သုခကမ္ဘာက ရှီဟောင် - Chapter - 1332 ဖရိုဖရဲစစ်ပွဲ
‘မိသားစုကိုထောက်ပံ့ဖို့ အောက်ကျခံတယ်’ ဟူသောစကားကြောင့် ပြေးလာသည့်သူများအားလုံး၏ အမူအရာများ ပြောင်းလဲသွားလေ၏။ အထူးသဖြင့် ကောင်မလေး လေးယောက်ပင်။ သူတို့သည် ရှီဟောင်အား ဒေါသတကြီးပင် စိုက်ကြည့်ကာ ရှီဟောင်နှင့် သူသေကိုယ်သေ တိုက်ခိုက်လိုကြ၏။
သို့သော်လည်း မိုတောင်ပင်လျှင် ရှုံးနိမ့်သွားသောကြောင့် သူတို့က ဘယ်လိုလုပ် အခွင့်အရေးရှိနိုင်မည်နည်း..
“မင်းတို့သွားလို့မရဘူး..” ဧည့်သည်သက်ရှိများမှာ အော်ဟစ်လိုက်သည်။ တစ်ယောက်တောင်ရှုံးပြီးသွားပြီကို သူတို့က ဘယ်လိုလုပ် အခြားသူများကို အကျဉ်းသားများအဖြစ် လွှတ်နိုင်မည်နည်း .. ဤလူများအားလုံးမှာ လက်ရွေးစင်များ၊ ပါရမီရှင်များပင်။
နယ်မြေဖြတ်သန်းလာနိုင်သည့်သူအားလုံးမှာ သူတို့လောကတွင် နယ်မြေများကို ကိုယ်စားပြုသည့်သူများပင်။ ဤလူများသာ တစ်ခုခုဖြစ်သွားပါက သူတို့ဆုံးရှုံးမှု ကြီးမားသွားလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူတို့ မိုတောင်ကိုလည်း အဆုံးရှုံးမခံနိုင်။ ဤသည်မှာလည်း သူတို့လောက၏ ပါရမီရှင်ဖြစ်သောကြောင့် သူတို့က ဘယ်လိုလုပ် အခြားသူ၏အစေခံ အဖြစ်ခံမည်နည်း..
ပြောရမည်ဆိုလျှင် မိုတောင်အသတ်ခံရပင်လျှင် သူတို့လက်ခံနိုင်သေးသည်။ မဟုတ်ပါက နောင်တစ်ချိန်ကျလျှင် သူတို့တွေ ရန်သူအဖြစ်နှင့် ပြန်တွေ့ရနိုင်သည်။
“မင်းတို့အားလုံး ဒီကိုလာခဲ့ကြ .. မိုတောင် မင်းကိုလည်း အစေခံဖြစ်ခွင့်မပေးနိုင်ဘူး..” ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်အမျိုးသမီးမှ ပြောလိုက်သည်။ သူမသည် ကျားသစ်တစ်ကောင်ကဲ့သို့ပင်။ သူမသည် ထိုမျှ ချစ်စရာမကောင်းသော်လည်း သူရဲကောင်းအငွေ့အသက် ရနေသည်။
“ငါအရှုံးကိုဝန်ခံတယ် .. ဒါပေမဲ့ မင်းတို့တွေ ငါနဲ့လိုက်ပြီးတော့ ဒုက္ခခံစရာမလိုဘူး .. မြန်မြန်ပြန်သွားကြ..” မိုတောင် ထိုလူများကို ပြန်သွားခိုင်းလိုက်သည်။
“ငါတို့မသွားဘူး..” မိန်းမပျိုလေးများမှာ ပို၍ပင် ခံစားချက်ပြင်းထန်နေကြလေသည်။
ရှီဟောင် ပြောစရာစကားများပင် ပျောက်ရှနေလေ၏။ သူ့မျက်နှာထက်တွင် မနာလိုသည့်အရိပ်အယောင်များ ပြည့်နှက်နေလေ၏။
” ဒီလောက်လူတွေအများကြီးကို ငါဘယ်အချိန်မှ ရမှာလဲ .. လိုအပ်ချက်က သိပ်မမြင့်ပါဘူး .. ထာဝရစွမ်းအင် တစ်ကြောင်း၊ နှစ်ကြောင်းလောက်ရှိရင် လုံလောက်ပြီ .. သုံးကြောင်းရှိရင်တော့ ပိုပြီးတော့ ကြိုဆိုပါတယ်..”
ထိုစကားကြားလိုက်ရသည့်အချိန် သူ့ကိုရိုက်ချင်နေသည့် လူများစွာရှိနေသော်လည်း သူတို့မလုပ်ရဲကြပေ။
ရှီဟောင်သည် မိုတောင်ပုခုံးပေါ်လက်တင်ကာ ဝမ်ရှီး၊ ရွှမ်ခွန်နှင့် အခြားသူများဘက်သို့ သူ့အား ခေါ်လာလေသည်။
ထိုသို့ခေါ်လာစဉ်အတွင်း မည်သူမှ မတိုက်ခိုက်ရဲကြ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်ကို တိုက်ခိုက်လိုက်သည်နှင့် သူ မိုတောင်ကို ချက်ချင်းသတ်ပစ်မည်ကို သိနေကြသောကြောင့်ပင်။
မိန်းမပျိုလေး လေးယောက်မှာ မိုတောင်နောက်သို့ လိုက်လာဆဲပင်။ သူတို့သည် မကျေမနပ်စွာဖြင့် ဘေးနားတွင် ရပ်နေကြလေသည်။
“မင်းသတ္တိရှိရင် စီနီယာအစ်ကိုမိုနဲ့ နောက်တစ်ခေါက် ထပ်တိုက်ရဲလား..”
“ဟုတ်တယ် .. ဒီတစ်ခေါက် အားကုန်သုံးပြီးတိုက် .. မင်းတို့ ဘယ်သူမှ ထိန်းချုပ်ထားစရာ မလိုဘူး .. မင်း ဆိုးဆိုးရွားရွားဖြစ်အောင်ထိ အရိုက်ခံရလိမ့်မယ်လို့ ငါအာမခံတယ်..”
ဤစကားများကို ကြားလိုက်ရသည်နှင့် ရှီဟောင်၏အမူအရာ ရှုပ်ထွေးသွားလေသည်။
ထိုဧည့်သည်များ၏အမူအရာမှာ အနည်းငယ် ပိုကောင်းသွားလေပြီ။ ရှီဟောင်သည် မည်မျှပင် ထူးခြားနေပါစေ သူသည် ထာဝရစွမ်းအင်နှစ်ကြောင်း ကျင့်ကြံသည့်သူသာ။
မိုတောင် သူ့ကိုယ်သူ မထိန်းချုပ်ထားလျှင် ဤကဲ့သို့သော အခြေအနေမျိုးဖြစ်လာလိမ့်မည်မဟုတ်ဟု သူတို့အမြဲတမ်းယုံကြည်နေကြခြင်းပင်။
“ငါ့ကို သတိပေးတဲ့အတွက် ကျေးဇူးပဲ .. ဒီလိုမျိုးစွမ်းအားကြီးတဲ့နောက်လိုက်ရှိနေရင် ငါလည်း စိတ်အေးရမှာ မဟုတ်ဘူး .. မင်းက ထာဝရစွမ်းအင်သုံးကြောင်းရှိတယ် .. ငါက နှစ်ကြောင်းပဲရှိတာ .. မင်းကို ငါ့ဘေးနားထားရင် မင်း ငါ့ကို အချိန်မရွေးသတ်သွားနိုင်တယ် .. ငါ တစ်ခြားနည်းလမ်းစဉ်းစားရမယ်..” ရှီဟောင်ပြောလိုက်သည်။
လူများစွာမှာ ထူးဆန်းသည့်အမူအရာများဖြစ်သွားကြလေ၏။ ဒီကောင်က ဒီလိုမျိုးအစေခံကို လက်ခံဖို့ တကယ်စဉ်းစားနေတာလား .. သူက အခြေအနေတွေကို တည်ငြိမ်အောင် မလုပ်တော့ဘူးလား..
ခပ်ဝေးဝေးတွင်ရှိနေသည့် ချောင်ယုရှင်းနှင့် ယုန်ဖြူလေးတို့ သံသယဝင်လာကြသည်။ ဤလူ၏ပုံပန်းသွင်ပြင်က ပြောင်းလဲနေသော်လည်း သူ၏လှုပ်ရှားပုံများနှင့် စကားပြောပုံများမှာ သူတို့နှင့် အလွန်ရင်းနှီးနေသည်။
“သောက်ခွေး .. ဒီကောင်က တကယ်ပဲ သူလို့မပြောနဲ့နော်..” ချောင်ယုရှင်း ရေရွတ်လိုက်သည်။
“သူက မူလရှေးဟောင်းမိုင်းတွင်းထဲ ပစ်ချခံရပြီးတော့ အဲဒီမှာပဲ အဆုံးသတ်သွားပြီ မဟုတ်ဘူးလား .. သူကဘယ်လိုလုပ် အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာလဲ..” ယုန်ဖြူလေးမှာ အနည်းငယ် မရေမရာဖြစ်နေလေ၏။
သူတို့သည် ရှီဟောင်နှင့် အလွန်ရင်းနှီးသောကြောင့် ဤလူမှာရှီဟောင်ဖြစ်လိမ့်မည်ဟု သူတို့သံသယဝင်လာကြခြင်းပင်။
“တကယ်ပဲသူသာဆိုရင်တော့ သူက ဘယ်လိုဟန်ဆောင်ရမလဲဆိုတာ ကောင်းကောင်းသိတာပဲ .. သူ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံပြီးသွားပြီကို အရမ်းကြောက်သလို လာလုပ်ပြနေတယ်..”
သူတို့နှစ်ဦး တိတ်တဆိတ်ပင် ကျိန်ဆဲလိုက်ကြသည်။ ဤလူသာ တကယ်ရှီဟောင်ဆိုပါက သူသည် အရှက်မဲ့လွန်းသည်။ ဤသည်မှာ သိုးရေခြုံသည့် ဝံပုလွေ၏ အကောင်းဆုံးဥပမာပင်။
“ဒီလူကို ဒီအတိုင်းထားလို့မရဘူး .. သူ့ကိုသတ်ပစ်ရမယ်..” လုထော် ပြတ်သားစွာ ပြောလိုက်သည်။
ကျန်သည့်သူများလည်း သဘောတူသည့် အမူအရာများပြလာကြလေ၏။ သူ့ကို အသက်ရှင်လျက်ထားလျှင် ပြဿနာရှာသည်နှင့်အတူတူပင်။ ထာဝရစွမ်းအင်သုံးကြောင်းရှိသည့်သူကို မည်သူက သိမ်းသွင်းနိုင်မည်နည်း..
မိန်းမပျိုလေးယောက်မှာမူ အော်ဟစ်ကာ မျက်မှာများဖြူလျော်လာလေ၏။
“ရှင်တို့အားလုံး စီနီယာအစ်ကိုမိုကို ထိခိုက်အောင်လုပ်လို့ မရဘူး .. ရှင်တို့ ကိုယ့်စကားကို ကိုယ် တည်ကြ .. သူက ဂုဏ်သိက္ခာရှိရှိနဲ့ ရှင်တို့နောက် လိုက်လာခဲ့တာ .. ရှင်တို့ သူ့ကို အကြောင်းပြချက်မရှိပဲ သတ်ပစ်လို့ မရဘူး ..”
“တိုက်ခိုက်ဖို့ ခွင့်မပြုဘူး..”
ရှီဟောင် ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိသည်။ သူသည်လည်း ထာဝရစွမ်းအင်သုံးကြောင်းနှင့်လူ ဖြစ်သောကြောင့် သူ မိုတောင်ကို မကြောက်ပေ။ ထို့ကြောင့် သူ့အား ဤကဲ့သို့ မသတ်ပစ်ချင်။
“ရှင်သူ့ကို သတ်လိုက်တာပိုကောင်းမယ်လို့ ကျွန်မ ထင်တယ်..” ထိုအချိန်တွင် မင်းသမီးယောင်ယွဲ့ ပြောလာလေ၏။
ရှီဟောင် သဘောမတူပေ။
“ဒါပေမဲ့ ဒါက ကျုပ်နောက်လိုက်ဖြစ်လာမယ့် ထာဝရစွမ်းအင်သုံးကြောင်းနဲ့လူလေ .. သူ့ကိုသတ်လိုက်ရင် ဘယ်သူက ကျုပ်ကို အဖော်ပြုပေးတော့မှာလဲ..”
ဤလူများအားလုံး ဆွံ့အသွားရသည်။ မင်းက ထာဝရစွမ်းအင်နှစ်ကြောင်းပဲရှိတဲ့ ကျင့်ကြံသူလေ .. မင်းက ခန္ဓာကိုယ်ကျင့်ကြံတဲ့သူဆိုပေမယ့် မင်းကိုယ်မင်း အထင်ကြီးလွန်းမနေဘူးလား .. ဒီလိုမျိုး အဆင့်လွန်လူငယ်ကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေတာလား..
သူတို့အမြင်တွင် မိုတောင်ရှုံးနိမ့်သွားရခြင်းမှာ သူသည် ထာဝရစွမ်းအင်နှစ်ကြောင်းသာ အသုံးပြုသောကြောင့်ပင်။ မဟုတ်ပါက သူ ဘယ်လိုလုပ် မိုတောင်အား ယှဉ်နိုင်မည်နည်း..
“ရှင် သူ့ကို သတ်သင့်နေတုန်းပဲ..” ယောင်ယွဲ့ပြောလိုက်သည်။
“သတ်တာက ရပါတယ် .. ဒါပေမဲ့ မင်း ငါ့ကို ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့ လူငယ်တစ်ယောက် ပြန်လျော်ပေးရမယ်..” ရှီဟောင်သည် သူမကို ဈေးထဲမှ ဟင်းရွက်ကန်စွန်းရွေးနေသကဲ့သို့ အထက်အောက် စုန်ဆန်ကြည့်နေလေသည်။
ယောင်ယွဲ့ မျက်မှောင်ကြုတ်သွားရ၏။ ဒီကောင်က ရဲတင်းလွန်းလိုက်တာ .. သူ့ကို ဒီလိုမျိုး လာကြည့်ရဲတယ် .. “ရှင် .. သူ ရှင့်နောက်ကျောကို ဓားနဲ့ထိုးမယ့်အချိန်ကို စောင့်နေလိုက်..”
“လုံခြုံရေးအတွက် မင်းသူ့ကို သတ်သင့်တယ်..” ရွှမ်ခွန်လည်း ပြောလိုက်သည်။
“သူ့ကိုသတ်လိုက်တာထက် သူ့ကို အသုံးချတာ ပိုမကောင်းဘူးလား..” ရှီဟောင် ခိုင်မာစွာ ငြင်းဆိုနေဆဲပင်။ ထို့နောက် သူသည် ဝမ်ရှီးနှင့်လုထော်တို့ကိုကြည့်ကာ မေးလိုက်သည်။ ” ငါ အရင်တုန်းက ကြားဖူးတာ သက်ရှည်မိသားစုတွေမှာ သွေးကျိန်စာတို့၊ တာအိုကျိန်ဆိုခြင်းတို့လိုမျိုး အစေခံတစ်ယောက် မပုန်ကန်အောင် ချည်နှောင်တဲ့ နည်လမ်းတစ်ချို့ရှိတယ်ဆို .. မင်းတို့ဆီမှာ မရှိဘူးလား..”
“ဒါက ..” ထိုလူများအားလုံး ခေါင်းခါလိုက်ကြသည်။ ဤနည်းလမ်းများမှာ အလွန်ရက်စက်ကာ ကောက်ကျစ်သောကြောင့် သူတို့ မည်သူမှ မသုံးကြ။ ထို့အပြင် ထိုသွေးကျိန်စာသုံးလျှင်ပင် အာမခံနိုင်မည်မဟုတ်။
“အဲဒီလိုမျိုး ဒုက္ခခံဖို့ မလိုပါဘူး .. ကျုပ်က ကျုပ်စကားတည်တဲ့သူပါ .. ကျုပ်မှာ ဝိညာဉ်သိုလှောင်ခြင်းစေတီရှိတယ် .. မင်း အဲဒီစေတီကို ယူထားလို့ရတယ်..” မိုတောင် ပြောလိုက်၏။
သူ၏မျက်ခုံးကြားမှ သွေးထွက်လာကာ အက်ကွဲကြောင်းတစ်ခု ပေါ်လာလေ၏။ ထို့နောက် အဖြူရောင်စေတီလေးတစ်ခု ထွက်လာကာ ရှီဟောင်လက်ထဲသို့ ရောက်လာလေသည်။
ရှီဟောင် အလွန်ထိတ်လန့်သွားရ၏။ ထိန်းချုပ်ခံထားရတဲ့ မိုတောင်က မှော်ပစ္စည်းတွေကို သုံးနိုင်သေးတာလား..
“ကျုပ်မှာ အခု တိုက်ခိုက်နိုင်တဲ့အား မရှိတော့ဘူး .. ဒီစေတီလေးက နည်းနည်းထူးခြားတယ် .. အဲဒါကြောင့်မို့လို့ ကျုပ်ရဲ့ မူလဝိညာဉ်တံဆိပ်နဲ့ ပေါင်းစည်းနိုင်တာ..” မိုတောင် ရှင်းပြလိုက်သည်။
ဘေးဘက်မှ မိန်းမပျိုလေး လေးယောက်မှာ အော်ဟစ်နေကြလေပြီ။
ဧည့်သည့်ကျင့်ကြံသူများအားလုံးလည်း ထိတ်လန့်သွားကာ ပါးစပ်အဟောင်းသားဖြစ်နေလေသည်။
“မင်း မလုပ်ရဘူး .. မင်းက ဘာလို့ သူ့ကို မင်းရဲ့မူလဝိညာဉ်တံဆိပ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ပေးလိုက်တာလဲ .. မင်း တကယ်ပဲ သူ့အစေခံလုပ်မလို့လား..”
ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များလည်း နားလည်သွားလေပြီ။
ဝိညာဉ်သိုလှောင်ခြင်းစေတီ .. ဤသည်မှာ ဝိညာဉ်ကို ထောက်ပံ့နိုင်ပြီး ထိုလူကို ထိန်းချုပ်နိုင်ရန်အတွက် မူလဝိညာဉ်တစ်စိတ်တစ်ပိုင်းကိုလည်း သိမ်းထားနိုင်သည်ပင်။
ဤသည်မှာ ထာဝရရှေးဟောင်းခေတ်မှ ကျန်ခဲ့သည့် နတ်ဆိုးပစ္စည်းတစ်ခုဖြစ်ပြီး ဤလောကတွင် မြင်တွေ့နိုင်ရန် ရှားပါးလှသည်။
ဝမ်ရှီး၊ လုထော်၊ ယောင်ယွဲ့နှင့် အခြားသူများလည်း ဤလျှို့ဝှက်ရတနာအကြောင်းကို ကြားဖူးသည်။ သူတို့သည် မိုတောင်နှင့်ရှီဟောင်ကို ထူးဆန်းသည့်အမူအရာများဖြင့် ကြည့်လာကြလေသည်။
ဒီလိုမျိုးစွမ်းအားကြီးတဲ့ သူရဲကောင်းတစ်ယောက်က ထာဝရစွမ်းအင်နှစ်ကြောင်းနဲ့လူရဲ့ လက်အောက်ခံဖြစ်တော့မှာလား..
“တိုက်ကြ..”
ဧည့်သည်သက်ရှိများ လှုပ်ရှားလာကြလေ၏။ ဤကဲ့သို့သော ပါရမီရှင်မျိုးကို ရန်သူ၏အစေခံဖြစ်ခွင့် မပေးနိုင်ပေ။ သူသာ သူတို့နှင့်ရန်သူဖြစ်သွားပါက အလွန်ကြောက်စရာကောင်းသွားလိမ့်မည်။
ရှီဟောင်သည် ဝိညာဉ်သိုလှောင်ခြင်းစေတီကို စစ်ဆေးရန် ဝမ်ရှီးအား အကူအညီတောင်းလိုက်ပြီး ဘာပြဿနာမှ မရှိဘူးဆိုမှ သူ စိတ်အေးသွားနိုင်သည်။
ရှီဟောင်သည် မိုတောင်၏ ကန့်သတ်ချက်ကို ဖယ်ရှားပေးလိုက်ပြီးနောက် “ငါ့ကို ရန်သူတွေ ကူသတ်ပေးပါဦး..”
ဤစကားများကိုကြားလိုက်သည်နှင့် တစ်ဖက်လူများ နှေးကွေးသွားသော်လည်း အော်ဟစ်ကာ ဆက်ရောက်လာဆဲပင်။
ကြောက်စရာကောင်းသည့် တိုက်ပွဲကြီး ဖြစ်ပေါ်လာတော့မည်။
လောကနှစ်ခုမှ သက်ရှိများမှာ အစကတည်းက တိုက်ခိုက်နေကြသော်လည်း ယခုတော့ ပို၍ပြင်းထန်လာလေပြီ။
“တိုက်ကြ .. သူတို့ကိုသတ်..” လုထော်အော်ဟစ်လိုက်သည်။
ကြောက်စရာကောင်းသည့်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလေပြီ။
မိုတောင် သူတို့ဘက်မှ ထွက်ခွာသွားခြင်းမှာ သူတို့အား အတော်လေး အထိနာသွားစေသည်။
ထို့အပြင် ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့်သူများ ရှီဟောင်ထံသို့ တရှိန်ထိုးပြေးလာလေ၏။
“မိုတောင် .. သူတို့ကို တားလိုက်..” ရှီဟောင် အမိန့်ပေးလိုက်သည်။
အဖိုးတန်ပညာများ ထိတွေ့လာကြကာ မှော်ပစ္စည်းများလည်း ထွက်ပေါ်လာသည်။ ဤနေရာသည် အလွန်တောက်ပနေပြီး ကမ္ဘာမြေကြီးပင်လျှင် မည်းတူးသွားလေ၏။ တောင်ကြောများလည်း ပြာမှုန့်များအဖြစ် တစ်စစီပေါက်ကွဲသွားလေ၏။
ဤသည်မှာ နှစ်ပေါင်းများစွာကြာလျှင်ပင် မည်သူမှ မမေ့နိုင်မည့်တိုက်ပွဲတစ်ခု ဖြစ်မည်ပင်။
“မင်းသွားသေလိုက်တော့..” ထိုလူများ ရှီဟောင်ထံသို့ တရှိန်ထိုးပြေးလာကြလေ၏။
အထူးသဖြင့် ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့်သူများပင်။ သူတို့သည် မိုတောင်၏ တားဆီးခြင်းကို ခံလိုက်ရလေ၏။
ဝုန်း..
လေဟာနယ်ကြီး ချိုင့်ဝင်သွားကာ ထူးဆန်းသည့်သက်ရှိတစ်ကောင် ရောက်လာလေသည်။ စွမ်းအားလှိုင်းများလည်း ရေလှိုင်းများကဲ့သို့ ရောက်ရှိလာလေ၏။
“ဟူး .. ကြည့်ရတာ ငါ အားကုန်ထုတ်သုံးရတော့မယ်ထင်တယ် .. ထာဝရစွမ်းအင်သုံးကြောင်းသုံးပြီးတော့ အဆင့်လွန်သက်ရှိတွေကို သတ်ဖို့အချိန်ရောက်ပြီ..”
သူက ဤနေရာ၌ လူသတ်ပွဲကြီး ကျင်းပရန် ဆုံးဖြတ်လိုက်လေသည်။