သုခကမ္ဘာက ရှီဟောင် - Chapter - 1334 ပြင်းထန်သည့်တိုက်ပွဲ
ရှီဟောင်ပတ်လည်တွင် အလင်းမှုန်လေးများထွက်ပေါ်လာလေ၏။ ဤသည်မှာ အချိန်၏စွမ်းအားပင်။ ထိုစွမ်းအားများသည် ဓားသွားများကဲ့သို့ပင် ရှီဟောင်ထံသို့ ဦးတည်လာနေလေသည်။
ရှီဟောင် လက်မြှောက်လိုက်သည်နှင့် သူ၏လက်ချောင်းနှင့် လက်ဝါးမှ ထူးဆန်းသည့်သင်္ကေတများထွက်ပေါ်လာလေ၏။ ထိုသင်္ကေတများလည်း အချိန်အော်ရာများရှိနေလေသည်။
ထို့နောက် တောက်ပလှသည့် နတ်အလင်းထွက်ပေါ်လာသည်ပင်။
ဤသည်မှာ အချိန်ပျက်စီးသွားခြင်းပင်။ ထိုတစ်ခဏလေးအတွင်းမှာပင် နှစ်ပေါင်းငါးရာခန့်ကုန်ဆုံးသွားသကဲ့သို့ပင်။ အသန့်စင်ဆုံး၊ အမြင့်မြတ်ဆုံးဘုရားကျောင်းများပင်လျှင် ဖုန်တက်သွားသည်ပင်။
သို့သော်လည်း အပြင်လူများအမြင်တွင် ဤအချိန်မှာ အလွန်တိုတောင်းလှပြီး အလင်းမိုးရွာကျပြီးနောက် အားလုံးပျောက်ကွယ်သွားသည်။
ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရ၏။ ဤခေါင်းသုံးလုံးဘုရင်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သူသည်လည်း အချိန်ပညာပိုင်ဆိုင်ထားသောကြောင့်သာမဟုတ်ပါက အားလုံးဒုက္ခရောက်သွားလိမ့်မည်။
ရှေးခေတ်ကတည်းက အချိန်အောက်တွင် ကြွေလွင့်သွားခဲ့ရသည့် သူရဲကောင်းများစွာရှိခဲ့သည်။
ထို့ကြောင့် အချိန်အဖိုးတန်ပညာကို အားလုံးကြောက်ကြခြင်းပင်။ ပညာမှာ နက်နဲသည်ဖြစ်စေ ပေါ့တန်သည်ဖြစ်စေ အားလုံးကို စိုးရိမ်နေစေဆဲပင်။
“အပျင်းပြေသားပဲ .. ဒါပေမဲ့ အဲဒါက ဒီတိုင်းပဲတိုက်လိုက်တာ အားမပါသေးဘူး .. အချိန်စွမ်းအား မဟုတ်သေးဘူး .. နောက်တစ်ခေါက် တိုက်မယ်..” ခေါင်းသုံးလုံးဘုရင်သည် သူ၏ပြိုင်ဘက်ဘက်သို့ လှည့်လာကာ ရှီဟောင်အား ပထမဆုံးအကြိမ်အဖြစ် ကြည့်လာလေသည်။
ရှီဟောင် ကြောက်ရွံ့ခြင်းကင်းမဲ့နေဆဲပင်။ သူသည်လည်း အားကုန်သုံးကာ တိုက်ခိုက်ခဲ့ခြင်းမဟုတ်ပေ။ ဤရိုက်ချက်မှာ ခေါင်းသုံးလုံးဘုရင်ကို သတ်နိုင်မည်မဟုတ်ကြောင်း သူ့မသိစိတ်မှ ပြောနေသောကြောင့်ပင်။ သူသည် အလွန် သတိထားနေသည်။
သူအခွင့်အရေးတစ်ခုအား စောင့်ဆိုင်းနေခြင်းပင်။ သူ တစ်ဖက်လူအား တစ်ချက်တည်းဖြင့် အဆုံးသတ်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိနေသည်။
ဝူး..
ခေါင်းသုံးလုံးဘုရင် ပါးစပ်ဟကာ မှုတ်လိုက်သည်နှင့် မီးခိုးရောင်လေများထွက်ပေါ်လာကာ လေဟာနယ်ကို တိုက်စားသွားလေ၏။ ဤသည်မှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုပိုင်ဆိုင်ခဲ့သည့် အခြားအဖိုးတန်ပညာတစ်ခုပင်။
“သတ်..”
ရုတ်တရက် မိုတောင် တိုက်ခိုက်လာလေ၏။ သူ့လက်ထဲမှ အနီရောင်အလင်းများထွက်ပေါ်လာပြီး မီးတောက်တိမ်များထွက်ပေါ်လာလေ၏။ ကောင်းကင်တစ်ခုလုံးလည်း အနီရောင်ကြာပွင့်များဖြင့် ပြည့်နှက်သွားကာ ခေါင်းသုံးလုံးဘုရင်အား ဖုံးလွှမ်းသွားလေသည်။
ရှီဟောင် ထိခိုက်သွားမည်စိုးသောကြောင့် သူလုပ်လိုက်ခြင်းပင်။
“ချိုးဖောက်မယ်..”
ခေါင်းသုံးလုံးဘုရင် အော်ဟစ်လိုက်သည်။ လေများသည် ဦးတည်ချက်ပြောင်းလဲသွားကာ မိုတောင်ထံသို့ ဦးတည်သွားကာ သူ၏အဖိုးတန်ပညာများနှင့် တိုက်ခိုက်လာလေ၏။
“သတ်..”
မိုတောင်နှင့် တိုက်ခိုက်ခဲ့သည့် အဆင့်လွန်လူငယ်သည် အဖြူရောင်ဝတ်စုံနှင့်လူငယ်ကို တိုက်ခိုက်လာလေ၏။
ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလေပြီ။
သိပ်မဝေးသည့်နေရာတွင် တိုက်ခိုက်နေသည့်သူများလည်း အထွတ်အထိပ်သို့ ရောက်နေလေပြီ။ သွေးများလွင့်စင်သွားကာ အလောင်းများလည်း မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ဖူး..
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ဝမ်ရှီး၏ပုခုံးသည် ပင့်ကူမျှင်နှင့် ထိမိသွားကာ ဒဏ်ရာလေးတစ်ခု ရသွားလေ၏။
ဤသည်မှာ ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံသည့် အဆင့်လွန်လူငယ်တစ်ချို့ သူမအား တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြသောကြောင့်ပင်။
ခေါင်းသုံးလုံးဘုရင်သည် မိုတောင်ကို ပစ်မှတ်ထားနေရင်းဖြင့်ပင် ရုတ်တရက် တစ်ဖက်သို့လှည့်လာပြီး ဝမ်ရှီးကို ဦးတည်လာလေ၏။ သူသည် ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့်သူများကို ရှင်းပစ်လိုခြင်းပင်။
“မုန်းစရာကောင်းလိုက်တာ .. ပင့်ကူကြီး ခင်ဗျား ဘယ်တွေ လျှောက်သွားနေတာလဲ..” အနောက်မှနေ၍ ရှီဟောင်အော်ဟစ်လိုက်သည်။
ခေါင်းသုံးလုံးဘုရင် အလွန်ဒေါသထွက်သွားရသည်။ သူ့အဆင့်အတန်းနှင့် မည်သူက သူ့အား ဤကဲ့သို့ အထင်သေးရဲသနည်း .. သို့သော်လည်း ဤလူသည် သူ့အား ‘ပင့်ကူ’ ဟု လွယ်လွယ်ကူကူပင် ခေါ်ခဲ့သည်။ သူသည်တစ်ဖက်လှည့်ကာ ရှီဟောင်ထံသို့ ပြန်လည်ဦးတည်သွားလေ၏။
ဖုန်း..
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ယောင်ယွဲ့၏ခန္ဓာကိုယ်လည်း ယိမ်းယိုင်သွားလေသည်။ သူသည်လည်း ကျွမ်းကျင်သူများစွာ၏ ဝိုင်းတိုက်ခြင်းကို ခံလိုက်ရခြင်းပင်။
“မင်းတို့အားလုံးပေါင်းပြီးတော့ ငါ့တို့ထဲက တစ်ယောက်ကို အရင်ရှင်းချင်နေတာလား..” ယောင်ယွဲ့ အေးစက်စွာပင် ရယ်မောလိုက်၏။ သူမသည် လုထော်၊ ရွှမ်ခွန်နှင့် ဝမ်ရှီးတို့ကို ခေါ်လိုက်ကာ အတူတကွ တိုက်ခိုက်လိုက်လေသည်။
ဝုန်း..
အရေးကြီးသည့်သူများ မကျသွားသော်လည်း သူတို့တိုက်ခိုက်ကြသည့် ခွန်အားများကြောင့် ထူးချွန်သည့်သူအချို့ ပေါက်ကွဲသွားသည်ပင်။
စစ်မြေပြင်မှာ အသားကြိတ်စက်ကြီးကဲ့သို့ ဖြစ်နေလေပြီ။ လူများစွာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကာ အလောင်းများလည်း နေရာအနှံ့တွင် ပုံနေလေပြီ။
သို့သော်လည်း ရှီဟောင် ပြဿနာအချို့ကို တွေ့ခဲ့ရသည်။ ကောင်းကင်နတ်ဘုရားကျောင်းအကြီးအကဲများပေးလိုက်သည့် အသက်ကယ်သင်္ကေတမှာ အသုံးဝင်လာပြီး သေသွားသည့်သူများကို ဤနေရာမှ ခေါ်ထုတ်သွားလေ၏။
ထို့အတူ တစ်ဖက်လူတွင်လည်း အသက်ကယ်သည့်နည်းလမ်းများရှိနေပြီး အလောင်းအချို့မှာ နတ်သက်တံ့များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်ပင်။
“သောက်ခွေး .. ငါ့ဒီလောက်ကြိုးစားနေတာတောင်မှာ ငါ့ကိုကယ်ဖို့အတွက် အသက်ကယ်တဲ့ ဘာနည်းလမ်းမှ မရှိဘူး..” ရှီဟောင် မကျေမနပ်ပြောလိုက်၏။
သို့သော်လည်း အချို့သူများမှာ အသက်ကယ်သင်္ကေတပင် မကယ်နိုင်တော့ပေ။
ကံကောင်းစွာပင် သူအစောပိုင်းက သတ်လိုက်သည့် လေဟာနယ်သားရဲသည် အသက်ကယ်နည်းလမ်းဖြင့် ထွက်ပြေးလွတ်မြောက်သွားခြင်းမဟုတ်ပဲ တကယ်သေသွားခြင်းပင်။
အခြေအနေများမှာ ပိုဆိုးလာလေပြီ။ အချို့လူများသည် လျှိုမြောင်များဘက်တွင် တိုက်ခိုက်နေကြပြီး အချို့မှာ တောင်ကြောများဘက်၌ တိုက်ခိုက်နေကြသည်ပင်။
“မကောင်းတော့ဘူး .. သူ ဘယ်ရောက်သွားတာလဲ..” ဝမ်ရှီး ထိတ်လန့်သွားရ၏။ သူမ လှည့်ကြည့်လိုက်သည့်အချိန်တွင် ရှီဟောင်အား မတွေ့ရတော့ပေ။ သူမ ရန်သူများနှင့် တိုက်ခိုက်နေရသောကြောင့် သူ့အားမေ့လျော့သွားခြင်းပင်။
“ညီမလေး .. မင်း အခုတော့ တစ်ခြားသူတွေကို ဘယ်လိုစိတ်ပူရမလဲဆိုတာ သိသွားပြီလား..” မင်းသမီးယောင်ယွဲ့ ရယ်မောလိုက်၏။ သူမသည် လက်ရှိတွင် အဆင့်လွန်လူငယ်တစ်ယောက်နှင့် တိုက်ခိုက်နေခြင်းပင်။
“ဘာတွေ လျှောက်ပြောနေတာလဲ .. ကျွန်မက နောင်တရရုံသက်သက်ပဲ .. သူက ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့လူကို သိမ်းနိုင်ထားတာ .. သူသေသွားရင် ကျွန်မတို့ ဆုံးရှုံးမှု ကြီးမားသွားလိမ့်မယ်..” ဝမ်ရှီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့ .. သူနဲ့ ခေါင်းသုံးလုံးဘုရင် တောင်အတွင်းဘက် ပြေးသွားတာကို ငါတွေ့လိုက်တယ်.. မိုတောင်လည်းလိုက်သွားတာဆိုတော့ ပြဿနာမရှိလောက်ဘူး..” ယောင်ယွဲ့ပြောလိုက်သည်။
“ခန္ဓာကိုယ်ကျင့်ကြံတဲ့သူတွေက တကယ်ကို သန်မာတာပဲ .. သူ့ခန္ဓာကိုယ်က ခေါင်းသုံးလုံးဘုရင်နဲ့တောင် ယှဉ်နိုင်တယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ကောင်းကင်ထက်တွင် စစ်ပွဲကြွေးကြော်သံများ ဆူညံနေလေသည်။
သို့သော်လည်း ရှီဟောင်သည် စစ်မြေပြင်နှင့်ကွဲသွားကာ တောင်ကြောဘက်သို့ ရောက်လာလေပြီ။
ယခုအချိန်တွင် အဓိကတိုက်ခိုက်သူမှာ မိုတောင်မဟုတ်တော့ပဲ ရှီဟောင်ဖြစ်သွာားလေပြီ။
အဖြူရောင်ဝတ်စုံနှင့်မိုတောင်မှာ ဆွံ့အနေလေပြီ။ သူသရဲတစ်ကောင် တွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။
ဤလူငယ်လေးသည် ခန္ဓာကိုယ်ကျင့်ကြံသူသာမက ထာဝရစွမ်းအင်သုံးကြောင်းကိုလည်း ကျင့်ကြံထားသေးသည်။
မိုတောင်စိတ်ထဲမှ သက်ပြင်းချလိုက်၏။ ယခုတော့ သူဒေါသမထွက်တော့။ ယခင်ကတော့ ထာဝရစွမ်းအင်နှစ်ကြောင်းသာရှိသည့် လူငယ်နှင့် အလောင်းအစားလုပ်ကာ ကိုယ့်ကိုကိုယ် ကန့်သတ်ခဲ့သောကြောင့် သူ့ကိုယ်သူ အပြစ်တင်မိသေးသည်။ သို့သော် ယခု ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင်တော့ သူဘာမှ ပြောစရာမရှိတော့ပေ။
သူ့ထက်ပင် ငယ်သေးသည့် လူငယ်တစ်ယောက်သည် ထာဝရစွမ်းအင်သုံးကြောင်းပင် ကျင့်ကြံထားနိုင်သည်။ ယခု ထိုလူငယ်လေး အားကုန်တိုက်ခိုက်နေလေပြီ။ ဤသည်မှာ လူသားခန္ဓာကိုယ်နှင့်နဂါးကြီးပင်။
ရှီဟောင် မိုးမခနတ်ဘုရား၏ အဖိုးတန်ပညာကို အရင်သုံးလိုက်သည်။ ကောင်းကင်ထက်တွင် ရွှေရောင်နတ်ချိန်းကြိုးများပြည့်နှက်သွားပြီးနောက် ထိုချိန်းကျိုးများအားလုံး ခေါင်းသုံးလုံးဘုရင်ကျောပေါ်သို့ ရောက်သွားကာ သူ၏ကျောထက်၌ အပေါက်များဖြစ်သွားလေ၏။
ခေါင်းသုံးလုံးဘုရင်မှာ လုံးဝပင် ဆွံ့အနေကာ မျက်နှာပျက်နေလေ၏။ သူအထင်သေးနေခဲ့သည့် သက်ရှိလေးမှာ သူ့ထက်မနိမ့်ကျသည့်အပြင် ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည်။
သူယခင်က တစ်ခါမှ ဤကဲ့သို့ မထိခိုက်ဖူးပေ။
ဤသည်မှာ သိုးအုပ်ထဲ ကျားတစ်ကောင်ပေါ်လာပြီး အားလုံးကိုစားလိုက်သည်နှင့် အတူတူပင်။
ခေါင်းသုံးလုံးဘုရင်မှာ လုံးဝပင် ထိတ်လန့်နေလေသည်။ သူ၏ခွန်အားကောင်းနေသောကြောင့်သာမဟုတ်ပါက သူ ဤနေရာတွင် အသတ်ခံနေရလောက်လေပြီ။
ဝုန်း..
ကြီးမားလှသည့် ပင့်ကူအိမ်တစ်ခု လွင့်ပျံလာလေ၏။ ဤသည်မှာ ခေါင်းသုံးလုံးဘုရင်ထွေးထုတ်လိုက်သည့်အရာဖြစ်ပြီး သူ၏မွေးရာပါ နတ်စွမ်းရည်ပင်။ “ကောင်းကင်ပိုက်ကွန်မှာ ဇကာကွက်တွေ အများကြီးရှိတယ်ဆိုပေမယ့် အပြစ်သားတွေ လွတ်မြောက်မှာမဟုတ်ဘူး..” သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ခင်ဗျားလိုမျိုးပိုးကောင်က ကောင်းကင်ပိုက်ကွန်အောက်ကနေ ဘာမှ မလွတ်နိုင်ဘူးလို့ ပြောရဲသေးတယ်ပေါ့..” ရှီဟောင် ချက်ချင်းပင် ဒေါသတကြီး လက်ညှိုးထိုး၍ ပြောလိုက်သည်။
ဝုန်း..
အဆုံးမရှိသည့် မိုးမခသစ်ကိုင်းများထွက်လာလေ၏။ သစ်ကိုင်းများသည် ပင့်ကူအိမ်အပေါက်များကို ဖြတ်ကာ ခေါင်းသုံးလုံးဘုရင်၏ခန္ဓာကိုယ်ကိုတိုက်ခိုက်လာလေသည်။
“ငါသိတယ် .. ဒါက အဲဒီတုန်းက မိုးမခနတ်ဘုရားရဲ့ပညာပဲ..” ခေါင်းသုံးလုံးဘုရင်၏ အမူအရာ ပြောင်းလဲသွားလေသည်။
ထိုမိုးမခသစ်ပင်သည် ရှေးဟောင်းဂါးဒီးယန်းဝိညာဉ်အဖြစ် နာမည်ကြီးသည်ပင်။ ထိုတုန်းက ထိုသစ်ပင်သည် ပင့်ကူအိမ်ထဲမှ အထိအခိုက်မရှိထွက်ပြေးနိုင်ခဲ့သည်။
“ပင့်ကူတစ်သောင်းနတ်ဆိုးပညာ..” ခေါင်းသုံးလုံးဘုရင် ဟစ်ကြွေးလိုက်သည်။
သူ၏ပင့်ကူအိမ်မှာ ဤလူငယ်လေးကို မထိန်းချုပ်နိုင်သောကြောင့် သူရှေးဟောင်းကောင်းကင်ပညာတစ်မျိုးကို အသုံးပြုလိုက်သည်။
ပင့်ကူကြီး၏ ခြေထောက်ရှစ်ဘက်သည် ထူးဆန်းကာ ရှုပ်ထွေးသည့်လမ်းကြောင်းများ တစ်ခုပြီးတစ်ခု ရေးဆွဲလာလေသည်။ သူသည် ကောင်းကင်ထက်ရှိ ကြယ်စမ်းချောင်းများ၏ ခွန်အားများကို အသုံးပြုကာ ရှီဟောင်အား ဖောက်ခွဲပစ်လိုခြင်းပင်။
“တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်း..”
ဝုန်း..
ကောင်းကင်နှင့်ကမ္ဘာမြေကြီး အက်ကွဲသွားလေပြီ။ လေဟာနယ်ထဲတွင် လီပေါင်း မည်မျှရှည်မှန်း မသိနိုင်သည့် အက်ကွဲကြောင်းကြီးတစ်ခုထွက်ပေါ်လာလေသည်။ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ထိပင် လျှံတက်လာလေ၏။
“တကယ် တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းလား..” ခေါင်းသုံးလုံးဘုရင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤရှေးဟောင်းကောင်းကင်ပညာနှင့်ပတ်သက်သည့် ဒဏ္ဍာရီများစွာကို သူကြားဖူးခဲ့သည်။
ဤရှေးဟောင်းကောင်းကင်ပညာမှာ ကြီးကျယ်ခမ်းနားလှပြီး သက်ရှည်စွမ်းအားများ ပါဝင်နေသည်။ ထာဝရသက်ရှိအစစ်များပင်လျှင် ဤပညာကို ချီးမွမ်းခဲ့ဖူးသည်။
အနားတွင်ရှိနေသည့် မိုတောင်မှာမူ တကယ်ကို ထိတ်လန့်နေလေပြီ။ ဤလူသည် သူထင်ထားသည်ထက် များစွာ စွမ်းအားကြီးနေသည်။ သူ မသိသည့်အဖိုးတန်ပညာအချို့ကိုပင် ပိုင်ဆိုင်ထားသေးသည်။
ရှီဟောင်သည် မျက်လုံးများနီရဲလာသည်အထိ တိုက်ခိုက်နေလေ၏။ နောက်ဆုံးတွင်တော့ သူပင့်ကူခြေထောက်တစ်ချောင်းကို ဆွဲကိုင်လိုက်သည်နှင့် သွေးများလွင့်စင်လာကာ တိုက်ပွဲလည်း အလွန်ပြင်းထန်လာလေသည်။