သုခကမ္ဘာက ရှီဟောင် - Chapter - 1343 အဖြူရောင်အဝတ်အစားများနှင့် ထူးခြားသည့်သူ
ရှီဟောင်နဲ့ ဆက်စပ်နေတဲ့သူတစ်ယောက် တကယ်ရှိနေတယ်..
သူမသည် ဤလောကနှင့် မသက်ဆိုင်သည့်သူပင်။ သူမ ပတ်လည်တွင် ဖရိုဖရဲစွမ်းအင်များရှိနေကာ ယခုအချိန်တွင် ကျယ်ပြန့်လှသည့်ကောင်းကင်ကြီးအား စီးမိုးကြည့်နေလေ၏။
“ငါ့ကို တားရဲတဲ့သူ တကယ်ရှိနေတာပဲ .. ဟား ဟား .. ဟား ဟားဟား..” ထိုရှည်လျားလှသည့် ပုံရိပ်ကြီး ရယ်မောလိုက်သည်နှင့် သူ့ဘေးပတ်လည်တွင်ရှိနေသည့် ကြယ်များ တုန်ခါကာ ကြွေကျသွားလေ၏။ အချို့ကြယ်များမှာ ပေါက်ကွဲသွားကာ မီးရှူးမီးပန်းကဲ့သို့သော အလင်းများထုတ်လွှတ်လာလေသည်။ နောက်ဆုံးတွင်တော့ ထိုကြယ်များ ပြာမှုန့်အဖြစ်ပြောင်းလဲသွားလေ၏။
ရှီဟောင်လည်း ထိတ်လန့်သွားရသည်။ ဤလောကတွင် သူနှင့် သက်ဆိုင်နေသည့်သူ ရှိသေးသည်လား..
ဤသည်မှာ မိုးမခနတ်ဘုရားဖြစ်လိမ့်မည်ဟု သူ ထင်ထားခြင်းပင်။ သို့သော်လည်း မဟုတ်ခဲ့။
ဤသည်မှာ သူ့ကို အနည်းငယ် ကျောချမ်းသွားစေသကဲ့သို့ အနည်းငယ် ဝမ်းနည်းသွားစေသည်။ သူ မြင်ခဲ့ရတဲ့ မြင်ကွင်းက တကယ်ဖြစ်လာတော့မှာလား..
ထိုနေ့ရောက်လာလျှင် လောကကြီးပြောင်းပြန်လှန်သွားကာ အချိန်၏တိုက်စားမှုကို ခံသွားရမည်ပင်။ အရာအားလုံးပျောက်ကွယ်သွားပြီး ဤလောကကြီးတွင် သူတစ်ယောက်တည်းသာ ကျန်ခဲ့လိမ့်မည်။ သူ၏အနောက်ဘက်တွင် လောင်ကျွမ်းနေသည့် မိုးမခသစ်ပင်ကြီးသာ ရှိလိမ့်မည်။ ဤသည်မှာ မည်မျှပင် ဝမ်းနည်းစရာကောင်းလှသနည်း..
ရန်သူ၊ မိတ်ဆွေ၊ ချစ်ရသည့်သူများ၊ သူငယ်ချင်းများ .. မည်သူမှ မရှိတော့..
ဤအမျိုးသမီးမှာ မိုးမခ နတ်ဘုရား မဟုတ်ပေ။ သူလမ်းမှာတွေ့တဲ့ တစ်ယောက်ယောက်လား..
အတိတ်မှလူတစ်ယောက် သူ့အား လာသတ်တော့မည့်အချိန်တွင် အနာဂတ်မှ လူတစ်ယောက် သူ့အား လာရောက်ကူညီခဲ့သည်။ ရှီဟောင် ငိုရမလား ရယ်ရမလားပင် မသိတော့။ သူ၏မျက်ဝန်းတွင် မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိနေသည်။
သူ ဝမ်းနည်းရလိမ့်မည်ဟု သက်သေပြနေသည့်အရာများစွာ ရှိနေလေပြီ။ ထိုအချိန်ရောက်လျှင် သူသည် ယခုကဲ့သို့ တက်ကြွသည့်လူငယ်လေး မဟုတ်တော့ပဲ လောကကြီးတစ်ခုလုံးကို ရင်ဆိုင်နေရသည့် လေးနက်သည့်လူတစ်ယောက် ဖြစ်လာလိမ့်မည်။ ဤသည်မှာ မည်မျှပင် ဝမ်းနည်းစရာကောင်းလိမ့်မည်နည်း.. တကယ်ပဲ ဘာတွေဖြစ်လာမှာလဲ..
လမ်းခရီးတစ်လျှောက်တွင် သူနှင့်ရင်းနှီးသည့်သူများ တစ်ယောက်ပြီးတစ်ယောက် လွင့်ပါးသွားလိမ့်မည်။ဤသို့ စဉ်းစားကြည့်ရုံဖြင့်ပင် သူ အေးခဲလာရသည်။
သူ့ကို ကယ်ဖို့လူတစ်ယောက် ရောက်လာခဲ့သော်လည်း သူ အသည်းကွဲနေရသည်ပင်။ အဘယ်ကြောင့်ဆိုသော် ကိစ္စများစွာဖြစ်လာတော့မည်ကို သူ သိနေသောကြောင့်ပင်။
“အနာဂတ်ကို ပြောင်းလဲလို့ရတယ်လို့ ငါ ယုံကြည်တယ် .. ငါ မြင်တာက အမှန်မဟုတ်ဘူး..” ရှီဟောင် တိတ်တဆိတ်ပြောလိုက်သည်။
ထိုအမျိုးသမီးမှာ အလွန်တိတ်ဆိတ်စွာဖြင့်ပင် အချိန်မြစ်ကြီးပေါ်၌ ရပ်တန့်နေလေ၏။ သူမ၏ခန္ဓာကိုယ်တွင် သူမ၏ရှည်လျားသည့်ဝတ်ရုံရှည်ကြီးမှာ လေနှင့်တိုးဝေ့နေသည်။
သူမ၏ မည်းနက်နေသည့်ဆံနွယ်များပင်လျှင် လှုပ်ရှားခြင်း မရှိပေ။ သူမသည် ကျောက်စိမ်းမှ ထွင်းထုထားသည့်အရုပ်လေးတစ်ရုပ်ကဲ့သို့ပင်။
သူမ၏ပုံစံအစစ်အမှန်ကို မြင်နိုင်ရန် ကြိုးစားလိုက်သော်လည်း အားလုံး ကျရှုံးသွားသည်။
ထိုမျက်နှာဖုံးမှာ အလွန်ထူးဆန်းလှသည်။ ဤသည်မှာ ထာဝရပစ္စည်းထက်ပင် ပိုထူးခြားလိမ့်မည်။ ကောင်းကင်မျက်လုံးဖြင့်ပင်လျှင် ဤမျက်နှာဖုံးကို ထွင်းဖောက်ပြီး မမြင်ရပေ။
ထိုကြေးမျက်နှာဖုံးမှာ အတော်လေး ထူးဆန်းလှသည်။ ငိုနေသည်ပုံစံဟု ထင်ရသော်လည်း ငိုနေသည့်ပုံစံမဟုတ်သလို ရယ်နေသည့် ပုံစံလည်း မဟုတ်ပေ။
ဤသည်မှာ ပြုံးနေသည်ဟု ထင်ရသော်လည်း မျက်နှာပြင်ထက်တွင် မျက်ရည်စက်များရှိနေသည်ပင်။ လှပမှုထဲတွင် ဝမ်းနည်းမှုများပါ ရှိနေသည်။
ထို့နောက် ထိုမျက်နှာဖုံးသည် လက်စွပ်အဖြစ်သို့ ပြောင်းလဲသွားလေ၏။ ထိုလက်စွပ်သည် သူမရှေ့တွင် တက်လိုက်ကျလိုက် ဖြစ်နေလေ၏။
ထိုသို့ဆိုသော်လည်း သူမ ပုံစံကို ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။
ထို့နောက် လက်စွပ်သည် ထာဝရဓားအဖြစ် ပြောင်းလဲသွားလေ၏။ ထိုဓားမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ဤသည်မှာ ဤအမျိုးသမီးသည် တကယ်တိတ်ဆိတ်နေခြင်းမဟုတ်ပဲ တောတောင်နှင့်မြစ်များကို လွှမ်းခြုံနိုင်သည့် အော်ရာရှိနေသည်ဟု ပြသနေခြင်းပင်။
ထို့နောက် ထာဝရဓားသည် တာအို ရေကရားအိုးအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ထက်မှ ကြယ်များလည်း ဝင်လိုက်ထွက်လိုက်ဖြစ်နေသည်။ ထို့အပြင် ထိုရေကရားကို ထာဝရစွမ်းအင်များ ဝန်းရံနေလေ၏။
နောက်ဆုံးတွင်တော့ မျက်နှာဖုံးအဖြစ် ပြန်ပြောင်းသွားကာ ထိုအမျိုးသမီးမျက်နှာထက်သို့ ပြန်ရောက်သွားလေ၏။
“သာမန်ကြေးကို ပစ္စည်းတစ်ခုအဖြစ် သုံးပြီးတော့ ထာဝရပစ္စည်းဖြစ်အောင် လုပ်ထားတယ် .. ပြီးတော့ ထာဝရရွှေစွမ်းအင် ထပ်ပေါင်းထည့်ပြီးတော့ ပြိုင်ဘက်ကင်းတဲ့အဆင့်လွန်ရတနာဖြစ်အောင် လုပ်ထားတယ် .. မင်းက ကြွားချင်နေတာလား..”
ခပ်ဝေးဝေးရှိ ထိုအမျိုးသားမှ ပြောလိုက်သည်။ ဤအမျိုးသားသည် လွန်ခဲ့သည့်အတိတ်မှ ဖြစ်သောကြောင့် သူ၏စိတ်ဆန္ဒတစ်ခုတည်းဖြင့် ကြယ်များ ပေါက်ကွဲသွားအောင် လုပ်နိုင်သည်။
ထိုအမျိုးသမီးမှာ တည်ငြိမ်နေဆဲဖြစ်ကာ စကားတစ်ခွန်းမှ ပြောမလာသလို မည်ကဲ့သို့သော တုံ့ပြန်မှုမျိုးမှလည်း ဖြစ်မလာပေ။ သူမ၏ မျက်လုံးများမှာ ရေမျက်နှာပြင်ကဲ့သို့ ကြည်လင်နေပြီး ရှီဟောင်ကိုသာ တစ်ချိန်လုံး ကြည့်နေလေ၏။
ရှီဟောင်ဖြစ်စေ၊ စားပွဲတစ်ဖက်တွင် ထိုင်နေသည့် အမျိုးသမီးဖြစ်စေ၊ အတိတ်မှ ရောက်လာသည့်အမျိုးသားဖြစ်စေ စိတ်ထဲ တုန်လှုပ်သွားကြသည်။
“ဟား ဟား..”
ထိုအမျိုးသား ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာကြာခဲ့ပြီ .. ငါ့ကို ဒီလိုမျိုးမျက်နှာချင်းဆိုင်ရဲတဲ့သူ ဘယ်နှစ်ယောက်ရှိခဲ့သလဲ ငါ မသိတော့ဘူး .. မင်းက တော်တော်လေး တော်တဲ့အမျိုးသမီးပဲ .. တစ်နေ့ကျရင် မင်းကို ငါ့ဘေးနားထားနိုင်ဖို့ မျှော်လင့်တယ်..”
သူသည် သူ့အကြိုက်အမျိုးသမီးတစ်ယောက်ကို တွေ့သွားသည့်ဘုရင်တစ်ယောက်ကဲ့သို့ပင်။ ဤသည်မှာ ယုံကြည်မှုရှိခြင်းဟု ပြော၍ရသော်လည်း ရိုင်းစိုင်းခြင်းတစ်မျိုးလည်း ဖြစ်သည်။
သေချာပါသည်။ ထိုအမျိုးသမီး၏ အကြည့်များမှာ သူ့ထံသို့ ရောက်လာလေ၏။ ထို့အပြင် သူမ မျက်ဝန်းများ တောက်ပလာကာ သူမ၏ အော်ရာလည်း ချက်ချင်းပြောင်းလဲသွားလေ၏။ သူမသည် ဤလောကကို အစိုးရသည့် အမျိုးသမီးဧကရာဇ်တစ်ယောက်ကဲ့သို့ ဖြစ်လာသည်။
ထိုအချိန်တွင် ထိုအမျိုးသားထံသို့ ကြောက်စရာကောင်းလှသည့် အော်ရာတစ်ခု ဦးတည်သွားလေသည်။ သမိုင်းပြသသည့်ကြယ်များ တစ်လုံးပြီးတစ်လုံး ကြွေကျသွားလေ၏။
ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။
အော်ရာလှိုင်းတစ်ခုတည်းဖြင့် ဤကဲ့သို့ဖြစ်သွားခြင်းပင်။ ဤဝတ်စုံဖြူနှင့် အမျိုးသမီးမှာ ပြိုင်ဘက်ကင်းလှပြီး အတိတ်နှင့် ပစ္စုပ္ပန်မှ သူရဲကောင်းများကို လွှမ်းမိုးသွားနိုင်သည်။
“မင်းလိုမျိုး အမျိုးသမီးတစ်ယောက်ပေါ်လာဖို့ ခေတ်ပေါင်း ဘယ်လောက်ကြာမှာလဲ..”
ထို့နောက် ရုတ်တရက်ပင် ထိုအမျိုးသား၏ခန္ဓာကိုယ်မှ ကြောက်စရာအကောင်းဆုံးအလင်းတန်းများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ မရေမတွက်နိုင်သည့် နေလုံးကြီးများ ပေါက်ကွဲသွားကာ အလင်းတန်းပေါင်း ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ထိုအလင်းတန်းများအားလုံး ထိုအမျိုးသမီးထံသို့ ဦးတည်သွားလေ၏။
ရှီဟောင်သာမက ကျောက်စားပွဲတစ်ဖက်တွင်ထိုင်နေသည့် အမျိုးသမီးပင် တုန်လှုပ်သွားလေ၏။ သူမ၏ ကောင်းကင်မျက်လုံးများကို ဖွင့်လိုက်သည်။ တိုက်ခိုက်လိုက်သည့်သူမှာ မည်မျှပင် ကြောက်စရာကောင်းသည်ကို သူမမှလွဲ၍ မည်သူမှ နားလည်နိုင်မည်မဟုတ်ပေ။
အောက်ဘက်တွင်ရှိနေသည့် ထိုအမျိုးသမီး နောက်ဆုံးတော့ လှုပ်ရှားလာလေပြီ။ သူမ၏ညာလက်မြှောက်တက်လာကာ တံဆိပ်တစ်ခုကို ဖန်တီးလိုက်ပြီးနောက် ပစ်လွှတ်လိုက်လေသည်။
ဝုန်း..
ထိုရိုက်ချက်တစ်ချက်တည်းဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး တုန်ခါသွားလေသည်။
မည်သည့်စကားသံမှ ထွက်ပေါ်လာခြင်း မရှိသော်လည်း တာအိုအသံများမှ စကားလုံးများကို ရှီဟောင်နှင့်အခြားနှစ်ယောက်လုံး ကြားလိုက်ရသည်။ ဤသည်မှာ အလုံးစုံပြောင်းလဲခြင်း ထာဝရပညာပင်။
သူတို့ နားလည်သွားလေပြီ။ ဤအမျိုးသမီး၏နည်းလမ်းများမှာ မထင်ထားလောက်အောင်ပင် ထူးခြားလှသည်။
ထိုအမျိုးသားထံမှ ထွက်လာသည့် အလင်းတန်းများမှာ အဖိုးတန်ပညာများပင်။
သို့သော်လည်း ထိုနတ်စွမ်းရည်များ၊ အလင်းများအားလုံးသည် သူမရှေ့တွင် မှေးမှိန်သွားကာ ပျောက်ကွယ်သွားလေသည်။
ဤသည်မှာ အခြားသူများကို ဆွံ့အသွားစေသည့် မြင်ကွင်းပင်။ နတ်စွမ်းရည်များမှာ ချက်ချင်းပင် အရှင်းခံလိုက်ရလေပြီ။
ရှီဟောင်သည် ဘာမှနားမလည်သောကြောင့် သိပ်အံ့ဩမနေပေ။ ဤကဲ့သို့သော ကျင့်ကြံဆင့်မျိုးကို သူနားမလည်နိုင်သေး။ သို့သော်လည်း ကျောက်စားပွဲတစ်ဖက်တွင် ထိုင်နေသည့်အမျိုးသမီးအတွက်မူ ထိုကဲ့သို့ မဟုတ်ပေ။ သူမ၏ မျက်နှာထက်တွင် ထိတ်လန့်သည့်အမူအရာ ဖြစ်နေသည်။ ဒီလိုမျိုး ပြိုင်ဘက်ကင်းတဲ့နတ်စွမ်းရည်တွေက အဲဒီဝတ်စုံဖြူနဲ့အမျိုးသမီး လက်တစ်ဖက်နဲ့ရိုက်ချလိုက်တာနဲ့ ပျောက်သွားတာလား ..။
“ဒီလိုသက်ရှိမျိုး တကယ်ရှိနေတာလား .. ငါ့ကိုတောင် ယှဉ်နိုင်တယ်ပေါ့ … မင်းနည်းလမ်းတွေက မင်း ဘာသာမင်း ဖန်တီးထားတာလား … ငါတစ်ခါမှ မမြင်ဖူးဘူး .. တော်တော်လေး အံ့ဩဖို့ကောင်းတယ်..” အချိန်မြစ်အပေါ်ဘက်မှ ထိုလူပြောလိုက်သည်။
ဤအဆင့်သက်ရှိမှ ‘အံ့ဩဖို့ကောင်းသည်’ ဟုပြောလိုက်သောကြောင့် ဤသည်မှာ အရာရာကို သက်သေပြပြီးသားပင်။
ဝတ်စုံဖြူနှင့်အမျိုးသမီးမှာ တကယ်ကို အံ့အားသင့်ဖို့ကောင်းသည်ပင်။ မဟုတ်ပါက ခေတ်ပေါင်းများစွာကြုံတွေ့လာခဲ့သည့် လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှာ သက်ရှိတစ်ယောက် ချီးကျူးမည်မဟုတ်ပေ။
ဝုန်း..
ထိုဝတ်စုံဖြူနှင့်အမျိုးသမီး လှုပ်ရှားလာ၏။ သူမသည် အပြင်ပိုင်းတွင် တည်ငြိမ်နေသော်လည်း သူမ တကယ်လှုပ်ရှားလိုက်သည့်အချိန်တွင် မည်သူ့မျက်နှာကိုမှ မထောက်ပဲ အားလုံးကို လွှမ်းမိုးနေသည်ပင်။
သူမ မျက်နှာဖုံးကို ချွတ်ကာ ပစ်လွှတ်လိုက်သည်နှင့် ထိုမျက်နှာဖုံးသည် ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားသည့် အလင်းပြင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုအလင်းပြင်သည် ထိုအမျိုးသားထံသို့ ဦးတည်သွားသည်။
သူမ စတင်တိုက်ခိုက်လိုက်ခြင်းပင်။
“အမ်..”
ထိုအမျိုးသားက အတော်လေး ထိတ်လန့်သွားလေ၏။ သူရှုံးတော့မည်ဟု ခံစားနေရသည်။
ထိုမျက်နှာဖုံးမှာ လျင်မြန်လှသည်။ ကောင်းကင်ထက်ရှိ ကြယ်များကို ဖျက်ဆီးပစ်ကာ ထိုအမျိုးသားကို လွှမ်းခြုံပစ်လိုက်လေသည်။