သုခကမ္ဘာက ရှီဟောင် - Chapter - 1336 နည်းလမ်းအား နားလည်ခြင်း
အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ကြီး အသတ်ခံလိုက်ရလေပြီ။
ထို့အတူ ရှီဟောင်၏မှော်ခုခံနိုင်စွမ်းလည်း အချိန်ကုန်သွားလေပြီ။
ဝူး..
ကြောက်စရာကောင်းလှသည့် ဟစ်ကြွေးသံကြီး ထွက်ပေါ်လာလေ၏။ ထိုပင့်ကူလူသားကြီး မတ်တပ်ထရပ်လာလေ၏။ သူထံတွင် အစက ခေါင်းသုံးလုံးရှိသော်လည်း ယခုတော့ နှစ်လုံးသာ ရှိတော့သည်။
ဘယ်ဘက်ခြင်္သေ့ခေါင်းမှာ ပေါက်ကွဲကာ တစ်စစီဖြစ်သွားပြီး ခေါင်းမပါသည့်လည်ပင်းသာ ကျန်နေခဲ့တော့သည်။ ထိုနေရာတွင် သွေးများလည်း စီးကျနေသောကြောင့် ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။
သူသည် ထိုလူငယ်လေးကို မုန်းတီးစွာပင် စိုက်ကြည့်နေလေ၏။ သူသည် မည်သူ့ကိုမှ ဤမျှလောက် မမုန်းဖူးပေ။ သူသည် စွမ်းအားအကြီးဆုံးမျိုးနွယ်စုတစ်ခုမှ ဖြစ်သော်လည်း ယခုတော့ ဤနေရာတွင် အရှုံးကြီးရှုံးနေပြီး သေမလိုပင်ဖြစ်နေလေပြီ။
သူ၏ခြေလက်ကဲ့သို့သော အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ အသစ်ပြန်ဖြစ်လာနိုင်သော်လည်း သူ၏ခေါင်းကတော့ အသစ်ပြန်ပေါက်မလာနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ့အသက်နှင့်ချည်နှောင်ထားသောကြောင့်ပင်။
သူသည် နာမည်အတိုင်း ခေါင်းသုံးလုံးနှင့် အသက်သုံးသက်ရှိသည့် သက်ရှိပင်။ ယခုတော့ သူ့ထံတွင် အသက်နှစ်သက်သာ ကျန်တော့သည်။
ထိုကြောက်စရာကောင်းသည့် တိုက်ခိုက်မှုအောက်တွင် သူ သေသွားသင့်သော်လည်း ယခုတော့ ‘ခြင်္သေ့အသက်’ သာ သေသွားပြီး သူအသက်ရှင်နေသေးသည်ပင်။
ရှီဟောင် အတော်လေး ထိတ်လန့်သွားရသည်။ ဒီခြင်္သေ့က ဘာလို့ သူ့ရဲ့နတ်စွမ်းရည်ကို အသုံးပြုလို့ရနေတာလဲ..
ဤသည်မှာ ယခင်ခေတ်က ကျရှုံးသွားသည့် ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်ဖြစ်သည့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့နှင့် အနည်းငယ်တူနေသည်။ မှော်ခုခံနိုင်စွမ်းကို ထိုးဖောက်နိုင်တဲ့သက်ရှိ တကယ်ရှိနေတာလား..
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်စိတ်သက်သာရာရသွားသည်။ မိုတောင် ပျက်စီးနေသည့် မှော်တံဆိပ်များစွာကို အသုံးပြုပြီး သူ၏ စွမ်းရည်အား နှောက်ယှက်လိုက်နိုင်သည်ကို သူ တွေးမိသွားသည်။ ဤသည်မှာ ယခင်က ဤပညာနှင့်ပတ်သက်ပြီး သေချာလေ့လာနေခဲ့သည့်သူများရှိပြီး ထိတ်လန့်စရာကောင်းလောက်သည့်ရလဒ်များ ရခဲ့သည်ဟု ဆိုလိုခြင်းပင်။
အဲဒီရှေးဟောင်းဘုန်းကြီးတွေက ဒါကို လေ့လာခဲ့တာများလား .. ဒါလည်း သိပ်မဟုတ်သေးဘူး..
“အဲဒီ အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့တံဆိပ်ဆိုတာက မှော်တံဆိပ်တစ်ခုပဲ ဖြစ်ရမယ်..” ရှီဟောင် ကောက်ချက်ချလိုက်သည်။
ခဏကြာစဉ်းစားပြီးနောက် ထိုအကြောက်တရားကင်းမဲ့သည့်ခြင်္သေ့သည် သူ၏စွမ်းရည်ကို တစ်ခဏခန့်သာနှောက်ယှက်နိုင်သည်ဟု သူ ခံစားလိုက်ရသည်။ ထိုတံဆိပ်သည် သူ့စွမ်းရည်တစ်ခုလုံးကို အကျိုး မသက်ရောက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ယခုလေးတင် ထိုခြင်္သေ့အား ဖိနှိပ်လိုက်နိုင်သည်။
“ညစ်ပတ်တဲ့ပိုးကောင်က ကြီးကျယ်ခမ်းနားတဲ့ရှေးဟောင်းဘုရင်ကို စော်ကားတယ် .. ငါ မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး .. သွားသေလိုက်တော့..” ခေါင်းသုံးလုံးဘုရင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ခေါင်းသုံးလုံးဘုရင်သည် ရူးသွပ်စွာပင် တိုက်ခိုက်လာလေ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မွေးညှင်းနုထောင်ပေါင်းများစွာ ထောင်မတ်လာကာ ခန္ဓာကိုယ်မှ ကျွတ်ထွက်လာပြီး ရှီဟောင်ထံသို့ ဦးတည်လာကြလေသည်။
“ချိတ်ပိတ်မယ်..”
ရှီဟောင်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ကောင်းကင်လမ်းကြောင်း တောက်ပလာလေ၏။ ဤသည်မှာ နေလုံးတစ်လုံးကဲ့သို့ သူ့အား ကာကွယ်ပေးထားသည်ပင်။
စူးရှလှသည့် ပင့်ကူမွေးများအားလုံး တားဆီးခံလိုက်ရသည်။
ဝုန်း..
နောက်ဆုံးတွင်တော့ ထိုကောင်းကင်လမ်းကြောင်းမှ အဆုံးမရှိသည့်အလင်းများထွက်ပေါ်လာကာ ထိုအမွေးများအားလုံး လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
“ခင်ဗျားမှာ ဘာနည်းလမ်းတွေရှိသေးလဲ .. အကုန်သုံးလိုက် .. ခင်ဗျားရဲ့ ခြင်္သေ့ခေါင်းနေရာမှာ ခွေးခေါင်း ပေါ်မလာတာ နှမြောစရာပဲ..” ရှီဟောင် လှောင်ရယ်လိုက်သည်။
“နိမ့်ကျတဲ့ကောင် .. သွားသေလိုက်တော့..” ခေါင်းသုံးလုံးဘုရင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တောက်ပလာကာ သူ၏ခြေထောက်ရှစ်ချောင်းလည်း လှုပ်ရှားလာလေ၏။
သူသည် ကောင်းကင်ပညာတစ်ခုကို အသက်သွင်းနေခြင်းပင်။
“တော်တော့ .. ကျုပ် ဒီပညာတွေကို တစ်ခါမှ မမြင်ဖူးတာမဟုတ်ဘူး .. ဒါတွေအားလုံးက ကျုပ်တို့လောကပညာတွေ .. ကျေးဇူးပြုပြီးတော့ အသစ်အဆန်းလေးတစ်ခုခုလောက် သုံးပေးလို့ မရဘူးလား..” ရှီဟောင် သူ့အား ရန်စလိုက်သည်။
ခေါင်းသုံးလုံးဘုရင်သည် ဘာမှမပြောပဲ သူ့မျက်လုံးများသာ အေးစက်နေလေသည်။ သူအော်ဟစ်လိုက်သည်နှင့် သူ့ဦးခေါင်းထက်မှ တာအိုပန်းသုံးပွင့် လွင့်ထွက်လာကာ ရှီဟောင်အား ဖိနှိပ်လာလေ၏။
တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်လည်း လှုပ်ရှားလာသည်ပင်။ သူ၏အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် ကြယ်များကိုပင် လွင့်ကြွေသွားအောင်လုပ်နိုင်လောက်သည့် လေများတိုက်ခတ်လာသည်။ စွမ်းအားကြီးသည့် စွမ်းအင်လှိုင်းများလည်း ပျံ့လွင့်လာလေ၏။
ဒုန်း..
အပြင်းထန်ဆုံး တိုက်ခိုက်မှုကြီး စတင်လေပြီ။
အမ်..
ကြာကြာတိုက်ခိုက်လေလေ တစ်ခုခုမှားယွင်းနေသည်ဟု ရှီဟောင်ခံစားရလေလေပင်။ ဒီကောင်ရဲ့ နတ်ခွန်အားက ဘယ်လိုလုပ် မကုန်နိုင်မခန်းနိုင်ဖြစ်နေတာလြ .. တာအိုပန်းပွင့်သုံးပွင့်အပြင် သူ့ခန္ဓာကိုယ်၌လည်း ပြဿနာတစ်ခုခုရှိနေသည်။
သူက ဘယ်လိုလုပ် ကောင်းကင်နဲ့မြေကြီးစွမ်းအားတွေကို ဆက်တိုက်စုတ်ယူနိုင်တာလဲ.. သူ အနည်းငယ် တွေဝေသွားရသည်။
“မင်း ငါ့ရဲ့တာအိုနည်းလမ်းတွေကို ကြည့်ချင်နေတာမလား .. မင်းကြည့်ချင်တာ အားလုံးကြည့်လိုက်..” ခေါင်းသုံးလုံးဘုရင် အော်ဟစ်လိုက်သည်။
သူတို့ အနီးကပ်တိုက်ခိုက်နေကြခြင်းပင်။ ဤခေါင်းသုံးလုံးဘုရင် သူနှင့် ခန္ဓာကိုယ်ချင်း တိုက်ခိုက်နေနိုင်သည်မှာ အနည်းငယ် အံ့အားသင့်စရာကောင်းနေလေပြီ။ ထို့အပြင် သူ ဤကဲ့သို့ကြေငြာလိုက်သောကြောင့် အခြေအနေမှာ အနည်းငယ် ထူးဆန်းနေလေပြီ။
ခဏကြာပြီးသည့်နောက်တွင် သူ၏သွေးများ အေးခဲသွားမတတ် ရှီဟောင်ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ခန္ဓာကိုယ်ထံမှ ပို၍ကြောက်စရာကောင်းသည့် အော်ရာထွက်ပေါ်လာကာ သူ့အား တိုက်ခိုက်လာသောကြောင့်ပင်။
“ချိုးမယ်..” ရှီဟောင်သည် ယခင်ကအတိုင်း ပင့်ကူခြေထောက်ကြီးတစ်ဖက်ကို ချိုးပစ်ရန် ကြိုးစားလိုက်ခြင်းပင်။
သို့သော်လည်း ထိုတောက်ပလှသည့် ငါးရောင်စပ်ပင့်ကူကြီးသည့် ရုတ်တရက်ပင် အရောင်အဆင်းကင်းမဲ့သွားလေသည်။
ထိုအချိန်တွင် လေဟာနယ်ထဲ၌ ငါးရောင်စပ်အလင်းများ ပြည့်နှက်သွားပြီး လိုက်ကာတစ်ခုကဲ့သို့ ရှီဟောင်ကို ဖုံးအုပ်သွားလေ၏။
“ပြုပြင်မယ်..” ခေါင်းသုံးလုံးဘုရင် အော်ဟစ်လိုက်သည်။
ဤသည်မှာ ထူးဆန်းကာ ရှုပ်ထွေးလှသည့် သူ၏ခန္ဓာကိုယ်ထဲမှ မွေးရာပါသင်္ကေတပင်။ ယခု သူသည် ထိုအရာဖြင့် ရှီဟောင်အား ဖိနှိပ်ကာ သတ်ပစ်ရန် ကြိုးစားလိုက်ခြင်းပင်။
ရှီဟောင်၏ခန္ဓာကိုယ် အလွန်နာကျင်လာရသည်။ ဤသင်္ကေတတွင် တာအိုတစ်မျိုး ပါဝင်နေသည်။
ယခုအချိန်တွင် ငါးရောင်စပ်နတ်သင်္ကေတများ သူ့အားဝန်းရံနေပြီး သူ့အား ပြုပြင်ရန် ကြိုးစားနေလေပြီ။
လေဟာနယ်ကြီး ပြိုကျသွားကာ သူ၏အသွေးအသားများလည်း အရောင်မှိန်လာသည်။ ဤသည်မှာ အသွေးအသားမှ ဝိညာဉ်ကို ဖျက်ဆီးပစ်နေခြင်းပင်။
ယခင်ခေတ်တွင် ဤခေါင်းသုံးလုံးဘုရင်မှာ အိပ်မက်ဆိုးအဆင့်တည်ရှိမှုပင်။ သူတို့လူမျိုးစုက အရေအတွက် သိပ်မရှိသော်လည်း သူတို့ပေါ်လာသည်နှင့် ထူးခြားသည့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာမည်ပင်။ ဤအရာများအားလုံးမှာ အကြောင်းမဲ့ဖြစ်ပေါ်လာခြင်း မဟုတ်။
ရှီဟောင်၏ ခန္ဓာကိုယ် ဒဏ်ရာရနေလေပြီ။
“မကောင်းတဲ့သွေးတွေ စီးဆင်းနေတဲ့ မင်းတို့အပြစ်သားတွေ .. မွေးရာပါနတ်သင်္ကေတရှိတဲ့ ငါတို့ နတ်အရှင်ကို ကိုးကွယ်ခဲ့တဲ့ အဆင့်နိမ့်တဲ့ပိုးကောင်တွေ .. အခု မင်းငါတို့ကို မလေးမစားဆက်ဆံခဲ့တာ မင်းအပြစ်ကိုလက်ခံလိုက်တော့..” ခေါင်းသုံးလုံးဘုရင် အေးစက်စွာ ပြောလိုက်၏။
ရှီဟောင်သည် ဒေါသထွက်နေသကဲ့သို့ အနည်းငယ်လည်း လန့်နေသည်ပင်။ ထာဝရရှေးဟောင်းခေတ်က အသက်ရှင်ကျန်ခဲ့တဲ့သူတွေအားလုံးက သူတို့တွေကို ဦးညွှတ်ခဲ့တာများလား .. ဤသည်မှာ အရှက်ရစရာပင်။ ဒါမှမဟုတ် တစ်ခြားလျှို့ဝှက်ချက်တွေများရှိနေတာလား..
သူ၏ခန္ဓာကိုယ် အလွန်နာကျင်နေရလေပြီ။
အခြားသူများသာဆိုပါက သူတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားလောက်လေပြီ။ မည်သူက ဤသည်ကို ခုခံနိုင်မည်နည်း.. ခန္ဓာကိုယ်ကျင့်ကြံသူသာလျှင် သူတို့၏ခန္ဓာကိုယ်ကို အသုံးပြုကာ ထိုနတ်သင်္ကေတများအား ရပ်တန့်နိုင်သည်ပင်။
တစ်ချိန်တည်းမှာပင် ရှီဟောင်သည် သူ၏ကောင်းကင်လမ်းကြောင်းကို အသက်သွင်းကာ ထိုငါးရောင်စပ်သင်္ကေတများကို ရပ်တန့်စေလိုက်သည်။
ဟမ်..
ခေါင်းသုံးလုံးဘုရင်စိတ်ထဲ ထိတ်လန့်သွားရ၏။ ရှီဟောင် သိပ်မကြာခင်က ဤကောင်းကင်လမ်းကြောင်းကို အသုံးပြုခဲ့သေးသော်လည်း သူသိပ်အလေးမထားခဲ့ပေ။ ယခုတော့ သူသံသယဝင်လာလေပြီ။
သူအနီးကပ်လေ့လာကြည့်လေလေ သူပို၍ထိတ်လန့်လာလေပင်။ ဤသည်မှာ ဘာလဲဆိုသည်ကို သူနားလည်သွားလေပြီ။
“ကောင်းကင်လမ်းကြောင်းတွေကို ပေါင်းထားတာလား..” သူအတော်လေး တုန်လှုပ်နေလေပြီ။ “မင်းက ဒီလိုမျိုးဖြစ်အောင် ပြောင်းလဲနိုင်ခဲ့တာလား..” သူ၏အသံမှာ မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေလေ၏။
ယခင်ခေတ်က ကောင်းကင်လမ်းကြောင်းကို ပြောင်းလဲရန်ကြိုးစားသည့်သူများရှိခဲ့သည်ပင်။ သို့သော်လည်း ထိုအချိန်တုန်းက ကျင့်ကြံခြင်းစနစ်မှာ ယခုကဲ့သို့ မဟုတ်သေးပေ။
ခေါင်းသုံးလုံးဘုရင်မိသားစုတွင် ယခင်က ဤရှေးဟောင်းနည်းလမ်းကို လေ့လာသည့်သူများရှိခဲ့သော်လည်း မည်သူမျှ မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဤနည်းလမ်းမှာ မှားယွင်းနေပြီး ကောင်းကင်လမ်းကြောင်းတစ်ခုတည်းဖြစ်အောင် မပေါင်းစည်းနိုင်ဟု သူတို့ယုံကြည်ခဲ့ကြသည်။
ထို့နောက် သူတို့သည် ဤနတ်စွမ်းရည်ကို စွန့်ပစ်လိုက်သောကြောင့် ယခုအချိန်တွင် ဤပညာမှာ စာအုပ်အဟောင်းပုံထဲတွင်သာ ရှိတော့သည်။
ယခု ရှီဟောင် ဤပညာ အသုံးပြုနေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူဘယ်လိုလုပ် မလန့်ပဲနေမည်နည်း.. ဤရှေးဟောင်းပညာကို အမြင့်ဆုံးထိရောက်အောင် ကျင့်ကြံနိုင်သည်နှင့် ပညာများအားလုံးကို တားဆီးနိုင်သည်ဟု ကောလဟာလများရှိနေသည်ပင်။
ခန္ဓာကိုယ်ကျင့်ကြံသူသာ ဤပညာကိုရသွားပြီး ခန္ဓာကိုယ်နှင့် ပေါင်းစည်းလိုက်ပါက ဤသည်မှာ ပြိုင်ဘက်ကင်းသည့်ပညာတစ်ခုဖြစ်သွားလိမ့်မည်ဟု တစ်စုံတစ်ယောက် ပြောခဲ့ဖူးသည်ပင်။
ခေါင်းသုံးလုံးဘုရင်စိတ်လှုပ်ခါသွားရသည်။ သူ့ရှေ့မှ ဤလူငယ်လေးသည် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ရှိသင့်သည့် လက္ခဏာများမရှိသော်လည်း သူ၏အသွေးအသားများမှာမူ တကယ်ကို ထိပ်ဆုံးသို့ ရောက်နေလေပြီ။ ယခု ကောင်းကင်လမ်းကြောင်းကိုပါ အသုံးပြုလိုက်သောကြောင့် ဤသည်မှာ စဉ်းစားကြည့်ရန်ပင် ကြောက်စရာကောင်းလှသည်။
ဝုန်း..
ထိုအချိန်တွင် ငါးရောင်စပ်သင်္ကေတများ ပျက်စီးသွားကာ ရှီဟောင်ခံစားရသည့် နာကျင်မှုများလည်း လျော့ပါးသွားသည်။ သူလည်း တစ်ဖြည်းဖြည်းချင်း စိတ်တည်ငြိမ်လာလေပြီ။
ထို့အပြင် ယခုအချိန်တွင် သူသည် တာအိုနားလည်မှုတစ်မျိုးကိုခံစားလိုက်ရသလို စိတ်အေးချမ်းနေလေ၏။
“အမ် .. သူက အဲဒီလမ်းကို လျှောက်တော့မယ်လို့ ငါ့ကိုမပြောနဲ့နော်..” ခေါင်းသုံးလုံးဘုရင် ထိတ်လန့်သွားရသည်။
ဤလူငယ်လေး တိုးတက်လာကာ သူနှင့် ကိုက်ညီသည့် နည်းလမ်းတစ်ခုကို တွေ့ရှိသွားပါက ဤသည်မှာ အလွန်ကြောက်စရာကောင်းသွားလိမ့်မည်။
“ပင့်ကူတစ်သောင်းနတ်ဆိုးပညာ..” ခေါင်းသုံးလုံးဘုရင် အော်ဟစ်လိုက်ကာ ရှေးဟောင်းပညာတစ်ခုကို အသက်သွင်းလိုက်သည်။ အဖိုးတန်ပညာပေါင်းစုံ ပေါင်းစည်းသွားကာ ရှီဟောင်အား ပြင်းထန်စွာ တိုက်ခိုက်လာလေသည်။
ထို့အပြင် ငါးရောင်စပ်အလင်းမှာ ပို၍ပင် ထူးဆန်းလာလေ၏။ ထိုအလင်းများသည် လေဟာနယ်ကို ဝန်းရံထားကာ ကောင်းကင်လမ်းကြောင်းကို တိုက်ခိုက်လာလေ၏။
ရှီဟောင်သည် မှော်တံဆိပ်များအသုံးပြုကာ သူ့ကိုယ်သူ ကာကွယ်နေသကဲ့သို့ ကောင်းကင်လမ်းကြောင်းဖြင့်လည်း သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်ပင်။
ဤသည်မှာ လစက်ဝန်းတစ်ခု သူ့ကိုဝန်းရံထားသည်နှင့် တူလာသည်။
ရှီဟောင်သည် မူလရှေးဟောင်းမှတ်တမ်းမှ အရိုးစာသားများကို အသက်သွင်းလိုက်ပြီး ကောင်းကင်လမ်းကြောင်းပေါ်တွင် ရေးထိုးနေလေ၏။
ဤသည်မှာ အတော်လေး ထူးဆန်းသည်ပင်။ မူလရှေးဟောင်းမှတ်တမ်းထဲတွင် မှတ်တမ်းတင်ထားသည့်သင်္ကေတများကို သူကိုယ်တိုင် ကောင်းကင်လမ်းကြောင်းပေါ်၌ တစ်ခုပြီးတစ်ခု ရေးထိုးနေခြင်းပင်။ ခွန်ပန်ပညာ၊ လျှပ်စီးဧကရာဇ်ပညာနှင့် အခြားပညာများအားလုံး သင်္ကေတအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်လမ်းကြောင်း၏မျက်နှာပြင်တွင် ပေါ်လာသည်။
ထိုအချိန်တွင် ဤကောင်းကင်လမ်းကြောင်းတောက်ပလာကာ အရှုပ်ထွေးဆုံး ကောင်းကင်စာအုပ်ကဲ့သို့ သူ၏မျက်နှာပြင်တွင် သင်္ကေတများ ဖုံးလွှမ်းသွားလေ၏။
“ဒါက ရှေးဟောင်းစာတွေမှာ မှတ်တမ်းတင်ထားတဲ့ နူးညံ့သိမ်မွေ့စေခြင်းရဲ့ နောက်ဆုံးအဆင့်မဟုတ်ရင် ဘာဖြစ်နိုင်မှာလဲ..” ခေါင်းသုံးလုံးဘုရင် ထိတ်လန့်သွားသလို သံသယလည်းဝင်လာရသည်။ တစ်ဖက်လူ၏အော်ရာမှာ ပို၍အားကောင်းလာသော်လည်း ဤသည်မှာ သူတို့ကလန်တွင် မှတ်တမ်းတင်ထားသည့် ရှေးဟောင်းနတ်စွမ်းရည်နည်းလမ်းအတိုင်းမဟုတ်ပေ။
သို့သော်လည်း ဤသည်မှာ ကြောက်စရာကောင်းနေဆဲပင်။ ရှီဟောင်၏အော်ရာ ရုတ်တရက်ပြောင်းလဲလာပြီး ငါးရောင်စပ်အလင်းကို ပေါက်ကွဲစေကာ သူသည် ခေါင်းသုံးလုံးဘုရင်ထံသို့ တရှိန်ထိုးပြေးလာလေ၏။
သူသည် ဤခေါင်းသုံးလုံးဘုရင်ကို ကစားစရာအဖြစ်သဘောထားကာ စမ်းသပ်နေခြင်းပင်။
ဝုန်း…
အစသာရှိသေးသော်လည်း ရှီဟောင်သည် တစ်ဖက်လူ၏ နတ်စွမ်းရည်များကို လွင့်ပြယ်စေသည့်အပြင် သူ၏ခန္ဓာကိုယ်ကို ကာကွယ်ထားသည့်သင်္ကေတများကိုလည်း ဖောက်ခွဲပစ်လိုက်လေ၏။
သူ၏ကောင်းကင်လမ်းကြောင်းမှာ ခုခံခြင်းအတွက်သာမကတော့ပဲ တိုက်ခိုက်ခြင်းအတွက်လည်း အသုံးပြုနိုင်လေပြီ။ ကောင်းကင်လမ်းကြောင်း မျက်နှာပြင်ပေါ်ရှိ သင်္ကေတများ တောက်ပလာကာ သူ့လက်မောင်းကို လာရောက်ရစ်ပတ်ပြီး ခေါင်းသုံးလုံးဘုရင်ထံသို့ ဦးတည်သွားနေလေ၏။
အချက်ပေါင်း တစ်ရာကျော် တိုက်ခိုက်ပြီးသည့်နောက်တွင် ခေါင်းသုံးလုံးဘုရင် မခုခံနိုင်တော့။ သူသည် အရိုက်ခံနေရာ သွေးမြူလည်း ပျံ့လွင့်လာလေသည်။
သို့သော်လည်း ခေါင်းတစ်ခု လျင်မြန်စွာ ထွက်လာကာ အသက်ပြန်ရှင်ပြီး ထွက်ပြေးရန် ကြိုးစားလာလေသည်။
ဖူး..
ရှီဟောင်သည် လျှပ်စီးကဲ့သို့အရှိန်ဖြင့် ပြေးလိုက်သွားကာ သူ၏လက်သီးချက် နောက်တစ်ချက် ကျရောက်လာလေသည်။
သွေးအလင်းတောက်ပလာကာ အသွေးအသားနှင့် သွေးများမှာ နေရာအနှံ့ပျံ့ကြဲသွားလေ၏။ ခေါင်းသုံးလုံးဘုရင်အသတ်ခံလိုက်ရကာ အသက်ပြန်မရှင်နိုင်တော့။ ဒေါသထွက်နေသည့် စိတ်ဝိညာဉ်တစ်ခုသာ ကျန်ခဲ့တော့သည်။
“မင်း .. မင်းဘယ်လိုလုပ် ဒီလိုမျိုး လုပ်နိုင်တာလဲ..”