သုခကမ္ဘာက ရှီဟောင် - Chapter - 1341 ပြန်လည်ဝင်စားခြင်း
“သေသွားပြီးတော့ နောက်ဘဝကို ရောက်နေတာလား ..” ရှီဟောင် ဆွံ့အသွားရ၏။ ဒီအမျိုးသမီးက ဘာလို့ ဒီလိုမျိုးပြောနေတာလဲ .. ဒါက အမှန်ပဲလား..
ခဏကြာပြီးသည်နောက် သူ ဤနေရာသို့ မရောက်လာခင်က အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး အချိန်မြစ်ကမ်းဘေးသို့ ရောက်ခဲ့သည်ကို သူ ပြန်အမှတ်ရမိသွားသည်။ အချိန်မြစ်ကို အမှောင်ထု ဝါးမြိုသွားကာ လှောင်အိမ်များ တစ်ခုပြီးတစ်ခု ပေါ်ခဲ့သည်။ နောက်ဆုံးတွင်တော့ သူသည် လေပွေတစ်ခု၏ စုတ်ယူခြင်း ခံလိုက်ရသည်။ ထိုလေပွေထဲသို့ စုတ်ယူခံလိုက်ရခြင်းက ပြန်လည်ဝင်စားခြင်းသို့ ရောက်သွားခြင်းဟု ဆိုလိုခြင်းလား။
ထိုအချိန်တွင် ရှီဟောင် အတွေးများသွားရသည်။ သူက သူ့ရဲ့မူလအချိန်မှာ မဟုတ်ဘဲနဲ့ တစ်ခြားလောကကို ရောက်နေတာလား..
ရှီဟောင် သူ့ခန္ဓာကိုယ်ကို တိတ်တဆိတ် စစ်ဆေးလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။ သူ့ခန္ဓာကိုယ်က ဘာမှပြောင်းလဲမသွားပေ။
ဤအမျိုးသမီးမှာ အတော်လေးပင် တိတ်ဆိတ်နေလေ၏။
“ရှင်က လူ့လောကမှာ မဟုတ်တော့ဘူး..” သူ တွေးနေသည်ကို သိသည့်အလား သူမ ပြောလိုက်သည်။
သေဆုံးပြီးနောက် ပြန်မွေးဖွားခြင်းဆိုသည့်အရာသာရှိပါက ယခုမှာ ပြန်လည်မွေးဖွားခြင်းတစ်မျိုးလား..
“ပြန်ဝင်စားတယ်ဆိုတာက တိုတောင်းတယ် .. ရှင်သန်ပြီးတော့ သေဆုံးရလောက်အောင်ထိ မလိုအပ်ဘူး ..” ထိုအမျိုးသမီး၏လှပသည့်ဆံနွယ်များသည် ပုခုံးထက်မှ ဖြာကျနေလေသည်။ သူမ၏ မျက်လုံးများမှာ တည်ငြိမ်လှသည်။
“အဲဒီလိုလား .. ကျွန်တော်ကြုံရတဲ့ ပြန်ဝင်စားတယ်ဆိုတာက တစ်ခြားဘဝကို ရောက်သွားတာမဟုတ်ပဲနဲ့ ခရီးတိုလေးတစ်ခု ထွက်လာသလိုလား .. အဲဒါကိုလည်း ပြန်ဝင်စားတာလို့ ပြောလို့ရတာလား..” ရှီဟေင်ပြောလိုက်သည်။
“ပြန်ဝင်စားဖို့က အချိန်မလိုဘူး .. ခေတ်ပေါင်းများစွာကြာမှ ပြန်ဝင်စားတာရှိသလို ချက်ချင်းပြန်မွေးဖွားတာလဲရှိတယ်..” ထိုအမျိုးသမီးမှ ပြောလိုက်၏။
“ခဏလေးနဲ့အတွေးပေါက်သွားတာ .. ဒါလည်း ပြန်ဝင်စားတယ်လို့ ခေါ်လို့ရတယ်” ထိုအမျိုးသမီးသည် အလွန်တည်ငြိမ်အေးဆေးစွာပင် ပြောနေလေ၏။
သူမ ပြောသည့်အတိုင်းဆိုလျှင် ပြန်ဝင်စားခြင်းဆိုသည်မှာ အတွေ့အကြုံတစ်ခုသာ။ မူလလမ်းကြောင်းမှ သွေဖယ်ကာ အခြားလမ်းကြောင်းတစ်ခုသို့ ရောက်သွားသည်နှင့် ဤသည်မှာ ပြန်ဝင်စားခြင်းပင်။
တစ်ခဏခန့် အတွေးပေါက်သွားသည်နှင့် အခြားဘဝသို့ ကူးပြောင်းသွားသကဲ့သို့ ဘဝတစ်ခုလုံး ရုတ်တရက်ပြောင်းလဲသွားနိုင်သည်။
“တစ်ချို့လူတွေက ရှေးဟောင်းနယ်မြေတစ်ချို့ကို ဝင်ပြီး ပျောက်ကွယ်သွားကြတယ် … သူတို့ မူလလောကကို မပြန်ခင် ထူးဆန်းတာတွေ မျိုးစုံကို ကြုံရတယ် .. သူတို့ အဲဒီအချိန်အတွင်း ကြုံတွေ့ခဲ့ရတာတွေကိုလည်း ပြန်ဝင်စားခြင်းတစ်မျိုးလို့ ပြောလို့ရတယ်..”
ယခု ရှီဟောင် သူ၏မူလလောကမှ ထွက်လာကာ ဤနေရာသို့ ရောက်လာခြင်းမှာလည်း ပြန်ဝင်စားခြင်းတစ်မျိုးဟု ပြော၍ ရသည်ပင်။
၇ ရက်သီးသန့်နေခြင်းမှာ လောကအစစ်တွင် နှစ်ပေါင်းများစွာနှင့်ညီမျှသည်။ ဤသည်မှာ ပြန်ဝင်စားခြင်းတစ်မျိုးပင်။
ရှီဟောင် ငေးကြောင်သွားရသည်။ ဤအမျိုးသမီးမှာ ကိစ္စများစွာကို ဖြေးဖြေးအေးအေးလေး ပြောနေသောကြောင့် သူ တွေးစရာများလာရသည်။ သူ အချိန်အတော်ကြာသည်အထိ ဘာမှမပြောနိုင်တော့။
“တစ်ချို့လူတွေရဲ့ မူလဝိညာဉ်က ခန္ဓာကိုယ်ကို စွန့်ခွာသွားပြီးတော့ အချိန်အတော်ကြာတဲ့အထိ ပြန်မလာနိုင်ပဲ အနက်ရောင်လှောင်အိမ်ထဲမှ ပိတ်မိနေတာကလဲ ခင်ဗျားပြောတဲ့အတိုင်းဆိုရင် ပြန်ဝင်စားခြင်းတစ်မျိုးပဲပေါ့ ဟုတ်တယ်မလား..” ရှီဟောင် ပြောလိုက်သည်။
“ဟုတ်တယ်..” ထိုအမျိုးသမီး ခေါင်းငြိမ့်လိုက်၏။
“ဒါလည်း ထည့်တွက်တာလား..” ရှီဟောင်သည် ဖျာပေါ်တွင် ထိုင်ကာ ကျောက်စားပွဲကြီးကို ခေါင်းငုံ့ကြည့်နေလေ၏။
ဤနေရာတွင်ထိုင်ကာ စိတ်ကို လွှတ်ထားလိုက်သည်နှင့် နှစ်ပေါင်းတစ်ရာခန့် မလှုပ်မယှက် ထိုင်နိုင်သည်။ ဤသည်မှာလည်း ပြန်ဝင်စားခြင်းလား..
တာအိုလေ့လာသည်နှင့် သူငယ်ချင်းများ၏ ပျက်စီးမှုကို မြင်ရပြီး လောကများ၏ ပျက်စီးမှုများ၊ လူသားမျိုးနွယ်၏ကံတရားများကို မြင်နိုင်သည်။ ခံစားချက် ၇ မျိုး၊ လိုအင်ဆန္ဒ ၆ မျိုး၊ ဘဝပေါင်းစုံ၊ ထာဝရတာအို၏ဆွဲဆောင်မှု .. ဤအရာအားလုံးမှာ စိတ်က မြင်လိုသည့်အရာများကို မြင်နေခြင်းလား သို့မဟုတ် ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားကာ အခြားနေရာသို့ ရောက်သွားခြင်းလား…
ထိုတစ်ခဏတွင် ရှီဟောင် ဆွံ့အသွားရသည်။
သာမန်လူများ၏အတွေးဆိုပါက ဤသည်မှာ သူတို့စိတ်ကူးယဉ်သည့် အတွေးထက် ဘာမှမပိုပေ။ သို့သော်လည်း ကျင့်ကြံသူတစ်ယောက် တာအိုလေ့လာသည့်အချိန်တွင် တစ်ခါသီးသန့်ကျင့်ကြံသည်နှင့် နှစ်ပေါင်းရာပေါင်းများစွာ ကြာသွားနိုင်သည်။ သူတို့၏ဝိညာဉ်များသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတွင် လှည့်ပတ်သွားနေသောကြောင့် သူတို့မြင်သမျှအရာအားလုံးမှာ အတုအယောင် မဟုတ်လောက်ပေ။
ဒါလည်း ပြန်ဝင်စားတာလား..
“ဒီလောကကြီးမှာ သေဆုံးပြီးတော့ ပြန်မွေးဖွားတဲ့ ပြန်လည်ဝင်စားတာ ရှိလား”
ရှီဟောင် မေးလိုက်၏။
” ကျွန်တော်ပြောချင်တာ အသိဉာဏ်ရသွားတဲ့ ပြန်ဝင်စားတာမဟုတ်သလို သေဆုံးပြီးတော့ အချိန်အတော်ကြာပျောက်ဆုံးသွားပြီး လူ့ဘဝထဲ ပြန်ရောက်သွားတာကို ပြောတာလည်း မဟုတ်ဘူး .. အရင်ဘဝကနေ ပြန်ဝင်စားတာကို ပြောတာ..” ရှီဟောင် ဆက်ပြောလိုက်၏။
“ခေါင်းမာလိုက်တာ .. ဒီလောကကြီးမှာ သီးသန့်ဖြစ်တည်နေတဲ့ အရာအချို့ရှိတယ် .. အားလုံးက ဆက်စပ်နေတာ..” သူမသည် သူ့အား အဖြေတစ်ခု တိုက်ရိုက်ပေးမလာခဲ့ပေ။
သို့သော်လည်း သူမနှင့်စကားပြောနေသည့်အချိန်အတွင်း သူ အသိအမြင်များစွာ ရလိုက်သည်။
“ဒါက ခင်ဗျား သတ်မှတ်ထားတဲ့ ပြန်ဝင်စားခြင်းလား..” ရှီဟောင် မေးလိုက်၏။
သူ့ရှေ့မှ အမျိုးသမီးသည် ထာဝရသက်ရှိအစစ်ပင်။ သူမ ပြောလိုက်သည့်စကားလုံးတိုင်း၊ လုပ်လိုက်သည့်အပြုအမူတိုင်းတွင် အကြောင်းပြချက် ရှိနေသည်။ သူမထံမှ လမ်းညွှန်မှုတစ်ချို့ကို ရပါက သူ့လမ်းကြောင်း ပိုကျယ်ပြန့်လာပြီး ပိုပြီးတောက်ပလာမည်ပင်။
“ငါက ထာဝရသက်ရှိတစ်ယောက် မဟုတ်တော့ပါဘူး .. ပျက်စီးနေတဲ့ တံဆိပ်လေးတစ်ခုသာသာပဲ..” ထိုအမျိုးသမီးလေး သက်ပြင်းချ၍ ပြောလိုက်သည်။ သူမ နားလည်ထားသည့်အရာများလည်း ပျက်စီးနေနိုင်ကြောင်း ရှီဟောင်အား ပြောလိုက်သည်။
“သောက်ပါ..” ထိုအမျိုးသမီးသည် ရှီဟောင်ကို နောက်တစ်ကြိမ် ထပ်သောက်ခိုင်းလိုက်သည်။
ကျောက်စားပွဲပေါ်တွင်ရှိနေသည့် ကျောက်စိမ်းခွက်များမှာ ရိုးရှင်းလှသည်။
ခွက်ထဲရှိ အရည်မှာ မွှေးပျံ့လှပြီး ကြည်လင်တောက်ပနေလေ၏။ ထာဝရစွမ်းအင်မြူခိုးလေးများရှိနေသည့်အပြင် ဖရိုဖရဲမြူတစ်လွှာဖြင့် ဖုံးအုပ်ထားလေ၏။
ဤဝိုင်မှာ သောက်ရန်မပြောနှင့် ကြည့်လိုက်ရုံဖြင့်ပင် မူးဝေသွားစေနိုင်သည်။
“ဒီဝိုင်က သာမန်မဟုတ်ဘူး .. ဒါကို တစ်ခွက်လောက်သောက်နိုင်တာက တကယ်ကို ကြီးမြတ်တဲ့အခွင့်အရေးကြီးပဲ .. ကျေးဇူးအများကြီးတင်ပါတယ်..” ရှီဟောင်ပြောပြီးနောက် ခွက်ကို ကောက်ကိုင်လိုက်သည်။
“သာမန်မဟုတ်တာ မဟုတ်ပါဘူး .. အရင်တုန်းကတည်းက ဒီဝိုင်အိုးတစ်အိုးပဲ လုပ်ခဲ့တာ .. နောင်မျိုးဆက်တွေ ပေါ်လာတဲ့အချိန်ထိ စောင့်နိုင်ခဲ့တာလည်း ဒီဝိုင်ကြောင့်ပဲ..” ထိုအမျိုးသမီး ထူးဆန်းစွာ ပြောလိုက်၏။
“အာ..” ရှီဟောင် ထိတ်လန့်သွားရသည်။
“ဒီဝိုင်ကို မင်းတောင် နားမလည်နိုင်တဲ့လူတစ်ယောက်က ဖောက်ထားတာ” ထိုအမျိုးသမီးမှ ပြောလိုက်၏။ ထို့နောက် သူမသည် ရှုပ်ထွေးသည့်အမူအရာ ဖြစ်သွားကာ “ငါ ဘာလို့ ဒီလိုမျိုးပြောလိုက်တာလဲ .. ဟုတ်သားပဲ ငါက ပျက်စီးနေတဲ့တံဆိပ်လေးတစ်ခုပဲ .. တော်တော်များများကို မေ့သွားပြီ .. အဲဒီလူက ဘယ်သူလဲ..”
“ဒါကို သောက်လိုက်တာနဲ့ ကျွန်တော် စွမ်းအားတွေ တိုးလာမှာလား..” ရှီဟောင် မေးလိုက်၏။
“ရှင် အရမ်းအတွေးလွန်နေပါပြီ .. အားလုံးက တန်ဆေးလွန်ဘေးပဲ ..ဒါပေမဲ့ တစ်နေ့ကျရင်တော့ ဒါက မင်းထင်ထားတာထက်ကို ပိုအကျိုးရှိတယ်ဆိုတာ မင်းသိလာလိမ့်မယ်..” အမျိုးသမီးမှ ပြောလိုက်သည်။
“အဲဒီလိုလား .. ကျေးဇူးအများကြီးတင်ပါတယ် .. ချီးယား..” ရှီဟောင် ခွက်မြောက်ကာ ထိုအမျိုးသမီးခွက်နှင့်တိုက်လိုက်သည်နှင့် အလွန်သာယာနာပျော်ဖွယ်ကောင်းသည့်အသံတစ်သံ ထွက်ပေါ်လာလေ၏။
ထိုခွက်နှစ်ခွက် ထိလိုက်သည်နှင့် ခွက်ထဲမှ ပုံရိပ်လေးများ တစ်ခုပြီးတစ်ခု ခုန်ထွက်လာပြီး လက်နက်များလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။
ဒါက ဘာကြီးလဲ .. အရက်ကနေ ဖြစ်လာတာလား..
အရက်မှာ အသက်ဝင်လာသလိုပင်။ ဓားများ၊ စေတီများ၊ ခေါင်းလောင်းများ၊ မီးဖိုများနှင့် အခြားလက်နက်များအဖြစ် ပြောင်းလဲသွားကြလေသည်။ ထို့နောက် ပုံရိပ်လေးများသည် ပြင်းထန်စွာ တိုက်ခိုက်လာကြလေ၏။
ဤသည်မှာ ဝိုင်သာဖြစ်သော်လည်း ပုံစံများစွာပြောင်းလဲနေသည်။
“ဒီဝိုင်က ဘယ်လောက်အဖိုးတန်လဲဆိုတာ သိပြီမလား..” ထိုအမျိုးသမီးမှ ပြုံး၍ ပြောလိုက်သည်။
ရှီဟောင် သူ့ဝိုင်ခွက်ကို ကြည့်ပြီးနောက် ထိုအမျိုးသမီးကို ပြန်ကြည့်လိုက်သည်။
“မြည်းကြည့်ပြီးသွားတာနဲ့ သိလိမ့်မယ်..” အမျိုးသမီးမှ ပြောလိုက်၏။
ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ သူ တစ်ငုံသောက်လိုက်သည့်အချိန်တွင် သွေးရောင်အလင်းတန်းနှင့် အနက်ရောင်လှံတံတစ်ခု ထွက်ပေါ်လာလေ၏။ ထို့နောက်တွင် သူသည် နတ်ဘုရားနှင့် နတ်ဆိုးသုံးထောင် ဟစ်ကြွေးသံကို ကြားလိုက်ရပြီး ကျမ်းစာသံများလည်း ကြားလိုက်ရသည်။
သူသေချာနားထောင်လိုက်သည့်အချိန်တွင် ဤသည်မှာ တကယ်ပင် ကျမ်းစာသံဖြစ်နေသောကြောင့် သူ ထိတ်လန့်သွားရသည်။ သူ ဝိုင်သောက်လေလေ အသံများမှာ သူ့နားထဲတွင် ပို၍ကြည်လင်လာလေလေပင်။
အချိန် မည်မျှကြာသွားမှန်း မသိလိုက်သည့်အချိန်မှသာ သူ ရပ်တန့်လိုက်သည်။ သူ ဝိုင်အနည်းငယ် သောက်ပြီးသွားလေပြီ။
ရှီဟောင်မျက်လုံးများ တောက်ပလာကာ မျှော်လင့်ချက်အပြည့်နှင့် ဖြစ်လာလေ၏။ သူနောက်ထပ် နည်းနည်း ထပ်သောက်လိုက်သည့်အချိန်တွင် အချိန်အပိုင်းအစများနှင့်အတူ ခေါင်းလောင်းတစ်လုံး သူ့ပါးစပ်ထဲသို့ ဝင်သွားသည်။
ထို့နောက် ကျမ်းစာသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာလေသည်။ ထိုအသံမှာ ကျယ်လောင်လွန်းလှသောကြောင့် သူ့နားကန်းမတတ်ပင်။ ရှီဟောင် လုံးဝဆွံ့အသွားရ၏။ သူသည် ဝိုင်အရသာကို မလှုပ်မယှက်ပင် အရသာခံနေလိုက်သည်။
နောက်ထပ်အချိန်တစ်ခု ကြာသွားလေပြီ။ ဝိုင်အရသာပြယ်သွားသည့်အချိန်မှသာ ရှီဟောင် ပြန်နိုးလာသည်။
ရှီဟောင် တတိယအကြိမ် သောက်လိုက်သည့်အချိန်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှ စွမ်းအင်များကို စုတ်ယူထားကာ ထာဝရစွမ်းအင်ဝန်းရံထားသည့် ရွှေရောင်အစေ့လေးတစ်စေ့ ပေါ်လာလေ၏။။ ထိုအစေ့လည်း ရှီဟောင် ပါးစပ်ထဲသို့ ဝင်သွားသည်ပင်။
ယခုတစ်ခေါက်တွင်တော့ ကျမ်းစာသံအသစ် ထွက်ပေါ်လာသည်ပင်။
အချိန်အတော်ကြာသွားမှသာ ရှီဟောင်မျက်လုံးများ ပြန်ပွင့်လာသည်။
” ဒါက ထာဝရမျိုးစေ့လား .. ဒါတွေအားလုံးက ထာဝရရှေးဟောင်းခေတ်က ပညာတွေနဲ့ လမ်းကြောင်းတွေလား..”
သူ ထိတ်လန့်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ဤပညာများမှာ မည်မျှပင် အံ့ဩဖို့ကောင်းသနည်း။
ဒီဝိုင်မှာ အရင်ခေတ်တုန်းက သဘာဝဥပဒေသတွေနဲ့ တာအိုတွေ ပါနေတာလား.. ဒါတွေအားလုံးက ဝိုင်ခွက်တစ်ခွက်ထဲ သိပ်ထည့်ထားတာလား … ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည်။
ဝိုင်ခွက်ထဲတွင် ဝိုင် သိပ်မကုန်သေးပေ။ အပြည့်နီးပါးရှိနေသေးသည်။ ဒီဝိုင်ခွက်က ဘယ်လောက်တောင် ဆန့်တာလဲ..
“အားလုံးသောက်လိုက်ရင်တောင် ထာဝရရှေးဟောင်းနည်းလမ်းတွေကို ပုံတူကူးသလိုပဲ ဖြစ်သွားမှာ အဓိပ္ပာယ်မရှိဘူး .. ဘာလို့လဲဆိုတော့ ကျွန်မတို့အားလုံး ရှုံးနိမ့်ခဲ့ပြီးသား..” ထိုအမျိုးသမီး တည်ငြိမ်စွာ ပြောလိုက်သည်။
သူမ ပြောသည့် ‘ကျွန်မတို့’ ဆိုသည်မှာ ယခင်ခေတ်မှ စွမ်းအားအကြီးဆုံး ပြိုင်ဘက်ကင်းကျွမ်းကျင်သူများကို ဆိုလိုခြင်းပင်။
” ‘ကျွန်မတို့’ ကို ပြန်ဖန်တီးတာက အဓိပ္ပာယ်မရှိဘူး .. ရှင် တစ်ခြားလမ်းကြောင်းတစ်ခုကို ဖောက်နိုင်မှ ဒီဝိုင်ခွက်က အဓိပ္ပာယ်တစ်ခုခု ရှိလိမ့်မယ် … အဲဒီအချိန်ကျမှ ရှင်က နှစ်ဖက်လုံးရဲ့ တံဆိပ်တွေကို သိနိုင်လိမ့်မယ် .. မဟုတ်ရင် ရှင့်ရဲ့အတွေးတွေကို ကန့်သတ်ထားသလိုဖြစ်သွားပြီး ရှင့်အနာဂတ်လည်း ကန့်သတ်ခံရလိမ့်မယ်..” ထိုအမျိုးသမီးမှ သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။
ထိုစကားကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် အများကြီးစဉ်းစားမနေတော့ပဲ ဝိုင်ကိုသာ အရသာခံနေလိုက်သည်။
နောက်ဆုံးတွင်တော့ ဤနေရာတွင် အလင်းများထွက်ပေါ်လာပြီး လက်နက်များလည်း ထွက်ပေါ်လာသည်။ သက်ရှိများ မကြာခဏပေါ်လာပြီး ပြင်းထန်သည့်တိုက်ပွဲများဆင်နွှဲကြလေ၏။ သို့သော်လည်း ဤအရာအားလုံးမှာ နောက်ဆုံးတွင်တော့ ရှီဟောင်ပါးစပ်ထဲသို့ ဝင်သွားသည်ပင်။
ရှီဟောင် ဘယ်နှစ်ရက် သောက်လိုက်ရမှန်း မသိသော်လည်း နောက်ဆုံးတွင်တော့ ကုန်အောင် သောက်နိုင်သွားလေပြီ။
“မဆိုးပါဘူး .. ရှင် အားလုံး သောက်လိုက်နိုင်ပြီ .. သာမန်လူသာဆိုရင် နည်းနည်းလောက် သောက်လိုက်တာနဲ့ သူတို့ ခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မယ် .. ရှင်က တော်တော်လေး တော်တာပဲ..” ထိုအမျိုးသမီး ချီးကျူးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ရှီဟောင်၏ အမူအရာ ချက်ချင်းပြောင်းလဲသွားရသည်။
ဤအမျိုးသမီး၏ ဇစ်မြစ်မှာ သာမန်မဟုတ်သည်ကို သူ သိသည်။ သူမထံမှ ချီးကျူးခံရသည်မှာလည်း သာမန်ကိစ္စတစ်ခု မဟုတ်။
သူ ကြုံလိုက်ရသည်မှာ ၁၀ ရာခိုင်နှုန်းသာ အသက်ရှင်နိုင်သည့် စစ်ဆေးမှုဟု ပြော၍ ရသည်ပင်။
“ဒီဝိုင်ခွက်ကို သောက်တာက ထာဝရရှေးဟောင်းခေတ်ကို အရည်ဖျော်သောက်လိုက်တာနဲ့ အတူတူပဲ .. အကြိမ်ပေါင်းများစွာ ပြန်ဝင်စားလိုက်တာပဲ .. အဲဒီပညာတွေ၊ လက်နက်တွေ၊ သက်ရှိတွေ အားလုံးကို ရှင်မြင်လိုက်ရပြီ..” ထိုအမျိုးသမီး သက်ပြင်းချ၍ ပြောလိုက်သည်။
ရှီဟောင် ဘာမှမပြောပဲ ကျောက်စားပွဲပေါ်မှ ဝိုင်အိုးကိုသာ စိုက်ကြည့်နေလိုက်သည်။
“ရှင်က တော်တော်လေး ထူးခြားတယ် .. ဒီဝိုင်အိုးကို ရွှေ့လို့ရမလားလို့ ရှင် စမ်းကြည့်လို့ရတယ်..” ထိုအမျိုးသမီး ခေါင်းညိမ့်၍ ပြောလိုက်သည်။
“ကျွန်တော် ရွှေ့နိုင်ရင် ဘာဖြစ်မှာလဲ..” ရှီဟောင် မေးလိုက်၏။
“ရှင် ဒီအိုးကို ယူသွားလို့ရတယ် .. ဒါက ရှင့်အတွက် အများကြီး အသုံးဝင်လိမ့်မယ် ..။ ”
ထိုအမျိုးသမီး လေးနက်စွာ ပြောလိုက်၏။