သုခကမ္ဘာက ရှီဟောင် - Chapter - 1363 နတ်သမီးအား ဖမ်းဆီးခြင်း
ရွှေရောင်မိုးမခသစ်ကိုင်းများမှ သတ္တုသံများထွက်ပေါ်နေလေသည်။ ဤမိုးမခသစ်ကိုင်းများသည် ချိန်ကြိုးများကဲ့သို့ပင် ဝမ်ရှီး၏ခန္ဓာကိုယ်ကို တင်းကြပ်စွာ ရစ်ပတ်ထားလေ၏။
“ချိုးဖျက်မယ်..” ဝမ်ရှီး တီးတိုးအော်လိုက်သည်။ သူမ၏လှပသည့်ဆံနွယ်များ လွင့်ပျံနေလေပြီ။ သူမသည် ဤသစ်ကိုင်းများမှ လွတ်အောင်ရုန်းကန်နေသလို သူမလက်ထဲတွင်ရှိနေသည့် အမှောင်ထာဝရဓားမှလည်း မီးပွားများတစ်တန်းပြီးတစ်တန်း ထွက်ပေါ်နေလေသည်။
သူမသည် ဤမိုးမခသစ်ကိုင်းများကို ဖြတ်ပစ်ချင်သော်လည်း သစ်ကိုင်းများမှာ ပို၍ပင် တင်းကြပ်လာသည်။
အမှောင်ထုထာဝရဓားသည် သစ်ကိုင်းတစ်ချို့ကို ဖြတ်တောက်လိုက်သော်လည်း ထိုနေရာတွင် သစ်ကိုင်းသစ်များ လျင်မြန်စွာ ပြန်ပြည့်သွားလေသည်။ ဤရွှေရောင်မိုးမခသစ်ကိုင်းများတွင် စွမ်းအားကြီးသည့် အသက်ဓာတ်တစ်မျိုးရှိနေသည်ပင်။
“ဝမ်ရှီး အဖမ်းခံလိုက်ရပြီ ..” အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ ထို့နောက် ဘာဆက်ပြောရမလဲ သူတို့မသိကြတော့ပေ။
အားလုံး ထိတ်လန့်သွားကြသည်ပင်။ ဤသည်မှာ ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံထားသည့် သက်ရှည်မိသားစုမှ မမလေးပင်။ သူမ၏ တိုက်ခိုက်နိုင်သည့်ခွန်အားမှာ ပြိုင်ဘက်ကင်းသော်လည်း ယနေ့တော့ ဤကဲ့သို့ အဖမ်းခံလိုက်ရလေပြီ။
ဝုန်း..
လီမီးတောက်များ ထွက်ပေါ်လာလေ၏။ ဝမ်ရှီး၏ဖြူဖွေးလှသည့် အရေပြား တစ်လက်မစီတိုင်းမှ အလင်းမီးတောက်များ ထွက်ပေါ်လာပြီး မိုးမခသစ်ကိုင်းများကို တစ်ခုပြီးတစ်ခု မီးရှို့ပစ်နေလေသည်။
ခဏကြာပြီးသည့်နောက်တွင် သူမမီးထဲမြှုပ်သွားလေ၏။
ထိုအချိန်တွင် ရှီဟောင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ပြီး သူမကို ဖမ်းရန်အတွက် တရှိန်ထိုး ပြေးလာနေလေပြီ။
ဝမ်ရှီးသည်လည်း သာမန်လူမဟုတ်ပေ။ သူမ၏ခန္ဓာကိုယ်မှာ ယာယီထိန်းချုပ်ခံလိုက်ရသော်လည်း သူမသည် လေဟာနယ်ကို ထိုးဖောက်ကာ ထွက်ပြေးသွားလေသည်။
ယခုအချိန်တွင် သူမညာလက်လည်း ဖမ်းခံလိုက်ရပြီဖြစ်သောကြောင့် သူမသည် အမှောင်ထုထာဝရဓားကို မူလဝိညာဉ်ဖြင့် ထိန်းချုပ်ကာ သစ်ကိုင်းများ ဖြတ်စေလေသည်။ တစ်ချိန်တည်းမှာပင် သူမနောက်တွင်ရှိနေသည့် ရန်သူကိုလည်း ခုခံနေလေ၏။
သို့သော် ဤသည်မှာ ရှီဟောင်ကို မတားဆီးနိုင်သေးပေ။ သူမသည် ဖမ်းခံထားရသောကြောင့် သူမ၏တိုက်ခိုက်နိုင်စွမ်း ပျောက်ကွယ်သွားလေပြီ။
ဝုန်း..
ထိုအချိန်တွင် ဝမ်ရှီးပတ်လည်၌ ပုံရိပ် ၁၀ ခုပေါ်လာသည်။ ဤသည်များမှာ သူမ၏ဝိညာဉ်ကိုယ်ပွားများပင်။ ထိုထဲတွင် ဇာမဏီငှက်၊ ရွှေရောင်ကျီးကန်း၊ ခေါင်းကိုးလုံးမြွေနှင့် စွမ်းအားကြီးသည့်နတ်ငှက်မျိုးစုံ ပါဝင်သလို လူသားပုံစံများလည်း ပါဝင်သည်ပင်။ ဤသည်မှာ ကောင်းကင်လမ်းကြောင်း ၁၀ ခုအတွင်းတွင် နေထိုင်နေသည့် ဝိညာဉ်ကိုယ်ပွားများပင်။ ယခုအချိန်တွင်တော့ ဤကိုယ်ပွားများအားလုံး ရှီဟောင်ထံသို့ ဒေါသတကြီး ထွက်သွားကြလေသည်။
“ဝမ်ရှီးက ဒီအခြေအနေထိရောက်အောင် ဖိအားပေးခံလိုက်ရပြီ .. သူ့ရဲ့ဝိညာဉ်ကိုယ်ပွားတွေကို သုံးဖို့ကလွဲပြီး တကယ်ကို တစ်ခြားနည်းလမ်းမရှိတော့ဘူး..”
“ပါရမီရှင်အမျိုးသမီးတစ်ဦးက တစ်ချိန်တုန်းက သူ့နောက်လိုက်ခဲ့တဲ့သူ ဖမ်းတာခံရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး … အဲဒီလူက သူ့ကျွန်တောင် ဖြစ်လာတော့မယ်လူ .. ဒါက တကယ်ကို လူကို ဆွံ့အသွားစေတာပဲ..”
ဤဝိညာဉ်ကိုယ်ပွားများမှာ အခြေအနေအား မပြောင်းလဲနိုင်သည်ကို အားလုံးသိကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူတွင်လည်း ဝိညာဉ်ကိုယ်ပွားများရှိနေသည်ပင်။ ဤသည်မှာ ဝမ်ရှီး စိတ်ဓာတ်ပျက်ပြားနေပြီဟု ဆိုလိုခြင်းပင်။
ဒါက ဒီမာနကြီးတဲ့အမျိုးသမီး ပထမဆုံးအကြိမ် အဖမ်းခံလိုက်ရတာ ဟုတ်တယ်မလား.. အားလုံး သက်ပြင်းချလိုက်ကြသည်။
ရှီဟောင် ရယ်မောလိုက်၏။ သူ၏ခန္ဓာကိုယ်လှုပ်ရှားသွားသော်လည်း အခြားသူများကဲ့သို့ ကောင်းကင်လမ်းကြောင်း ၁၀ ခု ထွက်မလာပေ။ တောက်ပသည့်အလင်းလုံးတစ်လုံးသာ ထွက်ပေါ်လာလေ၏။ သို့သော်လည်း ထိုအလင်းလုံးမှ သက်ရှိများစွာ ပြေးထွက်လာကြလေသည်။
“ခွန်ပန်လား..” အချို့လူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
“လူသားပုံစံလျှပ်စီး..”
“မိုးမခသစ်ပင်..”
ထိတ်လန့်တကြား အော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာလေသည်။
လူငယ်လေး ခွန်ပန်ပညာကို အသုံးပြုပြီး မိုးမခနတ်ဘုရား၏ အဖိုးတန်ပညာကို အသက်သွင်းလိုက်ကတည်းက အားလုံး သံသယဝင်နေပြီးသားပင်။ ယခု ဤပညာအား အသုံးပြုလိုက်သည့်အချိန်တွင် သူတို့သံသယမှာ အတည်ပြုပြီးသားဖြစ်သွားလေပြီ။
အဘယ်ကြောင့်ဆိုသော် ရှီဟောင် ဝိညာဉ်ကိုယ်ပွားများ ထုတ်လွှတ်လိုက်သောကြောင့်ပင်။ ထိုဝိညာဉ်ကိုယ်ပွားများတွင် သူကျွမ်းကျင်သူသည့် အဖိုးတန်ပညာများပါဝင်နေသည်ပင်။ ထို့ကြောင့် သူမည်သူဖြစ်သည်ဆိုသည်လည်း ပေါ်သွားလေပြီ။
ဝုန်း..
တစ်ဖက်လူ၏ ဝိညာဉ်ကိုယ်ပွားများကို ရင်ဆိုင်ရန်အတွက် ရှီဟောင်၏ဝိညာဉ်ကိုယ်ပွားများ လှုပ်ရှားလာကြသည်။
ရှီဟောင်၏ကိုယ်ပွားတစ်ခုစီတိုင်းတွင် လောကကြီးကို တုန်လှုပ်စေနိုင်သည့် နတ်စွမ်းရည်တစ်ခုစီ ပိုင်ဆိုင်ထားကြသည်ပင်။ ယခုကဲ့သို့ စုပေါင်းတိုက်ခိုက်လိုက်သည့်အချိန်တွင် စွမ်းအားမှာ နှိုင်းယှဉ်၍မရနိုင်အောင် ဖြစ်သွားလေပြီ။
ဤနေရာတွင် ဆူညံသံများ ထွက်ပေါ်လာသည်။
“သူက ဟွမ်ပဲ .. သူမသေသေးဘူး .. သူက ငါတို့ ကောင်းကင်နတ်ဘုရားကျောင်းကို ရောက်လာပြီ..”
“ယွမ်ချင်းက သူ့ကို မူလရှေးဟောင်းမိုင်းတွင်းကို ပို့လိုက်တာမဟုတ်ဘူးလား .. ပြောတော့ သူ မိုင်းတွင်းထဲမှာ သေသွားပြီဆို .. ဘယ်လိုလုပ်ပြီး ဒီမှာ ပြန်ပေါ်လာတာလဲ..”
“ဘုရားရေ .. သူကဟွမ်ဖြစ်နေတာပဲ .. သူက အဆင့်နိမ့်နယ်မြေက ရှီဟောင်လို့ခေါ်တဲ့လူငယ်လေးပဲ .. နောက်ဆုံးတော့ သက်သေရသွားပြီ .. ငါမပြောဘူးလား .. စွမ်းအားကြီးတဲ့လူငယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ပေါ်လာနိင်မှာလဲ..”
ဆူညံသံများ ချက်ချင်းပင် ထွက်ပေါ်လာလေပြီ။ ဤလူများသည် တိုက်ပွဲအား စိတ်လှုပ်ရှားစွာ ကြည့်လာကြလေ၏။
ဝမ်ရှီးဖမ်းခံရတော့မည်။ ဤသည်မှာ ဝမ်မိသားစုအတွက် အလွန်ဆိုးရွားသည့်အရာပင်။ ဤသည်မှာ ကလန်မှ အထူးချွန်ဆုံး တပည့်ဖြစ်သည့်အပြင် ဤလူငယ်လေးမှာ ယခင်က သူတို့အား ခုခံကာ သူတို့အား ခက်ခဲသည့်အခြေအနေရောက်အောင် တွန်းပို့ခဲ့သည့်သူပင်။ ထို့အပြင် ထိုတုန်းက သူနှင့် ဝမ်ရှီး၏ကောလဟာလများပင် ပျံ့သွားခဲ့သေးသည်။
ဤလူငယ်လေး၏ ဖမ်းဆီးခြင်းခံရသည်မှာ ဝမ်ရှီးနှင့် ဝမ်မိသားစုအတွက် သေချာပေါက် ကောင်းသည့်အရာတစ်ခု မဟုတ်ပေ။
ဖုန်း..
လေဟာနယ်ထဲရှိ တိုက်ပွဲမှာ ပြင်းထန်နေသည်ပင်။ အချို့ပုံရိပ်များ ပေါက်ကွဲနေလေပြီ။ ဝမ်ရှီး၏ ဝိညာဉ်ကိုယ်ပွားနှစ်ခုမှာ ပြင်းထန်သည့်ဒဏ်ရာများရရှိသွားလေပြီ။ အားလုံးမျှော်လင့်ထားသည့် အဆုံးသတ်ကြီး ရောက်ရှိလာတော့မည်။
ရုတ်တရက်ပင် ရှီဟောင်အပါအဝင် လူအားလုံး ပြောပြ၍မရနိုင်သည့် ဖိအားတစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။ ရှီဟောင်သည် လျင်မြန်စွာပင် နောက်ပြန်ဆုတ်လိုက်လေသည်။
ဝမ်ရှီး၏ မျက်ခုံးကြားမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရှီဟောင်အား တိုက်ခိုက်လာသည်။ ဤဓားအလင်းတန်းမှာ မြန်ဆန်လွန်းလှပြီး တောက်ပသည့်အလင်းများကို ထုတ်လွှတ်နေလေသည်။
“အဲဒါက ဘာကြီးလဲ..”
“ဝမ်ရှီးရဲ့ မူလဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ ထွက်လာတာလား..”
“ဘုရားရေ .. ဒီဓားစွမ်းအင်က ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းနေရတာလဲ .. ဒါက ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာထက်တောင် ကြောက်စရာကောင်းနေသေးတယ် .. သူဘယ်လို လုပ်ထားတာလဲ..”
လူများစွာ အံ့အားတကြီး အော်ဟစ်လိုက်ကြ၏။ ယခုအချိန်တွင် ဝမ်ရှီး၏ခန္ဓာကိုယ် မလှုပ်ရှားတော့ပေ။ သို့သော် သူမ၏မျက်ခုံးကြားတွင် သူမခန္ဓာကိုယ်မှ ထွက်လာသည့် နတ်သက်တံ့တစ်ခုရှိနေသည်။
ဤသည်မှာ ဝမ်ရှီး၏မူလဝိညာဉ်ဖြစ်ကြောင်း လူအချို့သာ မြင်နိုင်ခြင်းပင်။ သူမနှင့် တစ်ပုံစံတည်းတူသည့် အမျိုးသမီးလေးသည် လက်သီးအရွယ်အစားခန့်သာရှိသည်။ ထိုပုံရိပ်လေး၏ လက်ထဲတွင် လက်ညှိုးတစ်ချောင်းစာအရွယ်အသားရှိသည့် အနက်ရောင်ဓားလေးကို ကိုင်ထားလေသည်။ ထိုပုံရိပ်လေးသည် အဆုံးမရှိသည့်အလင်းတန်းများထုတ်လွှတ်ကာ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာနေလေသည်။
ဤကဲ့သို့သော မြင်ကွင်းမှာ အလွန်ထူးဆန်းလှသည်ပင်။
အဘယ်ကြောင့်ဆိုသော် ထိုပုံရိပ်လေးသည် မူလဝိညာဉ်ဖြစ်သော်လည်း မူလဝိညာဉ်စွမ်းအားစီးဆင်းနေခြင်းမရှိပဲ ဓားစွမ်းအင်စီးဆင်းနေလေသည်။
မူလဝိညာဉ်စွမ်းအားက ဘယ်လိုလုပ် ဓားစွမ်းအားပြောင်းသွားတာလဲ
အားလုံး တုန်လှုပ်သွားရသည်ပင်။
“ဒါက ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာမဟုတ်ဘူး .. ပိုပြီးအားကောင်းတဲ့ပညာတစ်ခုပဲ .. ဒါက ဘယ်လိုမျိုး ဓားပညာလဲ..”
“မဟုတ်ဘူး .. ဒါက ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာပဲ .. အနက်နဲဆုံးအခြေအနေရောက်အောင် ပြောင်းလဲထားတဲ့ ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ .. မူလဝိညာဉ်ကို ဓားဖြစ်အောင် ပြောင်းထားတာ..”
“ဘုရားရေ .. ဒီမိန်းကလေး ဒါကို ဘယ်လိုလုပ် ပြောင်းနိုင်တာလဲ .. ဒါက လန့်စရာကောင်းလွန်းတယ် .. သူ့လက်ထဲမှာရှိတဲ့ အနက်ရောင်ဓားသေးသေးလေးကိုမြင်လား .. အဲဒါက အမှောင်ထုထာဝရဓားနဲ့အတူတူပဲ .. အဲဒါကို မူလဝိညာဉ်နဲ့လုပ်ထားတာ .. အဲဒီအမျိုးသမီးပုံရိပ်လေးပျောက်သွားရင် သူ့ရဲ့မူလဝိညာဉ်က လုံးဝကို ဓားရိုးအဖြစ်ပြောင်းသွားတော့မှာ .. ဒါကလုံးဝကို ပြိုင်ဘက်ကင်းတဲ့အဆင့်ကို ရောက်သွားပြီ..”
အားလုံး ထိတ်လန့်သွားရသည်။ မူလဝိညာဉ်ကို ဓားအဖြစ်ပြောင်းခြင်းမှာ ရှေးယခင်ကတည်းက ဖြစ်လေ့ဖြစ်ထမရှိသည့် အရာတစ်ခုပင်။ အထူးသဖြင့် သူမအသက်အရွယ်တွင် လုံးဝမကြားဖူးသည့် အရာတစ်ခုပင်။
သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်မျိုးကို ခံစားလိုက်ရသောကြောင့် ရှီဟောင် ဆံပင်မွေးများ ထောင်ထလာသည်။ ထိုမူလဝိညာဉ်ပြေးထွက်လာသည့်အချိန်တွင် နတ်ဘုရားများနှင့် နတ်ဆိုးများကိုပင် လဲကျစေနိုင်သည်ပင်။
သူလျင်မြန်စွာ ရှောင်တိမ်းလိုက်သောကြောင့်သာမဟုတ်ပါက သူထိုးဖောက်ခံရလောက်လေပြီ။
ဤကဲ့သို့သော ဓားမျိုးကို သူတစ်ခါမှ မမြင်ဖူးပေ။ လေဟာနယ်မှ တိုက်ခိုက်လာခြင်းဖြစ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်နေသည်ပင်။ ပို၍အရေးကြီးည်မှာ သူမသည် လျင်မြန်လွန်းလှကာ ရှောင်းတိမ်းနိုင်ရန် ခက်ခဲလှသည်။
သူ ခွန်ပန်နတ်အတောင်ပံများကို လှုပ်ခတ်ပြီး ချက်ချင်းရှောင်လိုက်သောကြောင့်သာမဟုတ်ပါက ထိုမူလဝိညာဉ်ဓားကြောင့် သူ့ခေါင်း ပြတ်သွားလောက်လေပြီ။
ဤသည်မှာ လန့်စရာကောင်းလွန်းလှသည်။
ရှီဟောင်သည် ပုံရိပ်ယောင်များကို တစ်ခုပြီးတစ်ခု ချန်ထားရစ်ကာ စတင်လှုပ်ရှားလာသည်။
အနက်ရောင်ပုံရိပ်ယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။ ဤသည်မှာ ကောင်းကင်မျက်လုံးများဖြင့် ဖမ်း၍မရနိုင်လောက်အောင်ပင် လျင်မြန်လွန်းလှသည်။ ဤသည်မှာ ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ၏ မူလဓားသွားပင်။ ဤသည်မှာ ဖမ်းဆီး၍မရနိုင်သည့်ပုံစံဖြင့် သတ်ဖြတ်ခြင်းပင်။
ဒုန်း..
နေရာတိုင်းတွင် မီးပွားများ လွင့်စင်ထွက်လာပြီး နားစည်ကွဲလောက်သည့် ဆူညံသံများလည်း ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ရှီဟောင်သည် ရှောင်ရှားခြင်းမရှိတော့ပဲ ရပ်တန့်လိုက်လေ၏။
“သွားပြီ .. ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာရဲ့ အရှိန်က တော်တော်လေးကို မြန်တယ် .. သူရပ်လိုက်တာနဲ့ သူရှောင်နိုင်မှာမဟုတ်တော့ဘူး .. ခုခံလိုက်တာနဲ့ ချက်ချင်းအသတ်ခံရမှာပဲ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
“ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာက တကယ်ကို နက်နဲတာပဲ..” အချို့လူများ သဘောတူလိုက်ကြသည်။
ဒုန်း..
သူတို့နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြသည်။ ယခုအချိန်တွင်တော့ ရှီဟောင်စိတ်တိုနေလေပြီ။ သူသည် လက်သီးတံဆိပ်များကို ပြုလုပ်ကာ ထိုမူလဝိညာဉ်ဓားသွားနှင့် တိုက်ခိုက်နေလေ၏။
“ဘာလဲ .. သူက ဘယ်လိုလက်သီးတံဆိပ်မျိုးကို သုံးနေတာလဲ .. သူက ဝမ်ရှီးရဲ့အရှိန်ကို ထိန်းနိုင်ပြီးတော့ ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာရဲ့ မူလဝိညာဉ်ကို လှုပ်ခါစေနိုင်တာလား..” လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
သိထားရမည်မှာ မူလဝိညာဉ်ဓားစွမ်းအားမှာ ထင်ထားသည်ထက်ပို၍ စွမ်းအားကြီးသည်ပင်။ ဤပညာကို အသက်သွင်းလိုက်သည်နှင့် အဆင့်တူသည့်ရန်သူအားလုံး ရှုံးနိမ့်သွားမည်ပင်။
“သူက ခွန်ပန်ပညာကို တစ်ခြားပညာတွေနဲ့ ပေါင်းလိုက်တာ .. ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာရဲ့ မူလဝိညာဉ်ဓားကို ရပ်တန့်ဖို့အတွက် သူ့ရဲ့ အလိုလိုသိစိတ်ပေါ် မှီခိုလိုက်တာ..”
အားလုံး တုန်လှုပ်သွားရသည်။
ယခု သူတို့ဝမ်ရှီး၏ မူလဝိညာဉ်ဓားကို မမြင်ရတော့ပေ။ သူတို့၏ ကောင်းကင်မျက်လုံးများကို အသုံးပြုလျှင်ပင် ပုံရိပ်ယောင်အချို့ကိုသာ မြင်ရပြီး သူတို့၏ခန္ဓာကိုယ် အစစ်အား မမြင်ရပေ။
မင်းသမီးယောင်ယွဲ့နှင့် အခြားသူများ၏အမူအရာများ ပျက်ယွင်းနေကြလေပြီ။ လက်ရှိဝမ်ရှီးမှာ ကြောက်စရာကောင်းလှသည်ပင်။ လူဘယ်နှယောက်ကများ သူမ ခွန်အားကို ယှဉ်နိုင်မည်နည်း
ဝုန်း..
ရုတ်တရက်ပင် ရှီဟောင် တစ်ကိုယ်လုံး တောက်ပပလာပြီး သူ့ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အဆင့်လွန်သွေးများ အသက်ဝင်လာကာ အဖိုးတန်ပညာသုံးခုအား ပြသလာလေ၏။
ကောင်းကင်အတိဒုက္ခအလင်း၊ ပြန်လည်ဝင်စားခြင်းနှင့် အမည်မသိ တတိယမြောက် နတ်စွမ်းရည်တို့၏ သင်္ကေတများသည် သူ၏ခန္ဓာကိုယ်ရှိသွေးများထဲတွင် လှုပ်ရှားလာကြကာ သူ့တစ်ကိုယ်လုံး တောက်ပသွားအောင် ပြုလုပ်လိုက်ကြလေသည်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ် အဆုံးမရှိသည့်အလင်းတန်းများထွက်ပေါ်လာပြီး လောကကြီးတစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။ အဖိုးတန်ပညာများလည်း နေရာအနှံ့ကို လွှမ်းခြုံသွားလေတော့သည်။