သုခကမ္ဘာက ရှီဟောင် - Chapter - 1362 ရှုပ်ထွေးမှု ရှင်းလင်းခြင်းပညာ
“.. ဖြတ်မယ် ..”
သူမ ထိုဓားကို လွှဲရမ်းလိုက်သည်နှင့် အလင်းများစွာ ထွက်ပေါ်လာသည်။ ဓားရိုးသည် လေဟာနယ်ကို ဖြတ်ကာ ထိုလက်ကြီးကို ထိုးလိုက်လေ၏။
ထိုမြေကြီးရောင် လက်ကြီးမှာ ရှောင်ဖယ်သွားခြင်းမရှိပဲ ဆက်လက်ဆင်းလာနေဆဲပင်။ သို့သော်လည်း ပြောင်းလဲမှုများရှိလာသည်ပင်။ လျှပ်စီးများထွက်ပေါ်လာခြင်းပင်။
ဤလက်ကြီးသည် မူလက အလင်းနှင့်မြူဖြင့် ဖန်တီးထားခြင်းဖြစ်သော်လည်း ယခုအချိန်တွင် လျှပ်စီးများ ရောယှက်နေသည်။ ထာဝရရွှေပါဝင်သည့် ဓားရိုးကိုလည်း ကြောက်ရွံ့ခြင်းမရှိပဲ အလင်းများ ထုတ်လွှတ်နေဆဲပင်။
ဝုန်း..
လျှပ်စီးများကျရောက်လာပြီး ကျောက်တုံးမီးဖိုတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားအောင် ပြုလုပ်လိုက်လေသည်။
ဝမ်ရှီး အမူအရာ ပြောင်းလဲသွားရသည်။ သူမသည် အဖိုးတန်ပညာများကို အသုံးပြုကာ သူမကိုယ်သူ လေဟာနယ်နှင့်ရောနှောသွားအောင် ပြုလုပ်လိုက်ပြီး လျှပ်စီးသူမအား မထိအောင် တတ်နိုင်သမျှ ကာကွယ်လိုက်သည်။
ထိုလျှပ်စီးထဲတွင် ကြယ်များတစ်လုံးပြီးတစ်လုံး ပေါ်လာလေသည်။ ဤကြယ်များမှာ လျှပ်စီးအလင်းလုံးများပင်။ ထိုကြယ်များ တဖျစ်ဖျစ်အသံများ မြည်နေပြီး ထိတ်လန့်စရာကောင်းလွန်းလှသည်ပင်။
ခပ်ဝေးဝေးတွင်ရှိနေသည့်သူများ ထိတ်လန့်သွားရသည်။ ထိုလက်ဝါးကြီးသည် ကောင်းကင်ကြီးကို အုပ်မိုးထားပြီး လက်ဝါးနှင့် လက်ချောင်းများတွင် ကြယ်စမ်းချောင်းများ ရှိနေသည်ပင်။
“ဒါက ..” မင်းသမီးယောင်ယွဲ့ပင် ထိတ်လန့်သွားရသည်။ လျှပ်စီးများကို ဤအဆင့်ထိရောက်အောင် လုပ်နိုင်ဖို့ဆိုသည်မှာ အဆင့်လွန်ပညာများကို အမြင့်ဆုံးအဆင့်ထိရောက်အောင် အသုံးပြုထားသည်နှင့်အတူတူပင်။
“ကောင်းကင်ပြိုကွဲစေတဲ့ပုံစံ..” ဝမ်ရှီးအော်ဟစ်လိုက်သည်။ သူမသည် ယခင်က တည်ငြိမ်သည့်သူဖြစ်သော်လည်း ယခုအချိန်တွင် သူရဲကောင်း အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ သူမလက်ထဲရှိ အမှောင်ထု ထာဝရဓားကို လွှဲရမ်းလိုက်ကာ ကောင်းကင်ထက်ရှိ ထိုကြယ်စမ်းချောင်းနှင့် လျှပ်စီးများကို ရင်ဆိုင်လိုက်သည်။
ခွပ်..
လျှပ်စီးအလင်းတန်းများသည် ထောင်ပေါင်းများစွာသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ထိုလက်ကြီး အက်ကွဲသွားသော်လည်း လျှပ်စီးအလင်းလုံးများမှာ မီးတောင်ကြီးကဲ့သို့ ကြီးမားလှသည်ပင်။
လျှပ်စီးများအလယ်တွင်ရှိနေသည့် ဝတ်စုံဖြူနှင့် အမျိုးသမီးသည် လျှပ်စီးများကြား၌ ပိတ်မိနေလေ၏။ လျှပ်စီးများပေါက်ကွဲနေသော်လည်း သူမ၏ဓားမှာ ထူးဆန်းသည့် မှော်စွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်ထားသည်ပင်။ ဘေးပတ်လည်မှ လျှပ်စီးများကို ဆက်တိုက်ပင် ရှင်းလင်းပစ်နေလေသည်။
ဒုန်း..
အမှောင်ထုထာဝရဓားသည် ရုတ်တရက်ပင် ပြင်းထန်စွာ တုန်ခါလာပြီး ထူးဆန်းသည့်လျှပ်စစ်တန်းတစ်ခုသည် ဓားရိုးမှတစ်ဆင့် ဝမ်ရှီးကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။
ဓားသွားသည်လျှပ်စီးများကို ဆက်တိုက်ဖယ်ရှားပေးနေသော်လည်း သူမသတိလက်လွတ်ဖြစ်သွားသည့်အချိန် ရှိမည်ပင်။ ထို့ကြောင့် ရှီဟောင်သည် အနည်းငယ် ပိုကြောက်စရာကောင်းသည့် လျှပ်စီးတန်းအချို့ကိုပစ်လွှတ်လိုက်ခြင်းပင်။
ဝမ်ရှီးသည် ချက်ချင်း နောက်ဆုတ်သွားကာ ခန္ဓာကိုယ် အနည်းငယ်ယိမ်းယိုင်သွားသော်လည်း ဒဏ်ရာမပြင်းထန်ပေ။
“ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ..”
ဝမ်ရှီး၏မျက်ဝန်းထဲတွင် ဒေါသတရားများ ရှိလာသည်။ သူမသည် ယခင်ကနှင့်လုံးဝမတူတော့ပဲ ယခုအချိန်တွင် ဘုရင်မတစ်ယောက်ကဲ့သို့ ဖြစ်နေလေပြီ။ ဤပြောင်းလဲမှုမှာ အားလုံးအား ထိတ်လန့်သွားစေသည်ပင်။ သူမသည် သန့်စင်ကာ မြင့်မြတ်သည့်ပုံစံမှ သူရဲကောင်းပုံစံသို့ ပြောင်းလဲခဲ့သည်။ ထို့နောက် လွှမ်းမိုးကာ အင်အားကြီးသည့် ဘုရင်တစ်ပါးပုံစံသို့ ပြောင်းလဲသွားပြန်လေသည်။ ပြောင်းလဲမှုများမှာ ကြီးမားလွန်းလှသည်ပင်။
‘ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ’ ဟူသည့်စကားလုံးသည် အားလုံး၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားကာ အချို့သူများ၏ အမူအရာများပြောင်းလဲသွားလေသည်။ ဝမ်ရှီးက ကလန်ကာကွယ်တဲ့ အဖိုးတန်ပညာကိုတောင် ကျင့်ကြံထားတာလား..
ဤကဲ့သို့သော နတ်စွမ်းရည်မှာ သာမန်နတ်စွမ်းရည်များနှင့် အတူပေ။ ဤသည်မှာ ချက်ချင်းကျင့်ကြံ၍ရနိုင်သည့်ပညာမဟုတ်။ လိုအပ်ချက်များမှာ မြင့်မားလှသောကြောင့် မျိုးဆက်များ မကျင့်ကြံနိုင်ခဲ့ပေ။
အထူးသဖြင့် ယခုခေတ်တွင်ဆိုလျှင် ဤပညာကိုကျင့်ကြံရန် မေ့ထားနိုင်သည်။ ကျင့်ကြံရန် အခွင့်အရေးပင် ရှိမည်မဟုတ်သောကြောင့်ပင်။
ဝမ်မိသားစု၏ မျိုးဆက် ၁၃ ဆက် ကျရှုံးခဲ့သည်ဟု ပြောကြသည်ပင်။ ဤသည်မှာ လူ ၁၃ ယောက်မဟုတ်ပဲ မျိုးဆက် ၁၃ ဆက်ပင်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤပညာ မည်မျှခက်ခဲသည်ကို သိနိုင်သည်ပင်။
ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ ဤလောကတွင် နောက်တစ်ကြိမ် ပြန်ပေါ်လာလေပြီ။ ထိုဓားနက်လှုပ်ရှားလာသည်နှင့် ဓားအလင်းတန်းများ ထွက်ပေါ်လာကာ ထိုဓားအလင်းတန်းများသည် လူသားပုံစံ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာလေ၏။
ဤကဲ့သို့သော မြင်ကွင်းမှာ လန့်စရာကောင်းလှသည်ပင်။ နေရာတိုင်းတွင်ရှိနေသည့် သားရဲများ အော်ဟစ်နေကြကာ နတ်ငှက်များသည်လည်း အတောင်ပံများကို ဖြန့်ကျက်နေကြလေ၏။
ထိုလူသားပုံစံသက်ရှိကြီးသည် ကောင်းကင်နှင့်မြေကြီးကို တည်ငြိမ်စေကာ သူ၏လက်ထဲတွင်ရှိနေသည့်ဓားဖြင့် သားရဲများကို ဖျက်ဆီးလိုက်ကာ နတ်ငှက်များကိုလည်း ရှင်းလင်းပစ်လိုက်လေသည်။ သူ၏စွမ်းအားမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင်။
အမှန်တကယ်တွင် ထိုနတ်ပညာ၏စွမ်းအားများသည် ကိုယ့်ကိုကိုယ် ပြန်တိုက်နေခြင်းမဟုတ်။ လူသားပုံစံပုံရိပ်ကြီးဖြစ်စေ၊ နတ်ငှက်များနှင့်သားရဲများဖြစ်စေ အားလုံးမှာ ရှီဟောင်ထံသို့ ဦးတည်နေခြင်းပင်။
ဒုန်း..
ရှီဟောင်သည် ခွန်ပန်ပညာ၏အဓိပ္ပာယ်အစစ်ကို ပြသလိုက်သည်။ သူ၏ဘယ်လက်သည် လက်ချောင်းများထိ ရွှေရောင် တောက်ပနေပြီး ညာလက်မှာ မင်ကဲ့သို့ မည်းနက်နေလေ၏။
ခွန်ပန်၏အဓိပ္ပာယ်အစစ်တွင် ယင်ယန်ပြောင်းလဲခြင်းတာအို ပါဝင်သည်ပင်။ ဤသည်မှာ ဤလောကကြီး၏ အရိုးရှင်းဆုံးနှင့် ပျက်စီးသွားခြင်းမရှိသည့် သဘာဝဥပဒေသပင်။ အရာအားလုံးတွင် ယင်နှင့်ယန်ရှိပြီး ချိတ်ဆက်နေသည်ပင်။
ရှီဟောင်၏ ညာလက်သီးကို လွှဲရမ်းလိုက်သည်နှင့် ကောင်းကင်ထက်တွင် အနက်ရောင်ပင်လယ်ကြီး ထွက်ပေါ်လာကာ ယင်စွမ်းအားများလည်း လေထဲဝင် ပျံ့လွင့်လာသည်။ လီပေါင်းမည်မျှရှည်လျားမှန်း မသိနိုင်သည့် ကြီးမားလှသည့် ခွန်ငါးတစ်ကောင် ထိုပင်လယ်ထဲ၌ ပေါ်လာလေသည်။
သူ၏ဘယ်လက်ရွှေရောင်လက်သီးကို လွှဲရမ်းလိုက်သည်နှင့် ခွန်ငါးသည် ပင်လယ်ထဲမှ ထွက်လာကာ ရွှေရာင်ပန်အဖြစ်သို့ ပြောင်းလဲသွားပြီး ယန်စွမ်းအင်များ ထုတ်လွှတ်လာသည်။
ခွန်မှပန်ပြောင်းလဲခြင်းမှာ ယင်ယန်ပြောင်းလဲခြင်းပင်။ ဤသည်မှာ လောကကြီး၏ အခြေခံအကျဆုံးနှင့် ကြောက်စရာအကောင်းဆုံး စွမ်းအင်များ ပါဝင်သည်ပင်။
ရှီဟောင်၏လက်မှ တံဆိပ်တစ်ခုဖြစ်ပေါ်လာကာ အနက်ရောင်နှင့် ရွှေရောင်အလင်းများ ထုတ်လွှတ်လာလေ၏။ ယင်နှင့်ယန်စွမ်းအင်များမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တိုက်စားသွားကာ ကောင်းကင်ကြီးကိုပင် ပြိုကျအောင် လုပ်လိုက်လေသည်။
ဖုန်း…
ဤစွမ်းအားလှိုင်းမှာ ပြင်းထန်လွန်းလှကာ ဝမ်ရှီးကိုပင် နောက်ဆုတ်သွားစေသည်။ သူမသည် ရှုပ်ထွေးမှုဖြေရှင်းခြင်းပညာကို အသုံးပြုထားသော်လည်း အသာစီးမရခဲ့ပေ။
ယခင်ကဆိုလျှင် ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာထွက်ပေါ်လာသည်နှင့် ရန်သာအားလုံး ဖိနှိပ်ခံရမည်ပင်။ ဤပညာကို တားဆီးနိုင်သည့် အဖိုးတန်ပညာသိပ်မရှိပေ။
“ခွန်ပန်ပညာပဲ..”
“သူက..” အားလုံး ထိတ်လန့်သွားရသည်။ ဤကဲ့သို့သော ပြိုင်ဘက်ကင်းသည့်ပညာမျိုးကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ ထို့အပြင် ဤအဆင့်ထိရောက်အောင်ပင် အဆင့်မြင့်သွားလေပြီ။
ဒုန်း..
ရှီဟောင် လက်သီးကို ဝေ့ရမ်းကာ အမှောင်ထုထာဝရဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
“အမ်..”
ဝမ်ရှီး ထိတ်လန့်သွားရ၏။ ထာဝရရွှေပါဝင်သည့်ဓားရိုးသည် ရှီဟောင်အား ဒဏ်ရာရအောင် မလုပ်နိုင်ပေ။ ရှီဟောင်၏လက်များတွင် ယင်နှင့်ယန် ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်နေလေသည်။ မရြှိခင်းမှ အစစ်အမှန်သို့ ပြောင်းလဲသွားပြီးနောက် အစစ်အမှန်မှ မရြှိခင်းသို့ ပြန်လည်ပြောင်းလဲနေသည်။ လက်နက်များမှာ သူ့အားဒဏ်ရာရအောင် မလုပ်နိုင်ပေ။
“ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ..”
ဝမ်ရှီးနောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။ ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး လူသားပုံစံပုံရိပ်နှင့်အတူ ကောင်းကင်ကြီးကို လွှမ်းခြုံသွားနိုင်သည့် စွမ်းအားများ ထွက်ပေါ်လာလေ၏။
ဤကဲ့သို့သော ပြောင်းလဲမှုမှာ ရှီဟောင်ကိုပင် ထိတ်လန့်သွားစေသည်ပင်။ ဤသည်မှာ ထာဝရတာအိုဟုခေါ်သည့် ခွန်အားပင်။ ထာဝရစွမ်းအင်များမှာ အဆက်မပြတ်ပင် ထွက်ပေါ်လာလေသည်။
ရှီဟောင်သည် လေထဲတွင် ခွန်ပန်တံဆိပ်ကို ပြုလုပ်လိုက်ပြီး အောက်ဘက်သို့ ဆက်တိုက်ရိုက်ချလိုက်သည်။ သူတို့နှစ်ဦးကြားတွင် ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပေါ်လာလေပြီ။
ခဏကြာပြီးသည့်နောက်တွင် သူတို့သည် လျှပ်စီးအလင်းတန်းနှစ်ခုကဲ့သို့ တကူတကွပြေးလာကြကာ တိုက်ခိုက်ကြသည်။ သူတို့သည် ကောင်းကင်နှင့် မြေကြီးမှနေ၍ တိုက်ခိုက်ပြီးနောက် သူတို့ ကျောက်တုံးမီးဖိုပေါ်သို့ ပြန်ရောက်လာကြသည်။
ဖုန်း..
“ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ .. ရှေးခေတ်ကတည်းက စွမ်းအားအကြီးဆုံး ဓားပညာတစ်ခု ဖြစ်ထိုက်တယ် .. သူက ဒီပညာကို ပြင်ထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. ထာဝရစစ်မြေပြင်မှာ ငါတို့နဲ့ တိုက်တုန်းကတောင်မှ သူဒီပညာကို မသုံးခဲ့ဘူး .. ကောင်းကောင်းဖုံးကွယ်ထားတာပဲ..” မင်းသမီးယောင်ယွဲ့ ပြောလိုက်သည်။
“အဲဒီတုန်းက သူကျင့်ကြံတာ မအောင်မြင်သေးလို့ ဖြစ်နိုင်တယ် .. အခုတလောမှ အောင်မြင်သွားတာ .. အဲဒါကြောင့်မို့လို့ သူဒီမှာ သူသေကိုယ်သေ တိုက်ချင်နေတာ..” ရွှမ်ခွန်ပြောလိုက်သည်။
“ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာက တကယ်ကို တစ်ခုခုပဲ .. ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စွမ်းအားကို စုတ်ယူပြီးတော့ အဖိုးတန်ပညာတွေကနေ ဖြစ်လာတဲ့ ကောင်းကင်ပညာပဲ..” သရဖူ ၁၀ ခုဘုရင် သက်ပြင်းချ၍ ပြောလိုက်သည်။
အပြင်ဘက်လောကတွင်လည်း ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာရှိသည်ပင်။ သို့သော်လည်း ဝမ်မိသားစုမှပညာနှင့် နည်းနည်းမျှပင် မဆိုင်ပေ။ ဤသည်မှာ ပြိုင်ဘက်ကင်းကာ နက်နဲလှသည့်ပညာတစ်ခုပင်။ အပြင်ဘက်တွင်ရှိနေသည့်ပညာများမှာ ပျက်စီးနေသည့်အပိုင်းအစများပင်။
တစ်ချိန်တည်းမှာပင် အားလုံး ရှီဟောင်အား ကြည့်လာကြသည်။ ဤကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင် ခွန်ပန်ပညာသိသည့်သူမှာ ထိုလေးယောက်ထက် မပိုတော့ပေ။
“သူများလား..” သရဖူ ၁၀ ခုဘုရင်၏မျက်ဝန်းများ တောက်ပလာသည်။
“သူက ယွမ်ချင်းဖမ်းခံရပြီးတော့ မူလရှေးဟောင်းမိုင်းတွင်းကို အပို့ခံရပြီးတော့ အဲဒီမှာပဲ သေသွားပြီမဟုတ်ဘူးလား..” မင်းသမီးယောင်ယွဲ့၏မျက်ဝန်းများလည်း တောက်ပသွားသည်ပင်။
ယခုအချိန်တွင် လူများစွာမှာ အဆင့်နိမ့်နယ်မြေမှ လူငယ်လေးကို တွေးမိသွားကြသည်ပင်။ သူတကယ်မသေသေးတာလား..
အားလုံးမှာ ခဏနေလျှင် အတည်ပြုပြီးသားဖြစ်တော့မည်ပင်။
ချင်းရီမှာ စိတ်တည်ငြိမ်အောင် လုပ်နိုင်ရန် ခက်ခဲနေသည်။ အဲဒီလူ တကယ်မသေသေးတာလား..
ထိုနှစ်ဦးမှာမူ ပြင်းထန်စွာပင် တိုက်ခိုက်နေကြလေသည်။ ရှီဟောင်သည် လက်သီးတံဆိပ်များကို ပြုလုပ်နေပြီး ကောင်းကင်ဘုံကိုးခုကို ပေါက်ကွဲစေကာ မြေအောက်လောကကိုးခုကို တုန်ခါသွားစေသည်ပင်။ အချို့အချိန်များတွင် ယန်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး အချို့အချိန်များတွင် ယင်၏အနက်ရောင်မျြူများ ထွက်ပေါ်လာလေသည်။ သူသည် နတ်ဘုရားတစ်ပါးနှင့်တူသကဲ့သို့ နတ်ဆိုးတစ်ပါးနှင့်လည်း တူနေသည်ပင်။
ရှီဟောင် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာမှာ တကယ်ကို အံ့အားသင့်စရာကောင်းလှသည်။
သူ၏လက်ရှိခွန်ပန်ပညာမှာ ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်ပြီး ရှေးဟောင်းစာများထဲတွင် မှတ်တမ်းတင်ထာသည့်အဆင့်သို့ ရောက်နေပြီကိုသူသိသည်။
သူတို့နှစ်ဦးသည် အဖိုးတန်ပညာများအသုံးပြုနေသော်လည်း ကောင်းကင်ပညာချင်းတိုက်ခိုက်သည်နှင့် ညီနေလေပြီ။
ဝမ်ရှီးသည် ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာကို အဆက်မပြတ်အသုံးပြုပြီးနောက် အခြား ရှေးဟောင်းကောင်းကင်ပညာတစ်ခုကို အသုံးပြုလာလေသည်။ တောက်ပသည့်အလင်းများမှာ ရှီဟောင်ရှိနေသည့်နေရာတစ်ဝိုက်ကို ဖုံးလွှမ်းသွားလေသည်။
“တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်း..”
ရှီဟောင် အော်ဟစ်လိုက်၏။ သူ၏လက်များမှာ တံဆိပ်များ ဆက်တိုက်ဖြစ်ပေါ်နေပြီး သူသိထားသည့် ကောင်းကင်ပညာကို ဆက်တိုက်ပင် အသက်သွင်းနေလေသည်။ ဤသည်မှာ ဤနေရာတွင်ရှိနေသည့်သူများကို ချက်ချင်းဆွံ့အသွားစေသည်ပင်။
“အဆင့်လွန်ခန်းမရဲ့ ပြိုင်ဘက်ကင်းကောင်းကင်ပညာက သူ့ခန္ဓာကိုယ်မှာ ပေါ်လာတယ်..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
တိုက်ခိုက်နေသည့် ဝမ်ရှီးဖြစ်စေ အဝေးတွင်ရပ်နေသည့် မင်းသမီးယောင်ယွဲ့၊ ရွှမ်ခွန်နှင့်အခြားသူများဖြစ်စေ အားလုံး ထိတ်လန့်သွားကာ အမူအရာများ ပြောင်းလဲသွားသည်ပင်။
မိုတောင်နှင့် တိုက်ခိုက်နေသည့် လုထော်ပင်လျှင် အတော်လေး တုန်လှုပ်သွားရသည်။
ကောင်းကင်ပညာများ တိုက်ခိုက်ပြီးသည့်နောက်တွင် အရာအားလုံး တိတ်ဆိတ်သွားသည်။
သူတို့နှစ်ဦးလုံး နောက်ဆုတ်သွားသော်လည်း ထိုအချိန်တွင် မိုးမခသစ်ကိုင်းများ တိတ်တဆိတ်ပင် ထွက်ပေါ်လာကာ ဝမ်ရှီးအား ဖုံးအုပ်လာလေ၏။
ဤသည်မှာ လေဟာနယ်မှ ရောက်လာခြင်းဖြစ်ပြီး ရုတ်တရက်ဆန်လွန်းလှသည်ပင်။
ဝမ်ရှီးသည် ဓားကိုလွှဲရမ်းကာ ဤသစ်ကိုင်းများအား ဖြတ်တောက်ချင်သော်လည်း သူမလိုချင်သလို ဖြစ်မလာခဲ့ပေ။ ဤသစ်ကိုင်းများမှာ မာကျောလွန်းလှပြီး အချို့သစ်ကိုင်းများမှာ သူမခန္ဓာကိုယ်ကိုပင် ဖုံးအုပ်နေလေပြီ။
“င့ါအတွက် ချိုးဖျက်ပေး..” ဝမ်ရှီးအော်ဟစ်လိုက်သည်။ သူမတစ်ကိုယ်လုံး လောင်ကျွမ်းလာပြီး နတ်ခွန်အားများလည်း ထွက်ပေါ်လာသည်။ မိုးမခသစ်ကိုင်းများကို ဖြတ်တောက်ရန် သူမလက်ထဲမှာ အမှောင်ထုထာဝရဓားလည်း လှုပ်ရှားလာသည်ပင်။
“မင်း ဒီသစ်ကိုင်းတွေကို ဖျက်လို့မရဘူး..” ရှီဟောင်ပြောလိုက်၏။ ထိုသစ်ကိုင်းများပေါ်တွင် သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်လာကာ ဝမ်ရှီးအား တင်းကြပ်အောင် ချည်နှောင်လိုက်ကာ လေထဲတွင် ဖမ်းထားလိုက်လေ၏။
အားလုံး ဆွံ့အသွားရသည်။ ဝမ်ရှီး အဖမ်းခံလိုက်ရတာလား .. ငါတို့ ထင်ယောင်ထင်မှား ဖြစ်နေကြတာလား..