို့အားလုံးက အရှုံးလေးကိုတောင် လက်မခံနိုင်ဘူးလား..” ရှီဟောင် ပြောလိုက်သည်။
ဤစကားမှာ တစ်ဖက်လူကို ပို၍ ဒေါသထွက်သွားစေလေသည်။
“တော်တော့..”
မိုတောင် ရုတ်တရက်အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများ မှေးမှိန်နေပြီး လက်သီးများကို တင်းကြပ်စွာ ဆုတ်ထားလေသည်။ သူ ဒေါသထွက်နေပြီး ဤခါးသီးလှသည့်ရလဒ်ကို ပြောင်းလဲပစ်ချင်သော်လည်း သူအဖမ်းခံလိုက်ရသည်ဆိုသည်မှာ အမှန်တရားပင်။ သူ၏ကျင့်ကြံခြင်း ချိတ်ပိတ်ခံလိုက်ရသောကြောင့် သူသက်ပြင်းချရုံသာ တတ်နိုင်သည်။
“ငါ ရှုံးသွားပြီ..”
ဤစကားလုံးများမှာ တိုးညှင်းလှသော်လည်း ဤနေရာတစ်ခုလုံးကို ချက်ချင်းတိတ်ဆိတ်သွားစေလေ၏။
“အီး .. အီး..” မိန်းမပျိုလေးအချို့မှာ စတင်ငိုကြွေးလာကြလေ၏။
လူငယ်လေးအချို့ပင်လျှင် တိတ်ဆိတ်သွားကြလေသည်။ မိုတောင်မှာ သူတို့နှလုံးသားထဲတွင် ထူးချွန်သည့်သူရဲကောင်းပင်။
သူသည် နောင်အနာဂတ်တွင် လောကပေါင်းစုံကိုလွှမ်းမိုးမည့်သူဟု သူတို့အားလုံး မှတ်ယူထားခြင်းပင်။
ဤကဲ့သို့သော သူရဲကောင်းက သူသည် အခြားလူထက် နိမ့်ကျကြောင်း ဝန်ခံလိုက်သောကြောင့် ဤသည်မှာ လူများစွာကို စိတ်ပျက်သွားစေသည်။
“ဒါကို တကယ်လက်မခံနိုင်သေးဘူး .. စီနီယာအစ်ကိုမိုက ဘယ်လိုလုပ် ရှုံးသွားတာလဲ .. အဲဒီလူက ဘယ်လိုလုပ် စီနီယာအစ်ကိုမိုကို နိုင်သွားတာလဲ..” လူများစွာ အော်ဟစ်လာကြကာ မိန်းကလေးအချို့ မျက်လုံးများစိုစွတ်လာလေသည်။
မိုတောင် တည်ငြိမ်သွားလေပြီ။ သူ၏မျက်လုံးများမှေးမှိန်နေသေးသော်လည်း သူ ဒေါသတရားများမရှိတော့ပေ။ သူ ထာဝရစွမ်းအင်နှစ်ကြောင်းကို အသုံးပြုပြီး နောက်တစ်ကြိမ်တိုက်ခိုက်ကြမည်ဆိုလျှင်ပင် ဤကဲ့သို့ပင် အဆုံးသတ်မည်ကို သူ သိနေသည်။
ထာဝရစွမ်းအင်သုံးကြောင်းနှင့်ဆိုလျှင်တော့ သူမည်သူ့ကိုမှ ကြောက်နေမည် မဟုတ်ပေ။ လေဟာနယ်သားရဲကိုပင် သူ တိုက်ရဲသည်။ ဧကရာဇ်ကလန်မှ စွမ်းအားအကြီးဆုံးအဖွဲ့ဝင်ကိုလည်း စိန်ခေါ်ရဲသည်။ မသေမျိုးသက်ရှိ၏ မျိုးဆက်များကိုလည်း စိန်ခေါ်ရဲသည်။
သို့သော် ယခုတော့ သူသက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
ကောင်းကင်နတ်ဘုရားကျောင်းဘက်မှလူများ စိတ်လှုပ်ရှားသည့်အမူအရာများ ဖြစ်လာကြလေ၏။ သူတို့ရှီဟောင်အပေါ်မြင်သည့်အမြင်လည်း လုံးဝပြောင်းလဲသွားလေပြီ။
ဤကောင်သည် ကြီးမားသည့်အောင်မြင်မှုတစ်ခု လုပ်လိုက်နိုင်ခြင်းပင်။
နှမြောစရာကောင်းသည်မှာ သူသည် ထာဝရစွမ်းအင်နှစ်ကြောင်းသာ ကျင့်ကြံထားခြင်းပင်။ သူ့ထံတွင် ထာဝရစွမ်းအင်သုံးကြောင်းရှိနေပါက လုထော်ပင် သူ့အား ရင်ဆိုင်ရဲမည် မဟုတ်။
“ခင်ဗျား ကတိတည်မှာမလား..” ရှီဟောင် မေးလိုက်၏။
ဤမေးခွန်းထွက်လာသည်နှင့် ဤနေရာ တိတ်ဆိတ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် အခြေအနေများမှာ ပြင်းထန်လွန်းလှသည်။
သူက အစေခံကောင်လေး ဖြစ်လာတော့မှာလား..
ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံထားသည့်လူတစ်ယောက်က ဘယ်လိုလုပ် ဤကိစ္စကို လက်ခံနိုင်မည်နည်း..
“လူတစ်ယောက်အနေနဲ့ ရိုးသားသင့်တယ်..” ရှီဟောင်ပြောလိုက်၏။
ယခုအချိန်တွင် တစ်ဖက်လူများမှာ အံကြိတ်ရုံသာ တတ်နိုင်တော့သည်။
မိုတောင်၏မျက်နှာမှာ တောင့်တင်းနေလေ၏။ သူ့အနာဂတ်က ဒီမှာ ဒီလိုနဲ့ပဲ အဆုံးသတ်တော့မှာလား..
“ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ် .. နောင်ကျရင် မင်းကို နောက်တစ်ခါ စိန်ခေါ်ခွင့်ပေးမယ် .. မင်းနိုင်ရင် မင်းလွတ်လပ်မယ် .. မင်းရှုံးသွားတယ်ဆိုရင်တော့ ငါ့နောက်ကိုသာ လိမ်လိမ်မာမာလိုက်ရမယ်..” ရှီဟောင် သူ့အား မျှော်လင့်ချက်ပေးလိုက်သည်။
“စီနီယာအစ်ကိုမို မြန်မြန် သဘောတူလိုက်ပါ ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် မိုတောင်အား ဤနေရာတွင် သတ်ပစ်မည်ကို သူတို့စိုးရိမ်နေကြသောကြောင့်ပင်။
မိုတောင်၏အမူအရာမှာ ဖြူဖျော့နေလေ၏။
“ငါမုန်းတဲ့သူတွေအပေါ်ကိုတောင်မှ ငါကတိမဖျက်ဖူးဘူး .. ဒီတစ်ခေါက်တော့ ငါရှုံးသွားပြီ .. လောင်းရဲရင် အရှုံးကိုလက်ခံနိုင်ရဲရမယ်..” သူ ဤစကားလုံးများကို ခက်ခက်ခဲခဲဖြင့်ပင် ပြောလိုက်လေ၏။
ရှီဟောင်ပြုံးလိုက်ကာ ဝမ်ရှီး၊ လုထော်၊ ယောင်ယွဲ့နှင့်အခြားသူများကို ကြည့်ပြီးနောက် တစ်ဖက်လူများကို ပြန်ကြည့်လိုက်သည်။
” နောင်အနာဂတ်မှာ ငါ့ကိုစိန်ခေါ်လာတဲ့ ထာဝရစွမ်းအင်သုံးကြောင်းနဲ့လူတွေရှိရင် မင်းငါ့အစား သူတို့ကို ဂရုစိုက်ပေးရမယ်..” ရှီဟောင် မိုတောင်အား ပြောလိုက်သည်။
“စီနီယာအစ်ကိုမို .. ငါတို့လည်း မင်းကို အဖော်လုပ်ပေးမယ်..”
တစ်ဖက်မှ သက်ရှိများစွာ ရောက်လာကြလေ၏။ ယောက်ျားလေးနှင့်မိန်းကလေးများပါသော်လည်း အများဆုံးမှာ မိန်းကလေးများပင်။
အားလုံး ဆွံ့အသွားကြရသည်။
ရှီဟောင်လည်း ဆွံ့အသွားသည်။ ထို့နောက် “မိသားစုကို ထောက်ပံ့ဖို့ အောက်ကျခံတာလား .. မင်းတို့အားလုံးကို ကြိုဆိုပါတယ်..” ရှီဟောင် ပျော်ရွှင်စွာပင် ပြောလိုက်သည်။
အခြားတစ်ဖက်မှ ကျွမ်းကျင်သူများမှာ ဒေါသထွက်နေပြီး သူတို့မျက်နှာများမှာ ရေထဲနှစ်ခံထားရသကဲ့သို့ဖြစ်နေလေပြီ။ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ထက်သို့ လျှံတက်လာလေ၏။