သုခကမ္ဘာက ရှီဟောင် - Chapter - 1333 ခေါင်းသုံးလုံး ဘုရင်
ရှီဟောင်၏အမူအရာများ လေးနက်သွားပြီး သူ၏တိုက်ခိုက်လိုသည့်ဝိညာဉ်လည်း ထကြွလာသည်။ ဤသက်ရှိမှာ အလွန်ကြောက်စရာကောင်းသောကြောင့် သူ ထိန်ချန်ထား၍မရတော့။ ထိုသူ၏ခန္ဓာကိုယ်ပတ်လည်တွင် ထူထဲလှသည့် ထာဝရစွမ်းအင်သုံးကြောင်း ဝေ့ဝဲနေလေသည်။
“စွမ်းအားကြီးတဲ့ အသွေးအသားတွေရှိတဲ့ ပိုးကောင်လေးတွေကို ငါ ကြိုက်တယ် .. ဝါးစားရင် စားလို့ ပိုကောင်းတယ်..” ဤသတ္တုသံ၏ တုန်ခါသံမှာ နားများကို နာကျင်လာစေသည်အထိပင်။
ဤသည်မှာ ကျန်းပေါင်းများစွာ ရှည်လျားသည့်ပင့်ကူကြီးပင်။ သူ၏ခန္ဓာကိုယ်တွင် ရောင်စုံအစက်အပြောက်များရှိနေပြီး ပုံစံများမှာ ထူးခြားလှသည်။ အရောင်များလည်း အလွန်တောက်ပနေသည်ပင်။
“ဒီပိုးကောင်က ငါ့ကိုစားချင်နေတာလား..” ရှီဟောင်မျက်လုံးထဲတွင်မူ ဤသည်မှာ ပိုးကောင်တစ်ကောင်ပင်။
“ဒါပေမဲ့ ဒီပိုးကောင်လေးက တော်တော်လေးသေးတယ် .. ငါ ဝမှာမဟုတ်ဘူး..” ထိုပင့်ကူကြီးမှ ပြောလိုက်သည်။
ဤသည်မှာခေါင်းသုံးလုံးနှင့်ပင့်ကူပင်။ အလယ်တစ်လုံးမှာ ရွှေရောင်ပင့်ကူခေါင်း၊ ဘယ်ဘက်မှာ အနက်ရောင်ခြင်္သေ့ခေါင်းနှင့် ညာဘက်မှာ သာမန်လူခေါင်းပင်။ ဤသည်မှာ အလွန်ထူးဆန်းသည့်သူပင်။
ထိုခေါင်းသုံးလုံးထက်တွင် တာအိုပန်းပွင့်တစ်ပွင့်စီ ရှိနေလေ၏။
ဤသည်မှာ ရှီဟောင်၏အမူအရာကို ပို၍ လေးနက်သွားစေလေ၏။ ဤသက်ရှိမှာ အလွန်ထူးခြားသည်ဟု သူ ခံစားနေရသည်။ ခေါင်းတစ်လုံးစီတွင် ပန်းပွင့်တစ်ပွင့်စီရှိနေသောကြောင့် ဤသည်မှာ ရင်ဆိုင်ရန် အလွန်ခက်ခဲသည့်သက်ရှိတစ်ယောက်ဖြစ်သည်ဟု သူ့အားပြောနေသလိုပင်။
“ခေါင်းသုံးလုံးဘုရင်..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြားအော်ဟစ်လိုက်၏။
“ဘုရားရေ .. ဒီလိုမျိုး ဒဏ္ဍာရီလာ သက်ရှိကြီး နောက်တစ်ခေါက် ပေါ်လာပြန်ပြီ .. သူက ထာဝရစွမ်းအင် သုံးကြောင်းကိုတောင် ကျင့်ကြံထားပြီ .. သူက သူ့ရဲ့ပြိုင်ဘက်ကင်းတဲ့ ဂုဏ်သိက္ခာအတွက် နာမည်ကြီးတာ..”
ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များ၏ အမူအရာများ ပြောင်းလဲသွားလေ၏။ အထူးသဖြင့် ရှေးဟောင်းမိသားစုမှ လာသည့်လူများပင်။
ဝမ်ရှီးနှင့် ယောင်ယွဲ့တို့၏ အမူအရာများလည်း မသာမယာဖြစ်နေလေသည်။ သူတို့နှစ်ဦးလုံး သက်ရှည်မိသားစုမှ လာခြင်းဖြစ်သောကြောင့် ဒဏ္ဍာရီလာသတ္တဝါအမျိုးမျိုးကို မှတ်တမ်းတင်ထားသည့် ရှေးဟောင်းစာများ ရှိသည်ပင်။
မနှစ်မြို့စရာကောင်းခြင်း၊ ထိတ်လန့်စရာကောင်းခြင်း၊ တုန်လှုပ်စရာ ကောင်းခြင်း၊ ရင်ဖိုစရာကောင်းခြင်း ဤသည်တို့မှာ ဤခေါင်းသုံးလုံးဘုရင်ကို ဖော်ပြနိုင်သည့်စကားလုံးများပင်။ သူတို့ပေါ်လာသည်နှင့်သေချာပေါက် သွေးမိုးရွာသွန်းလာပေလိမ့်မည်။
“သူ ဂိုဏ်းခေါင်းဆောင်အဆင့် မရောက်သေးလို့ တော်သေးတာပေါ့ .. ငါတို့ နိုင်,နိုင်ချေရှိသေးတယ် .. မဟုတ်ရင် ငါတို့အတွက် ကပ်ဆိုးကြီးဖြစ်သွားမှာ..” ဝမ်ရှီး သက်ပြင်းချ၍ ပြောလိုက်သည်။
ဤကဲ့သို့သော သက်ရှိမျိုးမှာ ထာဝရစွမ်းအင်ကျင့်ကြံထားသည်ဖြစ်စေ မကျင့်ကြံထားသည်ဖြစ်စေ ကောင်းကင်နတ်ဘုရားအဆင့်ပြီးသွားသည်နှင့် နဂါးအဖြစ်ပြောင်းလဲသွားသည့် ငါးဖြစ်သွားမည်ပင်။
ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့် ထိုကဲ့သို့ပြောင်းလဲသွားမည်ဆိုပါက မည်သူက မကြောက်ပဲနေမည်နည်း..
ဤသည်မှာ နယ်ခြားစပ်တစ်ဖက်လောကမှ သက်ရှိမဟုတ်ပဲ ထူးခြားသည့် ရှေးဟောင်းနယ်မြေမှလာသည့် ရန်သူအစစ်ဖြစ်မှန်း ရှီဟောင်သိသည်။
ထို့ကြောင့် ဤပင့်ကူကို သူ သတ်ချင်နေခြင်းပင်။
“ဝိုး .. မင်းက ငါ့ကို သတ်ချင်နေတာလား .. ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးနေတာပဲ .. ထာဝရစွမ်းအင်နှစ်ကြောင်းရှိတဲ့သူက အခြေအနေကိုတောင် မသိဘူးလား .. ဟာသပဲ..” ခေါင်းသုံးလုံးဘုရင် ပြောလိုက်သည်။
လုထော်၊ ယောင်ယွဲ့နှင့် အခြားသူများ၏ အမူအရာများလေးနက်နေလေ၏။ ဤသည်မှာ ထာဝရရှေးဟောင်းခေတ်တွင် မှတ်တမ်းတင်ထားသည့် ကြောက်စရာကောင်းသည့် သက်ရှိတစ်မျိုးဖြစ်မှန်း အားလုံးသိနေကြသည်ပင်။
“ခင်ဗျားက ခြေထောက်ရှစ်ချောင်းနဲ့ မကောင်းဆိုးဝါးပင့်ကူပဲ … အဲဒါကိုတောင်မှ ခင်ဗျားက တစ်ခြားသူကို ပိုးကောင်လို့ခေါ်ရဲသေးတာလား .. ခင်ဗျားအရှက်မရှိဘူးလား..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။
“အရူး .. ငါတို့က မင်းတို့အားလုံးကို အထင်သေးနေတဲ့ အကြီးကျယ်ဆုံးလူမျိုးစုပဲ .. မင်းတို့လိုမျိုး မကောင်းတဲ့သွေးတွေ စီးဆင်းနေတဲ့သက်ရှိတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ငါ့တို့ရှေ့မှာ ဝပ်တွားပြီးတော့ ငါတို့ကို ကိုးကွယ်ခဲ့တာ .. ငါတို့ ဘိုးဘေးတွေရဲ့မျက်လုံးထဲမှာတော့ မင်းတို့အားလုံးက အရေးမပါတဲ့ပိုးကောင်လေးတွေပဲ..” ခေါင်းသုံးလုံးဘုရင် ပြောလိုက်၏။
ဤပင့်ကူကြီးသည် ကျန်းပေါင်းများစွာ မြင့်မားနေပြီး သူ၏အပျောက်အကျားနှင့်ခန္ဓာကိုယ်မှာ ကြောက်စရာအကောင်းဆုံးပင်။ သူ၏ခေါင်းသုံးလုံးမော့နေပြီး အားလုံးကို အထင်အမြင်သေးစွာ ကြည့်နေလေ၏။
“အဓိပ္ပာယ်မရှိတာတွေ လျှော့ပြော .. ခင်ဗျား အသက်ကိုပေးလိုက်တော့..” ရှီဟောင် အော်ဟစ်လိုက်သည်။
ရွှီး…
သူစကားပြောပြီးသွားသည်နှင့် သူ့ရှေ့မှ လေဟာနယ်ကြီး ပေါက်ကွဲသွားလေ၏။ ကြီးမားလှသည့် ပင့်ကူခြေထောက်တစ်ဖက်သည် ကြောက်စရာကောင်းသည့် စစ်လှံတံကဲ့သို့ သူ့ထံသို့ ဦးတည်လာလေ၏။
ဒုန်း..
ရှီဟောင် ဘေးဘက်သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်ကာ ထိုပင့်ကူခြေထောက်ကို လက်သီးဖြင့် ထိုးလိုက်သည်နှင့် နားစည်ကွဲလောက်သည့် သတ္တုသံကြီး ထွက်ပေါ်လာသည်။
ထိုပင့်ကူခြေထောက် မည်မျှကြောက်စရာကောင်းသည်ကို အားလုံးမြင်လိုက်ရလေသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းများထက်ပင် မာကျောလှသည်။
“နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ..” ခေါင်းသုံးလုံးဘုရင် ပြောလိုက်သည်။
” နှမြောစရာပဲ .. မင်းက နည်းနည်းလိုသေးတယ် .. မင်းမှာ ထာဝရစွမ်းအင်သုံးကြောင်းရှိရင် ပိုပြီးတော့ အရသာရှိမှာ..”
ဤသည်မှာ အခြားသူများကို ဒေါသထွက်စေမည်ဖြစ်သော်လည်း ရှီဟောင်စိတ်လှုပ်ရှားသွားရ၏။ ဤခေါင်းသုံးလုံးဘုရင်သည် သူ့ထံ၌ ထာဝရစွမ်းအင်နှစ်ကြောင်းသာရှိသည်ဟု ယုံကြည်နေသည်ပင်။
သို့သော်လည်း သူအလောတကြီး တိုက်ခိုက်မည်မဟုတ်။ ရှီဟောင်သည် အေးစက်နေသည့် မျက်လုံးများဖြင့် ထိုပင့်ကူကြီးကို ရန်စသလို ကြည့်လိုက်သည်။ သူသည် အရေးကြီးသည့်အချိန်ကျမှ ရိုက်ချက်တစ်ထောင်ဖြင့် တိုက်ခိုက်ရန် စီစဉ်ထားခြင်းပင်။ ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံနိုင်သူမှာ သူတစ်ယောက်တည်း မဟုတ်ကြောင်း သိစေရမည်။
ခေါင်းသုံးလုံးဘုရင် ယခုထက်ထိ မတိုက်ခိုက်သေးခြင်းမှာ စစ်ပွဲတစ်ခုလုံးကို စောင့်ကြည့်နေပြီး လိုအပ်သည့်အချိန် ဝင်ကူရန် အသင့်ပြင်နေခြင်းပင်။
ထာဝရစွမ်းအင်သုံးကြောင်းရှိသည့် အချို့ရန်သူများမှာ သူ့အား တိတ်တဆိတ်ပစ်မှတ်ထားနေသည်ကို တွေ့နေရသောကြောင့် သူ တိုက်ခိုက်ရန် အသင့်ပြင်နေခြင်းပင်။
“ဟား .. ဟား .. ငါဒီမှာရှိနေသရွေ့ မင်းတို့အားလုံး ကြိုက်သလို တိုက်ခိုက်ပြီး ကြိုက်သလို သတ်လို့ရတယ် .. ငါမင်းတို့အားလုံးကို ဂရုစိုက်ပေးမယ်..” ခေါင်းသုံးလုံးဘုရင် သူ့ဘက်မှလူများကို ပြောလိုက်သည်။
သူ ရှီဟောင်ကို တိုက်ခိုက်နေခြင်းမှာ မိုတောင်ကြောင့်ပင်။ ဤလူကို ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ အသုံးချမည်ကို သူ ခွင့်မပြုနိုင်။ ထို့ကြောင့်ပင် သူသည် ရှီဟောင်နှင့်စကားပြောနေသော်လည်း မိုတောင်ကို ပြန်စဉ်းစားရန် ဖိအားပေးနေခြင်းပင်။
ဝုန်း..
ပင့်ကူမျှင်တစ်မျှင် ထွက်လာပြီး ရှီဟောင်ကို ရစ်ပတ်လာလေသည်။
ရှီဟောင် ဘေးဘက်သို့ ရှောင်လိုက်သည်။ သူ့လက်မြှောက်လိုက်သည်နှင့် တောက်ပသည့်လျှပ်စီးများထွက်ပေါ်လာကာ မီးတောက်ကဲ့သို့ပင် ထိုပင့်ကူမျှင်အိမ်ကို လောင်ကျွမ်းစေလိုက်သည်။
ရွှီး..
ပင့်ကူအိမ်သည် သက်တံ့တစ်ခုကဲ့သို့ပင် ချက်ချင်းနေရာပြောင်းသွားကာ မိုတောင်ထံသို့ ဦးတည်သွားလေ၏။
ရှီဟောင် ထိန်းမထားနိုင်တော့။ ခေါင်းသုံးလုံးဘုရင်ကို တစ်ချက်လောက် ဆော်ချင်နေလေပြီ။
မိုတောင်သည် အဆင့်လွန်လူငယ်လေးတစ်ယောက်နှင့် တိုက်ခိုက်နေခြင်းဖြစ်သောကြောင့် ခေါင်းသုံးလုံးဘုရင် သူ့အားတိုက်ခိုက်လာသည်နှင့် အခြေအနေမှာ ချက်ချင်းပင် သေရေးရှင်ရေး ဖြစ်သွားလေ၏။
“ကောင်စုတ်လေး .. လူကြီးတွေကို မနှောက်ယှက်နဲ့ .. လိမ်လိမ်မာမာနဲ့ ဒီကိုလာခဲ့လိုက်..”
ရှီဟောင် ဘေးပတ်လည်တွင် အနက်ရောင်အဝတ်အစားနှင့်လူများ ပေါ်လာလေ၏။ အားလုံးထံမှ မြေအောက်စွမ်းအားလှိုင်းများလည်း ထွက်ပေါ်နေလေ၏။ သူတို့သည် ရုတ်တရက်ပေါ်လာကာ ရှီဟောင်အား တိုက်ခိုက်လာကြလေ၏။
ဝုန်း..
ရှီဟောင် လက်သီးချက် ပျံ့လွင့်လာသည်။ သူသည် အတော်လေးတည်ငြိမ်နေသည့်ပုံပေါ်သော်လည်း ထိုလက်သီးချက်တွင် သူ၏ဝိညာဉ်စွမ်းအားနှင့် မှော်စွမ်းအားများ ပါဝင်နေသည်ပင်။
အား..
သနားစဖွယ်အော်သံတစ်သံ ထွက်ပေါ်လာပြီး အခြားသက်ရှိများကို ထိတ်လန့်သွားစေလေ၏။ သေဆုံးသည့်နှုန်းမှာ လျင်မြန်လွန်းလှသည်။
အဘယ်ကြောင့်ဆိုသော် ရှီဟောင် လက်သီးဖြတ်သွားသည်နှင့် ဤသည်မှာ ကောင်းကင်ဓားသွားဖြစ်သွားသကဲ့သို့ပင်။ ထိုလူသည် ချက်ချင်းပင် သွေးမြူအဖြစ်သို့ ပြောင်းလဲသွားလေ၏။
“သတ်…”
ရှီဟောင်ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခေါင်းသုံးလုံးဘုရင်၏ နောက်ကျောဘက်ကို ဦးတည်သွားလိုက်လေ၏။
ကောင်းကင်ကို ဖုံးအုပ်ထားသည့် ကြီးမားလှသည့် ပင့်ကူအိမ်ကြီးထွက်ပေါ်လာကာ ခေါင်းသုံးလုံးဘုရင်ကို ကာကွယ်ထားလေသည်။
ဤသက်ရှိသည် အတော်လေး သတိထားနေသည်။ ထာဝရစွမ်းအင်နှစ်ကြောင်းနှင့် ကျင့်ကြံသူတစ်ယောက် သူ့ကို သတ်နိုင်သည်ဟု မထင်သော်လည်း သူသည် ထိုကျင့်ကြံသူနှင့် ထိပ်တိုက်ရင်မဆိုင်ပဲ ပင့်ကူအိမ်ဖြင့်သာ ပြန်လည်ချေပနေလေ၏။
ချွမ် ချွမ် ချွမ်…
တစ်ချိန်တည်းမှာပင် ခေါင်းသုံးလုံးဘုရင်၏ခန္ဓာကိုယ်မှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ မိုတောင်ထံသို့ ဦးတည်လာလေ၏။ ထိုအလင်းတန်းအားလုံးမှာ ပြိုင်ဘက်ကင်းသည့် ကောင်းကင်ဓားများပင်။
ထာဝရစွမ်းအင်သုံးကြောင်းရှိသည့် သက်ရှိနှစ်ယောက် မိုတောင်အား ဝိုင်းတိုက်ခိုက်နေသောကြောင့် ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းနေသည်။
ရွှီး..
တာအိုပန်းပွင့်တစ်ပွင့် လွင့်ထွက်လာပြီး ခေါင်းသုံးလုံးဘုရင်ထံသို့ ဦးတည်သွားလေ၏။ ပွင့်ဖတ်များမှာ တောက်ပနေပြီး ထိုပွင့်ဖတ်များမှ အမျှင်တန်းတစ်ထောင်လည်း စီးဆင်းလာနေလေသည်။ နားစည်ကွဲလောက်သည့် တာအိုအသံများလည်း ထွက်ပေါ်လာလေသည်။
မိုတောင် အသတ်မခံရစေရန်အတွက် ဝမ်ရှီး ကူညီပေးလိုက်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူမအမြင်တွင် မိုတောင်သည် ရှီဟောင်၏အစေခံဖြစ်နေသောကြောင့် သူမတို့ဘက်မှလူဟု သတ်မှတ်ထားပြီးသားပင်။
ရွှမ်ခွန်သည် အနည်းငယ်တုံ့ဆိုင်းနေသော်လည်း အံ့အားသင့်စရာကောင်းလောက်သည့် အလင်းများကို အသက်သွင်းလိုက်ပြီး ခေါင်းသုံးလုံးဘုရင်၏ ဦးခေါင်းထံသို့ ဦးတည်သွားလေ၏။
စစ်မြေပြင်တစ်ခုလုံး ဖရိုဖရဲဖြစ်နေလေပြီ။
ထိပ်သီးပုဂ္ဂိုလ်များအားလုံး တိုက်ခိုက်နေကြလေပြီ။
“ခေါင်းသုံးလုံးပင့်ကူ .. ခင်ဗျားအသက်ကို လက်လွတ်လိုက်တော့..” ရှီဟောင်၏အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် သူ ပင့်ကူအိမ်ကို ရှောင်ရှားလိုက်နိုင်သည်။ သူသည် ခေါင်းသုံးလုံးဘုရင်၏ဦးခေါင်းနောက်သို့ ဦးတည်သွားလိုက်ကာ သူ့လက်ကို မြှောက်ပြီး ရိုက်ချလိုက်လေ၏။
မည်သူမှ ခေါင်းသုံးလုံးပင့်ကူဟု မခေါ်ရဲကြပေ။ ခေါင်းသုံးလုံးဘုရင်ဟုသာ အမြဲတမ်းခေါ်ကြခြင်း ဖြစ်သောကြောင့် ထိုနာမည်မှာ သူ့မျက်လုံးများအား အေးစက်လာလေ၏။
ထို့နောက် သူသည် တစ်ဖက်လှည့်ကာ အော်ဟစ်လာလေသည်။
“အချိန်ပြောင်းလဲမယ်..”
“ဟမ် .. အချိန်စွမ်းအားလား..” ရှီဟောင် ထိတ်လန့်သွားရ၏။
ဒီပင့်ကူက ဒီလိုမျိုးစွမ်းရည်ကို ပိုင်ဆိုင်ထားတာလား .. ထိုသို့သာဆိုလျှင်တော့ ဤသည်မှာ ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်ကင်း အဆင့်လွန်သက်ရှိ ဖြစ်လိမ့်မည်။
အချိန်အပိုင်းအစများမှာ ပန်းမိုးကဲ့သို့ ရွာသွန်းကျလာလေ၏။
“ဒါက မင်းတို့နယ်မြေကနေ ရခဲ့တဲ့ ပြိုင်ဘက်ကင်းအဖိုးတန်ပညာတစ်ခုပဲ .. မင်းတို့လိုမျိုး အဆင့်နိမ့်တဲ့ပိုးကောင်တွေကို ရှင်းဖို့က ဒီပညာသုံးရင်ကို ရပြီ” ခေါင်းသုံးလုံးဘုရင် ပြောလိုက်၏။
“သွားသေလိုက်တော့..” ရှီဟောင် အော်ဟစ်လိုက်ကာ ကျောချမ်းစရာကောင်းလှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖုံးလွှမ်းသွားလေ၏။ ထိုအငွေ့အသက်များအားလုံးမှာ ခေါင်းသုံးလုံးဘုရင်ကို ဦးတည်ထားခြင်းပင်။