သုခကမ္ဘာက ရှီဟောင် - Chapter - 1361 အဆင့်လွန်လူငယ် သက်ရှိ
လုထော်၊ ဝမ်ရှီးနှင့် ရွှမ်ခွန်တို့ အရှေ့လျှောက်လာကြသလို သရဖူ ၁၀ခုဘုရင်၊ မင်းသမီးယောင်ယွဲ့နှင့် အခြားသူများလည်း စိတ်လှုပ်ရှားသွားကြရသည်။ သူတို့အားလုံး သူတို့၏ သံသယရှိနေကြပြီး ရှီဟောင်မည်သူဖြစ်သည်ကို အတည်ပြုချင်နေကြသည်။
ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူမှာ ဘယ်လိုလုပ် နာမည်မရှိသည့်သူ ဖြစ်နိုင်မည်နည်း .. ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင် သေချာပေါက် သူတို့ဂုဏ်သတင်းများရှိနေမည်ပင်။ ရိုးရှင်းသည့် စစ်ဆေးမှုဖြင့်ပင် ဤသည်ကို သိနိုင်သည်သာ။
သူသည် အလေးအမြတ်ကျောင်း၊ ထာဝရကျောင်းမှလာသည့် ထိုလူထူးဆန်းအိုကြီးများ၏ တပည့်သားများသာမဟုတ်ပါက သူ့အကြောင်း သိကြမည်ပင်။
“ရတယ်လေ .. ဘယ်သူငါနဲ့ တိုက်ချင်လဲ .. ဒါမှမဟုတ် မင်းတို့အားလုံး အတူတူပေါင်းတိုက်ချင်တာလား..” ရှီဟောင်အားလုံးကို ကြည့်ပြီး ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်အစစ်ကို အသုံးပြုပြီး အားလုံးနှင့် တိုက်ခိုက်ရန်မှာ ကိစ္စကြီးတစ်ခု မဟုတ်ပေ။
မိုတောင်သည်လည်း သူ့ဘေးတွင်ရပ်ကာ ဤလူများကို ရင်ဆိုင်နေလေသည်။
ကျောက်တုံးမီးဖိုပေါ်ရှိ လေထုမှာ ချက်ချင်းတင်းမာသွားလေသည်။
အခြားသူများအားလုံး နောက်ဆုတ်သွားကြလေသည်။ မည်သူမှ ဤတိုက်ပွဲထဲ ဝင်မပါရဲကြ။ မီးဖိုအဝကို စောင့်ကြည့်မည့်မရှိသော်လည်း မည်သူမှ အလောတကြီး ပြေးဝင်မသွားရဲကြပေ။
ဤအဆင့်လွန်လူငယ်လေးများ အနိုင်အရှုံးမကွဲပြားမှီ မည်သူမှဘာမှလုပ်၍မရသည်ကို သူတို့အားလုံး သိထားသည်ပင်။ မဟုတ်ပါက ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံထားသူများ ပေါင်းတိုက်ခြင်းကို သူတို့ခံရလိမ့်မည်။
မည်သူက ဤကဲ့သို့သော စွမ်းအားမျိုးကို ခုခံနိုင်မည်နည်း.. သူတို့အရိုက်ခံရလိမ့်မည်ပင်။
“ဟက် တာအိုရောင်းရင်းရဲ့ပုံစံကတော့ တကယ်ကို တစ်ခုခုပဲ .. အဆင့်လွန်သက်ရှိတွေ ပေါင်းတိုက်တာကို ခံရတာတောင်မှ ဒီလိုမျိုး လုပ်နိုင်နေသေးတယ် .. တကယ်ကို လေးစားဖို့ကောင်းတာပဲ .. ကျုပ် လုထော်က စမ်းကြည့်ချင်တယ်..” လုထော်ပြောလိုက်သည်။
အားလုံး ထိတ်လန့်သွားရ၏။ ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်း၏ စွမ်းအားအကြီးဆုံး ကျင့်ကြံသူပင်။ သူလှုပ်ရှားတော့မှာလား..
လုထော်သည် ထိုမျှအရပ်မမြင့်ပေ။ သူ့တစ်ကိုယ်လုံး ဖရိုဖရဲစွမ်းအင်များဖုံးလွှမ်းနေပြီး သူ၏အစိမ်းရောင်ဆံပင်များလည်း ဖြန့်ကျနေသည်။ သူ၏အသံမှာ ရွှေရောင်ခေါင်းလောင်း၏အသံကဲ့သို့ပင်။ လူများ မတ်မတ်မရပ်နိုင်တော့သည်အထိ လူများစွာကို တုန်ယင်သွားစေသည်။
ဤစကားများပြောလိုက်ရုံဖြင့်ပင် လူများ၏ သွေးနှင့် ချီစွမ်းအားကို ကြွတက်လာစေသည်ပင်။
“ဒီစစ်ဆေးမှုကို အရင်အောင်အောင်လုပ်..” မိုတောင် ရှီဟောင်ရှေ့တွင် ပိတ်ရပ်ကာ ပြောလိုက်သည်။
အားလုံး မျက်မှောင်ကြုတ်သွားရသည်။ မည်သို့ပင်ဖြစ်စေ အားလုံးမှာ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူများပင်။ သူသည် အစေခံတစ်ယောက်ဖြစ်သော်လည်း မည်သူမှ သူ့အား အထင်မသေးရဲပေ။
ထို့အပြင် မိုတောင်၏ စွမ်းအားအစစ်အမှန်ကို မည်သူမှ မသိသေးပေ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်နှင့် တိုက်ခိုက်စဉ်က သူသည် ထာဝရစွမ်းအင်နှစ်ကြောင်းသာ အသုံးပြုခဲ့ခြင်းပင်။
“ရောင်းရင်း .. မင်း ကျုပ်နဲ့ မတိုက်ချင်ဘူးလား ..” လုထော်သည် မိုတောင်အား ပြန်မပြောပဲ ရှီဟောင်ကိုသာကြည့်၍ ပြောလိုက်သည်။ သူ ရှီဟောင်နှင့် တကယ် တိုက်ခိုက်ချင်မိသည်ပင်။
ရှီဟောင်၏နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားကာ အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။ သူဘာမှမပြောပေ။ မိုတောင်မှာ ဤနေရာတွင် အလယ်တွင်ပင် ရောက်နေလေပြီ။ ချွမ်းဟူသည့်အသံနှင့်အတူ သူ၏ဘယ်လက်တွင် ရွှေရောင်စစ်လှံတံတစ်ခု ပေါ်လာကာ သူ၏ညာဘက်လက်တွင် မြွေနဂါးပုံစံ ဓားသွားတစ်ခု ပေါ်လာလေသည်။
သူ့ဆီမှာ အဖိုးတန်ရတနာတွေ ဘယ်လောက်တောင် ရှိနေတာလဲ..
အားလုံး တိတ်ဆိတ်သွားကြသည်။ မိုတောင်၏ ဆုံးဖြတ်ချက်ကို သူတို့အားလုံး မြင်လိုက်ရလေပြီ။ သူ၏ထာဝရစွမ်းအင်သုံးကြောင်း ထွက်ပေါ်လာပြီး သူ၏ဦးခေါင်းထက်တွင်လည်း တာအိုပန်းပွင့် သုံးပွင့် ပေါ်လာလေသည်။ ဤကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူမှာ သူ၏ခွန်အားကို ပြသနေလေပြီ။
ရှီဟောင်၏မျက်ဝန်းထဲတွင် ထူးဆန်းသည့်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူ့အမြင်တွင် မိုတောင်မှာ ထိန်းချုပ်ရန် ခက်ခဲသည့်သူပင်။
“ကောင်းပြီလေ .. အဲဒီလိုဆိုတော့လည်း တစ်ဖက်ကလောကရဲ့နည်းလမ်းတွေကို အရင်ဆုံး မြည်းစမ်းကြည့်ရတာပေါ့ .. ငါတို့လောကက ပညာတွေနဲ့ ဘယ်နေရာတွေမှာ မတူဘူးလဲဆိုတာ ကြည့်ကြတာပေ့ါ .. ဒါက လာမယ့်စစ်ပွဲအတွက် ပြင်ဆင်တာလို့ ပြောလို့ရပါတယ်..” လုထော် ခေါင်းညိမ့်၍ ပြောလိုက်သည်။
ဖုန်း..
လုထော်သည် ခေါင်းညိမ့်ပြီး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်သည်။ ဖရိုဖရဲစွမ်းအင်များ လွှမ်းခြုံထားသည့် သစ်ပင်တစ်ပင် သူ့ဦးခေါင်းထက်တွင် ပေါ်လာလေသည်။ ဤသည်မှာ ထာဝရစွမ်းအင်ဖြင့် ဖန်တီးထားသည့် သစ်ပင်တစ်ပင်ပင်။
ထိုသစ်ပင်ရှေ့တွင် လေဟာနယ်ပင်လျှင် ပန်းချီတစ်ရွက်ကဲ့သို့ စုတ်ပြဲသွားလေသည်။ လုထော်သည် ထာဝရအလင်းများထုတ်လွှတ်ကာ မိုတောင်အား တိုက်ခိုက်လာသည်။
ဤသည်မှာ ထာဝရစွမ်းအင်ခြောက်ခု တိုက်ခိုက်နေကြခြင်းပင်။
“အထင်ကြီးစရာကောင်းလိုက်တာ .. လုထော်က တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ .. သူ့ရဲ့ ထာဝရစွမ်းအင်က တာအိုပန်းပွင့်သုံးပွင့်တောင် လုပ်နိုင်နေပြီ” အားလုံး အံ့အားတကြီး သက်ပြင်းချလိုက်ကြသည်။
ယောင်ယွဲ့၊ ရွှမ်ခွန်နှင့် အခြားသူများ၏အမူအရာပင် ပြောင်းလဲသွားကြသည်။
သူတို့နှစ်ဦးသည် နဂါးအစစ်နှင့် မီးတောက်ဖီးနှစ်များ တိုက်ခိုက်ကြသကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။ ထိုအချိန်တွင် မူလစွမ်းအင်များထွက်ပေါ်လာကာ ကျောက်တုံးမီးဖိုအဝတွင် ပြည့်နှက်သွားလေသည်။
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုမှာ ကျင့်ကြံသူအားလုံးကို စိတ်ထဲမှ တုန်လှုပ်သွားစေသည်ပင်။ ဤသည်မှာ လောကကြီးပွင့်လာသည့်အချိန်၌ အဆင့်လွန်နတ်ဘုရားများ တိုက်ခိုက်နေသကဲ့သို့ပင်။
“ကျုပ် ခင်ဗျားနဲ့ ပညာဖလှယ်ချင်တယ်” ရွှမ်ခွန်ပြောလိုက်သည်။
ရှီဟောင် သူ့ကိုကြည့်ပြီးနောက် အခြားတစ်ဖက်ကို ကြည့်လိုက်သည်။ သူသည် ဤလူများနှင့် ထာဝရစစ်မြေပြင်တွင် တစ်ခါတိုက်ဖူးပြီးသားပင်။ သို့သော် ထိုအချိန်တုန်းက သူက အခြားမျက်နှာတစ်ခုနှင့် ဖြစ်နေသည်ပင်။
“တာအိုရောင်းရင်း ကျွန်မ စမ်းကြည့်ရင်ရော ..” ဝမ်ရှီးပြောလိုက်သည်။ သူမသည် အလွန်ပင် သန့်ရှင်းကြည်လင်နေပြီး သူမ၏ အနက်ရောင်ဆံနွယ်များမှာ လေနှင့်အတူ မျောလွင့်နေသည်။ သူမ၏ မျက်ဝန်းများမှလည်း အလင်းတန်းများ တောက်ပနေလေ၏။
အားလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။ ဘာဖြစ်နေသည်ကို အားလုံးသိကြသည်ပင်။
ထာဝရစစ်နြေပြင်မှ ပြန်ရောက်လာပြီးသည့်နောက်တွင် ဝမ်မိသားစုမှ လူများမှာ အလွန်မောက်မာခဲ့ကြသည်။ သူတို့သည် ရှီဟောင်အား ရင်းရင်းနှီးနှီးမဆက်ဆံတော့ပေ။ သူတို့သည် ရှီဟောင်အား စိန်ခေါင်းပတ် တပ်ဆင်ပေးခဲ့သော်လည်း နောက်ဆုံးတွင်တော့ သူ၏တန်ပြန်တိုက်ခိုက်ခြင်းကိုသာ ခံခဲ့ရသည်။
ထိုတိုက်ခိုက်မှုတွင် ဝမ်မိသားစု အရှက်ရသွားသည်ဟု ပြော၍ရသည်။ ဝမ်ရှီးပင်လျှင် သူနှင့် ကောလဟာလများ ထွက်လာသေးသည်ပင်။
ယခု သူမ ဤလူငယ်နှင့် တိုက်ခိုက်ချက်သည်ဟု ပြောလာသည့်အချိန်တွင် အားလုံး၏ အတွေးများ ပြောင်းလဲသွားရသည်။
“ရှင်က တကယ်ပဲ ဘယ်သူလဲ..” ဝမ်ရှီး၏ နီရဲနေသည့် နှုတ်ခမ်းပါးများ တောက်ပလာသည်။ သူမအရှေ့မှ လူငယ်လေးကိုကြည့်ကာ မကျေမနပ်ဖြစ်လာသည်။
“မင်းကငါ့ကို တာအိုရောင်းရင်းအဖြစ် သတ်မှတ်ထားတာမလား .. ဒါပေမဲ့ မင်းမိသားစုက လူတွေကတော့ အဲဒီလိုမျိုး တွေးထားတာမဟုတ်ဘူး” ရှီဟောင်ပြောလိုက်၏။
“ရှင် ဘယ်ကလာတာလဲလို့မေးတာ … ရှင်က ဘယ်သူလဲ..” ဝမ်ရှီး သူ့အားကြည့်၍ မေးလိုက်သည်။
“အဲဒါက အရေးကြီးလို့လား” ရှီဟောင်မေးလိုက်သည်။
“ဒါပေါ့ အရေးကြီးတာပေါ့ .. ကျွန်မကလန်သားတွေ အရှက်ကွဲအောင် ရှင်လုပ်ခဲ့တယ်လေ” ဝမ်ရှီးပြောလိုက်သည်။
“သူတို့င့ါကို အရင်ဆုံး အရှက်ခွဲတာကို ဘာလို့ထည့်မပြောတာလဲ .. မင်းကဒီလိုမျိုးဆုံးဖြတ်မှတော့ ငါလည်း ပြောစရာမရှိတော့ပါဘူး .. လာတိုက်ခိုက်လိုက် အဲဒါဆို အားလုံးရှင်းသွားလိမ့်မယ်..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်၏။
“အဲဒီလိုလား .. ရှင်က တော်တော်လေးကို ယုံကြည်ချက်ရှိနေတာပဲ .. ရှင့်ယုံကြည်ချက်တွေ ဘယ်ကရောက်လာတာလဲဆိုတာ ကြည့်ကြသေးတာပေ့ါ” ဝမ်ရှီးပြောလိုက်သည်။ သူမသည် အခါတိုင်းကဲ့သို့ တည်ငြိမ်တိတ်ဆိတ်သည့်ခံစားချက်မျိုးမဟုတ်ပဲ ခံစားချက်တစ်မျိုး ခံစားနေရသည်ပင်။
“ငါမင်းကို ဘယ်တုန်းကမှ မဆန့်ကျင်ဖူးဘူးလို့ ငါထင်တယ် .. ထာဝရစစ်မြေပြင်မှာ မင်းဒဏ်ရာရတုန်းကတောင် ငါမင်းကို ကာကွယ်ပေးခဲ့တယ် .. မင်းဒီမှာ သူသေကိုယ်သေ တိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလား..” ရှီဟောင် အေးစက်စွာ မေးလိုက်သည်။
“ရှင်က လျှို့ဝှက်ချက်တွေနဲ့ ကျွန်မနားမှာပုန်းနေပြီးတော့ ကျွန်မကို အရှက်ခွဲခဲ့တယ်..” ဝမ်ရှီး အေးစက်စွာ ပြောပြီး အရှေ့တိုးလာလေ၏။ သူမအမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေသည်ပင်။
ထိုစကားကိုကြားသည်နှင့် ရှီဟောင်သည် ချက်ချင်းပင် ရယ်မောလိုက်ကာ “အဲဒါက အတူတူကျင့်ကြံတာပဲမဟုတ်ဘူးလား .. ဘာတွေများ အကြီးအကျယ်လုပ်နေတာလဲ .. ပြီးတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မင်းရှင်းပြီးပြီလေ .. ဘာတွေကို စိုးရီမ်နေသေးတာလဲ..”
“ရှင် .. လာခဲ့ .. တိုက်မယ်” ဝမ်ရှီးဒေါသထွက်သွားရသည်။ သူမ ရှီဟောင်ထံသို့ တရှိန်ထိုးပြေးသွားသည့်အချိန်တွင် ကောင်းကင်ထက်မှ ငွေရောင်ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ကျရောက်လာလေသည်။
သူမမိသားစုမှ သူမအတွက် စေ့စပ်ပွဲတစ်ခု စီစဉ်ထားပေးမှန်း သူမသိသည်ပင်။ မကြာမီတွင် သူမ အလေးအမြတ်ကျောင်းမှ ထူးချွန်သည့်သူနှင့် လက်ထပ်ရတော့မည်။ ထိုအချိန်ကျလျှင် မည်သည့်အရိပ်မည်းကြီးမှ သူမမရှိချင်။
“ငါ ဖမ်းတာမခံရအောင် သတိထား .. မဟုတ်ရင် ပိုပြီးတော့ ပြဿနာကြီးသွားလိမ့်မယ်” ရှီဟောင်ပြောလိုက်သည်။း .. မဟုတ်ရင် ပိုပြီးတော့ ပြဿနာကြီးသွားလိမ့်မယ်” ရှီဟောင်ပြောလိုက်သည်။
ရွှီး..
ဝမ်ရှီးလက်များကို မြှောက်လိုက်သည်နှင့် ကောင်းကင်ကြီးတစ်ခုလုံး ပန်းပွင့်ဖတ်များ ပြည့်သွားသည်။ ထိုပွင့်ဖတ်များတွင် ဖရိုဖရဲစွမ်းအင်များ ဝေ့ဝိုက်နေပြီး အဖိုးတန်ပစ္စည်းများထက်ပင် စွမ်းအားကြီးသည်ပင်။ ထိုကြာပွင့်ဖတ်များသည် ဓားသွားတစ်စင်းကဲ့သို့ ရှီဟောင်ထံသို့ ဦးတည်သွားကြလေသည်။
ရှီဟောင်လက်ညှိုးထိုးလိုက်သည်နှင့် အစိမ်းရောင်ဓားသွားများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ မိုးမခသစ်ရွက်များပင်။ ဤသစ်ရွက်များသည် ကျောက်စိမ်းမှ ထွင်းထုထားသကဲ့သို့ တောက်ပစိမ်းစိုနေလေသည်။ ထိုသစ်ရွက်များသည် လေဟာနယ်ကို ထိုးဖောက်ကာ ပန်းပွင့်ဖတ်များ ရင်ဆိုင်လိုက်လေ၏။
“ပန်းပွင့်တွေမှာ အစိမ်းရောင်သစ်ရွက်တွေရှိသင့်တာပေါ့” ရှီဟောင် ရယ်မော၍ သူမအား စနောက်နေလေသည်။
အစိမ်းရောင်သစ်ရွက်များနှင့် ပွင့်ဖတ်များ ထိတွေ့သွားသည့်အချိန်တွင် ဤနေရာတစ်ခုလုံး တုန်ခါလာလေ၏။ ကျောက်မီးဖိုတစ်ခုလုံးသည် ထာဝရစွမ်းအင်များ ထွက်ပေါ်လာသည်အထိ တုန်ခါလာလေ၏။
ရွှီး..
ဝမ်ရှီး၏လက်ထဲတွင် အနက်ရောင်ထာဝရဓားတစ်လက် ပေါ်လာသည်။ ဤသည်မှာ မည်းနက်နေသည့်ဓားဖြစ်သော်လည်း ယခုအချိန်တွင် ရောင်စုံအလင်းများထုတ်လွှတ်ကာ အလွန်လှပနေလေသည်။
အားလုံး အသက်ရှူသံများ ရပ်တန့်သွားရသည်။ ဤသည်မှာ လျှို့ဝှက်ရတနာတစ်ခုပင်။
ဝမ်မိသားစုသည် ပြိုင်ဘက်ကင်းသည့် မှေော်ပစ္စည်းတစ်ခုကို ပြုလုပ်ရန်အတွက် ထာဝရရွှေများကို စုဆောင်းနေသည်ဟူသည့် ကောလဟာလများရှိခဲ့သည်ပင်။ သက်ရှည်မိသားစုဖြစ်သောကြောင့် အချိန်များစွာ ကုန်ဆုံးပြီးသည့်နောက်တွင် သူတို့လိုချင်သည့် ပမာဏရသွားလေပြီ။ ထိုပစ္စည်းများကိုလည်း ကလန်မှ အရေးအကြီးဆုံးလူများကိုသာ ပေးခြင်းပင်။
ဝမ်ရှီးမှာ ထိုလူများထဲမှ တစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်ပင်။ သူမ၏ဓားထဲတွင် ထာဝရရွှေအချို့ ပါနေသည်ပင်။ မဟုတ်ပါက ဘယ်လိုလုပ် ဤမျှစွမ်းအားကြီးမည်နည်း..
“အမှောင်ထု ထာဝရရွှေ..” ရှီဟောင်၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။ ဤဓားသည် သာမန်မဟုတ်မှန်း သူချက်ချင်းသိသွားသည်ပင်။
သို့သော်လည်း သူသိပ်မဂရုမစိုက်ပေ။ ဖြစ်နိုင်လျှင် သူသည် ထာဝရဓားကိုထုတ်ကာ ဤဓားမှ ထာဝရရွှေများကို စုတ်ယူလိုက်ချင်သေးသည်။
ဝုန်း..
ရှီဟောင် အရင်ဆုံး လှုပ်ရှားလိုက်သည်။ သူလက်မြှောက်လိုက်သည်နှင့် လေဟာနယ်ထဲတွင် မြေကြီးရောင် လက်ကြီးတစ်ဖက် ပေါ်လာလေသည်။ ဤသည်မှာ နတ်စွမ်းရည်တစ်ခုအား အသုံးပြုလိုက်ခြင်းပင်။
ရှီဟောင်သည် ဒွိဟဖြစ်မနေပေ။ ထိုလက်ကြီးသည် ဝမ်ရှီးထံသို့ အုပ်မိုးကျလာလေ၏။ သူသည် ဝမ်ရှီး၏လှပလှသည့် ခန္ဓာကိုယ်အား ဖမ်းလိုခြင်းပင်။