သုခကမ္ဘာက ရှီဟောင် - Chapter - 167 အများအပြား လုယက်ခြင်း 2
Chapter – 167 အများအပြား လုယက်ခြင်း 2
ဟောင်ဟာ သက်လတ်ပိုင်းလူကြီးရဲ့ လူတွေကြားကို ပြေး၀င်သွားပြီး တရကြမ်းစတင်တိုက်ခိုက်လိုက်ပါတယ်။ တိုက်ပွဲတစ်ခုစတင်ဖြစ်ပွားလာတာနဲ့ သူ့ဘက်ကိုယ့်ဘက် အသက်လုပြီး ယှဉ်ပြိုင်တိုက်ခိုက်ရတာကြောင့် သွေးထွက်သံယို အဖြစ်အပျက်တွေဟာ ရှိလာမှာဖြစ်တယ်။ ဟောင်ဟာ လူအုပ်ကြားထဲမှာ လျှင်မြန်စွာ ရွေ့လျားတိုက်ခိုက်နေပြီး သူတို့ဆီက အဖိုးတန် ပစ္စည်းတွေကိုလည်း လုယက်ယူငင်လိုက်ပါတယ်။ ထို့နောက်မှာ ကျင့်ကြံသူတစ်ယောက်ချင်းဆီကို တစ်နေရာတည်းမှာ စုပုံထားလိုက်ပါတယ်။
သူ့ရဲ့ လက်ထဲမှာ နောက်ဆုံးကျန်ရစ်နေတဲ့ လူနှစ်ယောက်ကလည်း ခြေတွေလက်တွေ မရှိတော့ပါဘူး။ အကယ်၍ သူတို့တွေဟာ လက်ရှိပုံစံအတိုင်း ဆက်ရှိနေရင် သေချာပေါက် သေဆုံးသွားကြရပါလိမ့်မယ်။ ထို့နောက်မှာ ဟောင်က သူတို့ကိုလည်း လူပုံတွေကြားထဲ ပစ်ထည့်လိုက်ပါတယ်။
ထိုဟာက လူသေအလောင်းတွေကို စုပုံထားတာနဲ့ တူနေပါသည်။ လူအားလုံးက အသက်ရှင်လျှက် ရှိနေပြသေးသော်လည်း သူတို့ရဲ့ ခန္ဓာကိုယ်ထဲကနေ သွေးတွေဟာ မရပ်မနားစီးထွက်လာကြပြီး မြစ်ငယ်တစ်ခုအလား ပြောင်းလဲသွားပါတယ်။ ထိုမြင်ကွင်းဟာ အတော်လေး ကြောက်မက်ဖွယ်ရာကောင်းနေပြီး လူအားလုံးကို အေ့ာအန်သွားချင်စိတ်ပေါက်သွားခဲ့တယ်။
ကံကောင်းထောက်မစွာနဲ့ပဲ သည်နေရာဟာ ဟင်းလင်းပြင် နတ်ဘုရားနယ်မြေဖြစ်နေပါတယ်။ ထို့ကြောင့်လည်း သူတို့ရဲ့ ဝိညာဉ်တွေ ထိခိုက်သွားကြပေမဲ့ အနာဂတ်မှာ ကောင်းမွန်စွာ ပြန်လည်လေ့ကျင့်ခဲ့ရင် ပြန်လည်ကောင်းမွန်လာမှာ ဖြစ်တယ်။
ထို့ကဲ့သို့မဟုတ်ပဲ အစစ်အမှန်ကမ္ဘာမှာ ဆိုရင် ထိုကဲ့သို့သော သတ်ဖြတ်မှုကြီးဟာ အရမ်းကို ကြောက်စရာကောင်းနေပါလိမ့်မယ်။ ထို အင်အားကြီးမားလှတဲ့ ကလန်ကြီးတွေက ကျင့်ကြံသူတွေအားလုံးဟာ မသန်မစွမ်းဖြစ်သွားပြီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာခဲ့ရင် အံ့သြစရာကောင်းသွားပါလိမ့်မယ်။
စတင်ခြင်း နယ်မြေမှာတော့ ကျင့်ကြံသူတွေကို သွေးဆင့်ကဲ ပြောင်းလဲခြင်း နယ်ပယ်စွမ်းအားတွေကိုသာ အသုံးပြုနိုင်အောင် ကန့်သတ်ထားပါတယ်။ သက်လတ်ပိုင်း အကြီးအကဲခေါင်းဆောင်ဟာ အသားတွေ တဆတ်ဆတ် တုန်ခါလာတဲ့အထိ ဒေါသထွက်လာခဲ့တယ်။ သူ့ရဲ့ စိတ်နှလုံးဟာလည်း အတော်လေးကို ထိခိုက်ကြေကွဲနေခဲ့ပါပြီ။ သူ့ရဲ့ အရှေ့မှာ ရှိနေတဲ့ စက်ဆုပ်ဖွယ်ရာ ကောင်လေးဟာ သွေးဆင့်ကဲ ပြောင်းလဲခြင်း နယ်ပယ်ရဲ့ စွမ်းအားတွေကိုသာ အသုံးပြုခဲ့ပေမဲ့ သူ့ရဲ့ အဖွဲ့၀င်အားလုံးကို တိုက်ခိုက်သွားခဲ့ပါတယ်။ ထိုအရာက ဘယ်လိုစွမ်းအားမျိုး ဖြစ်မည်နည်း။ ထို သတင်းအချက်အလက်တွေသာ ပျံ့နှံ့သွားခဲ့ရင် ဘယ်သူမှ ယုံကြည်နိုင်မှာတောင် မဟုတ်ကြပါဘူး။
သို့သော် လူအများအပြားဟာ ထို အဖြစ်အပျက်အတွက် မျက်မြင်သက်သေအဖြစ်ရှိနေတာကြောင့် သံသယဖြစ်စရာ မရှိတော့ပေ။ သူတို့ဟာ အမှားလုပ်မိလိုက်သလိုမျိုး လူအားလုံးက စိတ်ပျက်လက်ပျက်ဖြစ်သွားကြတယ်။ ထို မိုက်မဲလွန်းတဲ့ ကောင်လေးဟာ အရမ်းကို ကြောက်စရာကောင်းလွန်းတာကြောင့် သူ့ကို သွားပြီး ရန်မစသင့်ပါဘူး။
ကျင့်ကြံသူတွေဟာ သွေးအလူးလူးနဲ့ ဟောင်ရဲ့ တိုက်ခိုက်မှုကို ခံရပေမဲ့ သက်လတ်ပိုင်းအကြီးအကဲသုံးယောက်ဟာ ရပ်တန့်နေတုန်းပါ။
သူတို့တွေဟာ ဘယ်လိုလူမျိုးတွေ ဖြစ်ကြသလဲ။ သူတို့ဟာ အသံတစ်ချက်ပြုလိုက်ရုံနဲ့တင် ဟင်းလင်းပြင် နတ်ဘုရားနယ်မြေထဲက
နယ်မြေလေးခုလုံးကို တုန်လှုပ်စေနိုင်တယ်။ ဒီနေ့မှာတော့ သူတို့ဟာ စတင်ခြင်း နယ်မြေထဲမှာ ကလေးတစ်ယောက်ကိုတောင် မရပ်နိုင်ကြတော့ပါဘူး။ အကယ်၍ ထိုသတင်းသာ ထွက်ပေါ်သွားခဲ့ရင် သူတို့တွေဟာ သေချာပေါက် လှောင်ပြောင်ခံရပါလိမ့်မယ်။
လူအားလုံးဟာ အလွန်အမင်းကို အံ့အာသင့်လို့နေခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူအားလုံးအတွက် သွေးဆင့်ကဲ ပြောင်းလဲခြင်း နယ်ပယ်မှာဆိုရင် ဟောင်ရဲ့ ပြိုင်ဘက်တဝ်ယောက်မှ မရှိဘူးဆိုတာကို သိလိုက်တာကြောင့် ဖြစ်ပါတယ်။ ထိုအရာက မည်သည့်အရာကို ဆိုလိုပါသလဲ။ ထိုဟာက သေချာပေါက်ကို ကောင်းကင်ယံမှာ ကြယ်တစ်လုံး ထိုးထွက်တောက်ပလာသလို ပါရမီရှင်တစ်ပါးထွက်ပေါ်လာခဲ့ပြန်ပါတယ်။
” သောက်ကောင်စုတ်လေး … မင်းက အရမ်းကို များလွန်းသွားပြီ … ငါတို့ကလန်သားအများကြီးကိုလည်း အမှန်တကယ် ထိခိုက်သွားစေတယ် .. မင်း ဆက်လုပ်ချင်နေသေးတာလား ..။”
သက်လတ်ပိုင်း ကျင့်ကြံသူတစ်ယောက်ဟာ အကူအညီကင်းမဲ့လို့နေတယ်။ သူဟာ သူ့ရဲ့ ကလန်အကူအညီကို ယူပြီး လူလိမ်လူကောက်လေးကို ရင်ဆိုင်ရရင် ဖြစ်နိုင်ပါ့မလား။
” ခင်ဗျားတို့ရဲ့ လူတွေက မြေပေါ်မှာ ပုံကျနေပြီလေ .. ခင်ဗျားတို့သုံးယောက်က ရှ်ိနေတုန်းလား .. လာ .. ဒီကိုလာပြီး ဒူးထောက်လိုက်ကြတော့ ..။”
ဟောင်ရဲ့ မောက်မာလွန်းတဲ့ စကားကြောင့် အကြီးအကဲသုံးယောက်ရဲ့ မျက်လုံးတွေဟာ ရူးသွပ်သွားတော့မတတ် အဖြူ ရောင်အလင်းတန်းတွေ ထွက်လာခဲ့တယ်။
သူတို့ဆီက စွမ်းအားသင်္ကေတတွေဟာ ကောင်းကင်ထိ စီးထွက်သွားကြတယ်။ ပြောရရင် သူတို့ရဲ့ အော်ရာတွေဟာ ကြောက်စရာကောင်းလွန်းတာကြာင့် သွေးဆင့်ကဲ ပြောင်းလဲခြင်း နယ်ပယ်မှာ ကန့်သတ်ခံထားရတယ်လို့တောင် မထင်ရတော့ပါဘူး။ ဟောင်ကလည်း သူ့ရဲ့ ဘယ်ညာ လက်နှစ်ဖက်ကို ဝေ့ရမ်းပြီး တိုက်ခိုက်လိုက်တဲ့အခါတိုင်း သူ့ရဲ့စွမ်းအားတွေက ပြိုင်ဘက်ကင်းနေခဲ့တယ်။
” ဖောင်း …။”
ဟောင်ရဲ့ လက်ထဲကနေ ငွေရောင်အလင်းတန်းတဝ်ခုဟာ ပျံသန်းထွက်သွားပြီး သက်လတ်ပိုင်း လူကြီးတစ်ယောက်ရဲ့ နောက်ကျောကို ထိုးဖောက်သွားခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲက သွေးစက်တွေဟာ ဖြာထွက်လာပြီး စုပုံခံထားရတဲ့ လူတွေဆီကို ကျရောက်သွားပါတယ်။
ထို့နောက်မှာ သူဟာ ပြင်းထန်သွက်လက်စွာပဲ ရှေ့ကို တိုးထွက်သွားခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ခြေထောက်နှစ်ဖက်ဟာ စွမ်းအားသင်္ကေတအကာအရံကို ချိုးဖျက်သွားပြီး ဒုတိယမြောက် သက်လတ်ပိုင်းလူကို ထိမှန်သွားခဲ့ပါတယ်။ ပြင်းထန်ကျယ်လောင်တဲ့ အသံကျယ်ကြီး ဖြစ်ပေါ်လာပြီး ဒုတိယလူဟာ စုပုံထားတဲ့ လူတွေဆီကို လွှင့်စင်ထွက်သွားခဲ့ပြန်တယ်။
နောက်ဆုံးကျန်ရှိနေတဲ့ သက်လတ်ပိုင်း အကြီးအကဲဟာ ထွက်ပြေးဖို့ ပြင်ဆင်လိုက်တယ်။ ဟောင်ရဲ့ လက်ထဲက သွေးနီ ပန်ကာလက်နက်ဟာလည်း ပျံသန်းလို့ ထွက်သွားခဲ့ပါတယ်။ မကြာခင်မှာပဲ သက်လတ်ပိုင်း အကြီးအကဲရဲ့ ခြေထောက်တွေဟာ ပြာကျသွားခဲ့ပြီး ခေါင်းစိုက်လဲကျသွားပါတယ်။
မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာပဲ အင်အားကြီးကလန်တွေက ကျင့်ကြံသူတွေအားလုံးဟာ ဟောင်ရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရတယ်။
” အာ … တစ်ခုခု မှားနေတယ် .. ပျောက်နေတဲ့ တစ်ယောက်ရှိနေသေးတယ် ..။”
ဟောင်က တီးတိုးရေရွတ်လိုက်ပြီး သူထိန်းချုပ်ထားတဲ့ သွေးနီရောင် အမွေးတောင်တခုကို စေခိုင်းလိုက်ပါတယ်။ မကြာခင်မှာပဲ တချိချိ အသံတွေပေါ်ထွက်လာပြီး ပုန်းအောင်းနေတဲ့ လူငယ်လေးတစ်ယောက်ဟာ သွေးအလူးလူးနဲ့ ပေါ်ထွက်လာခဲ့တယ်။
” ကျေးဇူးတင်ပါတယ်ဗျာ .. ခင်ဗျားက အာ့မှာ ဘာသွားလုပ်နေတာလဲ .. သူများတွေ ပြောလိုက်တာ ကျွန်တော်ကြားလိုက်တယ် .. ခင်ဗျားက သွေးတိမ်တိုက်မင်းသားရဲ့ အစ်ကိုဆိုလား .. ခင်ဗျားကမှ ကျွန်တော့်ကို ရှေးဟောင်း အဖိုးတန် ပစ္စည်းတစ်ခုပေးသေးတယ် .. ကျန်တဲ့ လူတွေက တော်တော် မွဲလွန်းကြတာဗျ ..။”
” အိုး … ”
” ဖူး …။”
ထို လူငယ်လေးဟာ သွေးတစ်လုတ် အန်ထုတ်လိုက်တယ်။ သူဟာ ဒဏ်ရာအပြင်းအထန်ရပြီး ဒေါသထွက်နေပေမဲ့ ထွက်ပြေးဖို့ ကြိုးစားလိုက်ခဲ့တယ်။
လူအားလုံးဟာ သူတို့ရှေ့က မယုံနိုင်စရာမြင်ကွင်းကြောင့် အံ့အားသင့်လွန်းမက သင့်နေခဲ့ကြတယ်။ ထိုနေရာမှာ ကျင့်ကြံသူ ရာကျော်ကို စုပုံထားတဲ့ တောင်တစ်တောင်ကဲ့သို့ ဖြစ်ပေါ်လာခဲ့တာကြောင့် ဖြစ်ပါတယ်။ အင်အားကြီးမားလွန်းတဲ့ ကလန်အတွင်းက ကျင့်ကြံသူတွေဟာ သုံ့ပန်းများအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
ဟောင်က ရှေ့ကိုလျှောက်သွားခဲ့ပြီး သူ့မျက်လုံးတွေဟာ လင်းလက်လာခဲ့တယ်။ သူဟာ ကျင့်ကြံသူတစ်ယောက်ချင်းစီတိုင်းကို မခံချိမခံသာဖြစ်စေပြီး ဒေါသထွက်စေခဲ့ပါတယ်။
” အဖိုးတန်လက်နက်တွေက ခင်ဗျားတို့လူနှစ်ယောက်ထက် ပိုကောင်းနေတာလား .. ခင်ဗျားတို့ထဲက ဘယ်သူက ကလန်ကို ပြန်ပြီး အဖိုးတန်နည်းစနစ်နဲ့ သုံ့ပန်းတွေ လဲလှယ်ဖို့ အကြောင်းကြားပေးမှာလဲ .. ။”
” ခင်ဗျားကို ရွေးလိုက်မယ် .. ခင်ဗျားရဲ့ ကလန်ကို ပြန်ပြီး ကျွန်တော်က ရှေးဟောင်းအဖိုးတန်ပစ္စည်းတွေနဲ့ အဖိုးတန်နည်းစနစ်တွေကို အများကြီးကို သဘောကျတယ်ဆိုတဲ့ အကြောင်း သတင်းပ်ို့ပေးပါ .. ကျွန်တော် ၀မ်းမြောက်၀မ်းသာ ထိုင်ပြီး သူတို့နဲ့ စကားပြောကြည့်မယ် ..။”
ဟောင်က ကျင့်ကြံသူတစ်ယောက်ကို လက်ညိုးထိုးလိုက်ပြီး သတင်းပို့ဖို့ ပြောလိုက်ပါတယ်။
” ဖူး …။”
သုံ့ပန်းဖြစ်နေကြတဲ့ လူအားလုံးဟာ အရမ်းကို ဒေါသထွက်လာတာကြောင့် သွေးတွေ အန်ထုတ်လိုက်ကြတယ်။
ဟောင်က ကျောက်တုံးကြီးတစ်တုံးပေါ် ထိုင်ချလိုက်တယ်။ ထို့နောက် သူ့ကို မယုံနိုင်စွာ ကြည့်နေတဲ့ သူတွေကို စူးစိုက်ကြည့်လိုက်ရင်း သူ့ရဲ့ မေးစေ့ကို ပြန်ပွတ်လိုက်ပါတယ်။ သူ့ရဲ့ ကြီးမားတဲ့ မျက်လုံးရွဲကြီးတွေက ငွေထုတ်ကြီးတစ်ခုကို မြင်နေရတဲ့ သူခိုးတစ်ယောက်အလား တလက်လက်တောက်နေခဲ့တယ်။
မနီးမဝေးက အခြေအနေကို စောင့်ကြည့်နေတဲ့ လူတွေဟာ ချွေးတွေ ရွဲနစ်သွားကြတယ်။ ဟောင်က အမှန်တကယ် ထိုမျှလောက် အကြမ်းဇယားဖြစ်နေမှန်းသိခဲ့ရင် သူတို့ ဘာတစ်ခုမှ ပြောခဲ့မှာ မဟုတ်ပါဘူး။ အရင်တုန်းက လူတော်တော်များများဟာ သူ့ကို အရူးလေးအဖြစ် သတ်မှတ်ခဲ့ကြပေမဲ့ လက်ရှ်ိမှာ ဘာဖြစ်သွားမှန်းတောင် နားမလည်ကြတော့ပေ။ ယခုအချိန်မှာ သူတို့အားလုံး သိလိုက်ရတာကတော့ ဟောင်က စတင်ခြင်း နယ်မြေမှာ ရှိနေတဲ့ လူတွေဆီက အချီကြီးရအောင် လုယက်ချင်နေတာဖြစ်တယ်။
ဟောင်က သူ့ရဲ့ လက်ထဲက သွေးနီရောင် တလက်လက်တောက်နေတဲ့ ပန်ကာလေးကို လေးနက်စွာ သဘောအကျကြီးကျနေခဲ့တယ်။ ထို အဖိုးတန်ရတနာက အရမ်းကို ရှားပါးပြီး ရှေးခေတ်မျိုးဆက်ကနေ ဆင်းသက်လာတဲ့ ရတနာဖြစ်မယ်လို့ သူထင်နေပါတယ်။
” ကျွန်တော် ဒီ သွေးနီရောင် အမွေးကို ရယူလိုက်ပြီဆိုတည်းက ဒါက အမှိုက်တော့ မဟုတ်ဘူးလောက်ဘူးလေ .. ခင်ဗျားတို့ကလန်ရဲ့ အဖိုးတန် ပစ္စည်းထဲမှာ ဒါ ပါတယ်မလား..။”
ဟောင်က မေးလိုက်ပါတယ်။
လူသားတောင်ကြီးတစ်ခု စုပုံခံထားရတဲ့ ကျင့ကြံသူတွေဟာ ဟောင်ကို တုန့်ပြန်လိုစိတ်မရှိကြပဲ စိတ်ညစ်ညူ းစွာ အော်ဟစ်နေကြတယ်။
” ဟူး …။”
ဟောင်ရဲ့ လက်ထဲက သွေးနီရောင် အမွေးတောင်ဟာ ရုတ်တရက်အသက်၀င်လာခဲ့တယ်။ ထို့နောက် တောက်ပတဲ့ သွေးနီရောင် အလင်းတန်းတွေဟာ မိုးတိမ်တိုက်တွေကိုပါ ဖုံးလွှမ်းသွားခဲ့တယ်။ ပြီးတော့ ဟောင်ရဲ့ အရှေ့ဘက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေက်ို လွှမ်းခြုံသွားခဲ့ပါတယ်။
” ဒါက အရမ်းကို အစွမ်းထက်တာပဲ .. တကယ်ကို အဖိုးတန် ရတနာတစ်ခုဖြစ်နေတယ် .. တကယ်လို့ ကျွန်တော်က အစစ်အမှန်ကမ္ဘာမှာရှိတဲ့ မူလသွေးနီရောင် အမွေးတောင်ကို ရခဲ့ရင် ပိုပြီး ကောင်းသွားလိမ့်မယ် …။”
ဟောင်ရဲ့ မျက်လုံးတွေဟာ ကြယ်ပွင့်တွေအလား လင်းလက်နေခဲ့တယ်။
” မင်း .. ဘာလုပ်လိုက်တာလဲ …။”
” နို့ဗူးကောင် .. မင်းကို ငါတို့ မနှောက်ယှက်ခဲ့ဖူးလေ .. ဘာလို့ ငါတို့ကို အသားလွတ်ကြီး လာတိုက်ခိုက်ရတာလဲ ..။”
အရှေ့ဘက်မှာ ရှိနေတဲ့ ကျင့်ကြံသူအုပ်စုဟာ ဒေါသတကြီး အော်ဟစ်ပြောဆိုလာတယ်။ သူတို့တွေရဲ့ အသံဟာ ကျယ်လောင်လွန်းပြီး ဟိန်းထွက်လာခဲ့တယ်။
သွေးနီရောင် အမွေးတောင် ရှေးဟောင်း အဖိုးတန် လက်နက်ဟာ အရမ်းကို အစွမ်းထက်နေခဲ့တယ်။ ထိုဟာက ကောင်းကင်ရဲ့ စွမ်းအားတွေ ခိုအောင်းနေတဲ့အလား သူ့ကို ခုခံကာကွယ်ဖို့ အရမ်းခက်ခဲပါတယ်။
( PS. အဖိုးတန် ပစ္စည်းလို့ မသုံးတော့ပဲ အဖိုးတန် လက်နက်လို့ပဲ သုံးပါတော့မယ် )
” ဟူး … ခင်ဗျားတို့က ကျွန်တော့်ကို ကလေးပဲ ဆိုပြီး ဘာမှ မလုပ်ခဲ့ကြဘူးပေါ့ … ခင်ဗျားတို့တွေ ကျွန်တော့်ကို အရင်တုန်းက စိုက်ကြည့်နေကြတာလေ .. အဲ့ဒါကို ကျွန်တော် မသိဘူးမထင်နဲ့ … ဒီလူတွေသာ ကျွန်တော်ကို ပထမဆုံး လာမနှောက်ယှက်ရင် ခင်ဗျားတို့က လှုပ်ရှားလာကြတော့မှာပဲ မဟုတ်လား ..။”
ဟောင်က ပြောလိုက်တယ်။
သူဟာ အဖိုးတန် သွေးနီရောင် လက်နက်ကို ထိန်းချုပ်ထားကြောင့် နီရဲနေတဲ့ အလင်းတန်းတွေက တောက်ပနေခဲ့တယ်။ သူက ထိုလူတွေကို အကြီးအကျယ် ဒဏ်ရာရရှိသွားကြတဲ့ အထိ မီးရှို့ပစ်ခဲ့တယ်။ သို့သော် သူဟာ ထို ကျင့်ကြံသူတွကို ပြာကျတဲ့ မပြောင်းလဲခဲ့တာကြောင့် အသက်ရှင်လျှက် ရှိနေကြပါတယ်။
လူတော်တော်များများက ထွက်ပြေးလိုကြသော်လည်း ဟောင်ရဲ့ လက်ထဲက တရှဲရှဲအသံမြည်နေတဲ့ သွေးနီရောင် မီးလျှံအမွေးတောင်တွေကြောင့် ငြိမ်ကုန်သွားကြရတယ်။ ထိုစွမ်အားဟာ အမှန်ပင် ကောင်းကင်ကိုတောင် ခြိမ်းခြောက်နိုင်စွမ်းရှ်ိနေပါတယ်။
နောက်ဆုံးမှာတော့ ဟောင်က ထိုလူစုကို နှိမ်နှင်းလိုက်ပြီး လူသားတောင်ကြီးတစ်ခု ပေါ်လာပြန်တယ်။
” ဟူး ..။”
ဟောင်က ချက်ချင်းပဲ ပြန်လှည့်လာပြီး အဖိုးတန် သွေးနီရောင်လက်နက်ကို တခြားတစ်ဖက်ကို ဦးတည်လိုက်ပါတယ်။ သိပ်မကြာခင် မီးတောက် မီးလျှံတွေနဲ့ အတူ အော်ဟစ်သံတွေ ပေါက်ကွဲထွက်လာခဲ့တယ်။ နောက်ထပ် တစ်နေရာဟာလည်း မီးလျှံတွေကြား နစ်မြုပ်သွားခဲ့ရတယ်။
” မင်း .. ဘာလုပ်နေတာလဲ ..။”
ကျင့်ကြံသူတစ်ချို့ဟာ ဒေါသတကြီးအော်ဟစ်လိုက်ကြတယ်။
” ဓားပြတိုက်နေတာလေ ..။”
ဟောင်က ပြန်ဖြေလိုက်တယ်။
” ရဲတင်းလိုက်တာ .. မင်းက မင်းကိုယ်မင်း ဖိအားတွေပေးနေမိတာရော သိရဲ့လား .. မင်း ငါတို့ကို အကြောင်းပြချက်မရှိပဲ တိုက်ခိုက်တာက မင်း ၁၀ခါပြန်သေရင်တောင် မလုံလောက်ဘူးနော် ..။”
ဟောင်ရဲ့ တိုက်ခိုက်မှုကို ထပ်မံခံလိုက်ရတဲ့အဖွဲ့ဟာ ဒေါသတကြီးပြောလိုက်တယ်။
စတင်ခြင်းနယ်မြေမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုဖြစ်ပွားလာခဲ့ပါတယ်။ အင်အားကြီးကလန်တွေက လူအင်အားသာလွန်ပေမဲ့ စတင်ခြင်း နယ်မြေမှာ သူတို့ဟာ သွေးဆင့်ကဲ ပြောင်းလဲခြင်း နယ်ပယ်ကိုသာ အသုံးချနိုင်ပါတယ်။ ထိုအတွက်လည်း သူတို့ဟာ မွန်းစတားကောင်ဖြစ်နေတဲ့ ဟောင်ရဲ့ ပြိုင်ဘက်မဟုတ်တော့ပဲ မတားဆီးနိုင်ကြတာပါ။ နောက်ပြီး သူ့ရဲ့ လက်ထဲက အဖိုးတန် သွေးနီလက်နက်ဟာလည်း အရမ်းကို အစွမ်းထက်နေတာကြောင့် ကျားကို အတောင်ရော ဂျို ပါ တပ်ပေးထားသလိုဖြစ်နေခဲ့ပါတယ်။ စတင်ခြင်းနယ်မြေမှာ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်မြင့်မြင့် သွေးဆင့်ကဲ ပြောင်းလဲခြင်း နယ်ပယ်ကသာ ဘုရင်ဖြစ်တာကြောင့် အဆင့်တွေက အသုံးမ၀င်တော့တာ ဖြစ်ပါတယ်။
နောက်ဆုံးမှာ အရပ်မျက်နှာတိုင်းက ကျင့်ကြံသူတွေဟာ ရှုံးနိပ့်သွားခဲ့ကြတယ်။ သူတို့အားလုံးဟာ သူတို့ရဲ့ ကလန်တွေကနေ အကူအညီတွေရောက်လာရင်တောင် လက်ရှိမှာ လူသားတောင် လေးလုံးအဖြစ် ပြောင်းလဲခံထားရပါတယ်။ ဒါဟာ လူတွေကို လုံး၀ဆွံ့အသွားစေခဲ့တယ်။
” OMG … ကြီးမားပြီး ပေါက်ကွဲလွယ်မဲ့ သတင်းမျိုးပဲ .. ကလေးတစ်ယောက်က အင်အားကြီး ကလန်လေးခုကို အနိုင်ယူနိုင်ခဲ့တယ် ..။”
လူတွေဟာ ထိုအရာကို သိမြင်လိုက်ရချိန်မှာ ထိတ်လန့်အံ့သြသွားကြရပါလိမ့်မယ်။
ဟောင်က သူ့ရဲ့ မျက်လုံးတွေကို မှေးစင်းပြီး ပြောလိုက်ပါတယ်။
” ခင်ဗျားတို့ ကလန်က အဖိုးတန် နည်းစနစ်ဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်း အဖိုးတန် လက်နက်တခုခုနဲ့ လူတွေကို လာရွေးနိုင်တယ် .. ကျွန်တော်က အရမ်းကို ကျိုးကြောင်းဆီလျော်မှု ရှိပြီး သဘောထားကြီးမားတဲ့ လူချောလေးပါ .. ခင်ဗျားတို့ကို လာရွေးတဲ့ ပစ္စည်းကို ကျွန်တော်သဘောကျတာနဲ့ ချက်ချင်းပြန်လွှတ်ပေးလိုက်မယ် .. ကတိဗျာ .. ကတိ ..။”
လူအားလုံးဟာ လက်ရှိအခြေအနေကို ကြောက်ရွံ့နေခဲ့ပါတယ်။ ထို လူညစ်လေးက အမှန်တကယ်ကို တစိတ် လောဘကြီးလွန်းသူဖြစ်နေတယ်။ သူဟာ စတင်ခြင်း နယ်မြေကို ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ ပြီးတော့ ကလန်ကြီးလေးခုက လူတွေကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးထားလိုက်နိုင်တယ်လေ။
” တူဦးလေး .. ငှက်ဘိုးဘိုး .. ကျွန်တော် စံချိန်ဟောင်းတစ်ခုကို ချိုးဖျက်ဖို့ မကြာခင် ထွက်သွားတော့မယ် … ကျွန်တော့်ကို လုံလုံလောက်လောက် မြင့်တဲ့ တောင်တစ်တောင်လောက် လမ်းညွန်ပေးကြပါ ..။”
ဟောင်က အော်ဟစ်ပြောလိုက်တယ်။ သူ့ရဲ့ စကားကြောင့် တူဦးလေးတို့ရဲ့ ဆံပင်တွေဟာ ထောင်ထသွားကြတယ်။ ဒီကလေးက ဘယ်လို နတ်ဆိုးမျိုးလဲ။ သူက အင်အားကြီးမားတဲ့ ကလန်လေးခုကို တစ်ယောက်တည်းရင်ဆိုင်ခဲ့ရုံနဲ့ အားမရသေးပဲ ဘာတွေများ ဆက်လုပ်ချင်နေသေးတာလဲ။
ထိုအချိန်မှာပဲ ကျောက်ပြားတစ်ချပ်ဟာ ပေါ်ထွက်လာပါတယ်။ ထိုကျောက်ပြားပေါ်မှာလည်း မယုံနိုင်လောက်အောင် ခမ်းနားထည်ဝါစွာ တောက်ပနေတဲ့ အလင်းရောင်တွေနဲ့ စာလုံးတွေ ပေါ်လာခဲ့တယ်။
” ဒီမိုးကောင်းကင်ကြီးရဲ့ အောက်မှာ နောက်တစ်ကြိမ် ယုတ္တိမရှိနိုင်လောက်ဖူးထင်တဲ့ အရာတစ်ခု ဖြစ်ပျက်လာခဲ့ပါပြီ.. သူဟာ နောက်ထပ် စံချိန်သစ်တစ်ခုကို တင်လိုက်နိုင်ပါတယ် ..။”
ထိုအရာကေတာ့ …
” အများအပြား လုယက်နိုင်မှု စံချိန်သစ် ..။”
လူအားလုံးဟာ စကားမပြောနိုင်လောက်အောင် ဆွံ့အသွားခဲ့ကြတယ်။ ထိုစာလုံးတွေဟာ ကျောက်ပြားပေါ်မှာ အရမ်းကို ထင်ရှားစွာ ဖြစ်ပေါ်လာတာဖြစ်တယ်။ ထို့ကြောင့် သူတို့ဟာ ဖုံးဖိမရအောင် ပေါက်ကွဲသွားကြတယ်။ ဟောင်က အချိန်တိုလေးတစ်ခုအတွင်းမှာပဲ လူ ၅၆၃ ယောက်ဆီကနေ လုယက်ခဲ့ပါတယ်။ ထိုအရာက စတင်ခြင်း နယ်မြေမှာ အများဆုံး လုယက်ခံကြရတဲ့ စံချိန်ကို မှတ်တမ်းသစ်အနေနဲ့ အတည်ပြုလိုက်တာဖြစ်တယ်။
လူအားလုံးဟာ မူးမေ့လဲကျသွားမတတ် ခံစားလိုက်ရတယ်။ ထိုအရာက အဆင်ပြေရဲ့လား .. ဒါက ပြောရရင် လုံး၀ကို ကျက်သရေမရှိတဲ့ စံချိန်မဟုတ်ဘူးလား ..။
ကျောက်ပြားကြီးက တုန်ခါလာပြီး စာလုံးအနည်းငယ်ရေးသားဖို့ ဟောင်ကို သတိပေးလာခဲ့ပါတယ်။ ဟောင်လည်း မြန်ဆန်စွာ ချရေးလိုက်ပါတယ်။
” ကောင်းကင် ဖြိုပျက်ခြင်း စစ်နတ်ဘုရား …။”
ဟောင် ချရေးလိုက်တဲ့ စာလုံးက ရှစ်လုံးတည်းပါ။ ဒါပေမဲ့ စာလုံးတစ်လုံးချင်းဆီမှာ ခန့်ထည်ခြင်း ဂုဏ်ရှိန်ကြီးမားခြင်းတို့ ပါ၀င်နေခဲ့တယ်။
ထိုအချိန်မှာပဲ ဟင်းလင်းပြင် နတ်ဘုရား နယ်မြေထဲက အတွင်းပိုင်းထဲမှာလည်း မှတ်တမ်းသစ်ဖြစ်ပေါ်လာတာကို တွေ့လိုက်ရကြပါတယ်။ ထိုအရာက လူအားလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့တယ်။
” အမှားအယွင်းတစ်ခုခုများ ဖြစ်သွားတာလား .. အဲ့ဒီ ကလေးက ဘယ်လိုဖြစ်ပြီး နောက်တစ်ခါပေါ်လာရတာလဲ …။”
” ဘယ်လို မှတ်တမ်းကြီးလဲဟ .. ကျင့်ကြံသူတွေက လုယက်ခံကြရတာလေ … အဲ့ဒါတောင် သူက ကောင်းကင် ဖြိုဖျက်ခြင်း နတ်ဘုရား ပေါ့ .. ခန့်ငြားထည်ဝါတယ် .. ဂုဏ်ရှိန်ကြီးမားတယ် .. ငါ .. ငါများ ရူးသွားတာလား ..။”
” အဲ့ဒီ သောက်ကလေးက ဘယ်ကရောက်လာတာလဲဟ … သူက နောက်ဆုံးအချိန်ထိ ဘယ်လောက်တောင် ဒေါသထွက်စရာကောင်းနေရတာလဲ …။”
ကျင့်ကြံသူအများအပြားဟာ စိတ်ရှုပ်ထွေးနေတဲ့အတွက် ဟင်းလင်းပြင်နတ်ဘုရားကမ္ဘာတစ်ခုလုံး ဆူညံလို့နေတယ်။ တစ်ချို့က ကျိန်ဆဲနေပြီး တစ်ချို့က သတင်းအချက်အလက်တွေကို ရနိုင်သမျှ ရှာဖွေလို့နေပါတယ်။
လူတစ်ယောက်တည်းက လူပေါင်းငါးရာကျော်ကို လုယက်ခဲ့တယ်။ ထိုဟာကလည်း ကလန်ကြီး လေးခုဆီကနေ လုယက်ခဲ့တာဖြစ်တယ်။ မျှော်လင့်ထားခဲ့တဲ့ အတိုင်း ထိုဟာက ကောင်းကင်ကိုတောင် ဒေါသဖြစ်စေနိုင်ပါတယ်။
” အဲ့ဒီ သောက်ကလေးက ဘယ်ကရောက်လာတာလဲဟ … သူက ကောင်းကင်ကို အမှန်တကယ် ဆန့်ကျင်တော့မှာလား ..။”
ဟင်းလင်းပြင် နတ်ဘုရား နယ်မြေတစ်ခုလုံးဟာ ရုန်းရင်ဆန်ခတ်ဖြစ်နေခဲ့ပြီး အကြီးအကျယ် ငြင်းခုန်မှုတွေလည်း ဖြစ်နေကြတယ်။ ပိုမိုပြီး အဆင့်မြင့်မားတဲ့ နယ်မြေထဲကို ရောက်ရှိနေတဲ့ ကျင့်ကြံသူတွေတောင် စတင်ခြင်းနယ်မြေထဲကို ၀င်ရောက်ကြည့်ချင်စိတ်တွေ ဖြစ်ပေါ်လာတယ်။
လှည့်စားတတ်တဲ့ လူလိမ်လူကောက်လေးက ဘယ်လ်ို ပုံစံမျိုး ရှိနေမလဲ။ သူဟာ ဘယ်လိုဖြစ်ပြီး ရှက်စရာကောင်းလှတဲ့ မှတ်တမ်းတွေကို ရေးထိုးနိုင်နေတာလဲ။
***