သုခကမ္ဘာက ရှီဟောင် - Chapter - 172 ကမ္ဘာကြီးကို ထိတ်လန့်တုန်လှုပ်စေခြင်း
Chapter – 172 ကမ္ဘာကြီးကို ထိတ်လန့်တုန်လှုပ်စေခြင်း
တခဏတာလေးအတွင်းမှာပဲ လူ၁၀ယောက်ကျော်ဟာ ဟောင်ကို အပြိုင်အဆိုင် ဖိတ်ခေါ်လိုက်ကြတယ်။
သူတို့တွေဟာ အစစ်အမှန်မူလကမ္ဘာရဲ့ အမြင့်ဆုံး ထိပ်ဆုံးက အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေဖြစ်ကြတယ်။ ကျူ လုအကယ်ဒမီ၊ နတ်နန်းကျောင်းတော်ကြီး နဲ့ ရှေးဟောင်းကလန်တွေကြားက ပြိုင်ဆိုင်မှုတစ်ခုအသွင်ဖြစ်လာတာကြောင့် သာမန်ကလန်တွေအနေနဲ့ ပါးစပ်ပိတ်ထားလိုက်ကြတယ်။
ဟောင်ကလည်း အဖြစ်မှန်ကို သိသွားခဲ့ပြီး ခေါင်းကုတ်လိုက်တယ်။ သူက မအီမလည်ဖြစ်သွားသလိုမျိုး ခံစားလိုက်ရပြီး ရယ်မောလိုက်တယ်။
လူတော်တော်များများကတော့ ဟောင်က အရမ်းကို ရိုးရှင်းတယ်လို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူ့ကို မကျေလည်ကြသေးတဲ့ ကျင့်ကြံသူတွေလည်း ရှိနေကြတယ်။ အထူးသဖြင့်တော့ ဟောင်ရဲ့ ကလိမ်စေ့ငြမ်းခြုံ ခြိမ်းခြောက်အနိုင်ကျင့်ခံလိုက်ရတဲ့ အင်အားကြီး ကလန်လေးခုက လူတွေပဲ ဖြစ်တယ်။ ထိုအရာက သူတို့အတွက် အမှန်တကယ်ကို အရှက်ရစရာ ကိစ္စတစ်ခုဖြစ်ခဲ့တယ်။
ဟောင်က အလကားနေရင်းတောင် အစီအရင်နယ်မြေလမ်းကြောင်းတွေကို ဖျက်စီးခဲ့သေးတာလေ။ သူ့မှာ ဘယ်လိုအကြံအစဉ်မှ မရှိပဲ ငြိမ်ကုတ်နေမှာ မဟုတ်ဘူး။ သူက ဟန်ဆောင်နေတယ်လို့ပဲ သူတို့က ထင်လိုက်ကြတယ်။ တကယ်လို့ ဟောင်သာ အမှန်တကယ်ကို ရှက်တတ်မယ်ဆိုရင် သူတို့ကို တောင်းပန်ပြီး ဒေါသတွေကို ဖြေဖျောက်ပေးရပါလိမ့်မယ်။
” အစ်မတွေနဲ့ ဦးလေးတို့အားလုံးကို ကျေးဇူတင်ပါတယ် .. ကျွန်တော်အခု ဘယ်ဖက်ကို ရွေးချယ်ရမလဲဆိုတာ မသိသေးပါဘူး .. ခဏလောက်တော့ စဉ်းစားပါရစေဦးနော် ..။”
ဟောင်က ဖြေလိုက်တယ်။ သူက တဖက်ကို ရွေးချယ်လိုက်ပြီး တခြားတဖက်ကိုလည်း မှားယွင်းမသွားချင်တာကြောင့်ဖြစ်တယ်။
” ကောင်းပြီလေ …!”
ကျင့်ကြံသူ မာစတာကြီးတွေကလည်း ငြိမ်သက်သွားခဲ့ကြတယ်။ သူတို့တွေဟာ ကြီးမြတ်သော တိုင်းပြည်တွေ ဒါမှမဟုတ် ရှေးဟောင်း မိသားစုကြီးတွေကနေ မွေးဖွားလာခဲ့တာကြောင့် သူတို့အတွက် အကျိုးမရှိ အသုံးမ၀င်ဘူးဆိုရင် နောက်ထပ်အနှောက်အယှက်မပေးပဲ အလျှင်အမြန်ဆုတ်ခွာသွားခဲ့တယ်။
ဟောင်က ဟိုးအဝေးကြီးဆီက အရပ်ကို မှန်းမျော်ကြည့်နေပြီး တစ်စုံတစ်ခုကို အတွေးနက်နေပုံရပါတယ်။ သူ့ရဲ့ တည်ငြိမ်နေတဲ့ အမူအယာကို ကြည့်ပြီး လူတွေက သူဘာတွေးနေလဲဆိုတာကို မသိပါဘူး။
အကြွေစေ့အကြီးအကဲက စတင်ပြောလာခဲ့တယ်။
” ကလေးလေး … မင်း ဘာတွေ စဉ်းစားနေတာလဲ ..။”
ဟောင်ရဲ့ အမူအယာကို ကြည့်ရတာ အတော်လေးကို စိတ်ပျက်အားလျှော့နေပုံရတာကြောင့် အကြွေစေ့ အကြီးအကဲအိုကြီးက မေးလိုက်တာဖြစ်တယ်။
” ဟူး …။”
ဟောင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်ပါတယ်။
” ကျွန်တော် တစ်ခုမေ့သွားတယ်ဗျာ …။”
” ဘာမေ့သွားတာလဲ ..။”
၀ိညာဉ်ငှက်အဘိုးအိုက ၀င်မေးလိုက်တယ်။ တခြားသူတွေအားလုံးကလည်း အံ့သြတဲ့အရိပ်အယောင်တွေ ဖြစ်လာတယ်။
” တခြားသူတွေနဲ့ ကစားဖို့မေ့သွားတာ … ကျွန်တော် စံချိန်သစ် မတင်ခင်မှာ အလောင်းအစားတစ်ချို့လောက် လုပ်ခဲ့သင့်တယ် .. အား .. ကျွန်တော် မေ့သွားတယ် ..။”
ဟောင်က ဖြည်းဖြည်းချင်း ပြန်ပြောပြလိုက်ရင်း ဒေါသတကြီးအော်ဟစ်လိုက်တယ်။
“ အိုး … f! ck! … f! ck!”
လူအားလုံးက ဖိနပ်ပေါက်သလို ခံစားလိုက်ရတယ်။ ဟောင်က စိတ်ပျက်အားလျော့သွားခဲ့သလို မကျေမနပ်ဖြစ်နေတဲ့ပုံကိုကြည့်ပြီး လေးနက်တဲ့အမူအယာတွေဖြစ်သွားတယ်။ သို့သော် ထိုအရာက ရယ်စရာလည်း ကောင်းနေပါတယ်။ သူက တခြားသူတွေကို မြောင်းထဲက ဖားကလေးတွေလို့များ ထင်နေပုံရတယ်။
ထိုအချိန်မှာပဲ လူအားလုံးက ဟောင်မှာ ထူးခြားတဲ့စရိုက်ရှိမှန်း သိသွားကြတယ်။ သူက မိုးကုတ်စက်ဝိုင်းကြီးကို အတွေးတွေနဲ့ ငေးကြည့်နေတယ်။ လက်ရှိမှာ သူ့ရဲ့ ပုံစံဟာ လုံး၀ကို ပြောင်းလဲသွားတယ်။ ထို နတ်ဆိုးလေးဟာ လူအားလုံးကို အကြွေးမရလိုက်တဲ့ ကြွေးရှင်အလား ပြုမူနေပါတယ်။
” ဘုန်း ..။”
ဟောင်က ကောင်းကင်တောင်ထိပ်ကနေ ပြန်လည်ခုန်ဆင်းလာတာကြောင့် ကျင့်ကြံသူတွေဟာ ချက်ချင်းပဲ လျှင်မြန်စွာ နောက်ဆုတ်လိုက်ကြပါတယ်။ သူတို့တွေဟာ အရင်တုန်းက အဖြစ်အပျက်တွေကို သင်ခန်းစာကောင်းကောင်းရနေပြီဖြစ်တာကြောင့် ဘယ်သူကမှ လေထဲမှာ လွှင်ပျံရတာမျိုးကို သဘောမကျပါဘူး။
ဟူး …။
မြေကြီးပေါ်မှာ နက်ရှိုင်းတဲ့အပေါက်ကြီး တစ်ပေါက်ပေါ်ထွက်လာပြီး ကျောက်တုံးတွေဟာ အက်ကွဲကုန်တယ်။ ဟောင်က သူ့ကိုယ်ပေါ်ပေကျံသွားတဲ့ အရာတွေကို ဘယ်ညာ ဖုတ်ထက်ခါထုတ်ရင်း တွင်းပေါက်ကြီးထဲကနေ ထွက်လာတယ်။
“ ဟာ .. ဟာ …”
လူတွေဟာ ဖုန်မှုန့်တွေ တလိပ်လိပ်ပေါ်ထွက်လာတာကြောင့် နောက်ကို ခြေလှမ်းတော်တော်များများ ဆုတ်ခွာလိုက်ရတယ်။
ဟောင်က ရှီရီရဲ့ စံချိန်ကို ချိုးဖျက်လိုက်တဲ့ သတင်းဟာ အရမ်းကို အံ့သြစရာအမြန်နှုန်းနဲ့ ပျံ့နှံ့သွားခဲ့တယ်။ အစောပိုင်းမှာတော့ ကျောက်ပြားပေါ်မှာ မှတ်တမ်းတင်ထားတဲ့ စံချိန်တွေက မူလကမ္ဘာနဲ့ ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာက်ို ထိတ်လန့်စေတယ်။ ထို့နောက်မှာ ကျောင်းတော်ကြီးတွေနဲ့ ကျောက်ခေတ်အင်ပါယာတိုင်းပြည်က မြင့်မြတ်သော မိသားစုကြီးတွေအတွင်းမှာ ဆွေးနွေးပွဲတွေ ဖြစ်လာခဲ့တယ်။
ထိုသတင်းစကားဟာ ပြင်းထန်တဲ့ မုန်တိုင်းလိုပဲဖြစ်တယ်။ ကျင့်ကြံသူတွေကြားမှာ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားခဲ့တယ်။ ကောင်းကင်ဘုံကနေ တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ ဆုလာဒ်တွေကို မယုံနိုင်စရာကောင်းအောင် ရရှိထားတဲ့ နတ်ဆိုးလေးတစ်ယောက် ပေါ်ထွက်လာခဲ့တယ်ဆိုတာကို လူတိုင်းသိသွားကြတယ်။
” တစ်ရက်အတွင်းမှာပဲ သူက စံချိန်မှတ်တမ်းသစ်သုံးခုကို စိုက်ထူခဲ့တယ် .. အဓိကကတော့ နောက်ဆုံးဟာပဲ .. သူ့ရဲ့ ပြိုင်ဘက်ကင်းတဲ့ ခွန်အားတွေကို ပြခဲ့တယ် .. သူက ရှီရီရဲ့ စံချိန်ပမာဏ များစွာကို ကျော်လွန်ပြီး နတ်ဘုရားကမ္ဘာမှတ်တမ်းသစ် ရေးထိုးသွားတာ ..။”
” သူ့ကို စောစောစီးစီး ရှာမတွေ့ခဲ့တာ နှမျောစရာကောင်းလိုက်တာ .. သူ ဘယ်ကလာတာလဲ .. သူ့ရဲ့ နောက်ခံက ဘယ်လိုရှိသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရအောင် လုပ် .. နောက်ပြီး သူ့ကို အင်ပါရီယာမြို့တော်ထဲကို ဖိတ်ခေါ်နိုင်မယ်ဆိုရင် အကောင်းဆုံးပဲ ..။”
ထိုအချိန်မှာပဲ ရှေးဟောင်းတိုင်းပြည်ဟာ လှုပ်ခပ်လို့နေတယ်။ သူတို့တွေဟာ အဓိကစွမ်းအားစု တစ်ခုစီတိုင်းဆီ အမိန့်ထုတ်ပြန်လိုက်တယ်။ အကြောင်းကတော့ ဟောင်က ရှီရီကို ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း ရှိနေတယ်။ ထိုကဲ့သို့ တိုက်ခိုက်နိုင်စွမ်းရှိတဲ့သူကလည်း ကလေးတစ်ယောက်သာဖြစ်သေးတာကြောင့် ကုန်ကျမှုကြီးကြီးမားမား မရှိပဲ သူတို့ဘက်ပါအောင် စည်းရုံးထားနိုင်ဖို့ ဖြစ်တယ်။
” သူနဲ့ သက်ဆိုင်တဲ့ အချက်အလက်မှန်သမျှကို ငါ တို့ ရှာကြရမယ် .. ဒီ အခွင့်အရေးကို ငါတုိ့ လက်လွှတ်လို့ မရဘူး ..”
မိုးကလန်ကြီးရဲ့ ပင်မမျိုးဆက်ကနေ တိုက်ရိုက်ဆင်းသက်လာတဲ့ အကြီးအကဲတစ်ယောက်က မျက်နှာကို ရှုံ့မဲ့လိုက်ရင်း ဟောင်ရဲ့ အချက်အလက်တွေ ရှာဖွေခိုင်းလိုက်တယ်။
ရှီရီရဲ့ ဖြစ်တည်မှုဟာ ဒဏ္ဍာရီတစ်ခုလိုဖြစ်တယ်။ သို့သော် သူ့ရဲ့နောက်ကွယ်မှာ သူ့စံချိန်ဟာ ချိုးဖျက်ခံလိုက်ရတယ်။ ထိုဟာက တကယ့်ကို မုန်တိုင်းထန်သွားတဲ့ ကိစ္စကြီးတစ်ခုဖြစ်တယ်။ ထို အကြောင်းအရာက ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာမှာဖြစ်စေ မူလကမ္ဘာမှာဖြစ်စေ လူပြောများ ဆွေးနွေးကြရတဲ့ အရာတစ်ခုဖြစ်လာခဲ့တယ်။
” ဟူး … ဒီကလေးရဲ့ နောက်ကြောင်းက ထုတ်ဖော်ဖို့ အရမ်းခက်ခဲလွန်းတယ် .. ငါတို့ ပထမဆုံး သူ့က်ို နတ်ဘုရားကမ္ဘာထဲမှာပဲ စောင့်ကြည့်နေတာ အကောင်းဆုံးပဲ ..။”
လူတော်တော်များများကလည်း အရင်တုန်းကချိုးဖျက်နိုင်ခြင်းမရှိကြတဲ့ ရှီရီရဲ့ ဒဏ္ဍာရီကို ချိုးဖျက်သွားတဲ့ နတ်ဆိုးလေးက ဘာဆက်လုပ်မလဲဆိုတာကို သိချင်နေကြတယ်။ ပြောရရင် အရင်တုန်းက ဒီကိစ္စကို စိတ်မ၀င်စားခဲ့တဲ့ လူအများအပြားပါ ရောက်ရှိလာတာဖြစ်တယ်။
” အား .. ဘာဖြစ်ပြန်တာလဲ .. သူက ကျောက်တုံးကြီးပေါ်မှာ ထိုင်နေပြန်တယ် .. သူဘာတွေ စဉ်းစားနေပြန်တာလဲ ..။”
” ဒုန်း ..။”
ကျောက်တုံးကြီးဟာ တုန်ခါသွားပြီး အလင်းတန်းတွေကလည်း ရုတ်တရက် ဖြာကျလာတယ်။
” သူ .. ဟုတ်တယ် .. သူပဲ ဖြစ်နေပြန်တယ် .. ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာရဲ့ အစီအရင်တွေကို မှန်မှန်ကန်ကန်ချိုးဖျက်လို့မရဘူးလား ..။”
ကျင့်ကြံသူတွေ စကားပြောနေချိန်မှာပဲ ကျောက်ပြားကြီးဟာ ထပ်မံထွက်ပေါ်လာပြီး စာလုံးအနည်းငယ် ပေါ်လာခဲ့တယ်။ စတင်ခြင်း နယ်မြေလမ်းကြောင်းက အစီအရင်တစ်ခု ပွင့်လာခဲ့ပါပြီ။
“ အင်း …။”
“ဒါက တကယ်တော့ ကောင်းကင်ကို ဒေါသထွက်စေတဲ့ ကလေးပဲ …!”
” သူက ဒီလောက် အချိန်ခဏလေးအတွင်းမှာ နောက်ထပ် အစီအရင်တစ်ခုကို ဖျက်စီးပစ်နိုင်တယ် ..။”
လူအားလုံးက စိတ်ရှုပ်ထွေးသွားကြပြီး သက်ပြင်းချလိုက်ကြတယ်။
“မင်းက ..ငါ့ကို နောက်နေတာလား ..?!
ဟောင်က တခြားအဖိုးတန်အရိုးတစ်မျိုးကိုလည်း ရရှိခဲ့သည်။
နယ်မြေတိုင်းက ဆူညံပွက်လောရိုက်လို့နေတယ်။ ထို နတ်ဆိုးလေးဟာ အရမ်းကို ရူးသွပ်နေပြီး အဖိုးတန်အရိုးကို ရရှိဖို့အတွက် မမျှော်လင့်ပဲ စံချိန်တင်လိုက်နိုင်ပြန်တယ်။ ရွှေရောင် အတားအဆီးအစီအရင်တွေဟာ အပိုင်းအစတွေအဖြစ် လွှင့်စင်သွားခဲ့တယ်။
” ဒါက လူသားတွေရော သားရဲတွေကိုပါ ဒေါသထွက်စေတဲ့ နတ်ဆိုးတစ်ကောင်ပဲ .. ကောင်းကင်က အပြစ်ပေးသင့်နေပြီ ..။”
” ရူးလွန်းတယ် .. အဲ့ဒီသောက်ကလေးကို တစ်ယောက်ယောက်ကတော့ ရိုက်သင့်နေပြီ .. ”
ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာရဲ့ အဆင့်မြင့်နယ်မြေတိုင်းက လူတွေဟာ ဒေါသထွက်ကုန်ကြတယ်။ ထိုအရာဟာ အဆင်ပြေမှု ကင်းလွန်းတယ်။ နတ်ဆိုးလေးကို နတ်ဘုရားကမ္ဘာက အဖိုးတန်အရိုးကို ဆုလာဒ်အဖြစ်ပေးလိုက်တဲ့အတွက်ကြောင့်လည်း သူတို့က ဒေါသမထွက်ပဲ မနေနိုင်တာဖြစ်တယ်။
” ဘယ်သူက စတင်ခြင်း နယ်မြေကို သွားပြီး သူ့ကို ရိုက်နက်မလဲ .. ဒါက ငါ့ကို မခံမရပ်နိုင်အောင် ဒေါသထွက်စေတယ် ..။”
ပြောရရင် နတ်ဘုရားကမ္ဘာမှာ ဟောင့်ကို အနိုင်ယူနိုင်တဲ့ အဆင့်မြင့်ကျင့်ကြံသူတွေ အများကြီးရှ်ိပါတယ်။ တစ်ချို့ကတော့ ဟောင်ရဲ့ ဆိုးသွမ်းပြီး လုယက်တာကို ကြည့်လိုစိတ်သက်သက်ကြောင့်သာ ဖြစ်တယ်။
“F * ck … သူက တခြား စံချိန်သစ်ကိုလည် ချိုးနိုင်တယ် .. ကြည့်ရတာသူက တကယ်ပဲ … ဟူး .. ဒါက သူ စတင်ခြင်း နယ်မြေရဲ့ အစီအရင် လမ်းကြောင်းကို ဖောက်ဖျက်တာ သုံးကြိမ်မြောက်ပဲ .. ! ”
လူအားလုံးဟာ ချက်ချင်းပဲ ရူးသွပ်သွားတော့မတတ် ဒေါသထွက်လာတယ်။ နတ်ဆိုးလေးရဲ့ ပုံစံက ရယ်စရာကောင်းတယ်။ သူက အဖိုးတန်အရိုးတွေကို အမြဲတမ်းရရှိမယ်လို့ ထင်နေပုံရတယ်။
” ယီး .. ကလိမ်ကကျစ်လေး .. ဒီတစ်ခါတော့ ဘာ အဖိုးတန်အရိုးကိုမှ ဆုချမခံရတော့ဘူး .. ဟား … ကြည့်ထား .. နတ်ဘုရားကမ္ဘာရဲ့ သတိပေးချက်ကို သူခံရတော့မယ် .. အခုဆိုရင်က မနှစ်မြို့စရာကောင်းနေတဲ့ ဧည့်သည်အဖြစ်တောင် သတ်မှတ်လို့ရနေပြီ …။”
ဟား.. ဟား… ဒီကလေးက အရူးပါကွာ..!
နယ်မြေတိုင်းက လူတွေဟာ အူလှိုက်သည်းလိုက်ရယ်မောလိုက်ကြတယ်။ သဘာ၀တရားရဲ့ နိယာမတွေအရ နောက်ဆုံးမှာ မျှတတဲ့ ဆုံးဖြတ်ချက်တွေဟာ ဟောင်ရဲ့အပေါက်ကို သက်ရောက်လာခဲ့တယ်။
ဟောင်က စိတ်ဓာတ်ကျသွားတယ်။ အရင်တုန်းကတော့ သူဟာ သုံးခုမြောက်အဖိုးတန်အရိုးကို ရယူချင်ခဲ့တယ်။ သူက နတ်ဘုရားအကာအရံအတားအဆီးတစ်ခုကို ဖွဲ့စည်းချင်ပေမဲ့ သူ့ရဲ့ ခေါင်းပေါ်က တိမ်မည်းကြီးတွေဟာ လျှင်မြန်စွာပဲ ဆင်းသက်လာခဲ့တယ်။
” သူတို့က ဘာဖြစ်လို့ ငါ့ကိုတောင် သတိမပေးရတာလဲ .. ဘယ်သူမှတော့ ငါ အစီအရင်တွေကို တိုက်ခိုက်တုန်းက နိုင်မယ်လို့ မပြောပဲနဲ့ .. တကယ်လို့ ငါသာ ပုံစံတစ်မျိုးနဲ့ ပြောင်းပြီး လုပ်နိုင်ရင် အခုလိုမျိုး အမှားအယွင်းဖြစ်မှာ မဟုတ်ဘူး ..။”
” ဟဲ …”
” ဟား .. ဟား…”
လူအားလုံးဟာ ကျယ်လောင်စွာ ရယ်မောလို့နေတယ်။ ဘာကြောင့်မှန်းတော့ သူတို့မသိပါဘူး။ သို့သော် တိမ်မည်းကြီးတွေက နတ်ဆိုးလေးကို ဖုံးလွှမ်းလာတာကို မြင်လိုက်ရချိန်မှာတော့ အတော်လေးကို ပျော်ရွှင်သွားကြတယ်။
ဟောင်ကတော့ တစ်ယောက်တည်း ဖြစ်နေပါတယ်။ သူက စိတ်ပျက်အားလျှော့နေတဲ့ ပုံစံနဲ့ စတင်ခြင်း နယ်မြေထဲမှာ ဟိုဟိုဒီဒီ လှည့်ပတ်လျှောက်သွားနေတယ်။
” ခင်ဗျားတို့ ကျွန်တော့်အတွက် သားရဲဘုရင်ဆယ်ကောင်လောက် တွေ့ကြလား .. ကျွန်တော် ရှီရီရဲ့ တခြားစံချိန်တစ်ခုကို ထပ်ချိုးဖျက်ပစ်မယ် ..။”
ဟောင်ဟာ ထိုစကားတွေကို ပြောနေချိန်မှာပဲ တခြားခံစားချက်တစ်ခုဟာ သူ့ရင်ထဲကို ၀င်ရောက်လာတယ်။
” ဒီသောက်ရူးလေးကို သာမန်ပဲကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးပဲ .. နောက်တစ်ခါထပ်ပြီး တစ်ခုခု လုပ်ချင်နေပြန်ပြီ ..။”
သိပ်မကြာခင်အချိန်တုန်းက သားရဲဘုရင်တွေကို သွားရှာကြတဲ့ လူတစ်စုဟာ အမှန်တကယ်ရှိနေတယ်။ ပြောရရင် ဟောင် ဘယ်လောက်အထိ အားကောင်းသလဲဆိုတာကို သူတို့က အတိအကျသိချင်နေတာကြောင့် ဖြစ်တယ်။
” Yi , သူ .. ဘာလုပ်နေတာလဲ ..?”
ကျင့်ကြံသူတစ်ချို့ဟာ ဟောင်က ကျောက်တုံးကြီးရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ သူက သူရရှိထားခဲ့တဲ့ အရိုးကိုသုံးပြီး သူ့အရှေ့မှာရှိနေတဲ့ အဖိုးတန်အရိုးကို ဆက်သွယ်ဖို့ ကြိုးစားနေခဲ့တယ်။
” အမ် .. ဒီကလေးက တကယ်ကို ရူးနေတာနေမယ် .. သူက စံချိန်မှတ်တမ်းတွေရဲ့ ကျောက်ပြားကို ဖျက်စီးဖို့များ စိတ်ကူးနေတာလား ..။”
ကျင့်ကြံသူအများစုဟာ မကောင်းတဲ့အကြံအစဉ်တွေ စတင်ဖြစ်ပေါ်လာကြတယ်။
” ဟူး … !”
နတ်ဘုရားကမ္ဘာကို တုန်လှုပ်စေတဲ့ အသံကြီးဟာ သူတို့ရဲ့ သံသယကို ပိုပြီးကြီးထွားလာစေတယ်။
” လခွမ်း .. ဘိုးဘေးကြီးတွေ ကယ်ကြပါ .. နို့ဗူးလေး .. မင်းက ဘာဖြစ်လို့ နည်းနည်းလေးမှ အေးအေးဆေးဆေး နေလို့မရတာလဲ .. မင်းက စံချိန်မှတ်တမ်းတွေ ရေးထိုးရတဲ့ ကျောက်ပြားကိုတောင် ရိုက်ချိုးဖို့ စိတ်ကူးရှိနေတာလား ..။”
အကြွေစေ့ အကြီးအကဲအိုကြီး အပါအ၀င် ကျင့်ကြံသူတွေဟာ တစ်ယောက်တစ်ပေါက်အော်ဟစ်နေကြပြီး ရယ်ရအခက် ငိုရအခက်ဖြစ်ကုန်ကြတယ်။
” ဝုန်း …”
တခြားသူတွေ အားလုံးဟာ စကားမပြောနိင်လောက်အောင် ဆွံအသွားခဲ့တယ်။ ထို နတ်ဆိုးလေးက အရမ်းကို ရူးလွန်းတယ်။
သိပ်မကြာခင်မှာပဲ ကျောက်ပြားကြီးဆီက ကြီးမြတ်သော အလင်းတန်းတွေဟာ ကွယ်ပျောက်သွားတယ်။ ဟောင်က ကျောက်ပြားကြီးကို ထက်ခြမ်းခွဲလိုက်ပြီး နောက်ပြန်ဆုတ်လာခဲ့တယ်။
“အမ် .. သူ .. တကယ်ခွဲလိုက်တာဟ ..!”
အလင်းတန်းတွေ ပျောက်ကွယ်သွားပေမဲ့လည်း နောက်ထပ်ကျောက်ပြားအသစ်တစ်ခု ပေါ်ထွက်လာတယ်။
” ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာမှ နှစ်နှစ်တိတိ မှင်နီတား ထုတ်ပယ်လိုက်ကြောင်း ပြင်းထန်သည့် သတိပေးချက်ကို ကြေငြာခြင်း .. ”
ဟောင်က စတင်ခြင်းနယ်မြေရဲ့ ကျောက်ပြားကြီးကို ရိုက်ချိုးလိုက်ပေမယ့်လည်း မှတ်တမ်းအသစ်တစ်ခု ထပ်ပြီးပေါ်လာတာဖြစ်တယ်။
တစ်ချိန်တည်းမှာပဲ ထိုအရာကို နယ်မြေတစ်ခုချင်းဆီက ကျောက်ပြားကြီးတွေပေါ်မှာလည်း သတိပေးချက်တွေအဖြစ် ကျင့်ကြံသူအားလုံးဟာ မြင်လိုက်ရတယ်။
ဟောင်က အရမ်းကို ဒေါသထွက်လာပါတယ်။ သူ့ရဲ့ ခေါင်းပေါ်က တိမ်မည်းကြီးတွေကို ထူထပ်သပ်သည်းစွာကျလာခဲ့တယ်။ ပြီးတော့ သူ့ကို လုံး၀ဖုံးလွှမ်းသွားခဲ့တယ်။
” ဟား .. ဟား…”
အချိန်တွေဟာ မြန်ဆန်စွာ ကုန်လွန်သွားပြီးနောက်မှာ ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာရဲ့ နယ်မြေတိုင်းဟာ ပိုပြီး ဆူပွက်လာတယ်။ ထိုနေ့တစ်နေ့တည်းမှာ သူတို့ဟာ ဘယ်လောက်တောင် အံ့သြခဲ့ရသလဲဆိုတာကို မှတ်မထားနိုင်တော့ပါဘူး။
” ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာကနေ ထုတ်ပယ်ခံလိုက်ရတာ .. ဒါက သမိုင်းကြောင်း တစ်လျှောက်လုံးမှာ ပထမဆုံး အဖြစ်အပျက်တစ်ခုပဲ .. ”
ထိုကဲ့သို့သော အဖြစ်အပျက်ကြောင့် ကျင့်ကြံသူတွေဟာ စကားမပြောနိုင်ကြတော့ပါဘူး။
“ ဟား .. ဟား…အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတယ်..!”
လူတော်တော်များများဟာ အတော်မသတ်နိုင်အောင် ရယ်မောလိုက်ကြပြီး ၀မ်းနည်း၀မ်းသာ ဖြစ်သွားကြတယ်။
တိမ်မည်းကြီးတွေဟာ ဟောင်ရဲ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတာကြောင့် သူဟာ အတ်ာလေးကို အားနည်းလာတယ်။ ထိုတိမ်မည်းတွေရဲ့ အားကောင်းတဲ့ စွမ်းအားတွေဟာ ဟောင်ကို စတင်ခြင်းနယ်မြေကနေ ပျောက်ကွယ်သွားစေဖို့ လုံလောက်ပါတယ်။
” ဘာဖြစ်လို့လဲ .. ကျွန်တော် ဘာအမှားမှ မလုပ်ဘူးလေ .. ကျောက်ပြားကြီးကို တိုက်ခိုက်လို့ မရဘူးလို့မှ ရေးမထားတာပဲ .. ကျွန်တော် ရိုက်ချိုးမိတာလေးနဲ့ အပြစ်ဖြစ်ရရောလား ..။”
ဟောင်က ကယ်ကူရာမဲ့စွာ ပြောလိုက်တယ်။ သူ့ကို ကျင့်ကြံသူတွေက နှင်ထုတ်နိုင်တာ မဟုတ်ပါဘူး။ ကောင်းကင်ဘုံရဲ့ စွမ်းအားတွေ ပြည့်နှက်နေတဲ့ နတ်ဘုရားကမ္ဘာကိုယ်တိုင်ကိုက သူ့ရဲ့ ဆိုးသွမ်းလွန်းတဲ့ လုပ်ရပ်တွေကို လက်မခံနိုင်တော့တာကြောင့် နှင်ထုတ်ပစ်လိုက်တာဖြစ်တယ်။
” ကလေးလေး .. နှစ်နှစ်ဆိုတဲ့ အချိန်က အရမ်းကို မြန်ဆန်ပါတယ် .. မင်း ပြန်ရောက်လာမှာကို စောင့်နေပါ့မယ် .. ဒီအတော်အတွင်းမှာတော့ မင်းက ဟင်းလင်းပြင် နတ်ဘုရားကမ္ဘာမှာ ဒဏ္ဍာရီတစ်ခု ဖြစ်လာလိမ့်မယ် ..။”
ကျင့်ကြံသူတွေဟာ ဟောင့်ကို ချောက်ချနေတာလား။ ဒါမှမဟုတ် သူ့ကို လေးစားသွားတဲ့ စိတ်ရင်းစေတနာတွေနဲ့ ပြောနေတာလားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
နှစ်နှစ် ..။
ထိုဟာက အရှည်သဖြင့် စဉ်းစားစရာမလ်ုိသေးပေမဲ့ ရေတိုအားဖြင့်တော့ အတော်ကြီးကို ဂယက်ထသွားခဲ့ပြီ ဖြစ်တယ်။
ဟောင်ရဲ့ ခေါင်းပေါ်က တိမ်မည်းကြီးတွေဟာ သူ့ကို လှုပ်မရအောင် လွှမ်းခြုံထားခဲ့တယ်။ ဟောင်က လုံး၀ကို တွန်းလှန်နိုင်စွမ်းကင်းမဲ့လာတယ်။ နောက်ဆုံးတော့ သူဟာ ဘာမှမလုပ်နိုင်တော့ပဲ လက်လျှော့လိုက်ရတယ်။ ထို့ကြောင့်လည်း သူဟာ စိတ်ရှုပ်ရှုပ်နဲ့ ဒေါသတကြီး အော်ဟစ်လိုက်တယ်။
” ကျွန်တော် ပြန်လာမယ် .. သေချာပေါက်ကို ပြန်လာခဲ့မယ် ..။”
ဟောင်လ်ို နတ်ဆိုးလေးတစ်ယောက်က နတ်ဘုရားကမ္ဘာကနေ နှင်ထုတ်ခံရတာကို ကြည့်နေကြသူတွေဟာ ဘယ်သူမှ မသနားကြပါဘူး။ လူအများစုကတော့ အူလှိုက်သည်းလှိုက်ကို ဗိုက်နှိပ့်ရယ်မောနေကြတယ်။
” ဟဲ … ဟဲ …။”
” ဟား .. ဟား…”
“ကျွန်တော် ပြန်လာခဲ့မယ်”
ဟောင်ရဲ့ အသံဟာ တဖြည်းဖြည်းတိုးလာပြီး နောက်ဆုံးမှာ လုံးဝပျောက်ကွယ်သွားတယ်။
” မင်း .. ပြန်ရောက်မှာကို ငါတို့ကလည်း စောင့်နေမှာပါ ..။”
အကြွေစေ့ အကြီးအကဲအိုကြီးဟာ သူ့ရဲ့ မုတ်ဆိတ်ဖြူ ကြီးတွေကို ပွတ်သပ်လိုက်ပြီး တုံ့ပြန်ပြောလိုက်တယ်။
” စောစောစီးစီး နှင်ထုတ်ခံရပေမဲ့ စောစော ပြန်လာခဲ့ပါ .. နောက်တစ်ခါဆိုရင်တော့ အခုလိုမျိုး လောဘအရမ်းမကြီးနဲ့ပေါ့ …။”
တူအကြီးအကဲကလည်း သူ့ရဲ့ ကျိုးပဲ့သွားတဲ့ တူကြီးကို သတိလက်လွတ် လွှဲရမ်းလိုက်ပြီး သတိပေးလိုက်ပါတယ်။
***